ပိုးဖလံနတ်ဆိုးလေးများ တစ်ရက်နှင့် တစ်ညတိတိ ရှာဖွေခဲ့ကြသော်လည်း ရှန်းထျန်ယိကို မတွေ့ခဲ့ကြပေ။ သို့တိုင်အောင် သူတို့သည် အနီးတစ်ဝိုက်တွင် ဆက်လက် ရှာဖွေနေခဲ့ကြပြီး ရှာဖွေသည့် ဧရိယာကိုလည်း ချဲ့ထွင်ခဲ့ကြသည်။ နောက်ဆုံးတွင် ရှန်းထျန်ယိ၏မြင်းကိုမဆိုထားနှင့် ရှန်းထျန်ယိ၏ အရိပ်အယောင်ကိုပင် မမြင်ခဲ့ကြရပေ။ ပိုးဖလံနတ်ဆိုးမှ ကျိုးထောင်ဟွားကို သတင်းပို့သောအခါ သူမ မျက်မှောင်ကြုတ်သွားလေသည်။
"သူ တော်တော်မြန်တာပဲ"
ကျိုးထောင်ဟွား ရှန်းထျန်ယိတွင် ထွက်ပြေးလွတ်မြောက်နိုင်သည့် ထူးခြားသော ပညာရပ်တစ်ခုခုများရှိနေသလားဟုပင် သံသယဝင်မိသွားသည်။ ထိုသို့တွေးရင်း ကျိုးထောင်ဟွား ခြံဝင်းထဲတွင်ထိုင်နေသော ကျွမ်ချွန်းချန်ထံ ကြည့်လိုက်၏။ ယခုအချိန်တွင် သူမသည် သူ့ကျင့်ကြံခြင်းစွမ်းအားများကို ပိတ်လှောင်ထားခဲ့ပြီးဖြစ်သည်။ သူ့ကို ချန်ထားရသည့်အကြောင်းရင်းမှာ သူသည် လုံအန်းခရိုင်မှလာသူဖြစ်ပြီး ဒီဇင်ဘာလ၌ မြို့ကိုဝိုင်းရံတိုက်ခိုက်ခံရမည့် အချိန်ရောက်လျှင် သူ့အားလိုအပ်နေဦးမည်ဖြစ်သောကြောင့်ပင်။
မိုးမခပင်တစ်ပင်အောက်တွင် ပိုးဖလံနတ်ဆိုးလေးများ အနီးအနားတွင်မရှိတော့ကြောင်း သေချာသွားပြီးနောက် ရှန်းထျန်ယိ သစ်ပင်အောက်မှ သူ့မြင်းကို ဆွဲထုတ်လာခဲ့သည်။ အကာအကွယ်အစီအရင်ကို အသုံးပြုပြီး ဤနေရာတွင် သုံးရက်တိတိပုန်းအောင်းနေရသည်မှာ သူ့အတွက် မည်မျှခက်ခဲခဲ့ကြောင်းမည်သူသိနိုင်မည်နည်း။ အကာအကွယ်အစီအရင်မှ သူကိုကာကွယ်ပေးထားသဖြင့် ပိုးဖလံနတ်ဆိုးလေးများ သူ့အားမမြင်နိုင်သော်လည်း သူသည် ဤနေရာတွင်သာ ပုန်းအောင်းနေရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိခဲ့ပေ။ မိုးမခပင်၏အရိပ်မှာ သူ့အတွက် အကောင်းဆုံးသော အကာအကွယ်တစ်ခု ဖြစ်စေခဲ့သည်။
သို့သော် သူသည်မည်သည့်စားစရာကိုမှ ယူမလာခဲ့သဖြင့် ဗိုက်ဆာသောအခါ မြင်းကဲ့သို့မြက်ကိုသာ စားခဲ့ရသည်။ မြက်စားရသည်ကပင် သူ့အတွက်ဆိုးရွားနေပြီ ဖြစ်သော်ငြား သူစီးလာသော မြင်းမှလည်း နံစော်နေသည့် ချေးများပါသေးရာ တစ်နေရာတည်းတွင် သုံးရက်ကြာအောင် အတူနေထိုင်ရသည်မှာ သည်းခံနိုင်စရာမရှိအောင်ပင်။ သုံးရက်တိတိ မြက်ကိုသာ စားခဲ့ရသဖြင့် သူ့မျက်နှာမှာလည်းလုံးဝ စိမ်းဖန့်နေလေပြီ။ နတ်ဆိုးလေးများ အားလုံးထွက်သွားပြီဖြစ်ကြောင်း မြင်သောအခါ သူမြင်းကိုတိတ်တဆိတ်ဆွဲကာ အသက်လု၍ထွက်ပြေးလေတော့သည်။ နောက်ဆုံးသုံးရက်ကြာ ခရီးနှင်ပြီးနောက် လုံအန်းခရိုင်သို့ သူ ပြန်လည်ရောက်ရှိလာခဲ့၏။ သူပြန်ရောက်လာကြောင်းကြားသောအခါ ရှန်းကျူးဟောက်မှ သူ့အားနန်းတော်သို့ ချက်ချင်းခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။ အပြန်လမ်းတစ်လျှောက်တွင် ရှန်းထျန်ယိသည် သူပြောမည့်စကားများကို စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ပြင်ဆင်ထားပြီးဖြစ်၏။ ပင်မခန်းမဆောင်ကြမ်းပြင်ပေါ်တွင် ရုတ်တရက် သူဒူးထောက်ချလိုက်ပြီး အထက်တွင်ထိုင်နေသော ရှန်းကျူးဟောက်အား လျှောက်တင်လိုက်သည်။
"အရှင်သခင်ရှန်း ကျွန်တော်မျိုး သေချာတွက်ချက်ပြီး ကိုယ်တိုင်အတည်ပြုပြီးတဲ့နောက်မှာ အရှင်သခင် သေချာပေါက် သိမ်းပိုက်ရမယ့် နေရာတစ်နေရာရှိတယ်ဆိုတာ ဆုံးဖြတ်လိုက်ပါပြီ၊ မဟာရှားရဲ့ အရှင်သခင်ကိုးပါးထဲမှာ အဲဒီနေရာကို သိမ်းပိုက်နိုင်တဲ့သူက မဟာရှားရဲ့ နောက်ထပ် ဧကရာဇ်ဖြစ်လာပါလိမ့်မယ်"
ထိုစကားကိုကြားသောအခါ ရှန်းကျူးဟောက်မှာ စိတ်လှုပ်ရှားစွာဖြင့် နေရာမှ ထရပ်လိုက်လေသည်။ သူ အလောတကြီး မေးလိုက်၏။
"ဘယ်နေရာလဲ"
"ကျိုးကျားရွာပါ"
ရှန်ထျန်ယိ မြေပုံတစ်ခုကိုထုတ်ပြရင်း ပြောလိုက်သည်။ ကျိုးကျားရွာသည် မဟာရှားတစ်ခုလုံးတွင် အရေးအကြီးဆုံးသော ဗျူဟာကျသည့်နေရာ၌ တည်ရှိပြီး အလွန်ထူးခြားသော တည်နေရာကို ပိုင်ဆိုင်ထား၏။ ထိုနေရာသည် ခုခံကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲလှသည်။ တစ်ကြိမ်သိမ်းပိုက်နိုင်လိုက်သည်နှင့် ကျန်ရှိနေသောခရိုင်ရှစ်ခုကို သိမ်းပိုက်ရန် များစွာလွယ်ကူသွားပေလိမ့်မည်။ ရှန်းကျူးဟောက် မြေပုံကို သေချာစစ်ဆေးကြည့်လိုက်ရာ သူ၏အကြောင်းပြချက်များမှာ အလွန်ခိုင်လုံကြောင်း တွေ့ရှိရသဖြင့် ကျိုးကျားရွာကိုတိုက်ခိုက်ရန် အကြံအစည်များ ချက်ချင်း ပေါ်ပေါက်လာလေသည်။
ကျိုးကျားရွာကို သိမ်းပိုက်ရန်လိုအပ်ရုံသာမက ၎င်း၏ ဗျူဟာမြောက်အားသာချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ထိုနေရာတွင် တပ်များချထားရန်လည်း လိုအပ်ပေ၏။ သူ့စကားများ ရှန်းကျူးဟောက်ကို ယုံကြည်သွားစေခဲ့သည်ကို မြင်သောအခါ ရှန်းထျန်ယိမတ်တပ်ရပ်၍ ရှန်းကျူးဟောက်နားသို့ တိုးကပ်သွားလိုက်သည်။ သူ့အသံကို တမင်နှိမ့်လိုက်ပြီး ရှန်းကျူးဟောက်ထံ လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့်ပြောလိုက်၏။
"အရှင်သခင်ရှန်း တစ်ကယ်တော့ ဒီကျိုးကျားရွာဆိုတာ လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါးလောက်က ရှန်းမျိုးနွယ်စုအတွက် ကျွန်တော်မျိုး ကြိုတင်ခင်းကျင်းထားခဲ့တဲ့ အစီအမံတစ်ခုပါ၊ ကျိုးကျားရွာက ဆွေမျိုးစုရွာတစ်ရွာပါ၊ အဲဒီတုန်းက ပထမဆုံးရွာလူကြီးကျိုးယွဲ့ဖုန်းက ကျွန်တော်မျိုးရဲ့အမိန့်အရ သူ့ဆွေမျိုးတွေကိုခေါ်ပြီး အဲဒီချိုင့်ဝှမ်းထဲမှာ နေထိုင်ခဲ့ကြတာ၊ ကျွန်တော်မျိုးက အရှင်သခင်တို့ရဲ့ ရှန်းမျိုးနွယ်စုကို ထောက်ပံ့ပေးဖို့ ကျိုးမျိုးနွယ်စုကို အသုံးပြုခဲ့တာပါ၊ အခုနှစ်တစ်ရာနီးပါး ကြာပြီးတဲ့နောက်မှာတော့ သူတို့ရဲ့အသုံးဝင်မှုက ကုန်ဆုံးသွားပါပြီ၊ ဘာမှ အသုံးမဝင်တော့ပါဘူး၊ အရှင်သခင် သူတို့အားလုံးကို သတ်ပစ်ရပါမယ်၊ မဟုတ်ရင် အရှင်သခင်နဲ့ ရှန်းမျိုးနွယ်စုတစ်ခုလုံးအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်"
"ရွာလုံးကျွတ်သတ်ဖြတ်ရမယ်ဟုတ်လား"
ထိုစကားကိုကြားသောအခါ ရှန်းကျူးဟောက်မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ အရှင်သခင်များကြား အာဏာလုပွဲ၊ နန်းတွင်းအရာရှိများနှင့် စစ်သည်များကြား တိုက်ခိုက်မှုဆိုသည်မှာ အရှင်သခင်များနှင့် နန်းတော်ကြားမှ ကိစ္စသာ ဖြစ်သည်။ အရာရှိများက သာမန်ပြည်သူများကို သတ်ဖြတ်ရမည့် ကိစ္စမျိုးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်တစ်ခုအတွက် ပြည်သူလူထုအား လိုအပ်သောကြောင့်ပင်။ ပြည်သူများမှာ အခွန်အခများပေးဆောင်ကြရသည်။ ပြည်သူမရှိလျှင် မည်သို့သော တိုင်းပြည်မျိုးဖြစ်လာမည်နည်း။ ရှန်းကျူးဟောက် ကန့်ကွက်လိုက်သည်။
"သူတို့က အသုံးမဝင်တော့ဘူးဆိုရင်တောင် ဘာလို့ဒီအတိုင်းမထားခဲ့ရမှာလဲ၊ ဘာလို့ မျိုးတုံးသတ်ဖြတ်ရမှာလဲ၊ ရွာတည်ထောင်ခဲ့တာ နှစ်တစ်ရာနီးပါးတောင်ရှိနေပြီဆိုတော့ အဲဒီမှာလူတွေအများကြီး နေထိုင်ကြဦးမှာပဲ၊ အကြောင်းပြချက်မရှိဘဲ ရွာတစ်ရွာလုံးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခိုင်းမယ်ဆိုရင် ငါကလောကကြီးရဲ့ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရမယ့်အပြင် တခြားအရှင်သခင်တွေရဲ့ လှောင်ပြောင်တာကိုလည်းခံရလိမ့်မယ်၊ ဂုဏ်သိက္ခာရှိတဲ့ အရှင်သခင်တစ်ပါးဖြစ်တဲ့ငါက လက်နက်မဲ့ပြည်သူတွေကိုသတ်ဖို့ ဘယ်လိုလုပ် အမိန့်ပေးနိုင်မှာလဲ"
ရှန်းကျူးဟောက်၏ဖြောင့်မတ်မှန်ကန်သောဒေါသနှင့် နားမထောင်လိုခြင်းကို မြင်သောအခါ ရှန်းထျန်ယိ တိတ်တဆိတ် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ကျိုးကျားရွာကို လက်နက်မဲ့သည်ဟု ပြောနေခြင်းမှာ ရယ်စရာကောင်းလှကြောင်း ရှန်းကျူးဟောက်ကို သူပြောပြချင်လှ၏။ လက်ရှိကျိုးကျားရွာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေပြီဖြစ်သည်။ သူတို့တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များစွာရှိနေကြ၏။ သို့သော် သူ့ရည်ရွယ်ချက်အစစ်အမှန်ကို ပေါ်လွင်သွားမည်စိုးသဖြင့် ရှန်းကျူးဟောက်အား ဤအကြောင်းကို မပြောပြရဲပေ။ ထို့ကြောင့် သူရှန်းကျူးဟောက်အား တိုးတိုးလေးသာ အကြံပြုလိုက်ရသည်။
"ဒါဆိုရင်လည်း အရှင်သခင်က ကျိုးကျားရွာကိုသိမ်းပိုက်ဖို့နဲ့ အဲဒီမှာတပ်တွေချထားဖို့ လူတွေကိုအရင်လွှတ်သင့်ပါတယ်၊ ကျိုးကျားရွာက လူတွေကိစ္စကိုတော့ နောက်မှကျွန်တော်တို့ဆက်ဆွေးနွေးကြတာပေါ့"
ထို့နောက် ရှန်းကျူးဟောက်သည် ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့ကို ကျိုးကျားရွာတွင် တပ်ချရန်စစ်တပ်များအား ဦးဆောင်သွားဖို့အမိန့်ပေးလိုက်သည်။ ရှန်းထျန်ယိလည်း ထိုလူကိုဖမ်းဆီးပြီး သူ့ကိုယ်ပေါ်ရှိ ကုသိုလ်ကံအလင်းတန်းများအားလုံးကို မျိုချပစ်ရန်ဆုံးဖြတ်ချက်ချကာ သူတို့နှင့်အတူလိုက်ပါသွားခဲ့၏။
…
ငါးရက်ကြာပြီးနောက် မြို့ရိုးပေါ်ရှိ ကင်းစောင့်များသည် အဝေးမှသူတို့ထံသို့ ပြေးဝင်လာနေသော စစ်တပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ကင်းစောင့်များ၏ ရင်ထဲတွင် နိမိတ်ဆိုးတစ်ခုပေါ်ထွက်လာလေ၏။
"ဒါ ဒါကသူတို့များလား"
"ရွာလူကြီးကို သွားခေါ်ချေ မြန်မြန်"
"ထောင်ဟွားကိုလည်း ခေါ်လိုက်"
ကင်းစောင့်များအားလုံးမှာ ကျိုးကျားရွာမှ အတော်လေးငယ်ရွယ်သော ရွာသားများဖြစ်ကြသည်။ သူတို့ဘဝတစ်လျှောက်လုံး ရိုးရိုးသားသားနေထိုင်လာခဲ့ကြပြီး လောကအကြောင်းကိုလည်း အနည်းအကျဉ်းသာ မြင်ဖူးကြ၏။ ခါးတွင်ဓားများချိတ်ဆွဲကာ မြင်းစီးလာသော စစ်သည်အမြောက်အမြားကို မြင်လိုက်ရချိန်တွင် သူတို့မကြောက်ဘဲ မနေနိုင်ဖြစ်သွားကြသည်။ စစ်သည်အမြောက်အမြား ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် ကင်းစောင့်များ ရွာတံခါးများကို ချက်ချင်းပိတ်ချလိုက်ကြ၏။ ကျိုးထောင်ဟွားမှ ရွာတစ်ရွာလုံးကိုကြိုတင် သတိပေးထားခဲ့သဖြင့် လူတိုင်းမှာ စားနပ်ရိက္ခာများကို ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။ အရင်နှစ်ရက်အတွင်း အပြင်ထွက်သည့်ရွာသားဆို၍ ခပ်ရှားရှားပင်။
မကြာမီမှာပင် စစ်တပ်ကြီးရောက်လာပြီဆိုသောသတင်းမှာ ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်းမည်သည့်အရာများ ဖြစ်နေသည်ကိုကြည့်ရန် မြို့ရိုးထံသို့ ပြေးသွားကြသည်။ ကျိုးထောင်ဟွား ဤသတင်းကိုကြားသောအခါ ကျွမ်ချွန်းချန်သည် သူမအနီးတွင်ရပ်နေခဲ့၏။ သူ့မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည်မှေးမှိန်သွားသည်။ သူ့ဆရာသခင် အသက်ရှင်နေခဲ့၏။ သို့သော် သူ့ဆရာသခင်မှာ အဘယ်ကြောင့် ကိုယ့်သေတွင်းကိုယ် လာတူးနေရသနည်း။ ကျိုးထောင်ဟွား လက်ပစ်ဗုံးများအားလုံးကိုသယ်ဆောင်ကာ ကျွမ်ချွန်းချန်နှင့်အတူ ရွာအဝင်ဝရှိမြို့ရိုးဆီသို့ ပျံသန်းသွားခဲ့သည်။
"ဘုရားရေ လူတွေအများကြီးပဲ"
"သူတို့ ဒီမှာဘာလာလုပ်ကြတာလဲ"
"ငါတို့က ရိုးရိုးသားသား တောသူတောင်သားတွေပါ"
မြို့ရိုးပေါ်တွင်ရပ်နေကြသော ရွာသားများမှာ အရာရှိများကို မွေးရာပါ ကြောက်ရွံ့စိတ်ဖြင့် အချင်းချင်းတီးတိုးပြောဆိုနေကြသည်။ ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့ စစ်သည်ငါးထောင်ဖြင့် ကျိုးကျားရွာအပြင်ဘက်သို့ ရောက်ရှိလာသောအခါ သူတို့ရှေ့မှမြင်ကွင်းကြောင့် အလွန် အံ့သြတုန်လှုပ်သွားကြလေ၏။ ရှန်းရှောင်ဖန်းမှာ မယုံကြည်နိုင်အောင်ဖြစ်သွားရသည်။
"ဆရာသခင်ရှန်း ဒါက သင်ပြောတဲ့ ကျိုးကျားရွာ တစ်ကယ်ရောဟုတ်ရဲ့လား၊ ဒါမှမဟုတ် တခြားနေရာများလား"
မိုးထိမတတ်မြင့်မားပြီး ခိုင်ခံ့သောမြို့ရိုးကြီးများကြောင့် ရှန်းရှောင်ဖန်း အခြားအရှင်သခင်တစ်ပါးမှ ဤနေရာကို သိမ်းပိုက်သွားပြီးလေပြီလားဟုပင် တွေးမိသွားသည်။
"နားထောင်စမ်း ကျိုးကျားရွာကလူတွေ၊ ငါကလုံအန်းခရိုင်ရဲ့ အရှင်သခင် စေလွှတ်လိုက်တဲ့ ရှန်းရှောင်ဖန်းပဲ၊ မြို့တံခါးတွေကို ချက်ချင်းဖွင့်စမ်း မဟုတ်ရင် ငါတို့တိုက်ခိုက်ရလိမ့်မယ်၊ အဲဒီအခါကျရင် ရွာတစ်ရွာလုံးရဲ့ဇာတ်သိမ်းက သေချာတော့မှာမဟုတ်ဘူး"
***