ကျွမ်ချွန်းချန်၏မျက်ဝန်းအိမ်များ သိသိသာသာကျုံ့ဝင်သွားရ၏။ ထိုမိန်းမ၏စကားများအရ သူမထံတွင် လက်ပစ်ဗုံးများစွာရှိနေပုံရရာ သူ့ဆရာသခင် ကိုယ့်သေတွင်းကိုယ်မတူးမိစေရန်သာ ဆုတောင်းနေမိသည်။ သူ့ဆရာသခင်တွင် ခေါင်းသုံးလုံးနှင့်လက်ခြောက်ဖက် ရှိနေလျှင်ပင် အပိုင်းပိုင်းအစစလွင့်စင်သွားမည်ဖြစ်၏။ ရှန်းကျူးဟောက်၏စစ်တပ်ပင် ထိုကဲ့သို့ကြမ္မာမျိုး ကြုံတွေ့ရနိုင်ခြေရှိသည်။ သူ့ဆရာသခင် ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဟု သူတွေးနေမိသည်။ အကယ်၍ မလွတ်မြောက်ခဲ့ဘူးဆိုပါက ထိုရှာဖွေနေသောနတ်ဆိုးများ သူ့ကိုရှာတွေ့ပြီးပြန်ခေါ်လာကြလိမ့်မည်။
‘ဒါ နောက်ထပ်လမ်းဆုံးတစ်ခုပဲ’
သို့သော်လည်း စိတ်အေးအေးထားပြီးနောက် ကျွမ်ချွန်းချန် သူစိုးရိမ်ရမည်မှာ သူကိုယ်တိုင်ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ ထိုလူများ သူ့ကိုမည်သို့ ကိုင်တွယ်ကြမည်နည်းဟု သူတွေးပူနေမိ၏။ ကျွမ်ချွန်းချန် ကျိုးထောင်ဟွားနှင့် ရွာလူကြီးတို့ စကားပြောဆို၍ပြီးစီးမည့်အချိန်ကို စိုးရိမ်တကြီးစောင့်ဆိုင်းနေသည်။ ကျိုးထောင်ဟွားအကြည့်များ သူ့ထံသို့ကျရောက်လာသောအခါ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။
"မ... မင်းတို့ ဘာလိုချင်လို့လဲ"
ကျွမ်ချွန်းချန် ကျိုးထောင်ဟွားနှင့် ရှန်းမင်ကို ကြည့်လိုက်သည်။ သူတို့တစ်လှမ်းချင်း အနားသို့တိုးလာလေလေ ကျွမ်ချွန်းချန်၏နှလုံးသားမှာ အကြောက်တရားကြောင့် ပို၍တုန်လှုပ်လာလေလေပင်။
"ရှင့်နာမည် ဘယ်လိုခေါ်လဲ၊ ဘယ်ကလာတာလဲ"
ကျိုးထောင်ဟွား မေးလိုက်သည်။ ကျွမ်ချွန်းချန် ကြောက်လန့်တကြားတံတွေးမြိုချလိုက်ပြီး သူမမေးခွန်းအားမဖြေဘဲ ဤသို့ပြောလိုက်၏။
"ငါက မဟာရှားမင်းဆက်ရဲ့နိုင်ငံသားတစ်ယောက်ပဲ၊ မင်းက သာမန်ရွာသားတစ်ယောက် အရာရှိမဟုတ်ဘူး၊ ငါ့ကို ဒီမှာဖမ်းချုပ်ထားဖို့ အခွင့်အရေးမရှိဘူး၊ ငါ့ကိုစစ်ဆေးမေးမြန်းဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်"
ကျိုးထောင်ဟွား လှောင်ပြုံးပြုံးလိုက်သည်။
"တော်တော်ခေါင်းမာတာပဲ၊ ဒါပေမယ့် ရှင်ဘာမှမပြောရင်တောင် ရှင်လည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ကျွန်မခန့်မှန်းနိုင်ပါတယ်"
စကားပြောနေစဉ်မှာပင် ကျိုးထောင်ဟွား ချန်ခွန်းအိတ်နှစ်လုံးနှင့် တစ္ဆေတစ်ရာအလံပါရှိသော အလံတိုတစ်ခုကို ထုတ်ယူလိုက်သည်။ ကျွမ်ချွန်းချန်မျက်လုံးများမှာ အံ့သြထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရ၏။
"ငါ့ရဲ့ တတိယညီလေးနဲ့ စတုတ္ထညီလေး၊ သူတို့နှစ်ယောက်လုံး မင်းလက်ချက်နဲ့ သေခဲ့ရတာပေါ့၊ မင်း တော်တော်ရက်စက်တာပဲ"
ကျွမ်ချွန်းချန် အံတင်းတင်းကြိတ်ထားပြီး ကျိုးထောင်ဟွားထံသို့ အပြေးသွားကာ ကိုက်သတ်ပစ်ချင်စိတ်များ ပေါက်နေမိ၏။ လူသေများအစုလိုက်အပြုံလိုက်မြှုပ်နှံရာ သင်္ချိုင်းတွင် သူ့တတိယညီလေး၏ရုပ်အလောင်းကို တွေ့ရှိခဲ့စဉ်က ထိုရက်စက်ကြမ်းကြုတ်လှသော အခြေအနေမှာ ကြည့်ရက်စရာပင်မရှိခဲ့ပေ။ ယခုပြန်တွေးကြည့်ရုံဖြင့် သူ့စိတ်ထဲတွင်ထိတ်လန့်မှုများ ပြည့်နှက်လာသည်။ သူ့စကားကိုကြားသောအခါ ကျိုးထောင်ဟွားမှာ ဒေါသထွက်လွန်း၍ရယ်ပင်ရယ်ချင်သွား၏။
"ဪ သူတို့ကရှင့်ညီလေးတွေပေါ့၊ ရှင့်ကျင့်ကြံခြင်းအဆင့်က သူတို့ထက်ပိုမြင့်မယ်လို့ ကျွန်မထင်တယ်၊ ဒါပေမယ့် ရှင်နဲ့ ရှင့်ညီလေးတွေက နှစ်တွေတစ်လျှောက်လုံး မကောင်းမှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြတာဆိုတော့ ရှင်တို့ကိုယ်တိုင်တောင် အားလုံးကိုမှတ်မိနိုင်မှာမဟုတ်ဘူးမလား၊ ပြီးတော့ ဒီနေ့ ထွက်ပြေးသွားတဲ့တစ်ယောက်က ရှင့်ကိုထားခဲ့ပြီးတစ်ယောက်တည်း ထွက်ပြေးသွားနိုင်ခဲ့တယ်လေ ဟမ့်"
ကျိုးထောင်ဟွား လှောင်ပြုံးပြုံးရင်း ကျွမ်ချွန်းချန်၏အစပိုင်းက ဖြစ်ပေါ်နေသော ဒေါသများကို အပြစ်ရှိစိတ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ကျိုးထောင်ဟွားပြောသကဲ့သို့ပင် မကောင်းမှုများစွာကို သူကျူးလွန်ခဲ့ဖူးသည်မှာ အမှန်ပင်။ လုံအန်းမှမထွက်ခွာမီက သူ့ဆရာသခင်သည် မိမိ၏ကျင့်ကြံခြင်းစွမ်းအားနှင့် ရုပ်ရည်ကို ယခုကဲ့သို့ပြန်လည်ရရှိရန် ဂိုဏ်းတူညီလေးဆယ်ယောက်ကျော်ကို သတ်ဖြတ်ခဲ့သေးသည်။ သူတို့သည် တစ်ကယ်ကို ရေတွက်၍မရနိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ကြသည်ပင်။ ကျိုးထောင်ဟွား ဆက်ပြောလိုက်သည်။
"ရှင့်ညီလေးနှစ်ယောက်ကို ကျွန်မသတ်ခဲ့တာမဟုတ်ဘူး"
"မင်း အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်တာ၊ မင်းမဟုတ်ရင် မင်းအနောက်ကလူပဲဖြစ်ရမယ်"
အတိုချုပ်ပြောရလျှင် ကျွမ်ချွန်းချန်သည် ကျိုးထောင်ဟွား၏လိမ်လည်မှုများကို လုံးဝမယုံကြည်ပေ။ ထို့ပြင် ကျိုးထောင်ဟွား၏စကားများကြောင့် တောက်လောင်နေသော သူ့ဒေါသများမှာ ပိုအံ့သြမှင်တက်သွားစေခဲ့သည်။
"မဟုတ်ဘူး ကျွန်မက သူတို့ရဲ့ကျင့်ကြံခြင်းစွမ်းအားတွေကို ဖျက်ဆီးပစ်ရုံပဲ၊ ရှင်လည်း မကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်ဆိုတာ ရှင်သိပါတယ်၊ ဝဋ်မလည်တာမဟုတ်ဘူး၊ ရှင့်ရဲ့ကျင့်ကြံခြင်းစွမ်းအားက ရှင့်ကိုကာကွယ်ပေးထားလို့ ဝဋ်မလည်သေးတာ၊ ဒါပေမယ့် ရှင့်ရဲ့ကျင့်ကြံခြင်းစွမ်းအားကိုသာ ဖျက်ဆီးလိုက်တာနဲ့ ဝဋ်ကချက်ချင်းလည်တော့တာပဲ၊ ရှင်ကနေရာတိုင်း အချိန်တိုင်းမှာ ကံဆိုးနေတော့မယ်၊ ကျွန်မလက်တစ်ချောင်းတောင် ကွေးစရာမလိုဘူး၊ ရှင့်အသက်ကိုယူဖို့ ကောင်းကင်ဘုံကသူ့ဘာသာသူ ရောက်လာလိမ့်မယ်၊ ယွီဖေးက ရုတ်တရက်ပြုတ်ကျလာတဲ့ ဓားရှည်တစ်လက်ကြောင့် နဖူးနဲ့နှာခေါင်းပြတ်သွားခဲ့ရတာ၊ သူ့ကိုယ်ပေါ်မှာ အကောင်းပကတိအသားမရှိရတဲ့ အကြောင်းရင်းက ကံဆိုးလို့ပဲ"
ကျိုးထောင်ဟွား၏စကားတစ်ခွန်းစီတိုင်းမှာ ကျွမ်ချွန်းချန်ခန္ဓာကိုယ်ကို ထိန်းမထားနိုင်အောင် တုန်ယင်လာစေခဲ့သည်။ သူထွက်ပြေးချင်သော်လည်း လုံးဝ ထွက်ပြေး၍မရနိုင်ကြောင်း သူသိထားသဖြင့် မလှုပ်ရှားရဲတော့ပေ။ ကျိုးထောင်ဟွား သူ၏တတိယနှင့် စတုတ္ထညီလေးတို့၏ကျင့်ကြံခြင်းစွမ်းအားကို ဖျက်ဆီးပစ်သည်ထိ သေလောက်အောင်ရက်စက်ကြောင်း သူသိသွားသည့်အခါ ကျိုးထောင်ဟွားကို ဒေါသမထွက်ရဲတော့သကဲ့သို့ အသက်ပြင်းပြင်းရှူရန်ပင် မရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့ကျင့်ကြံခြင်းစွမ်းအားများသာ ပျောက်ကွယ်သွားပါက သူသည်လည်း သေချာပေါက်ကံဆိုးတော့မည်ကို သိနေသောကြောင့်ပင်။ ကံဆိုးမှုမှာ မလွဲမသွေလာမည်ဖြစ်ပြီး ဤလယ်သမားအိမ်ခြံဝင်းအတွင်းရှိ သာမန်လယ်ယာသုံးကိရိယာအချို့ကပင် သူ့အသက်ကို နှုတ်ယူသွားနိုင်သည်။ ကျွမ်ချွန်းချန်မျက်ဝန်းအိမ်များ ကျယ်လာပြီး သူ့စိတ်အာရုံများ လျင်မြန်စွာအလုပ်လုပ်နေ၏။
‘သူတို့က သူ့ကိုအသုံးဝင်သေးလို့ ကျင့်ကြံခြင်းစွမ်းအားတွေကို မဖျက်ဆီးပစ်သေးတာပဲ’
ခေါင်းကိုအသာငုံ့ကာ ကျိုးထောင်ဟွားထံ တိုးတိုးလေးပြောလိုက်သည်။
"ငါ့ကို ဒီမှာပိတ်လှောင်ထားတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ မင်းတို့ ဘာသိချင်တာလဲ၊ ငါ အားလုံးပြောပြပါ့မယ်"
ကျိုးထောင်ဟွား ကျေနပ်စွာပြုံးလိုက်သည်။ ဤလူမှာ လုံးဝမိုက်မဲနေခြင်းတော့ မဟုတ်ပေ။ ထို့နောက် ကျွမ်ချွန်းချန်မှာ လုံအန်းခရိုင်သည် ရှန်းကျူးဟောက်၏ စီရင်ပိုင်ခွင့်အောက်တွင်ရှိကြောင်း ကျိုးထောင်ဟွားနှင့် ရှန်းမင်အားပြောပြလေသည်။ လုံအန်းခရိုင်အတွင်းတွင် ချင်းဟယ်တာအိုကျောင်းရှိပြီး ထိုနေရာတွင် သူနှင့်သူ့ဆရာသခင် ရှန်းထျန်ယိတို့ နေထိုင်ကြ၏။ ချင်းဟယ်တာအိုကျောင်း တည်ရှိလာခဲ့သည်မှာ နှစ်တစ်ရာရှိပြီဖြစ်သည်။ တစ်ချိန်က မထင်မရှားတာအိုကျောင်းငယ်လေးတစ်ခုသာဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှန်းကျူးဟောက်၏ ရုတ်တရက်မျက်စိကျခြင်းကို ခံခဲ့ရပြီး သူ့မျိုးနွယ်စုမှာ လုံအန်းတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ယုံကြည်ခြင်းကိုခံခဲ့ရ၏။
ရှန်းမိသားစုသည် အခါကောင်းရက်ကောင်းရွေးချယ်သည့်အခါတိုင်း သို့မဟုတ် မိသားစုအတွင်းရှိ ကလေးတစ်ယောက် လက်ထပ်မည် သို့မဟုတ် ကလေးမွေးဖွားမည့်အခါတိုင်း ချင်းဟယ်တာအိုကျောင်း၏ကျောင်းထိုင်ဖြစ်သူ သူ့ဆရာသခင် ရှန်းထျန်ယိ ဆုံးဖြတ်ချက်မချမီအခြေအနေကို လာရောက်အကဲဖြတ်လေ့ရှိသည်။ ရှန်းမင်မှာ မယုံကြည်နိုင်ဖြစ်နေ၏။
"စောစောက မင်းနဲ့အတူရှိနေတဲ့သူက မင်းရဲ့ဆရာသခင်လို့ ပြောနေတာလား၊ မင်းပြောပုံအရ ချင်းဟယ်တာအိုကျောင်းက နှစ်တစ်ရာရှိပြီဆိုတော့ မင်းရဲ့ဆရာသခင်က ဒီနှစ်ဆိုအသက်တစ်ရာကျော်နေရမှာပေါ့၊ စောစောကလူက အသက်နှစ်ဆယ်ကျော်လေးပဲရှိဦးမယ်လို့ ငါထင်တယ်၊ သူကမင်းပြောတဲ့ ချင်းဟယ်တာအိုကျောင်းရဲ့ကျောင်းထိုင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျွမ်ချွန်းချန် သူမတရားခံရပါသည်ဟု ငိုယိုပြောဆိုလေသည်။
"သူရဲကောင်းကြီး သခင်လေး ကျွန်တော်ပြောသမျှအကုန် အမှန်တွေချည်းပါပဲ၊ သူက တစ်ကယ်ကျွန်တော့်ဆရာသခင်ရှန်းထျန်ယိပါ၊ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ချင်းဟယ်တာအိုကျောင်းရဲ့ တစ်ဦးတည်းသော ကျောင်းထိုင်ပါ၊ ကျွန်တော့်ဆရာသခင်ကိုမြင်ဖူးတဲ့ ဩဇာတိက္ကမကြီးမားတဲ့ ရှန်းမိသားစုဝင်တွေကလွဲရင် အခြားမြင်ဖူးသူအရမ်းနည်းပါတယ်၊ ဒါပေမယ့် သူ့ကိုမြင်ဖူးသူတိုင်းက သူ့မျက်နှာပေါ်မှာ အချိန်ကာလရဲ့ ဒဏ်ရာဒဏ်ချက်တွေ လုံးဝမရှိတာကို အံ့သြကြတယ်၊ ဒါကြောင့် ရှန်းမိသားစုက ကျွန်တော့်ဆရာသခင်ကို အမြဲမျက်ကန်းယုံကြည်ခဲ့ကြတာ၊ မင်းသားတစ်ပါးဆိုရင် ဆရာသခင့်လိုမသေနိုင်တဲ့ဘဝကိုရဖို့ မျှော်လင့်ပြီး ဆရာသခင့်ဆီမှာတပည့်ခံချင်ခဲ့သေးတယ်၊ တကယ်တော့ မသေနိုင်တဲ့အသက်ဆိုတာ မရှိပါဘူး၊ ကျွန်တော့်ဆရာသခင်က တခြားသူတွေရဲ့အသက်စွမ်းအင်တွေကို စုပ်ယူတာပါ၊ သူကတာအိုကျောင်းထဲက တပည့်တချို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ခိုးယူပြီး သူ့ကိုယ်သူအသက်ဆက်ဖို့ အသုံးပြုခဲ့သေးတယ်၊ အရင်ရက်အနည်းငယ်ကမှ ကျွန်တော့်ဆရာသခင် ရုတ်တရက် ဒဏ်ရာရပြီး သတိလစ်သွားခဲ့သေးတယ်၊ ဂိုဏ်းတူညီလေးဆယ်ယောက်ကျော်လောက်ရဲ့ အသက်စွမ်းအင်တွေကို စုပ်ယူပြီးမှ သူ မူလအခြေအနေကို ပြန်ရောက်သွားတာ"
ထိုစကားကိုနားထောင်ရင်း ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားရသည်။
‘လောကကြီးမှာ ဒီလောက်ယုတ်မာတဲ့ ဆရာသခင်မျိုး ရှိနိုင်ပါ့မလား’
ချင်းဟယ်တာအိုကျောင်း၏ ဂုဏ်သတင်းနှင့် လုံအန်းတွင်အတော်လေး နာမည်ကြီးကြောင်းကို သူမကြားဖူးခဲ့သည်။ မြို့ထဲတွင်ရှိစဉ်ကလူများမှာ ချင်းဟယ်တာအိုကျောင်း၏ တပည့်များဖြစ်ချင်ကြောင်း စကားစမြည်ပြောနေကြသည်ကို သူမကြားခဲ့ရ၏။ တာအိုကျောင်း၏ဆရာသခင်မှာ လူဆိုးတစ်ယောက်ဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။ ထိုနေရာသို့သွားခြင်းမှာ ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့်တူညီနေပေသည်။
တစ်ချိန်တည်းမှာပင် ကျိုးထောင်ဟွား အခြားအရာတစ်ခုကြောင့် အံ့သြတုန်လှုပ်သွားရသည်။ ရှန်းထျန်ယိသည် အရင်ရက်အနည်းငယ်က အပြင်းအထန် ဒဏ်ရာရပြီးနောက် ရုတ်တရက် သတိလစ်သွားခဲ့သည်ဟုဆို၏။ အရင်ရက်အနည်းငယ်၌ သူမတည်ဆောက်ခဲ့သော သတ်ဖြတ်ခြင်းအစီအရင်မှာ အလုပ်ဖြစ်သွားခြင်းများလားဟု ကျိုးထောင်ဟွား ရှန်းမင်ကိုကြည့်ကာ တွေးလိုက်သည်။ သို့မဟုတ်ပါက ရှန်းမင်မှ တစ္ဆေတစ်ရာအလံထဲသို့ ထည့်သွင်းလိုက်သော အငြိုးအတေးစွမ်းအင်များမှ ရှန်းထျန်ယိကို အပြင်းအထန်ဒဏ်ရာရစေခဲ့ခြင်းလည်းဖြစ်နိုင်၏။ ကျိုးထောင်ဟွား စိတ်ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ အရင်အကြိမ်က ရှန်းထျန်ယိ သူ့ကိုယ်သူပြန်လည်ကုသရန် အခြားသူများ၏အသက်စွမ်းအင်ကို အသုံးပြုခဲ့ရသည်မှာ နှမြောစရာပင်။ ကျိုးထောင်ဟွား ပိုးဖလံနတ်ဆိုးအား ချက်ချင်း ဆင့်ခေါ်လိုက်ပြီး မြေကြီးကိုသုံးပေတူးရမည်ဆိုလျှင်ပင် ရှန်းထျန်ယိကို မရ,ရအောင် ရှာဖွေရန်ဆုံးဖြတ်လိုက်သည်။
***