လက်ပစ်ဗုံးပေါက်ကွဲသံမှာ အလွန်တရာကျယ်လောင်လှသဖြင့် ကျိုးကျားရွာရှိ ရွာသားများပင် ကြားလိုက်ရသည်။ အိမ်ရှိလူတိုင်းက စိုးရိမ်တကြီးမေးလိုက်ကြ၏။
"ဘာဖြစ်တာလဲ ဘာတွေဖြစ်နေတာလဲ"
မိုးချုန်းသံနှင့်တူသော်လည်း သူတို့အပြင်ထွက်၍ ကောင်းကင်သို့ မော်ကြည့်လိုက်သောအခါ မည်သည်ကိုမှမတွေ့ရပေ။ ကောင်းကင်ကြီးမှာ ကြည်လင်နေ၏။ မည်းမှောင်နေသော မိုးတိမ်တစ်အုပ်ပင် မရှိချေ။ ထိုအသံကြောင့် ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားသည်။ အခြားလူများအားလုံး ဇဝေဇဝါဖြစ်နေကြချိန်တွင် သူမကတော့ ကောင်းကောင်းသိနေ၏။
‘ဒါ လက်ပစ်ဗုံးပေါက်ကွဲသံပဲ’
သူမ ဤအရာကို ရှန်းမင်တစ်ယောက်တည်းကိုသာ ပေးထားခဲ့ပြီး သူသာလျှင် မည်သို့အသုံးပြုရမည်ကို သိလေသည်။ ကျိုးထောင်ဟွား ပိုးဖလံနတ်ဆိုးလေးအား သူမကိုခေါ်ကာ အသံလာရာဆီသို့ ချက်ချင်းပျံသန်းသွားစေလိုက်၏။ အကယ်၍ ရှန်းမင်သာ အန္တရာယ်မကြုံရလျှင် လက်ပစ်ဗုံးကို မည်သည့်အချိန်တွင်မှ အသုံးပြုမည်မဟုတ်ပေ။ လေထဲတွင် ပျံသန်းနေစဉ် ရွာအပြင်ဘက်တစ်မိုင်ခန့်အကွာရှိ ဧရာမမြေကျင်းကြီးတစ်ခုကို ကျိုးထောင်ဟွား မြင်လိုက်ရသောအခါ သူမ ပိုးဖလံနတ်ဆိုးလေးအား ထိုနေရာသို့ချက်ချင်း ပျံသန်းသွားစေလိုက်သည်။ ရှန်းထျန်ယိ ခပ်လှမ်းလှမ်းသို့ ရောက်ကာစရှိသေးချိန်တွင် သူ့အနောက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကို ရုတ်တရက်ကြားလိုက်ရ၏။ ချက်ချင်းပင် ရှန်းထျန်ယိနှလုံးခုန်သံများ ရပ်တန့်သွားမတတ် ဖြစ်သွားရသည်။
ကျွမ်ချွန်းချန် သေချာပေါက်သေဆုံးသွားပြီဖြစ်ကြောင်း သူသိသော်လည်း ဆက်မရပ်ရဲတော့ပေ။ ရထားလုံးကိုဖြုတ်ချပြီးနောက် မြင်းပေါ်တက်ကာ အပြင်းနှင်တော့သည်။ သူ့သံသယများမှာ မှန်ကန်နေခဲ့၏။ ထိုလူသည် ကျိုးကျားရွာကို ယခုကဲ့သို့ဖြစ်လာအောင် ပြောင်းလဲပစ်ခဲ့သူ ဖြစ်ရမည်။ နတ်ဆိုးလေး ကျိုးထောင်ဟွားကို အောက်သို့ချပေးပြီးနောက် သူမသည် ရှန်းမင်ကိုအမြန် ရှာဖွေလိုက်သော်လည်း သူ့အရိပ်အယောင်ကို မတွေ့ရပေ။ ကျန်ရစ်နေသော ဧရိယာအတွင်း ပျံ့လွင့်နေသည့် ယင်အငွေ့အသက်များနှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကိုသာ သူမခံစားလိုက်ရ၏။ မည်သည့်အရာမှကျန်မနေခဲ့သော်လည်း ကျန်ရှိနေသည့် အထောက်အထားများအရ တိုက်ပွဲမှာ အလွန်ပြင်းထန်ခဲ့ကြောင်း ကျိုးထောင်ဟွား ပြောနိုင်သည်။ ထိုစဉ်မှာပင် အခြားနတ်ဆိုးတစ်ကောင် ပြန်ရောက်လာပြီး သတင်းပို့လေ၏။
"သခင်မ သခင်မရဲ့ခင်ပွန်းက လူတစ်ယောက်ကိုဆွဲပြီး ရှေ့မှာပြေးနေတယ်၊ တစ်ခုခုကိုလိုက်ရှာနေပုံပဲ"
ကျိုးထောင်ဟွား စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
"အစ်ကိုရှန်းမင် ဘယ်လိုနေသေးလဲ၊ သူ အဆင်ပြေရဲ့လား"
"စိတ်မပူပါနဲ့ သခင်မ၊ သူ အဆင်ပြေပါတယ်"
ထိုစကားကိုကြားသောအခါမှ ကျိုးထောင်ဟွား သက်ပြင်းချလိုက်နိုင်ပြီး နတ်ဆိုးလေးအား သူမကို ထိုနေရာသို့အမြန်ခေါ်သွားစေကာ နောက်ထပ်နတ်ဆိုးလေးများကိုသွားခေါ်ရန် အခြားတစ်ကောင်ကိုပြန်လွှတ်လိုက်သည်။ ရှန်းမင် တစ်ခုခုကို လိုက်ဖမ်းနေကြောင်း သူမသိ၏။ သူ တစ်ယောက်တည်းဖြင့် လူတစ်ယောက်ကိုပါဆွဲခေါ်သွားရသည်ဖြစ်ရာ ပျံသန်းနိုင်သော ခူယားကောင်နတ်ဆိုးများကို မည်ကဲ့သို့ ယှဉ်ပြေးနိုင်မည်နည်း။ ကျိုးထောင်ဟွား ရှန်းမင်ကိုတွေ့သောအခါ သူမအားမြင်မြင်ချင်း ကျွမ်ချွန်းချန်၏ ပထမဆုံးတုံ့ပြန်မှုမှာ ထိတ်လန့်ခြင်းပင်။ ရှန်းမင်မှာ ကြောက်မက်ဖွယ်ကောင်းပြီး သူသည်သိပ်သည်းလှသော ကုသိုလ်ကံ၏ရွှေရောင်အလင်းတန်းများကို သာမက လွှမ်းမိုးနိုင်စွမ်းရှိသော ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များကိုပါ ပိုင်ဆိုင်ထားသည်။ သို့သော် ဤမိန်းမမှာမူ ကုသိုလ်ကံ၏ရွှေရောင်အလင်းတန်းများကိုသာ ပိုင်ဆိုင်ထား၏။ ရွှေများနှင့် ကျယ်ပြောလှသော ဂျုံခင်းကြီးတစ်ခုပမာတောက်ပနေသည့် ထိုရွှေရောင်အလင်းတန်းများမှာ အလွန်ပင်အားကျဖွယ်ကောင်းလှသည်။
ဤလူနှစ်ယောက် မည်သို့များ ဤအခြေအနေထိ ကျင့်ကြံနိုင်ခဲ့ကြသနည်း။ ပြီးတော့ ခူယားကောင်နတ်ဆိုးများကို ဤမျှနာခံမှုရှိအောင် မည်သို့လေ့ကျင့်ပေးထားနိုင်ခဲ့ကြသနည်း။ ဆရာသခင်ထံမှ တစ္ဆေများအားကျင့်ကြံနည်းကိုသာ သူသင်ယူခဲ့ဖူးသည်။ တစ္ဆေများမှာ နတ်ဆိုးများထက်ထိန်းချုပ်ရန် ပိုမိုလွယ်ကူပြီး နတ်ဆိုးများကို ထိန်းချုပ်ရန်မှာအလွန်တရာခက်ခဲလှသည်။ သို့သော် ဤမိန်းမမှာ ခူကောင်နတ်ဆိုးများစွာကို သူမအားနာခံစေရန် ထိန်းချုပ်နိုင်သည်ပင်။
’သူမက ဘယ်လိုတောင်ထူးကဲလှတဲ့ အမျိုးသမီးမျိုးလဲ’
"အစ်ကိုရှန်းမင် ဘယ်သူ့ကိုလိုက်နေတာလဲ ညီမကိုပြော၊ ခူယားကောင်နတ်ဆိုးတွေကို ကူရှာပေးခိုင်းလိုက်မယ်"
ကျိုးထောင်ဟွား ပြောလိုက်သည်။ ရှန်းမင်သည် ယင်းမှာအဓိပ္ပာယ်ရှိသည်ဟု တွေးမိသဖြင့် ရှန်းထျန်ယိ၏ ရထားလုံးနှင့်အဝတ်အစားများကို ဖော်ပြလိုက်သည်။ ထို့နောက် သူဖမ်းဆွဲထားသော ကျွမ်ချွန်းချန်ကို ကျိုးထောင်ဟွားအားပြလိုက်၏။
"သူက ထွက်ပြေးသွားတဲ့ကောင်ရဲ့ ကြံရာပါပဲ"
ထိုအချိန်တွင် ကျွမ်ချွန်းချန် သူ့ဆရာသခင် ပိုမိုမြန်ဆန်စွာထွက်ပြေးလွတ်မြောက်နိုင်ပါစေဟု စိတ်ထဲမှ ဆုတောင်းနေမိ၏။ အကယ်၍ ဤပျံသန်းနိုင်သည့်နတ်ဆိုးများသာ သူ့ကို ရှာတွေ့သွားလျှင် အရာအားလုံးပြီးဆုံးသွားပြီပင်။ သူတို့ကိုယှဉ်မပြေးနိုင်လျှင်ပင် ကောင်းကောင်းပုန်းနေနိုင်ရန်လိုအပ်သည်။ မကြာမီမှာပင် နတ်ဆိုးလေးတစ်ကောင်ပြန်လာပြီး သတင်းပို့လေ၏။
"သခင်မ ရှေ့မှာရထားလုံးတစ်စီးတွေ့တယ်"
"!!!"
ကျွမ်ချွန်းချန်၏နှလုံးသားမှာ ခုန်ပေါက်သွားရ၏။ ကံကောင်းထောက်မစွာဖြင့် နတ်ဆိုးလေး နောက်ဆုံးမြင်လိုက်ရသည်မှာ ရထားလုံး သက်သက်သာဖြစ်ပြီး မြင်းများမှာထွက်ပြေးသွားကြပြီဖြစ်ကာ သူ့ဆရာသခင်မှာလည်း အတွင်း၌မရှိတော့ပေ။ သူ့ဆရာသခင်ဝေးရာသို့ ထွက်ပြေးလွတ်မြောက်သွားပါစေဟု သူ တိတ်တဆိတ် ဆုတောင်းနေမိသည်။ နတ်ဆိုးများစွာ ရှာဖွေနေသည်ကိုမြင်သောအခါ ရှန်းမင် ကျွမ်ချွန်းချန်အား ရွာသို့ အရင်ခေါ်သွားလိုက်သည်။ ကျိုးထောင်ဟွားမှာ ယခုအခါ ကိုယ်ဝန်လေးလကျော်ရှိနေပြီဖြစ်ရာ ရှန်းထျန်ယိ ထွက်ပြေးသွားပြီလား သို့မဟုတ် တစ်နေရာရာတွင် ပုန်းအောင်းနေသလားဆိုတာ သူမ,မသိနိုင်ပေ။
သူသာ သူမကိုဒုက္ခပေးမည်ဆိုလျှင် ဆိုးရွားသွားလိမ့်မည်။ ကျွမ်ချွန်းချန် ရှန်းမင်နှင့် ခူယားကောင်နတ်ဆိုးများ၏ ဆွဲခေါ်ခြင်းခံရပြီး လေထဲတွင် ပျံသန်းရသည့်ခံစားချက်ကိုလည်း တွေ့ကြုံခံစားလိုက်ရ၏။ သူတို့သုံးယောက် ရှန်းအိမ်သို့ ပြန်ရောက်သည်နှင့်တပြိုင်နက် ရွာ၏အခြေအနေကို စိုးရိမ်ပူပန်နေသော ရွာလူကြီးမှာ အပြေးအလွှားရောက်ချလာသည်။
"ထောင်ဟွား ရှန်းမင် သူက ဘယ်သူလဲ၊ ခုနက အကျယ်ကြီးမြည်တဲ့အသံကဘာလဲ"
ရွာလူကြီးမေးခွန်းများ ဆက်တိုက်မေးလိုက်သည်။ အချင်းဝက်ဆယ့်တစ်မီတာခန့်ရှိသော သူမခုနကမြင်ခဲ့ရသည့် မြေကျင်းနက်ကြီးကို ကျိုးထောင်ဟွားပြန်တွေးမိလိုက်သည်။ ထိုကျယ်ပြန့်သောဧရိယာအတွင်း မည်သည့်အရာမှပေါက်ရောက်နိုင်ခြင်းမရှိပေ။ သူမ အနောက်ဘက်အခန်းရှိ ဝါးခြင်းတောင်းထဲမှ လက်ပစ်ဗုံးတစ်လုံးကိုထုတ်ယူလိုက်သည်။ ကျွမ်ချွန်းချန် ထိုအရာကိုမြင်လိုက်ရသောအခါ သူ့ခန္ဓာကိုယ်မှာ အလိုလိုတုန်ယင်သွားရ၏။
စောစောက ရှန်းမင်သည် ထိုအရာကိုအသုံးပြု၍ ပေါက်ကွဲမှုဖြစ်စေခဲ့ပြီး ကျင့်ကြံခြင်းသက်တမ်း နှစ်နှစ်ထောင်ရှိသည့် အငြိုးကြီးတစ္ဆေတစ်ရာကို မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ်သို့ပြောင်းလဲပစ်ခဲ့သည်ပင်။ အကယ်၍ ရှန်းမင်သာ သူ့ကို လုံခြုံသောနေရာသို့ အချိန်မီမဆွဲခေါ်သွားခဲ့လျှင် သူသည်လည်း ယခုအခါထိုအငြိုးကြီးတစ္ဆေများကဲ့သို့ အရိပ်အယောင်ပင် ကျန်ရစ်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် ယခုအခါရင်းနှီးနေသော ထိုအလုံးလေးကိုမြင်လိုက်ရတိုင်း သူ ကြောက်လန့်နေမိ၏။ ကျွမ်ချွန်းချန် မသိစိတ်အရ နောက်သို့ဆုတ်သွားမိသော်လည်း သူ့ဘေးရှိခူယားကောင်နတ်ဆိုး၏ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။ ကူကယ်ရာမဲ့စွာဖြင့် ကျွမ်ချွန်းချန် ထိုနေရာတွင်သာရပ်လျက် ကျိုးထောင်ဟွားနှင့် ရွာလူကြီးကိုတိတ်တဆိတ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ရွာလူကြီးသည် စနက်တံပါရှိပြီး ဘဲဥပုံသဏ္ဍာန်ရှိသော ရင်းနှီးမှုမရှိသည့် ထိုအရာကိုကြည့်ပြီး မေးလိုက်သည်။
"ထောင်ဟွား ဒါကဘာကြီးလဲ"
ကျိုးထောင်ဟွား လက်ပစ်ဗုံးကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ရွာလူကြီး ဒါက အသစ်လုပ်ထားတဲ့ လက်ပစ်ဗုံးလေ၊ သူ့ရဲ့အစွမ်းက မီးလှံကို တစ်ချက်ချင်းပစ်ရတာထက် အများကြီးသာတယ်၊ လက်ပစ်ဗုံးတစ်လုံးက စတုရန်းမီတာတစ်ရာနီးပါးလောက်ရှိတဲ့ ဧရိယာတစ်ခုလုံးကို ပြန့်ပြူးသွားစေနိုင်တယ်၊ အဲဒီဧရိယာထဲမှာ သက်ရှိဆိုလို့ တစ်ကောင်မှကျန်မှာမဟုတ်ဘူး၊ ဒါ့အပြင် အဲဒီဧရိယာအတွင်းမှာရှိသမျှကို ဖျက်ဆီးပစ်နိုင်တဲ့စွမ်းအားလည်းရှိတယ်"
ရွာလူကြီးမှာ အလွန်တရာအံ့သြသွားရသည်။ သူစိတ်လှုပ်ရှားစွာဖြင့် လက်ပစ်ဗုံးကို ကိုင်တွယ်ကြည့်သော်လည်း စနက်တံကိုကိုင်မိသည့်အချိန်တွင် ကျိုးထောင်ဟွား ကပျာကယာ တားလိုက်၏။
"ရွာလူကြီး လက်ပစ်ဗုံးရဲ့စွမ်းအားက ဒီစနက်တံကနေလာတာ၊ ဒါကိုဆွဲဖြုတ်လိုက်တာနဲ့ အဲဒီလိုစွမ်းအားမျိုးထွက်လာလိမ့်မယ်"
သူမ ရှင်းပြလိုက်သည်။
"ငါတို့ရွာမှာ မီးလှံတွေလည်းရှိနေပြီကို အခုလက်ပစ်ဗုံးတွေပါထပ်ရလာပြန်ပြီ၊ ဒီအရာတွေသာရှိရင် စစ်တပ်ရောက်လာရင်တောင် ငါတို့ကြောက်နေစရာမလိုတော့ဘူး"
ရွာလူကြီး ဝမ်းသာအားရအော်ပြောလိုက်သည်။ ဤအရာအားလုံးမှာ ရွာ၏ အနာဂတ်အတွက် ပြင်ဆင်ခွင့်ပေးခဲ့သော ကျိုးထောင်ဟွားကြောင့်ပင်။ ထို့နောက် သူ မေးလိုက်သည်။
"ထောင်ဟွား အဲဒီလူတွေ ဘယ်တော့လောက်ရောက်လာမယ်ထင်လဲ၊ ဒီဇင်ဘာလလို့ မင်းပြောခဲ့တာကိုငါမှတ်မိနေတယ်"
အချိန်သိပ်မဝေးတော့ပေ။ လဝက်ပင် မလိုတော့ချေ။ ကျိုးထောင်ဟွား ခေါင်းညိတ်လိုက်သည်။
"အဲဒီအချိန်ရောက်ရင် သမီးတို့ဆီမှာ မြို့ရိုးတွေ၊ မီးလှံတွေ၊ လက်ပစ်ဗုံးတွေရှိနေပြီ၊ ပြီးတော့ ခူယားကောင်နတ်ဆိုးတွေကလည်း မြို့ရိုးတွေကိုကာကွယ်ပေးထားလိမ့်မယ်"
ကျွမ်ချွန်းချန် သူတို့၏စကားပြောဆိုမှုများကို နားထောင်ရင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အရာအားလုံး သူတို့၏ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိနေသကဲ့သို့ပင်။ သူ့ဆရာသခင် လွတ်မြောက်သွားပြီလားဟု သူတွေးနေမိ၏။ အကယ်၍ ဆရာသခင်သာ ကျိုးကျားရွာမှအောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားမည်ဆိုလျှင် ရွာတစ်ရွာလုံးကိုဝိုင်းရံပြီး မြေလှန်ဖျက်ဆီးပစ်ရန် ရှန်းကျူးဟောက်နှင့် သူ့လူများအား သေချာပေါက်စေလွှတ်လိမ့်မည်။ ထို့ပြင် ဤအချက်ကိုလည်း ထိုမိန်းမနှင့် သူ့အဖွဲ့မှကြိုတင်ခန့်မှန်းပြီးနေပြီပင်။
***