ဤနေရာသို့ လာရာလမ်းတစ်လျှောက်လုံးတွင် ရှန်းရှောင်ဖန်းမှာ ရှန်းထျန်ယိ၏ ဖြားယောင်းသွေးဆောင်မှုများကို အကြိမ် မရေတွက်နိုင်အောင် ခံခဲ့ရပြီးဖြစ်သည်။ ယခုအချိန်တွင် သူ၏တစ်ခုတည်းသော အတွေးမှာ ကျိုးကျားရွာကို သိမ်းပိုက်ရန်သာဖြစ်ပြီး ရွာသားများ၏အသက်အန္တရာယ်ကို သူဂရုမစိုက်တော့သကဲ့သို့ မထွက်ခွာမီက အရှင်သခင်မှာကြားလိုက်သော ညွှန်ကြားချက်များကိုလည်း လုံးဝမေ့လျော့နေခဲ့ပြီပင်။
မည်သို့ပင်ဆိုစေကာမူ ရှန်းရှောင်ဖန်းသည် နှစ်ပေါင်းများစွာစစ်တပ်များကို လေ့ကျင့်ဦးဆောင်ခဲ့သော စစ်သူကြီးတစ်ဦးဖြစ်သည်။ သူ့အသံမှာ အရှိန်အဝါများဖြင့်ပြည့်နှက်နေပြီး သာမန်အရာရှိများဖြစ်ကြသော အုပ်ချုပ်ရေးမှူးလွီနှင့် ကောင်တီရှိအရာရှိများထက်များစွာသာလွန်နေ၏။ အမှန်စင်စစ် မြို့ရိုးပေါ်တွင်ရပ်နေကြသော ရွာသားအချို့မှာ ရှန်းရှောင်ဖန်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကြောက်လန့်တကြားနောက်တွန့်သွားကြသည်။ ထိုမြင်ကွင်းကိုမြင်သောအခါ ကျိုးထောင်ဟွား မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူမအသံကို မြှင့်ကာပြောလိုက်သည်။
"အားလုံးပဲ မကြောက်ကြပါနဲ့၊ ကျွန်မတို့က မဟာရှားမင်းဆက်ရဲ့ ဥပဒေတစ်ခုကိုမှ ချိုးဖောက်ထားတာမရှိဘူး၊ ကျွန်မတို့ရွာမှာ ကျွန်မတို့နေတာ၊ သူတို့ကိုဘာလို့ ကြောက်နေရမှာလဲ၊ သူတို့က အရာရှိတွေဆိုတော့ရော ဘာဖြစ်လဲ၊ အဲဒါကသာမန်ပြည်သူတွေကို အနိုင်ကျင့်ခွင့်ရှိတယ်လို့ ဆိုလိုတာလား၊ ကျွန်မတို့သာကြောက်ခဲ့မယ်ဆိုရင် ယွမ်ယင်းရှင်းနဲ့ ကျိုးရှန်းဟူတို့လိုပဲ လွန်ခဲ့တဲ့ခြောက်လကတည်းက အိမ်တွေ လယ်မြေတွေရောင်းပြီး ဒီကနေထွက်သွားသင့်တာပေါ့၊ အခုတော့ အားလုံးကပိုက်ဆံထည့်ဝင်ပြီး မြို့ရိုးကို အတူတူတည်ဆောက်ဖို့ ရွေးချယ်ခဲ့ကြပြီးပြီပဲ၊ ကျွန်မတို့ရွာကို ကျွန်မတို့အတူတူ ကာကွယ်ကြရမယ်"
ကျိုးထောင်ဟွား၏အားပေးစကားကြောင့် လူတိုင်း၏တင်းမာပြီး ကြောက်ရွံ့နေသော စိတ်ခံစားချက်များမှာ အတော်လေးတည်ငြိမ်သွားကြသည်။ ရွာလူကြီးလည်း ချက်ချင်းပြောလိုက်၏။
"အားလုံးပဲ မြန်မြန်ပြန်ပြီး ကိုယ့်မီးလှံတွေကိုသွားယူကြ၊ ငါတို့ရွာကို ငါတို့အတူတူ ကာကွယ်ကြမယ်"
‘အထက်က လူသားဆန်တဲ့အလုပ်တစ်ခုမှမလုပ်ဘူး။ ပြည်သူတွေကိုလည်း ဂရုမစိုက်ဘူး။ အဲဒီအစား ဒုက္ခပေးဖို့ပဲကြိုးစားနေတယ်ဆိုတော့ သူတို့မှာလက်နက်ကိုင်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမှ မရှိတော့တာ’
မြို့တံခါးဝတွင် ရှန်းရှောင်ဖန်း အချိန်အတော်ကြာစောင့်နေခဲ့သော်လည်း ကျိုးကျားရွာရှိလူများမှ မြို့တံခါးဖွင့်ပေးသည်ကို မမြင်ရပေ။ သူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ဒီတောသားတွေ တော်တော်ကျေးဇူးကန်းတာပဲ! ဒါဆိုရင်လည်း ငါ့ကို အပြစ်မတင်နဲ့တော့"
ထို့နောက် သူ့အနောက်ရှိစစ်သည်များကို အမိန့်ပေးလိုက်သည်။
"အားလုံး နားထောင်ကြစမ်း၊ မြို့ကို တိုက်ခိုက်ဖို့ ပြင်ကြ"
*ကလစ်-ကလောက်-ကလစ်-ကလောက်*
ထိုစဉ်မှာပင် မီးလှံများ မြို့ရိုးကိုထိခတ်မိသည့်အသံများ တံခါးပေါက်ဆီမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ရှန်းရှောင်ဖန်း မော့ကြည့်လိုက်ရာ မည်းမှောင်နေသော ပြောင်းဝလေးများ သူတို့ထံသို့ ချိန်ရွယ်ထားသည်ကိုမြင်လိုက်ရ၏။ ထိုအရာများကို သူမသိသော်လည်း ထူးဆန်းသောကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။ ရှန်းထျန်ယိမှာ အရင်အကြိမ်ကတည်းက မီးလှံများ၏အစွမ်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်၏။
‘ဒီအရာတွေက ကျောက်တုံးကိုဖောက်နိုင်ပြီး သံချပ်ကာကိုတောင် အလွယ်တကူ ထိုးဖောက်သတ်ဖြတ်နိုင်တယ်’
မြင်းဇက်ကြိုးကို သူထိန်းကာ မြင်းကို ဖြည်းညှင်းစွာနောက်ဆုတ်စေပြီး မီးလှံမှန်မည့်ဘေးမှရှောင်ရှားဖို့ ရှန်းရှောင်ဖန်းနောက်တွင် ပုန်းအောင်းရန်ကြံစည်လိုက်သည်။ ကျိုးထောင်ဟွား အောက်သို့ငုံ့ကြည့်လိုက်ရာ သူမနှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြည်းညှင်းစွာ ပေါ်လာ၏။
‘သူမ မြို့ရိုးတွေတည်ဆောက်ခဲ့တာ။ မီးလှံတွေနဲ့ လက်ပစ်ဗုံးတွေ ဖန်တီးခဲ့တာ အားလုံးက ဒီအခိုက်အတန့်အတွက်ပဲ။ ဒါတင်မကသေးဘဲ သူမဆီမှာနတ်ဆိုးတွေလည်း ရှိသေးတယ်။ မြို့ရိုးပေါ်က ခူယားကောင်နတ်ဆိုးတွေ၊ ကောင်းကင်ပေါ်က ပျံသန်းနိုင်တဲ့ ပိုးဖလံနတ်ဆိုးတွေ၊ ဒါတွေအားလုံးက သူမရဲ့စစ်သည်တွေပဲ’
ရွာတစ်ရွာလုံးတွင် အိမ်ခြေ ၁၅၉အိမ်ရှိပြီး သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် စုစုပေါင်းလူတစ်ထောင်ကျော်ရှိသည်။ လူတိုင်းတွင် မီးလှံတစ်လက်စီကိုင်ဆောင်ထားကြ၏။ ကျိုးထောင်ဟွား အမိန့်ပေးလိုက်သည်။
"ပစ်"
ဤအသံကြောင့် မြင်းပေါ်တွင်ထိုင်နေသော ရှန်းထျန်ယိမှာ အလွန်တရာထိတ်လန့်သွားပြီး မြင်းပေါ်မှချက်ချင်းခုန်ဆင်းကာ မြင်းတင်ပါးနောက်တွင် ဝင်ပုန်းလိုက်သည်။ ကျိုးကျားရွာမှ လူများမှာ ဤမျှရူးသွပ်ပြီး အစိုးရစစ်တပ်ကို တကယ်သတ်ချင်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ အနည်းဆုံးတော့ သူ့ထံတွင် အသိစိတ်အနည်းငယ် ကျန်နေသေးသည်။ မြင်းပေါ်မှခုန်ဆင်းပြီး ပုန်းအောင်းနေစဉ်အော်ပြောရန် သူမမေ့ခဲ့ပေ။
"အားလုံးပဲ အကာအကွယ်ယူကြ"
ရှန်းရှောင်ဖန်း၊ ရှန်းရှောင်ခိုင်နှင့် အခြားသူများမှာ ဇဝေဇဝါဖြစ်သွားကြသော်လည်း အရှေ့တွင်ရှိနေသော လူအချို့မှာ သူ့သတိပေးသံကိုကြားပြီးနောက် ချက်ချင်းပင် အကာအကွယ်စယူကြလေသည်။ နောက်တစ်ခဏတွင် နားကွဲမတတ်ကျယ်လောင်သော အသံများကို တစ်ချက်ပြီးတစ်ချက်ကြားလိုက်ရပြီး ထိုအသံများမှာ သူတို့အားလုံးကိုတစ်စစီ ဆွဲဖြဲပစ်မည့်အလားပင်။ ရှန်းရှောင်ဖန်းနှင့် အခြားသူများ အလိုအလျောက်ပင် သူတို့၏အရေးကြီးသော အစိတ်အပိုင်းများကို ကာကွယ်လိုက်ကြသည်။
"ဒိုင်း! ဒိုင်း! ဒိုင်း"
ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဖက်စလုံးရှိသစ်ပင်ကြီးများ ဝုန်းခနဲပြိုလဲကျသွားလေသည်။ ရှန်းရှောင်ဖန်းနှင့် အခြားသူများမှာ ဆွံ့အသွားကြ၏။
‘သူတို့ပစ်လိုက်တာက သစ်ပင်တွေကိုတောင် ပြိုလဲသွားစေနိုင်တာလား’
နှစ်ဖက်စလုံးရှိ သစ်ပင်တန်းများပြိုလဲသွားပြီး ထိုအသံမှာမီးလှံခလုတ်ဆွဲလိုက်သည့် အသံထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။ တစ်ခဏချင်းမှာပင် စစ်သည်ငါးထောင်လုံး၏ မျက်နှာများမှာ ဖြူလျော်သွားပြီး လည်ချောင်းများခြောက်သွေ့ကာ နေရာတွင်ပင် ကျောက်ရုပ်များသဖွယ်ရပ်တန့်သွားကြ၏။ ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ချက်ချင်းအမိန့်ပေးလိုက်သည်။
"ဆုတ်"
‘မြန်မြန်ဆုတ်’
ကျိုးကျားရွာရှိရွာသားများလက်ထဲမှ ထိုတုတ်ရှည်ကြီးများမှာ မည်မျှထိဝေးဝေးပစ်နိုင်သည်အား သူတို့မသိကြပေ။ သူတို့ တတ်နိုင်သမျှ ဝေးဝေးဆုတ်ခွာရုံသာရှိတော့သည်။ ကျိုးကျားရွာမှ ရွာသားများသည် သူတို့ကိုတမင်တကာမပစ်ဘဲ ရှောင်ပစ်ခဲ့ကြောင်း သူတို့ရှင်းရှင်းလင်းလင်းနားလည်လိုက်ကြ၏။ ကျိုးကျားရွာရှိသစ်ပင်များကိုသာ ပစ်ချလိုက်ခြင်းမှာ သတိပေးချက်တစ်ခုဖြစ်သလို ခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်သည်။ စစ်တပ်ကို စတင်ကွပ်ကဲကတည်းမှ ဤမျှအရှက်ရစရာကောင်းသော အခြေအနေမျိုးကို ရှန်းရှောင်ဖန်းမကြုံခဲ့ဖူးပေ။ စစ်သည်များဆုတ်ခွာသွားသည်ကိုမြင်သောအခါ ကျိုးကျားရွာမှရွာသားများ အလွန်တရာဝမ်းသာသွားကြ၏။ ရွာလူကြီးမှာ သူတို့ကိုသတိပေးလိုက်သည်။
"ငါတို့ ပေါ့ဆလို့မရသေးဘူး၊ အခုကစပြီး နေ့တိုင်း ကင်းစောင့်အင်အားကို နှစ်ဆတိုးထားမယ်၊ တစ်ခုခုထူးခြားတာရှိရင် အားလုံးသိအောင် မောင်းကိုချက်ချင်းတီးရမယ်"
လူတိုင်းခေါင်းညိတ်သဘောတူလိုက်ကြသည်။ ကင်းစောင့်အဖွဲ့တွင် မပါဝင်သော ရွာသားအချို့ပင်လျှင် ရွာကိုကာကွယ်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆက်နေခဲ့ကြ၏။ ကံကောင်းထောက်မစွာဖြင့် မြို့ရိုးမှာ ကျိုးကျားရွာတစ်ခုလုံးကို လုံးဝဝိုင်းရံထားသဖြင့် မြို့ရိုးပေါ်တွင်ရပ်နေသူတိုင်း အောက်ဘက်ရှိမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ သို့သော်လည်း ညဘက်တိုက်ခိုက်လာနိုင်ခြေကိုတော့ ဖယ်ချန်ထား၍မရပေ။ ရှန်းရှောင်ဖန်းနှင့် အခြားသူများမှာ နှစ်မိုင်ခန့်အကွာသို့ဆုတ်ခွာသွားပြီးနောက် ရှန်းထျန်ယိကို သူမေးလိုက်သည်။
"ဆရာသခင်ရှန်း ဘာတွေဖြစ်နေတာလဲ၊ ကျိုးကျားရွာကလူတွေ ကိုင်ထားတာဘာတွေလဲ၊ အဲဒီလိုမျိုး ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး"
ရှန်းရှောင်ခိုင်လည်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အနက်ရောင်တုတ်တံနဲ့တူပေမယ့် အထဲမှာ အခေါင်းပေါက်ဖြစ်နေပုံပဲ၊ အခေါင်းပေါက်ဖြစ်နေတဲ့ တုတ်တံကနေ ဘယ်လိုလုပ် အရာဝတ္ထုတွေကိုပစ်ထုတ်ပြီး သစ်ပင်တွေကို ဖောက်ထွက်သွားနိုင်တာလဲ၊ မြှားတွေကပဲ အဲဒီလိုပစ်နိုင်တာလို့ ကျွန်တော်ထင်ထားတာ"
သူတို့မေးခွန်းများကို ရှန်းထျန်ယိကိုယ်တိုင်လည်း မသိပေ။ သူသည်လည်း ပြီးခဲ့သည့်အကြိမ် ကျိုးကျားရွာသို့ ရောက်ပြီးမှသာ ထိုအရာကိုမြင်ဖူးခဲ့ခြင်းဖြစ်သည်။ ယခင်ကမြို့ရိုးပေါ်တွင် ထိုလူနှင့် အခြားအမျိုးသမီးတစ်ဦးကို သူမြင်လိုက်ရ၏။ ထိုလူ့ကိုယ်ပေါ်တွင် ကုသိုလ်ကံ၏ရွှေရောင်အလင်းတန်းများစွာရှိနေသကဲ့သို့ ထိုအမျိုးသမီးတွင်လည်း အလားတူပင်။ သူ ပြောလိုက်သည်။
"အဲဒါဘာလဲဆိုတာ အရေးမကြီးပါဘူး၊ သူတို့က ကျွန်တော်တို့ကိုမြင်နေရလို့ ပစ်နိုင်တာလေ၊ ဒီည ကျွန်တော်တို့မြို့ရိုးပေါ်တက်ပြီး မြို့ထဲဝင်နိုင်ရင် ကျိုးကျားရွာကိုသိမ်းပိုက်ပြီး အရှင်သခင်က စစ်သူကြီးနှစ်ယောက်ကို ပေးထားတဲ့တာဝန်ကို ပြီးမြောက်အောင်လုပ်နိုင်မှာပါ၊ ကျိုးကျားရွာက ရွာသားတွေကတော့ သူတို့ကမနာခံရဲရင် မြို့ထဲရောက်တာနဲ့ အကုန်သတ်ပစ်လိုက်၊ ဒါမှစစ်သူကြီးတို့ ကျိုးကျားရွာမှာ တပ်စွဲမယ့်ကိစ္စကိုမထိခိုက်မှာ"
ရှန်းရှောင်ဖန်းမှာ အလွန်အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်သည်။ ညဘက်စစ်ဆင်ရေးအတွက် ချက်ချင်းသူအမိန့်ပေးလိုက်၏။
‘စစ်တပ်ကိုဦးဆောင်လာခဲ့တဲ့ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သူဒီလောက်ထိ အရှက်မကွဲခဲ့ဖူးဘူး။ ကျိုးကျားရွာက ရွာသားတစ်ယောက်မှ အသက်ရှင်ခွင့်မရှိစေရဘူးကွ’
ထို့နောက် ကျိုးကျားရွာ၏မြို့ရိုးပေါ်ရှိ ကင်းစောင့်များ မျက်စိလည်သွားစေရန် စစ်သည်များအားလုံးကို သစ်ပင်အောက်များသို့သွားရန် အမိန့်ပေးလိုက်သည်။ သူတို့သည် တောအုပ်ထဲတွင်အနားယူကာ ညဉ့်နက်မည့်အချိန်ကို စောင့်ဆိုင်းနေပြီးနောက် ရွာပတ်လည်ရှိမြို့ရိုးများပေါ် တိတ်တဆိတ်တက်ကာ ရွာသားများကို သတ်ဖြတ်ကြမည်ပင်။ ကျိုးကျားရွာသည် သူတို့မြို့ရိုးများကို အတော်လေး ကောင်းမွန်စွာတည်ဆောက်ထားပြီး လုံအန်းခရိုင်၏မြို့ရိုးများထက်ပင် ပို၍မြင့်မားကာ ခိုင်ခံ့နေကြောင်းဝန်ခံရပေမည်။ ရှန်းထျန်ယိ အဝေးရှိကျိုးကျားရွာ၏ မြို့ရိုးကို လက်ညှိုးထိုးပြကာ သူ့ကိုမေးလိုက်သည်။
"စစ်သူကြီး ကျိုးကျားရွာရဲ့မြို့ရိုးက ဘာအရောင်လဲ"
"အစိမ်းရောင်လေ"
ကျိုးကျားရွာသို့စတင်ရောက်ရှိချိန်တွင် ထိုမြင်ကွင်းမှာ အနည်းငယ်ထူးဆန်းနေသည်ဟု သူထင်ခဲ့မိသည်။ မြို့ရိုးများကို အများအားဖြင့် ကျောက်တုံးများ အုတ်ပြာများဖြင့်သာတည်ဆောက်လေ့ရှိပြီး ဤမျှအစိမ်းရောင်တောက်တောက်မျိုး မဖြစ်သင့်ပေ။ သူ မေးလိုက်သည်။
"ကျိုးကျားရွာရဲ့မြို့ရိုးတွေ တည်ဆောက်ထားတာကြာပြီမလို့ ရေညှိတွေ ဒါမှမဟုတ် နွယ်ပင်တွေပေါက်နေတာများလား"
ရှန်းထျန်ယိ ရှင်းပြလိုက်သည်။
"စစ်သူကြီး အဲဒါတွေက စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့ ခူယားကောင်တွေပါ၊ ညဘက် စစ်သည်တွေ မြို့ရိုးပေါ်တက်တဲ့အခါကျ အသံမထွက်အောင် သည်းခံနိုင်ဖို့လိုလိမ့်မယ်"
ရှန်းရှောင်ဖန်း - "???"
***