"ဟင်"
ရှန်းရှောင်ဖန်း သူ့စစ်သည်များအတွက် ရောင်ရမ်းခြင်းနှင့် နာကျင်မှုကို သက်သာစေနိုင်မလားဆိုသည်ကို စမ်းသပ်ရန် ဓားမကြီးကိုဆွဲထုတ်ကာ မြို့ရိုးသို့ပြေးသွားလိုက်၏။ ခူယားကောင်တစ်ကောင်ကို သူသတ်ရန်ပြင်လိုက်ချိန်တွင် မြို့ရိုးပေါ်၌ သပ်သပ်ရပ်ရပ်ကပ်တွယ်နေခဲ့သော ခူကောင်များသည် လေဆင်နှာမောင်းတစ်ခုပမာ ရုတ်တရက် အပေါ်သို့ လျင်မြန်စွာပြေးတက်သွားကြပြီး မြို့ရိုးထိပ်မှတစ်ဆင့် ပျောက်ကွယ်သွားကြသည်ကိုမြင်လိုက်ရရာ သူလုံးဝ အံ့အားသင့်သွားရလေသည်။
ထိုအကောင်များ ပျောက်ကွယ်သွားသည်ကိုမြင်သောအခါ ဘေးဘီဝဲယာသို့ သူလှည့်ပတ်ကြည့်ရှုလိုက်၏။ ခူယားကောင်များအားလုံး လုံးဝပျောက်ကွယ်သွားပြီး မြို့ရိုးတစ်ခုလုံးပေါ်တွင် တစ်ကောင်မျှပင်ကျန်မနေတော့ကြောင်း သူတွေ့ရှိလိုက်ရသည်။ ပတ်ဝန်းကျင်မှ သူ့စစ်သည်များ၏အော်ဟစ်ညည်းညူသံများကို ကြားရသောအခါ သူ့မျက်နှာမှာ ပြာနှမ်းသွားပြီး ညကောင်းကင်ယံထက်ပင် ပို၍မည်းမှောင်သွားလေတော့သည်။ ရှန်းထျန်ယိဘက်သို့ သူလှည့်ကာမအောင့်နိုင်တော့ဘဲ အပြစ်တင်လိုက်လေ၏။
"ဒီခူယားကောင်တွေရဲ့အရည်က လူတိုင်းရဲ့ဒဏ်ရာတွေကိုကုသဖို့ ကူညီပေးနိုင်တယ်ဆိုတာကို အစကတည်းကသိနေရက်နဲ့ ဘာလို့ စောစောကမပြောခဲ့တာလဲ"
ဤနေရာသို့ လာရာလမ်းတစ်လျှောက်လုံးတွင် ရှန်းရှောင်ဖန်းမှာ ရှန်းထျန်ယိကို အပြည့်အဝ ယုံကြည်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ရှန်းထျန်ယိကို ထိုခူယားကောင်များ၏အစာအဖြစ် ကျွေးပစ်လိုက်ချင်စိတ်များပင်ပေါက်နေမိသည်။ ရှန်းထျန်ယိ မြို့ရိုးအနီးသို့ ရောက်ရှိလာသောအခါ ကျိုးကျားရွာ၏ တရစပ်လုပ်ဆောင်ချက်များကြောင့် ဆွံ့အသွားရသည်။ ဤမျှများပြားပြီး ရက်စက်ကြမ်းကြုတ်သည့် အုပ်စုကြီးတစ်ခုမှာ စနစ်တကျစီစဉ်ကွပ်ကဲထားသည့် စစ်ဆင်ရေးတစ်ခုပမာ ရုတ်တရက် ဆုတ်ခွာသွားလိမ့်မည်ဟု သူမည်သည့်အချိန်ကမှ ထင်မထားခဲ့ပေ။ နေ့လည်ခင်း၌ မြို့ရိုးပေါ်တွင် သူမြင်ခဲ့ရသော အမျိုးသားနှင့် အမျိုးသမီးကိုချက်ချင်းသတိရသွားသည်။
‘သူတို့က ဒီကိစ္စတွေကိုကြိုးကိုင်နေတာလား’
ရှန်းထျန်ယိ ရှန်းရှောင်ဖန်း၏ဒေါသထွက်ကာစိတ်ပျက်နေသော မျက်နှာအမူအရာကို ကြည့်လိုက်၏။ မူလက သူတို့ကို အသုံးချရန် သူစီစဉ်ထားခဲ့သော်လည်း သူတို့ကြားရှိယုံကြည်မှုမှာ ဤမျှမြန်ဆန်စွာ ပြိုလဲသွားခဲ့လေပြီ။ လတ်တလောတွင် ရှန်းရှောင်ဖန်းနှင့် အခြားသူများမှာ အသုံးဝင်နေသေးသည်။ ထို့ပြင် သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ၏သိုင်းပညာစွမ်းရည်မှာမူ ဤစစ်သည်များကို ယှဉ်နိုင်မည်မဟုတ်ပေ။ ရှန်းရှောင်ဖန်းတွင် စစ်သည်အင်အားငါးထောင်ရှိနေသည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
"စစ်သူကြီးရှန်း ဒါကနားလည်မှုလွဲနေတာပါ၊ ကျွန်တော် ဒီကိုလာတာက အရှင်သခင်ရဲ့ အမိန့်တွေကို ပြီးမြောက်အောင် စစ်သူကြီးကို ကူညီပေးဖို့ပါ၊ စစ်သည်တွေ တစ်ခုခုဖြစ်သွားရင် ကျွန်တော်လည်း အရှင်သခင်ရဲ့အမိန့်တွေကို ပြီးမြောက်နိုင်မှာ မဟုတ်တော့ဘူးလေ၊ အဲဒါက ကျွန်တော့်အတွက် ဘာအကျိုးအမြတ်မှမရှိပါဘူး၊ ဘာလို့ ကျွန်တော့်ခြေထောက် ကျွန်တော်ပြန်ရိုက်ချိုးရမှာလဲ"
ရှန်းထျန်ယိ လေးနက်စွာချေပပြောဆိုလိုက်သည်။ အခြေအနေကို သုံးသပ်ကြည့်ပြီးနောက် ရှန်းရှောင်ဖန်းသည် ထိုသို့လုပ်ရန် ရှန်းထျန်ယိတွင် မည်သည့် ရည်ရွယ်ချက်မှမရှိနိုင်ကြောင်း သဘောပေါက်သွားသဖြင့် သူ့ဒေါသများ ချက်ချင်းပြေကျသွားရ၏။ ဒဏ်ရာရစစ်သည်များအားလုံးကို မြို့ပေါ်ရှိ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန်နှင့် အမြန်ဆုံးပြန်လည်သက်သာလာစေရန် သူအမိန့်ပေးလိုက်သည်။ ထိုညမှာပင် စစ်သည် ၂,၅၀၀ကျော်၏ ငိုယိုအော်ဟစ်သံများ ချင်းရွှေမြို့တစ်မြို့လုံးတွင် ပဲ့တင်ထပ်သွား၏။ သူတို့သည် တိတ်ဆိတ်နေသော ညဉ့်နက်ယံတွင် အသံကုန်ဟစ်ကာ မြို့ပေါ်ရှိဆေးခန်းတိုင်း၏တံခါးများကို လိုက်လံခေါက်ကြတော့သည်။
ထိုဆူညံပွက်လောရိုက်မှုမှာ အုပ်ချုပ်ရေးမှူးကိုပင် လန့်နိုးသွားစေခဲ့၏။ အုပ်ချူပ်ရေးမှူးလွီသည် လူဆိုးထိန်းမာနှင့် အခြားသူများကိုခေါ်ကာ အရိုအသေပေးရန် သွားရောက်ခဲ့ရသည်။ ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့သည် မြို့ထဲသို့ ကိုယ်တိုင်မလာခဲ့ကြသော်လည်း အခြားစစ်ဗိုလ်များပါလာခဲ့ကြ၏။ ထိုစစ်သည် ၂,၀၀၀ ကျော်ထဲမှ အများစုမှာ အုပ်ချုပ်ရေးမှူးလွီထက် ရာထူးပိုမြင့်ကြသူများ ဖြစ်သည်။ ထိုညက အဖြစ်အပျက်များသည် နောက်တစ်နေ့တွင် ချင်းရွှေမြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အနီးနားရှိ မြို့အတော်များများသို့ပင် ရောက်ရှိသွားခဲ့၏။ လုံအန်းခရိုင်မှ စစ်သည် ၂,၀၀၀ ကျော်သည် ထူးဆန်းသောရောဂါတစ်မျိုး ကူးစက်ခံထားရပြီး အားလုံးမှာနီရဲရောင်ရမ်းကာ အသေအလဲနာကျင်မှုကို ခံစားနေကြရ၏။ ဆေးခန်းအသီးသီးမှ သမားတော်များက စမ်းသပ်စစ်ဆေးပြီး ဆေးများပေးခဲ့သော်လည်း သူတို့သည် နာကျင်စွာ ဆက်လက်အော်ဟစ်နေကြဆဲပင်။ နှလုံးကွဲမတတ် အော်ဟစ်ညည်းညူသံများမှာ သူတို့အားလုံးထွက်ခွာသွားပြီးမှသာ ငြိမ်သက်သွားခဲ့သည်။ မကြာသေးမီက အရှင်သခင်အသီးသီးနှင့် ခရိုင်အသီးသီးမှ စစ်တပ်များ တိုက်ပွဲဖြစ်ပွားနေကြကြောင်းကို ပြည်သူများအားလုံး သိရှိထားကြပြီး မြို့အချို့တွင်ဒဏ်ရာရစစ်သည်များကိုလည်း တွေ့မြင်နေရ၏။
သို့သော် ယခုညကဲ့သို့ ထူးဆန်းသော ဒဏ်ရာမျိုးကိုမူ ယခင်ကတစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ဤသတင်းသည် ဖူအန်းခရိုင်သို့သာမက အခြားသောခရိုင်များနှင့် ပြည်နယ်များဆီသို့ပါ ပျံ့နှံ့သွားခဲ့လေပြီ။ နှစ်ရက်ကြာပြီးနောက် ကျိုးကျားရွာအပြင်ဘက်တွင် လုံအန်းမှ ရှန်းမိသားစု၏စစ်သည်များသာမက ကျင်းဖန်မှရှန်းကွမ်မိသားစု၏ စစ်သည်များပါ ရောက်ရှိလာခဲ့ပြီး သူတို့ကို ရှန်းကွမ်ဟောက်မှ ဦးဆောင်လာခဲ့သည်။ ရှန်းကွမ်ဟောက်မှာ စစ်သည်အင်အား ၁၀,၀၀၀ ကို ဦးဆောင်လာခဲ့ခြင်းပင်။ ရှန်းကွမ်မိသားစုသည် ကျိုးကျားရွာ၏ တည်နေရာကို ကြိုတင်စုံစမ်းထောက်လှမ်းထားပြီးဖြစ်သည်။
ဤနေရာမှာ ဝေးလံခေါင်ဖျားသောနေရာဖြစ်သောကြောင့် ဤမျှမထင်ရှားသော်လည်း ကောင်းမွန်လှသောရွာလေးကို အခြားသူများသတိထားမိမည်မဟုတ်ဟု သူတို့ထင်မှတ်ထားခဲ့ကြသည်။ ရှန်းမိသားစုမှာ ဤမျှမျက်စိရှင်ပြီး စစ်တပ်ကိုဦးစွာ ခေါ်လာလိမ့်မည်ဟု သူတို့မည်သည့်အချိန်ကမှ ထင်မထားခဲ့ပေ။ သို့သော် သူတို့အားလုံး ဒဏ်ရာရနေကြပုံပေါ်၏။ ရှန်းကွမ်ဟောက် စစ်သည် ၁၀,၀၀၀ ဖြင့် ရောက်ရှိလာသောအခါ ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့မှာ အထူးသတိထားနေရသည်။ သူတို့စစ်သည်အင်အားသည် နည်းပါးရုံသာမက တစ်ဝက်ခန့်မှာလည်း ဒဏ်ရာရနေကြပြီး မနက်မှညထိ တခဏမျှအနားမရဘဲ နာကျင်စွာအော်ဟစ်ညည်းညူနေကြရ၏။
"ဟမ့်"
ရှန်းကွမ်ဟောက် ရှန်းမိသားစု၏စစ်သည်များထံ လှောင်ပြုံးပြုံးလိုက်ပြီး သူတို့၏စစ်သူကြီးများကိုလည်း လုံးဝ အရေးမစိုက်ပေ။ သူ၏လှောင်ပြောင်ရယ်မောသံကြောင့် ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့၏မျက်နှာများမှာ ဟင်းအိုးကြီး၏ မည်းနေသောအောက်ခြေကဲ့သို့ ပြာနှမ်းမည်းမှောင်သွားကြသည်။ ရှန်းကွမ်ဟောက် သရော်လိုက်သည်။
"မင်းတို့က ဒီလောက်တောင် အရည်အချင်းမရှိရင်လည်း အပြင်ထွက်ပြီး အရှက်ကွဲမခံနဲ့လေ"
ရှန်းရှောင်ဖန်းမှာ ဒေါသထွက်လွန်းသဖြင့် နဖူးမှသွေးကြောများပင် ထောင်ထနေပြီး ဒေါသကိုမထိန်းနိုင်တော့ဘဲ ရှေ့သို့ပြေးထွက်ကာ ရန်တွေ့တော့မတတ်ဖြစ်သွားရ၏။ ကံကောင်းထောက်မစွာဖြင့် ရှန်းရှောင်ခိုင်မှ သူ့ကိုနောက်သို့ဆွဲထားလိုက်ပြီး အကြံပေးလိုက်သည်။
"သူတို့အင်အားက ငါတို့ထက်သာတယ်၊ ငါတို့ဆီမှာ လူ ၂,၅၀၀ပဲရှိတော့တာ၊ အဲဒီထဲက အများစုကလည်း ဒဏ်ရာရနေကြသေးတယ်၊ ငါတို့ ဘယ်လိုလုပ်နိုင်,နိုင်မှာလဲ၊ သူတို့လည်း ကျိုးကျားရွာလာတာဆိုတော့ သူတို့ရဲ့ပစ်မှတ်ကလည်း ငါတို့နဲ့ အတူတူပဲဖြစ်ရမယ်၊ ငါတို့ကျိုးကျားရွာဆီကနေ ဘာအကျိုးအမြတ်မှမရခဲ့ပေမယ့် သူတို့လည်းရချင်မှရမှာ၊ တချို့ဆို ငါတို့ထက်တောင် ပိုဆိုးသွားနိုင်သေးတယ်"
ရှန်းရှောင်ခိုင် စကားပြောနေစဉ် သူ့မျက်လုံးများထဲတွင် ကောက်ကျစ်သော အရောင်တစ်ချက် လက်သွားလေသည်။ ရှန်းရှောင်ဖန်း သူ့အဓိပ္ပာယ်ကိုချက်ချင်းနားလည်သွားပြီး ဒေါသများလည်း ချက်ချင်း ပြေပျောက်သွား၏။
‘အချိန်ကိုက်ပဲ။ နောက်ကျရင် ရှန်းကွမ်ဟောက်နဲ့ သူ့လူတွေ ဘယ်လိုအခြေအနေ ဆိုက်သွားမလဲဆိုတာကို သူလည်းကြည့်ချင်နေသေးတယ်။ ကြည့်ကြသေးတာပေါ့၊ အဲဒီအချိန်ကျရင် သူဆက်ရယ်နိုင်ဦးမလားဆိုတာ’
ကျိုးကျားရွာအတွင်းရှိရွာကင်းစောင့်များသည် အစောပိုင်းကတည်းမှ ရွာသို့ ဦးတည်လာနေသော လူအုပ်ကြီးတစ်စုကို သတိထားမိခဲ့ပြီး ရွာလူကြီး၊ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ထံသို့ ချက်ချင်း သတင်းသွားပို့ခဲ့ကြသည်။
‘အရင်ရက်အနည်းငယ်ကမှ လူငါးထောင် ရောက်လာခဲ့တာ။ အခု ပိုတောင်များတဲ့လူတွေ ထပ်ရောက်လာပြန်ပြီ’
ယခင်က လူငါးထောင်ကိုအောင်မြင်စွာ ခြောက်လှန့်နိုင်ခဲ့ပြီး ထပ်မံမကျူးကျော်ရဲစေရန် တားဆီးနိုင်ခဲ့သော်လည်း နောက်ထပ် စစ်သည်တစ်သောင်း ချဉ်းကပ်လာသည်ကို မြင်ရသောအခါ မြို့ရိုးပေါ်တွင်ရပ်နေကြသော ရွာသားများမှာ ပြုံတိုးချဉ်းကပ်လာသည့် လူအုပ်ကြီးကိုကြည့်၍ ကြောက်ရွံ့နေကြဆဲပင်။ ရှန်းကွမ်ဟောက်မှာ သူ့လူများကို ဦးဆောင်၍ အနီးသို့ရောက်လာသောအခါ ရွာလူကြီးမှာ သူတို့ကိုတစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။ ရှန်းကွမ်ဟောက်ကို သူလက်ညှိုးထိုးပြကာ ကျိုးထောင်ဟွားထံပြောလိုက်၏။
"ထောင်ဟွား အဲဒီလူကိုမျက်မှန်းတန်းမိနေသလိုပဲ၊ အရင်က တစ်နေရာရာမှာမြင်ဖူးသလို ခံစားရတယ်"
ရှန်းမင် ရှင်းပြလိုက်၏။
"အရင်တုန်းက အုပ်ချုပ်ရေးမှူးလွီ သူ့ကို ထောင်ဟွားဆီမှာ လက်မောင်းလာကုဖို့ အိမ်ကိုခေါ်လာခဲ့တာလေ၊ အဲဒီတုန်းက တခြားသမားတော်တစ်ယောက်က အသက်ရှင်ဖို့အတွက် သူ့လက်မောင်းကို ဖြတ်ပစ်ရမယ်လို့ ပြောထားခဲ့တာ၊ နောက်တော့ သူ့လက်မောင်းထဲမှာ သုံးပေလောက်ရှည်တဲ့ ကူပိုးကောင်တစ်ကောင်ရှိနေတာကို ထောင်ဟွား တွေ့သွားခဲ့တယ်၊ ထောင်ဟွားက အဲဒီကူပိုးကောင်ကို ဖယ်ရှားပေးလိုက်ပြီးတဲ့နောက် သူ့လက်မောင်းက ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တာ"
ရှန်းမင်၏ရှင်းပြချက်ကို ကြားပြီးနောက် ရွာလူကြီး ချက်ချင်းသတိရသွားလေသည်။ သူ ခေါင်းကိုဆက်တိုက်ညိတ်ကာ ဆို၏။
"ဟုတ်တယ် အဲဒီလူပဲ"
‘အဲဒီတုန်းက ထောင်ဟွားက ဆေးကုသခအဖြစ် တေးနှစ်ထောင်လိုချင်လို့ လက်နှစ်ချောင်း ထောင်ပြခဲ့တာကို သူက နှစ်သောင်းလိုချင်တယ်လို့ တိုက်ရိုက်ယူဆပြီး တေးနှစ်သောင်းကို ချက်ချင်းပေးသွားခဲ့တာ။ နောက်ပိုင်း ထောင်ဟွားက အဲဒီအထဲက တေးတစ်သောင်းကို မြို့ရိုးတည်ဆောက်ဖို့ ရွာကိုလှူဒါန်းခဲ့တာလေ’
ရွာလူကြီး စစ်သည်တစ်သောင်းပါဝင်သော စစ်တပ်ကြီး၏ ရှေ့ဆုံးမှမြင်းကြီးကိုစီးကာလာနေသော ရှန်ကွမ်ဟောက်ကို ကြည့်ပြီး ဒေါသတကြီးပြောလိုက်သည်။
"သူကရော အရှေ့ကလူတွေလိုပဲ ဒီနေ့လာတိုက်တာလား"
ထင်သည့်အတိုင်းပင် နောက်တစ်ခဏ၌ ရှန်းကွမ်ဟောက် ရွာတံခါးရှေ့မှ အော်ဟစ်လိုက်သံကိုကြားလိုက်ရသည်။
"ငါက ကျင်းဖန်ပြည်နယ်မြို့တော်က ရှန်းကွမ်ဟောက်ပဲ၊ မြို့တံခါးကို ချက်ချင်းဖွင့်ပြီး ငါတို့ကိုပေးဝင်စမ်း၊ မဟုတ်ရင် ငါတို့ မြို့ကိုတိုက်ခိုက်ရလိမ့်မယ်"
ထို့နောက် သူလက်ဟန်ပြလိုက်ရာ သူ့အနောက်ရှိ စစ်သည်များမှာ သူတို့၏လေးနှင့်မြှားများကို မြှောက်၍ ကျိုးကျားရွာထံသို့ ချိန်ရွယ်လိုက်ကြသည်။
***