ရှန်းရှောင်ဖန်း သူ့ကိုမယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ သူ့အကြည့်များ ရှန်းထျန်ယိအပေါ် စူးစိုက်ကျရောက်နေပြီး ဤလူ့ခေါင်းထဲ၌ တစ်ခုခုများမှားယွင်းနေသလားဟု သူမတွေးဘဲမနေနိုင်ဖြစ်သွားရ၏။ ဘေးတွင်ရပ်နေသော ရှန်းရှောင်ခိုင် မေးလိုက်သည်။
"ဆရာသခင်ရှန်း အဲဒီထူးဆန်းတဲ့ခူယားကောင်တွေက အထိခံရရင် အသေအလဲနာကျင်ရတာကို ဘယ်လိုလုပ်အသံမထွက်ဘဲနေနိုင်မှာလဲ"
ရှန်းရှောင်ဖန်း အကြံပြုလိုက်သည်။
"ဒါမှမဟုတ်ရင်လည်း အဲဒီထူးဆန်းတဲ့ခူယားကောင်တွေရဲ့ အဆိပ်ဆူးတွေမစူးမိအောင် လူတိုင်းလက်မှာ အကာအကွယ်တွေဝတ်ထားသင့်တယ်"
ထိုစကားကိုကြားသောအခါ ရှန်းရှောင်ခိုင် ချက်ချင်းသဘောတူလိုက်သည်။ သူတို့နှစ်ယောက် အလွယ်တကူသဘောတူလိုက်သောကြောင့် ရှန်းထျန်ယိ တိတ်တဆိတ် သက်ပြင်းချနိုင်သွားသည်။ မည်သည့်အရာပင် ဖြစ်လာစေကာမူ စစ်သည်များအားလုံး ညဉ့်နက်သည်ထိ အသံတိတ်နေကြရမည်ဟု သူညွှန်ကြားလိုက်၏။ ရှန်းရှောင်ဖန်း ပေါ့ပေါ့ဆဆဖြင့် ပြောလိုက်သည်။
"ဒါပေါ့ လူတိုင်းလက်မှာ အကာအကွယ်တွေဝတ်ထားမှာပေါ့"
ကျိုးကျားရွာအတွင်းတွင် ကျိုးထောင်ဟွား ကောင်းကင်ကြီးတဖြည်းဖြည်း မှောင်မိုက်လာသည်ကို ကြည့်နေပြီး သူမစိတ်အခြေအနေမှာလည်း ကောင်းကင်ကြီးကဲ့သို့ပင် မည်းမှောင်နေလေသည်။ အမှောင်ထုသည် ထိုလူများကိုလှုပ်ရှားရန် ပိုမိုလွယ်ကူစေလိမ့်မည်။ ခူယားကောင်နတ်ဆိုးများ မြို့ရိုးများကိုကာကွယ်ပေးရန် ကပ်တွယ်နေကြသော်လည်း သူမ စိတ်မချနိုင်သေးပေ။ ရှန်းမင် ဧည့်ခန်း၏ လိုက်ကာကို ပိတ်လိုက်၏။
"ညဘက်ဆို လေတိုက်ပြီးအေးတယ်၊ ထောင်ဟွား တစ်ကယ်လို့ မင်းစိတ်ပူနေတယ်ဆိုရင် အထဲမှာပဲစောင့်နေပါ၊ ခူယားကောင်နတ်ဆိုးတွေက အပြင်ဘက်မှာ စောင့်ကြည့်ပေးနေတယ်လေ၊ အဲဒီစစ်သည်တွေ မြို့ရိုးပေါ်ကိုကျော်တက်ဖို့ကြိုးစားရင် သူတို့ကတားဆီးပေးပါလိမ့်မယ်"
ရှန်းမင်စကားကိုကြားပြီးနောက် ကျိုးထောင်ဟွား အနည်းငယ်တည်ငြိမ်သွားသကဲ့သို့ခံစားလိုက်ရသည်။ ထိုလူများ ပြဿနာတစ်ခုခုမရှာရမချင်း လက်လျှော့မည်မဟုတ်ကြောင်း သူမသိထား၏။ အချိန်အနည်းငယ် ကုန်ဆုံးသွားပြီး သန်းခေါင်ယံအချိန်တွင် ရုတ်တရက်စူးရှသောအော်သံတစ်သံမှာ တိတ်ဆိတ်နေသောည၌ပဲ့တင်ထပ်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ကျိုးကျားရွာ၏ အရပ်မျက်နှာအသီးသီးမှ အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာတော့၏။
"အား"
မြို့ရိုးပေါ်တွင်ရပ်နေသော ကင်းစောင့်များအားလုံးမှာလန့်ဖြန့်သွားကြပြီး ရှန်းရှောင်ဖန်းနှင့်သူ့လူများ ညဘက် တိုက်ခိုက်လာသည်ဟု ထင်လိုက်ကြသည်။ သူတို့မီးတုတ်များဖြင့် မြို့ရိုးပေါ်မှ အောက်သို့ငုံ့ကြည့်လိုက်သောအခါ အောက်ဘက်တည့်တည့်တွင် စစ်သည်အမြောက်အမြား မြို့ကိုအပြည့်အဝ ဝိုင်းရံထားသည်ကို မြင်တွေ့လိုက်ရ၏။ ကျိုးကျားရွာမှ ရွာသားများမှာ အရေအတွက် နည်းပါးလှသည်။ ယနေ့ညအတွက် ကင်းစောင့်အင်အားကိုနှစ်ဆတိုးထားသည့်တိုင် လူတစ်ရာထက်မပိုသေးပေ။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ကင်းစောင့်အဖွဲ့ရှိရွာသားများမှာ မသိစိတ်မှ ကြောက်ရွံ့မှုတစ်ခုကိုခံစားလိုက်ရ၏။
မီးတုတ်အလင်းရောင်များက အေးစက်သောညလေညင်းတွင် တောက်ပနေပြီး အောက်ဘက်ရှိလူများကို မြင်ရသောအခါ သူတို့အထဲမှတစ်ယောက်မျှ အပေါ်သို့ မတက်နိုင်ကြကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။ အချို့မှာ တုန်ယင်ကာ ငိုနေကြပြီး အချို့မှာ မြေကြီးပေါ်တွင်လှဲကာ လူးလှိမ့်၍ အော်ဟစ်နေကြ၏။ တစ်ယောက်မှအပေါ်သို့ မတက်နိုင်ကြချေ။ သူတို့အားလုံး လဲကျနေပြီး ထိန်းမထားနိုင်အောင်ငိုနေကြသည်။ ရှန်းထျန်ယိ ဤအရာအားလုံးကို အဝေးမှကြည့်ကာ မျက်မှောင်ကြုတ်လျက် တိုးတိုးကျိတ်ကျိန်ဆဲနေ၏။
‘ဒီလူတွေက စစ်သည်တွေဖြစ်ပြီးတော့ ဒီလောက်နာကျင်မှုကိုတောင် အောင့်အီးမခံနိုင်ကြဘူး’
ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့မှာ လုံးဝ အံ့သြတုန်လှုပ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အော်ဟစ်သံများမှာ အလွန်ပင်ကရုဏာသက်ဖွယ်ကောင်းလွန်းလှသောကြောင့်ပင်။ ညဘက်တွင် ထိုအသံများက ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေ၏။ ရှန်းရှောင်ဖန်း လူတစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး ဇဝေဇဝါဖြင့်ပြောလိုက်သည်။
"မင်း ခူယားကောင်အဆိပ်ဆူးနည်းနည်း စူးခံရတာကို ဒီလောက်တောင် အသံကျယ်ကျယ် အော်ဖို့လိုလို့လား"
ထိုစကားကိုကြားသောအခါ ထိုလူမှာ နေရာမှာတင် ကျိန်ဆဲချင်စိတ်များ ပေါက်သွားလေသည်။ အကယ်၍ သူသာ အသိစိတ် အနည်းငယ်ကျန်ရှိနေပြီး ရှန်းရှောင်ဖန်းကိုသာ မမှတ်မိပါက ပျစ်ပျစ်နှစ်နှစ်ဆဲဆိုပစ်လိုက်မည်ပင်။ ထိုလူမှယ ဒေါသကိုမြိုသိပ်၍ပြောလိုက်သည်။
"စစ်သူကြီး ကျိုးကျားရွာမြို့ရိုးပေါ်က ခူယားကောင်တွေက ကျွန်တော်အရင်ကကြုံဖူးတဲ့အကောင်တွေနဲ့ မတူဘူး၊ သူတို့က အရမ်းစပ်ဖျဉ်းဖျဉ်းဖြစ်စေရုံတင်မကဘူး၊ ကျွန်တော်တို့ဝတ်ထားတဲ့ အကာအကွယ်တွေကို ဖောက်ထွင်းနိုင်ပြီး သူတို့ဘာသာတက်တက်ကြွကြွနဲ့ကို လာတုပ်တာ၊ ကျွန်တော့်လည်ပင်းဆို အရမ်းနာနေပြီ”
ထိုလူများ၏ညည်းညူသံကြောင့် သူတို့ လူမိသွားပြီဖြစ်ကြောင်း ရှန်းရှောင်ဖန်း သိလိုက်သဖြင့် တုံ့ဆိုင်းမနေဘဲ မီးတိုင်ကို မီးညှိလိုက်သည်။ မီးရောင်အောက်တွင် ထိုလူ့လည်ပင်းမှာ အရေပြားအောက်၌ ငန်းဥတစ်လုံးအရွယ်ခန့် ချက်ချင်း ရောင်ရမ်းနေသည်ကို မြင်လိုက်ရ၏။
"!!!"
ရှန်းရှောင်ဖန်း၏မျက်လုံးများ အံ့သြထိတ်လန့်မှုကြောင့် ကျယ်လာသည်။ သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှ အစွမ်းထက်သော ခူယားကောင်အဆိပ်ဆူးကို တစ်ခါမှမမြင်ဖူးခဲ့ပေ။ ထို့နောက် သူမီးတိုင်ကိုအသုံးပြု၍ အခြားစစ်သည်များကိုပါ စစ်ဆေးကြည့်လိုက်သည်။ သူတို့အားလုံးသည် အခြေအနေတူများဖြစ်ကြပြီး ခူယားကောင်များ၏အဆိပ်ဆူးစူးခံရသည့် နေရာတိုင်းတွင် ခန္ဓာကိုယ်များမှာ နီရဲရောင်ရမ်းနေကာ အသေအလဲ နာကျင်မှုကြောင့် လူးလှိမ့်နေကြ၏။ သူတို့မှာ နာနာကျင်ကျင်အော်ဟစ်ရုံမှလွဲ၍ အခြားမည်သည်ကိုမှ မလုပ်နိုင်ကြတော့ပေ။
ရှန်းရှောင်ဖန်း ဒေါသတကြီးဖြင့် ရှေ့သို့ တက်သွားလိုက်သည်။ မြို့ရိုးပေါ်ရှိ ခူကောင်များကိုမီးရှို့ရန် ကြိုးစားသောအခါ ၎င်းတို့က သူ၏ရောက်ရှိနေမှုကိုအာရုံခံမိသကဲ့သို့ အပေါ်သို့ အပြေးအလွှားတက်သွားကြ၏။ ကံကောင်းထောက်မစွာဖြင့် သူသည် စစ်သည်တစ်ဝက်ကိုသာ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန် စေလွှတ်ခဲ့သဖြင့် တစ်ဝက်ခန့်သာ ဤသို့ဆင်းရဲဒုက္ခခံစားနေရခြင်းဖြစ်သည်။ ရှန်းထျန်ယိထံ ဒေါသတကြီးဖြင့် သူရင်ဆိုင်လိုက်ပြီး ရှင်းပြချက်ပေးရန် တောင်းဆိုလိုက်၏။
"ဆရာသခင်ရှန်း ကျေးဇူးပြုပြီး ကျွန်တော့်ကိုရှင်းပြစမ်းပါ၊ ဘာတွေဖြစ်သွားတာလဲ၊ ကျိုးကျားရွာက ဒီခူယားကောင်တွေက ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းနေရတာလဲ၊ အဲဒါတွေက ဘယ်လို ခူယားကောင်အမျိုးအစားတွေလဲ"
ရှန်းရှောင်ခိုင်လည်း ရှန်းထျန်ယိအပေါ် မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေ၏။ သူတို့သည် အခြားအရှင်သခင်များနှင့် အခြားခရိုင်များမှ တပ်များရောက်ရှိလာခြင်းကို ဟန့်တားရန်နှင့် ကျိုးကျားရွာတွင် တပ်စွဲရန် စစ်သည်ငါးထောင်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ယခု ဤအခြေအနေမှာ တပ်သားတစ်ဝက်ကို ဆုံးရှုံးလိုက်ရသည်နှင့် အတူတူပင်ဖြစ်သည်။ ရှန်းရှောင်ခိုင် ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး မေးလိုက်သည်။
"ဆရာသခင်ရှန်း မနေ့ကမြို့ရိုးပေါ်က ခူကောင်တွေဆူးရင် အော်သံမထွက်ဘဲ သည်းခံကြဖို့ လူတိုင်းကို ဆရာသခင်ပဲအမိန့်ပေးခိုင်းခဲ့တယ်နော်၊ အဲဒီအချိန်ကတည်းက ဆရာသခင်တစ်ခုခုကို သိနေခဲ့တာလား"
ရှန်းရှောင်ခိုင်၏သတိပေးမှုကြောင့် ရှန်းရှောင်ဖန်းလည်း မည်သည့်အရာများဖြစ်နေသည်ကို ချက်ချင်းသဘောပေါက်သွားသည်။ ရှန်းထျန်ယိသည် အရှင်သခင် အလေးစားဆုံးသော ချင်းဟယ်တာအိုကျောင်း၏ကျောင်းထိုင်ဆိုသည့် အချက်ကို လျစ်လျူရှုကာ ရှန်းရှောင်ဖန်း ထိုသူ၏ကော်လံကိုဆွဲကိုင်၍ မေးလိုက်သည်။
"မင်း တမင်သက်သက်လုပ်တာမလား၊ မင်း တကယ်ပဲ ငါ့ကိုဒုက္ခပေးဖို့ကြိုးစားခဲ့တာလား၊ ကျိုးကျားရွာ မြို့ရိုးပေါ်က ခူကောင်တွေ အန္တရာယ်ရှိတယ်ဆိုတာ သိသိရက်နဲ့ ငါ့ကို ဒုက္ခပေးဖို့ကြိုးစားခဲ့တာလား"
အကယ်၍ သူနှင့်ရှန်းရှောင်ခိုင်တို့သာ အရှင်သခင်ပေးအပ်သော တာဝန်ကိုမပြီးမြောက်နိုင်ခဲ့လျှင် သူတို့အပြစ်ပေးခံရမည်ဖြစ်ပြီး အသက်ပင်ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ဤအချိန်တွင် ရှန်းထျန်ယိ၏ဂုဏ်ပုဒ်ကို သူတို့လုံးဝဂရုမစိုက်နိုင်တော့ပေ။ ပတ်ဝန်းကျင်အရပ်မျက်နှာအသီးသီးမှ အော်ဟစ်သံများကို ကြားသောအခါ ရှန်းမင် ကျိုးထောင်ဟွားအား ချက်ချင်းပြောလိုက်သည်။
"ညီမထောင်ဟွား အခုရောစိတ်အေးသွားပြီလား၊ သူတို့ ညဘက်တိုက်ခိုက်ဖို့ တစ်ကယ်ပဲ ကြိုးစားခဲ့ကြတာပဲ၊ မြို့ရိုးပေါ်ကို ကျော်တက်ဖို့ ကြိုးစားကြပေမယ့် မြို့ရိုးပေါ်မှာ နတ်ဆိုးတွေအများကြီးရှိနေတော့ သူတို့လုံးဝမဝင်နိုင်ပါဘူး၊ လာ ကိုယ် အိပ်ရာဝင်ဖို့ကူညီပေးမယ်"
အချိန်လည်း တော်တော်နှောင်းနေပြီ ဖြစ်၏။ ထင်မှတ်မထားစွာပင် ကျိုးထောင်ဟွား ငြင်းဆန်လိုက်သည်။ အပြင်ဘက်တွင် အကြမ်းဖျင်းအားဖြင့် လူနှစ်ထောင်၊ သုံးထောင်ခန့် အော်ဟစ်နေကြသည်ကို သူမကြားနေရသောကြောင့် ရှန်းမင်ကို မေးလိုက်၏။
"အဲဒီလူတွေထဲမှာ ပြီးခဲ့တဲ့တစ်ခေါက်က ဒီထဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့လူကို အစ်ကိုမြင်ခဲ့တယ်လို့ပြောတယ်မလား၊ ကျွမ်ချွန်းချန်က အဲဒါသူ့ဆရာသခင် ရှန်းထျန်ယိတဲ့၊ တစ္ဆေတစ်ရာအနက်ရောင်အလံကို ဖန်တီးခဲ့တဲ့သူလေ၊ ဒီညမြို့ရိုးအပြင်ဘက်မှာ သာမန်လူတွေပဲ ရှိနေမယ်ဆိုရင် သိပ်မဆိုးပေမယ့် သူပါရှိနေတယ်ဆိုတော့ ညီမစိတ်မပူဘဲမနေနိုင်ဘူး"
ကျိုးထောင်ဟွား ချက်ချင်းပင် နတ်ဆိုးတစ်ကောင်ကိုဆင့်ခေါ်လိုက်ပြီး မြို့ရိုးအပြင်ဘက်သို့သွားကာ မြို့ရိုးပေါ်ရှိ နတ်ဆိုးများအားလုံးကို ရွာထဲသို့ပြန်လာရန်နှင့် ရှန်းထျန်ယိမှ ထိုလူနှစ်ထောင် သုံးထောင်ခန့်ကိုကုသပေးရန်အတွက် ၎င်းတို့ကို ဖမ်းဆီးလိမ့်မည်ဖြစ်ကြောင်း သွားရောက်သတိပေးခိုင်းလိုက်သည်။ မြို့ပြင်ဘက်တွင် ရှန်းထျန်ယိမှာ ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့အား ကြင်နာယဉ်ကျေးစွာဖြင့် ပြောလိုက်၏။
"စစ်သူကြီးတို့ တစ်ကယ်ကိုနားလည်မှုလွဲနေတာပါ၊ ကျွန်တော်က ကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် စစ်သူကြီးတို့လိုပဲ သာမန်မျက်စိနဲ့ပဲမြင်နိုင်တာပါ၊ အဲဒီခူယားကောင်တွေက သာမန်ခူယားကောင်တွေနဲ့ ဘာမှကွာခြားပုံမပေါ်ပါဘူး၊ ဒါပေမယ့် စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့ ခူယားကောင်ဆူးစူးခံရရင် ရောင်ရမ်းတာနဲ့ နာကျင်တာကို သက်သာစေဖို့ သူ့ကိုယ်တွင်းကအရည်ကို လိမ်းရမယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်"
ထိုစကားကိုကြားသောအခါ ရှန်းရှောင်ဖန်းမျက်လုံးများ အရောင်လက်သွားပြီး မြို့ရိုးထံသို့ ကပျာကယာပြေးသွားလိုက်သည်။
***