မြို့ရိုးပေါ်ရှိကင်းစောင့်များမှာ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"အပြင်လူနှစ်ယောက် ဖြတ်သွားတယ်၊ သူတို့က အဝတ်အစားသေသေသပ်သပ် ဝတ်ထားပြီး ရထားလုံးတစ်စီးနဲ့ပဲ"
ထိုစကားကို ကြားသောအခါ ရှန်းမင် တစ်စုံတစ်ရာ လွဲနေကြောင်း ချက်ချင်းခံစားလိုက်ရ၏။ ထန်ရှန်ဟွေးနှင့် ယွီဖေးတို့နှစ်ဦးစလုံးမှာလည်း ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားခဲ့ကြသည် မဟုတ်ပါလား။ ရှန်းမင် ကပျာကယာမေးလိုက်သည်။
"သူတို့ ဘယ်ဘက်ကိုသွားကြလဲ"
ကင်းစောင့်များမှာ နားမလည်နိုင်ဖြစ်သွားကြသော်လည်း ရှန်းမင်အား လမ်းကြောင်းမှန်ကို ညွှန်ပြလိုက်ကြသည်။ ထို့နောက် ရှန်းမင် ထိုလမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။ မြို့ရိုးပေါ်ရှိ လူနှစ်ယောက်မှာ ဇဝေဇဝါဖြစ်၍ကျန်ခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ၊ မင်း သူတို့ကိုသိလို့လား"
ရှန်းမင် နောက်မှလိုက်သွားရာ တောင်တစ်လုံးကိုမကျော်မီလေးတွင် ရထားလုံးတစ်စီးကို နောက်ဆုံး၌မြင်တွေ့လိုက်ရသည်။ သူသေချာကြည့်လိုက်သောအခါ ရထားလုံးထဲမှ ယင်အငွေ့အသက်များနှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရ၏။ ရုတ်တရက် သူအရှိန်တင်လိုက်ပြီး ရထားလုံးကို းတားဆီးရန် ပြေးသွားလိုက်သည်။ ကျွမ်ချွန်းချန် မြင်းက ရှန်းမင်ကိုမတိုက်မိစေရန် မြင်းဇက်ကြိုးကို ကပျာကယာဆွဲလိုက်ရ၏။ သူ ကျိန်ဆဲလိုက်သည်။
"မင်းရူးနေလား၊ ဘာလို့ မြင်းရှေ့ကိုပြေးဝင်လာရတာလဲ"
ကျွမ်ချွန်းချန်စကားပြောပြီးနောက် ရှန်းမင်မှာ အလွန်တရာထူးဆန်းနေကြောင်း သတိပြုမိသွားသည်။ သူ့ကိုယ်ပေါ်တွင် အငြိုးအတေး စွမ်းအင်များစွာရှိနေရုံသာမက ကုသိုလ်ကံ၏ရွှေရောင်အလင်းတန်းများလည်း များစွာရှိနေသည်ပင်။ ရထားလုံးမှာ ရုတ်တရက်အပြင်းအထန် ရပ်လိုက်ရသဖြင့် ရှန်းထျန်ယိမှာ အပြင်သို့ လွင့်စင်ထွက်သွားမတတ်ဖြစ်သွားရ၏။ ရှန်းမင်ကို သူမြင်လိုက်ရသောအခါ အစပိုင်းတွင် လန့်သွားသော်လည်း နောက်ပိုင်းတွင် ရတနာသိုက်ကိုတွေ့လိုက်ရသကဲ့သို့ သူ့အကြည့်များမှာ ရှန်းမင်အပေါ်ကျရောက်သွားသည်။ အသက်ဆယ့်ကိုးနှစ်အရွယ်မျှသာရှိသေးသော ငယ်ရွယ်သူတစ်ယောက်တွင် ဤမျှများပြားသော ကုသိုလ်ကံနှင့် ရွှေရောင်အလင်းတန်းများကို ပိုင်ဆိုင်ထားသည်ဆိုလျှင် သူတို့သည် ယခုဘဝ သို့မဟုတ် အတိတ်ဘဝတွင် ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ခဲ့ဖူးခြင်းဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ ထိုအရာက ရှန်းထျန်ယိကို သူ့အလိုလိုနှုတ်ခမ်းသပ်မိသွားစေ၏။ ရှန်းထျန်ယိ ရထားလုံးပေါ်မှဆင်းလာစဉ် ပြုံးလိုက်ပြီး သူ့အပြုအမူမှာ ကျွမ်ချွန်းချန်ထက် များစွာယဉ်ကျေးနေသည်။
"သခင်လေး ဘယ်ကိစ္စကများ သင့်ကိုဒီရောက်လာစေတာလဲ၊ ရထားလုံးကြုံစီးချင်လို့လား၊ ကျွန်တော် ကူညီပေးနိုင်တာတစ်ခုခုရှိရင် ဝန်လေးမနေဘဲပြောပါ"
ရှန်းထျန်ယိ ဖြည်းညှင်းစွာချဉ်းကပ်လာရင်း ပြောလိုက်သည်။ တစ်ဖက်လူထံမှ ထွက်ပေါ်လာသော လူသတ်ချင်သည့် အငွေ့အသက်များ လျင်မြန်စွာတိုးပွားလာသည်ကို ရှန်းမင်ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။ ရုတ်တရက် လမ်းပိတ်ရပ်လိုက်သော သူစိမ်းတစ်ယောက်အပေါ် ဆရာသခင်မှ အဘယ်ကြောင့်ဤမျှ သဘောကောင်းနေရသနည်းဟု ဇဝေဇဝါ ဖြစ်နေဆဲဖြစ်သော ကျွမ်ချွန်းချန်သည် ရှန်းထျန်ယိမှ ရှန်းမင်အား ရုတ်တရက်တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းအိမ်များ သိသိသာသာကျုံ့ဝင်သွားပြီး တစ်ခဏအတွင်းမှာပင် တစ်ခုခုကို သူနားလည်သွားပုံရ၏။
‘ဆရာသခင်က ဒီလူကိုအာဟာရအဖြစ် အသုံးပြုဖို့ ရည်ရွယ်နေတာပဲ’
ထိုလူထံမှထွက်ပေါ်နေသော ကုသိုလ်ကံများနှင့် ရွှေရောင်အလင်းတန်းများ အားလုံးအပြင် သူ့အနှစ်သာရနှင့် သက်တမ်းတို့ကိုပါ စုပ်ယူနိုင်ခဲ့မည်ဆိုလျှင် ဤလူတစ်ယောက်တည်းကပင် ထိုနေ့ကညီငယ်များအားလုံးနှင့် ညီမျှနိုင်ပေသည်။ ကျွမ်ချွန်းချန်၏ မျက်ဝန်းအိမ်များ ကျုံ့ဝင်သွားပြီး ရှန်းမင်၏ကိုယ့်သေတွင်းကိုယ် တူးနေသည့်လုပ်ရပ်အတွက် သူမသနားဘဲမနေနိုင်ဖြစ်သွားရ၏။ ရှန်းထျန်ယိ၏လက် ရှန်းမင်ကိုထိတော့မည့်ဆဲဆဲတွင် ရှန်းမင်မှာမယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ရုတ်တရက် ရှောင်တိမ်းသွားခဲ့သည်။ ရှန်းမင် ရှောင်တိမ်းရန် ရှေ့သို့တိုးလိုက်သည့်ခဏ၌ပင် ရှန်းထျန်ယိ၏ရင်ဘတ်ကိုခြေဖြင့် ပြန်ကန်ချလိုက်ရာ ရှန်းထျန်ယိမှာ ရထားလုံးပေါ်သို့ လွင့်စင်ဝင်ဆောင့်သွား၏။
ရှန်းထျန်ယိမျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။ ရှန်းမင်မှ ဤမျှထိလက်စွမ်းထက်မြက်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။ ယခု သေချာကြည့်လိုက်သောအခါ ရှန်းမင်မှာ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ အနည်းငယ်ရင်းနှီးနေသည်ဟု သူခံစားလိုက်ရသည်။ သို့သော် ယခုအချိန်တွင် သူဂရုမစိုက်နိုင်တော့ပေ။ ရှန်းမင်ထံမှ ထွက်ပေါ်နေသော ကုသိုလ်ကံနှင့် ရွှေရောင်အလင်းတန်းများအားလုံးကို သူစုပ်ယူရမည်သာဖြစ်၏။
"ချွန်းချန် သူ့ကိုဖမ်းစမ်း"
ရှန်းထျန်ယိ အမိန့်ပေးလိုက်သည်။
ကျွမ်ချွန်းချန် : "ဟုတ်ကဲ့"
သူချက်ချင်း လက်သင်္ကေတများပြုလုပ်၍ မန္တန်ရွတ်ဆိုလိုက်ရာ အေးစိမ့်စိမ့်နေသော လေပြင်းတစ်ခု သူတို့ပတ်ဝန်းကျင်တွင် တိုက်ခတ်လာလေ၏။ ရှန်းမင် အောက်သို့ငုံ့ကြည့်လိုက်ရာ မြေကြီးပေါ်တွင် အချင်းတစ်မီတာခန့်ရှိသော တွင်းနက်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် ၎င်းထဲမှကျင့်ကြံခြင်းသက်တမ်း နှစ်နှစ်ထောင်ရှိသော အရပ်နှစ်မီတာအမြင့်ရှိ အငြှိုးကြီးတစ္ဆေတစ်ကောင် ထွက်ပေါ်လာ၏။ ၎င်းထံမှ ထွက်ပေါ်နေသော လွှမ်းမိုးနိုင်လှသည့် ယင်အငွေ့အသက်များကြောင့် ၎င်း၏ပုံပန်းသဏ္ဍာန်ကို လုံးဝနီးပါးမမြင်ရဘဲ ခန္ဓာကိုယ်အကြမ်းဖျင်းကိုသာ မြင်တွေ့ရ၏။ ကျွမ်ချွန်းချန်၏ ဆင့်ခေါ်မှုကြောင့် အငြိုးကြီးတစ္ဆေမှာ ရှန်းမင်ကို ချက်ချင်းတိုက်ခိုက်လာပြီး ၎င်း၏ လက်သည်းများ သူ့ထံသို့လှမ်းလာကာ လေထဲတွင်ဝှေ့ယမ်းလိုက်တိုင်း အေးစိမ့်မှုများ ပိုမိုပြင်းထန်လာသည်။
ရှန်းထျန်ယိမှာ ဆက်မစောင့်နိုင်တော့ပေ။ တစ္ဆေကြီးတိုက်ခိုက်နေစဉ် ရှန်းမင်အား ခြုံခိုတိုက်ခိုက်ပြီး သူ့ကိုယ်မှထွက်ပေါ်နေသော ကုသိုလ်ကံရွှေရောင်အလင်းတန်းများအားလုံးကို အမြန်မျိုချရန် သူမူလက ကြံစည်ထားခဲ့၏။ သို့သော် သာမန်လူတစ်ယောက်ဟု သူထင်မှတ်ထားခဲ့သော ရှန်းမင်မှာ အငြိုးကြီးတစ္ဆေတစ်ကောင်ကို ဤမျှလွယ်ကူစွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ တစ္ဆေကြီး၏လက်မောင်းကို လက်တစ်ဖက်တည်းဖြင့်ပင် သူဖမ်းဆုပ်နိုင်ခဲ့သည်။ ရှန်းထျန်ယိ ဆွံ့အသွားရ၏။
"မင်းက တကယ်ကိုဘယ်သူလဲ"
ရှန်းမင် : "ဒါက ငါမင်းကိုမေးရမယ့်မေးခွန်းပဲ၊ မင်းက ဘယ်သူလဲ၊ ဘယ်ကနေလာတာလဲ၊ မသင်္ကာစရာကောင်းအောင်လုပ်ပြီး ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
"ဝေါင်း"
အငြိုးကြီးတစ္ဆေကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်သည်။ ရှန်းမင် လက်တစ်ဖက်ဖြင့် အငြိုးကြီးတစ္ဆေကြီးကို ဆွဲခေါ်လာရင်း ရှန်းထျန်ယိထံသို့ အညှာအတာကင်းမဲ့စွာ ချဉ်းကပ်လာခဲ့သည်။ ယခင်ကများပြားလှသော ယင်အငွေ့အသက်များကြောင့် ၎င်း၏ပုံစံအမှန်ကိုဖုံးကွယ်ထားနိုင်ခဲ့သော တစ္ဆေကြီးမှာ ယခုအခါ လျင်မြန်စွာအားနည်းပျောက်ကွယ်လာ၏။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်း သေးငယ်လာသည်။ ကျွမ်ချွန်းချန်သည်လည်း ရှန်းမင်၏သာမန်မဟုတ်သော စွမ်းအားကို အသိအမှတ်ပြုလိုက်ရ၏။ တစ်ခဏအတွင်းမှာပင် ရှန်းထျန်ယိ ကျိုးကျားရွာ၏အပြောင်းအလဲများကို တွေးမိသွားသည်။
‘ဒီလူကြောင့်များ ဖြစ်နိုင်မလား’
ဤလူ၏ကြောက်မက်ဖွယ်ကောင်းမှုမှာ သူ့စိတ်ကူးထက် များစွာကျော်လွန်နေသည်။ ဤနေရာတွင် ဆက်နေရန်မလုံခြုံတော့ပေ။ ရှန်းထျန်ယိ သူ့ချန်းခွန်းအိတ်ထဲမှ တစ္ဆေတစ်ရာအနက်ရောင်အလံကို ကပျာကယာထုတ်ယူလိုက်ပြီး တစ္ဆေတစ်ရာကို လျင်မြန်စွာဆင့်ခေါ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျင့်ကြံခြင်းသက်တမ်း နှစ်နှစ်ထောင်ကျော်စီရှိကြသော အငြှိုးကြီးတစ္ဆေရာပေါင်းများစွာ သူတို့ပတ်လည်တွင်ထွက်ပေါ်လာကြ၏။ သူတို့မှာ ရှန်းမင်အား အရူးများကဲ့သို့ ရူးသွပ်စွာတိုက်ခိုက်လာကြသည်။ ကျွမ်ချွန်းချန် မနေနိုင်ဘဲ အာမေဍိတ်သံ ထွက်သွားရ၏။
"ငါ့ဆရာသခင်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ တန်ပါပေတယ်၊ ငါကကျင့်ကြံခြင်းသက်တမ်း နှစ်နှစ်ထောင်ရှိတဲ့ အငြိုးကြီးတစ္ဆေတစ်ကောင်ကိုပဲ တစ်ကြိမ်ဆင့်ခေါ်နိုင်ပေမယ့်၊ ဆရာသခင်ကတော့ နှစ်နှစ်ထောင်ကျော်ကျင့်ကြံထားတဲ့ အငြှိုးကြီးတစ္ဆေ ရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်နိုင်တာပဲ"
ဤတိုက်ပွဲမှာ သေချာပေါက်နိုင်မည်ဖြစ်ပြီး အငြိုးကြီးတစ္ဆေများမှ ရှန်းမင်အား အဆုံးစီရင်ပြီးသည်နှင့် သူ့ဆရာသခင်သည် ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအား ပြန်လည်ပြည့်ဖြိုးစေရန် ရှန်းမင်ထံမှ ကုသိုလ်ကံ ရွှေရောင်အလင်းတန်းများကို နောက်ဆုံးတွင် မျိုချနိုင်တော့မည်ဟု ကျွမ်ချွန်းချန် ထင်မှတ်ထားချိန်တွင် မထင်မှတ်ထားစွာပင် ဆရာသခင်မှ တစ္ဆေတစ်ရာအနက်ရောင်အလံကို သူ့လက်ထဲသို့ထည့်ပေးလိုက်သည်။
"ချွန်းချန် ဒီတစ္ဆေတစ်ရာကို ထိန်းချုပ်ဖို့ မင်းတာဝန်ယူလိုက်တော့၊ ငါ့ရဲ့လုံခြုံရေးက မင်းလက်ထဲမှာပဲ၊ အချိန်ဒီလောက်ကြာအောင် မင်းကိုငါပြုစုပျိုးထောင်ပြီး သွန်သင်ပေးခဲ့တာပဲ၊ ငါ့အတွက် ဒီလောက်လေးတောင် မလုပ်ပေးနိုင်ဘူးလား"
ရှန်းထျန်ယိပြောပြီးသည်နှင့် ရထားလုံးပေါ်သို့ ကပျာကယာခုန်တက်ကာ မောင်းနှင်ထွက်ပြေးသွားလေသည်။ ကျွမ်ချွန်းချန်မှာ လုံးဝကိုဇဝေဇဝါဖြစ်သွားရ၏။ သူ့အမြင်တွင် ဤတိုက်ပွဲမှာ သူတို့သေချာပေါက်နိုင်မည့်တိုက်ပွဲဖြစ်သော်လည်း ဆရာသခင်မှာ အဘယ်ကြောင့် ထွက်ပြေးနေရသနည်း။ ရှန်းထျန်ယိ၏ ထွက်ပြေးသွားသော ကျောပြင်ကိုကြည့်ကာ အော်ပြောလိုက်သည်။
"ဆရာသခင် အရမ်းဝေးဝေးမသွားနဲ့ဦးနော်၊ ကျွန်တော်ပြီးရင် လှမ်းခေါ်လိုက်မယ်"
ရှန်းမင် ကပျာကယာထွက်ပြေးသွားသော ရှန်းထျန်ယိကို မြင်လျှင် နောက်သို့လိုက်ရန်ပြင်လိုက်သော်လည်း အငြိုးကြီးတစ္ဆေ ရာပေါင်းများစွာ၏ ပိတ်ဆို့ခြင်းကိုခံလိုက်ရသည်။ ကျွမ်ချွန်းချန်လည်း သူ့လက်ထဲရှိ တစ္ဆေတစ်ရာအနက်ရောင်အလံကိုအမြန်ထိန်းချုပ်ကာ အငြိုးကြီးတစ္ဆေများအား ရှန်းမင်ကိုအဆုံးစီရင်ရန် ခိုင်းစေလိုက်၏။ ရှန်းမင် ၎င်းတို့ထံမှ ယင်အငွေ့အသက်များကို စုပ်ယူနိုင်သော်လည်း တစ္ဆေအကောင်တစ်ရာဆိုသည်မှာ သူ့အတွက်များလွန်းနေသေးသည်။ ထို့ပြင် သူ၏ယခုအရေးကြီးဆုံးတာဝန်မှာ ထိုလူနှစ်ယောက်ကို ဖမ်းဆီးရန်ပင်။ ရုတ်တရက် သူသည် ချန်းခွန်းအိတ်ထဲမှ ငန်းဥထက်အနည်းငယ်ပိုကြီးသော အလုံးပုံစံအရာတစ်ခုကို ထုတ်ယူလိုက်ကာ စနက်တံကို ဆွဲဖြုတ်လိုက်ပြီး မြေကြီးပေါ်သို့ပစ်ချလိုက်သည်။ ကျွမ်ချွန်းချန် ဤအရာကိုယခင်က တစ်ခါမှမမြင်ဖူးသကဲ့သို့ အငြိုးကြီးတစ္ဆေများကလည်း မမြင်ဖူးကြသဖြင့် မည်သူကမှ ထိုအရာကိုဂရုမစိုက်ကြပေ။
ရှန်းမင် ကျွမ်ချွန်းချန်အား ဖမ်းဆွဲလိုက်ပြီး အငြှိုးကြီးတစ္ဆေများကြားမှ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာထွက်ပြေးသွားလိုက်သည်။ သူတို့နှစ်ယောက် ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ရှိနေခဲ့သောနေရာမှ ကြီးမားကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေ၏။
"ဘုန်း!!!"
အသံကြီးမှာ ကမ္ဘာမြေကိုပင်တုန်လှုပ်သွားစေပြီး မိုးကြိုးသံထက်ပင်ကျယ်လောင်နေသည်။ ရှန်းမင်၏ကော်လံမှဆွဲကာ ဖမ်းခေါ်လာခြင်းခံရသော ကျွမ်ချွန်းချန်မှာ အသံကြီးကိုကြားသောအခါ လန့်ဖြန့်ပြီး နားနှစ်ဖက်ကိုပိတ်ထားလိုက်ရ၏။ လုံခြုံသော အကွာအဝေးတစ်ခု ရောက်နေသော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် သူ့ခေါင်းမှာမူးဝေနေဆဲပင်။ နောက်သို့သူလှည့်ကြည့်လိုက်သောအခါ ဧရာမမြေကျင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရပြီး ခုနလေးကမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထုတ်လွှတ်နေခဲ့သည့် အငြိုးကြီးတစ္ဆေ ရာပေါင်းများစွာမှာလည်း အားလုံးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကျွမ်ချွန်းချန် အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။
"ဘာ ဘာတွေဖြစ်သွားတာလဲ"
***