"!!!"
ချက်ချင်းပင် ရွာတံတိုင်းပေါ်ရှိကျိုးကျားရွာရှိ ရွာသားများအားလုံး ခေါင်းငုံ့ကာ တံတိုင်းနောက်တွင် ပုန်းအောင်းလိုက်ကြသည်။ ဤတစ်ကြိမ်တွင် ရှန်ကွမ်းဟောက်မှာ ရှန်းရှောင်ဖန်တို့ထက် များစွာပိုရက်စက်ကြောင်း သိသာလှ၏။ ရှန်းမင်မှာ ကျိုးထောင်ဟွားကိုဖက်ထားရင်း တံတိုင်းနောက်တွင် ပုန်းအောင်းကာ သူမခေါင်းကို သူ့လက်များဖြင့်ကာကွယ်ပေးထားသည်။
တံတိုင်းအောက်မှလူများသာ မြားနှင့်ပစ်လိုက်ပါက သူတို့အားလုံးထိမှန်သွားနိုင်ပေသည်။ ရှန်းမင်သည် ရွာထဲတွင် တစ်ဦးတည်းသော မုဆိုးဖြစ်သော်လည်း ရှန်ကွမ်းဟောက်၏လူများသာ မြားနှင့်ပစ်ပါက သူတို့အသက်အန္တရာယ်ရှိနိုင်ကြောင်းသိထား၏။ ရွာလူကြီးမှာ ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သည်။
"အစကတည်းက ထောင်ဟွားကို သူ့ကိုမကယ်ဖို့ပြောခဲ့သင့်တယ်၊ သူ့လက်မောင်းသာ လွှနဲ့အဖြတ်ခံလိုက်ရရင် အခုလို စစ်သူကြီးဖြစ်လာပြီး ငါတို့ရွာကိုလာဝိုင်းဖို့ အခွင့်အရေးဘယ်ရတော့မလဲ၊ ငါတို့ရွာကို မြားတွေနဲ့တောင်လာခြိမ်းခြောက်နေသေးတယ်"
ထိုသို့ပြောလိုက်သော်လည်း အရာအားလုံးမှာ ဤအခြေအနေကိုရောက်နေပြီဖြစ်သည်။ ရွာလူကြီး အော်ပြောလိုက်၏။
"အားလုံး နောက်ဆုတ်ပြီး ရွာထဲမှာပြန်ပုန်းနေကြ၊ သူတို့မြားတွေ ဘယ်လောက်ပဲ အစွမ်းထက်ထက် ငါတို့ရွာလယ်ခေါင်အထိတော့မရောက်နိုင်ပါဘူး"
ရွာလူကြီး၏စကားမှာ ယုတ္တိရှိသဖြင့် အားလုံးတံတိုင်းပေါ်မှ အပြေးအလွှား ဆင်းသွားကြသည်။ ကျိုးထောင်ဟွားမှာ မည်သူ့ကိုမှနောက်ချန်မထားခဲ့ရန် ဆုံးဖြတ်ထားသဖြင့် ခံတပ်ဆီသို့ဦးတည်သွားလိုက်၏။ သို့သော် ရွာသားများ၏ လုံခြုံရေးအတွက် သူမမှာသူတို့ကို အရင် ဆင်းသွားခိုင်းရသည်။ ဖားနတ်ဆိုးများနှင့် ခူယားကောင်နတ်ဆိုးများကတော့ ခံတပ်ကို ဆက်ထိန်းထားရမည် ဖြစ်သည်။ သူတို့သည် နတ်ဆိုးများဖြစ်သော်လည်း သာမန်အသွေးအသားရှိသူများဖြစ်ရာ မြားမှန်ပါကဒဏ်ရာရနိုင်သေး၏။ ကျိုးထောင်ဟွား လင်းရှောင်ယွဲ့ကို လက်ယပ်ခေါ်လိုက်၏။
"သွား ရှေ့ဆုံးက လူတစ်ထောင်ကို တိုက်ခိုက်ချေ၊ သူတို့အားလုံးကို တစ်ပြိုင်နက်တည်း အမျိုးသမီးတွေ ဓမ္မတာလာတဲ့ကိုက်ခဲနာကျင်မှုမျိုး ခံစားရအောင်လုပ်လိုက်"
ထို့နောက် ဒူးရင်းသီးနတ်ဆိုးကိုလည်း လက်ယပ်ခေါ်လိုက်သည်။ မကြာမီမှာပင် ခံတပ်အောက်ရှိ ရှန်ကွမ်းဟောက် ဦးဆောင်သော ရှေ့တန်းမှစစ်သည်တစ်ထောင်သည် ဗိုက်များပြင်းထန်စွာထိုးအောင့်လာကြသည်။ သူတို့ခမျာနာကျင်လွန်းသဖြင့် လေးများကိုပင်မကိုင်နိုင်တော့ဘဲ မြင်းပေါ်မှလိမ့်ကျကုန်ကြ၏။ နောက်ကွယ်ရှိ စစ်သည်များမှာလည်း ထိတ်လန့်သွားကြသည်။ သူတို့အားလုံး ကျိုးကျားရွာသို့ မြားများချိန်ရွယ်ထားကြပြီး ခံတပ်တံတိုင်းပေါ်ရှိအရာအားလုံးကို ရှင်းလင်းစွာမြင်နေရသော်လည်း ရွာသားတစ်ယောက်မှပေါ်မလာသကဲ့သို့ လက်နက်တစ်ခုမှလည်း ပစ်မချခဲ့ပေ။
‘ဒါဆို ဘာလို့သူတို့အားလုံး ဒီလောက် နာကျင်နေရတာလဲ။ ကျိုးကျားရွာမှာ နတ်ဆိုးပညာတွေများ ရှိနေတာလား’
လက်ထောက်စစ်သူကြီးနှစ်ဦးမှာ လေးနှင့်မြားများကိုချက်ချင်းချ၍ ရှန်ကွမ်းဟောက်ကို ထူမပေးရန် ရှေ့သို့ပြေးသွားကြသည်။ သူ့မျက်နှာမှာ ပြာနှမ်းနေပြီး ဗိုက်ကိုဖက်ကာ နာနာကျင်ကျင်ညည်းတွားနေ၏။ သူတို့အားလုံးမှာ စစ်မြေပြင်တွင် သေမင်းနှင့်အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသူများဖြစ်ကြပြီး ဒဏ်ရာရ၍ သွေးထွက်နေချိန်မှာပင် စစ်သူကြီးရှန်ကွမ်း ဤမျှထိနာကျင်နေသည်ကို တစ်ခါမှမမြင်ဖူးခဲ့ကြပေ။
ထို့အပြင် စစ်သူကြီးရှန်ကွမ်းတစ်ယောက်တည်းသာမဟုတ်ဘဲ အခြား လူတစ်ထောင်မှာလည်း ထိုအခြေအနေအတိုင်း ဖြစ်နေကြသည်။ မဝေးလှသော နေရာတွင်တော့ ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့ ရှန်ကွမ်းဟောက် လဲကျသွားသည်ကိုမြင်သောအခါ အော်ဟစ်ရယ်မောလိုက်ကြသည်။
‘ဟမ့်၊ အခုတော့ သူမောက်မာနိုင်သေးရဲ့လား၊ ကျိုးကျားရွာရဲ့အစွမ်းကို သူသိသွားပြီမလား’
ထိုစဉ် သူတို့နှစ်ဦးအစောပိုင်းက ကျိုးကျားရွာသားများမှ သူတို့ကိုသက်ညှာပေးခဲ့သည်ဟုပင် ခံစားလိုက်ရသည်။ ရှန်ထျန်းယိပင်လျှင် ဤအဖြစ်ကိုမယုံနိုင်အောင် ဖြစ်နေသည်။ ရှန်ကွမ်းဟောက်နှင့် အခြားသူများ ပြင်းထန်စွာနာကျင်နေသော်လည်း မသေသေးသည်ကိုကြည့်၍ သူလုံးဝနားမလည်နိုင်ဖြစ်နေသည်။ ထိုလူတစ်ထောင်၏ကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာအရာကိုမှ သူမတွေ့ရပေ။
ရှန်ထျန်းယိ မြို့ရိုးတံတိုင်းဆီသို့ သိချင်စိတ်ဖြင့်ကြည့်လိုက်သည်။ ရှန်ကွမ်းဟောက်မှာ နာကျင်လွန်းသဖြင့် ချွေးပေါက်ကြီးများ ကျလာသည်။ သေမင်းမှာ သူ့အနီးသို့ရောက်နေပြီဟု သူ ခံစားလိုက်ရ၏။ လက်ထောက်စစ်သူကြီး နှစ်ဦးမှ သူ့ကိုထူမပေးသော်လည်း သူ လုံးဝမလှုပ်ရှားနိုင်ပေ။ မတ်တပ်ရပ်ရန်ပင်မဆိုထားနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေမှသာအနည်းငယ် ဗိုက်နာသက်သာလာ သကဲ့သို့ ခံစားရသည်။ ရှန်ကွမ်းဟောက်နှင့် လူတစ်ထောင် ရုတ်တရက် ဗိုက်နာသွားခြင်းကြောင့် ကျန်ရှိနေသော စစ်သည်ကိုးထောင်မှာလည်း ဖရိုဖရဲဖြစ်သွားကြသည်။ ထိုစဉ်မှာပင် မိလ္လာကျင်းထဲရောက်နေသကဲ့သို့ အလွန်တရာ ဆိုးရွားသောအနံ့ဆိုးကြီးတစ်ခု လေထုထဲ ပြန့်နှံ့လာ၏။ တစ်စုံတစ်ယောက်အော်လိုက်သည်။
"တောက်၊ ဘယ်ကောင် ဘောင်းဘီထဲ ချီးပါချလိုက်တာလဲ၊ ရှေ့ထွက်ခဲ့စမ်း"
"အော့"
အချို့မှာ မခံမရပ်နိုင်တော့ဘဲပျို့အန်ကုန်ကြသည်။ ထိုအနံ့ဆိုးကြီးမှာ အလွန် ပြင်းထန်လှသဖြင့် သူတို့လေးနှင့်မြားများကိုပင် မကိုင်နိုင်တော့ပေ။ လက်ထောက်စစ်သူကြီးနှစ်ဦး ဦးဆောင်ကာ ရှန်ကွမ်းဟောက်ကို အနောက်သို့သယ်ဆောင်သွားကြသည်။ ရှန်းရှောင်ဖန်းတို့မှာလည်း အနံ့ဆိုးကြောင့် နောက်ဆုတ်သွားကြသည်။
ရှန်ကွမ်းဟောက်တို့အဖွဲ့၏သနားစရာ အခြေအနေကိုမြင်ပြီး မနေ့က ကျိုးကျားရွာ၏လက်စွမ်းကို မျက်မြင်ကိုယ်တွေ့ ကြုံထားသဖြင့် ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့လည်း အနားမကပ်ရဲကြပေ။ မနေ့က သမားတော်၏ဆေးကို သောက်ခဲ့သော ညီအစ်ကိုနှစ်ထောင့်ငါးရာမှာ ယခုတိုင်ရောင်ရမ်းပြီး ပြင်းထန်စွာနာကျင်နေရဆဲပင်။ ခူယားကောင်နတ်ဆိုးများ၏ အရည်များမှပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု တာအိုဆရာရှန်မှ ရှင်းရှင်းလင်းလင်းပြောခဲ့သော်လည်း မနေ့ညကတည်းမှ ကျိုးကျားရွာရှိ ခူယားကောင်များမှာ နတ်ဆိုးများအဖြစ် ပြောင်းလဲသွားပြီး အောက်သို့မဆင်းလာတော့ဘဲ အရိပ်အယောင်ပင်မတွေ့ရတော့ပေ။
ယခုအချိန်တွင် ရှန်းမိသားစုနှင့် ရှန်ကွမ်းမိသားစု၏စစ်သည်များမှာ တအီးအီး တအားအားဖြင့် ညည်းတွားငိုကြွေးသံများ ရောယှက်နေတော့သည်။ ရှန်ကွမ်းဟောက် ပြင်းထန်သောနာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း အမိန့်ပေးလိုက်၏။
"သွား သမားတော်ကို အခုချက်ချင်းသွားခေါ်ချေ"
သူ့လက်ထောက်မှာ ချက်ချင်းမြင်းစီးကာ မြို့ထဲသို့သွားပြီး သမားတော်တစ်ဦးကို ခေါ်လာခဲ့သည်။ သို့သော် သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် သမားတော်၏မျက်လုံးများမှာ မရေမရာဖြစ်နေကာ အချိန်အတော်ကြာသည်ထိ စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ လက်ထောက်စစ်သူကြီး စိတ်မရှည်ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"အချိန်ဆွဲမနေနဲ့၊ ငါ့စစ်သူကြီး ဘာဖြစ်တာလဲ၊ ဘာလို့ဒီလောက်တောင် ဗိုက်နာနေရတာလဲ"
နဂိုကတည်းမှ ကြောက်လန့်နေသော သမားတော်မှာ ထိုသို့အော်လိုက်သဖြင့် ပိုကြောက်သွားပြီး မျက်လုံးပြူးလေးဖြင့် တံတွေးများကိုသာ အခါခါမျိုချနေတော့သည်။ လက်ထောက်စစ်သူကြီး ဓားဆွဲထုတ်ပြီးသာမခြိမ်းခြောက်ဘူးဆိုလျှင် ထိုသမားတော် မည်မျှကြာအောင် အချိန်ဆွဲနေမည်ကို မသိနိုင်ပေ။ သူ့အသက် ဆုံးရှုံးရတော့မည်ကိုမြင်သောအခါ သမားတော်မှနောက်ဆုံးတွင် ဖွင့်ပြောလိုက်သည်။
"အမျိုးသမီးတွေ ဓမ္မတာလာတဲ့ ကိုက်ခဲနာကျင်မှုမျိုးဖြစ်နေတာပါ"
လက်ထောက်စစ်သူကြီးနှစ်ဦးစလုံးမှာ လုံးဝဆွံ့အသွားပြီး သူတို့ ခုနက ကြားလိုက်ရသည်ကိုပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ"
သမားတော် ချက်ချင်းဒူးထောက်ချလိုက်ပြီး ဆိုသည်။
"ကျွန်တော် လုံးဝလျှောက်မပြောပါဘူး၊ ကျွန်တော် အသက်ရှစ်နှစ်ကတည်းက ဆေးပညာကို သင်ယူခဲ့ပြီး အခုဆို ဆေးကုသက် အနှစ်လေးဆယ်ရှိပါပြီ၊ အမျိုးသမီးရောဂါတွေက အဖြစ်အများဆုံးမို့ ဓမ္မတာလာတဲ့ ကိုက်ခဲမှုကို ကျွန်တော် ဘယ်တော့မှမမှားနိုင်ပါဘူး"
"ဒါပေမဲ့ စစ်သူကြီးက ယောက်ျားလေးကွ၊ ယောက်ျားတစ်ယောက်ဟုတ်မဟုတ် မသိရအောင် မင်းကန်းနေလား"
လက်ထောက်စစ်သူကြီးမှာ ဒေါသထွက်လွန်းသဖြင့် ဓားဆွဲထုတ်ကာ သမားတော်ကို ခုတ်ပိုင်းပစ်ရန်ပြင်လိုက်သည်။ သို့သော် အဘယ်ကြောင့်မှန်းမသိ သမားတော်၏ စကားကိုကြားပြီးနောက် သူ့ဇနီးသည် ဓမ္မတာလာစဉ်ကိုက်ခဲနာကျင်နေသည့်မြင်ကွင်းကို ရုတ်တရက် သတိရလိုက်ရာ စစ်သူကြီးရှန်ကွမ်းနှင့် တစ်ပုံစံတည်းဖြစ်နေသည်ကို သတိထားမိလိုက်သည်။
လက်ထောက်စစ်သူကြီးမှာ တစ်ခဏမျှ မည်သို့ဆက်လုပ်ရမှန်း မသိဖြစ်သွားသည်။ သူ မျက်မှောင်ကြုတ်ကာ မျက်နှာရှုံ့မဲ့သွားပြီး အနည်းငယ်ဆွံ့အသွားရ၏။ ညာလက်ရုံးလက်ထောက်စစ်သူကြီးကိုကြည့်လိုက်သောအခါ သူ့အမူအရာမှာလည်း မိမိနှင့်အတူတူပင် ဖြစ်နေသည်။
‘ဒါ ယောက်ျားတစ်ယောက်က ဘယ်လိုလုပ် ဓမ္မတာလာတဲ့ကိုက်ခဲမှုမျိုး ခံစားရမှာလဲ’
ထို့အပြင် စစ်သူကြီးတစ်ယောက်တည်းသာမဟုတ်ဘဲ အခြားသူများလည်း အတူတူပင် ဖြစ်နေကြသည်။
‘သူတို့အားလုံး ဓမ္မတာလာတဲ့ ကိုက်ခဲနာကျင်မှုမျိုး ခံစားနေရတာလား’
ရှန်းမိသားစု၏တပ်ဖွဲ့ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာသော ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့မှာ ရယ်မောလိုက်ကြသည်။ မြေပြင်ပေါ်တွင် ပြင်းထန်စွာ နာကျင်နေသော ရှန်ကွမ်းဟောက်ထံလက်ညှိုးထိုးကာ လှောင်ပြောင်လိုက်ကြသည်။
"တကယ် ရယ်ရတာပဲ၊ မင်းက မိန်းမတစ်ယောက်လို ဓမ္မတာလာတဲ့ ကိုက်ခဲနာကျင်မှုမျိုး ခံစားရလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးဖူးဘူး ဟားဟားဟား"
ရှန်ကွမ်းဟောက် အံတင်းတင်းကြိတ်ကာ သူတို့နှစ်ဦးကို ဓားဖြင့်ခုတ်သတ်ပစ်ချင်စိတ် ပေါက်သွားရသည်။ သို့သော် သူ နာကျင်လွန်းသဖြင့် မလှုပ်ရှားနိုင်ပေ။ သူ့လက်ထောက်နှစ်ဦးမှာ သူ့အမူအရာကို သတိထားမိပြီး ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့ကို ချက်ချင်းသတိပေးလိုက်သည်။
"စစ်သူကြီးတို့ တိုက်ပွဲဖြစ်ချင်နေတာလား၊ အခုချိန်ထိတောင် ကျွန်တော်တို့ဆီမှာ အထိအခိုက်မရှိတဲ့ စစ်သည်ကိုးထောင်ကျန်ပါသေးတယ်၊ ခင်ဗျားတို့ဆီမှာ လူနှစ်ထောင်ငါးရာပဲ ရှိတာလေ၊ မနေ့ညက ခင်ဗျားတို့ရဲ့ခြုံခိုတိုက်ခိုက်မှု ကျရှုံးသွားပြီး အားလုံးအနာတရဖြစ်ပြီး နာကျင်နေကြတယ်လို့ကြားတယ်၊ ခင်ဗျားတို့လူတစ်ဝက်လောက် ဒဏ်ရာရသွားတယ်မလား"
***