"မင်းတို့ သမားတော်ပြပြီး ဆေးသောက်ထားတယ်လို့လည်း ငါ ကြားတယ်၊ ဘယ်လိုဖြစ်လို့ တစ်ရက်လုံးကုန်သွားတာတောင် မသက်သာသေးတာလဲ"
ဘယ်လက်ရုံးလက်ထောက်စစ်သူကြီး၏ လှောင်ပြောင်မှုကြောင့် ရှန်းရှောင်ဖန်းနှင့် သူ့အဖော်တို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားလေသည်။ သူတို့ကို ဆေးပေးခဲ့သော သမားတော်မှာ ယခု ရှန်ကွမ်းဟောက်ကို ကုသပေးနေသောသမားတော်ပင် ဖြစ်သည်။ ရှန်းရှောင်ဖန်း လှောင်ပြုံးပြုံးကာပြောလိုက်၏။
"ဆေးသောက်ပြီးလို့ မင်းတို့လူတွေ သက်သာမလားဆိုတာကတော့ နောက်တစ်ပိုင်းပဲ"
ထိုသို့ပြောပြီးနောက် ရှန်းရှောင်ဖန်းနှင့် သူ့အဖော်တို့ ရှန်ကွမ်မိသားစုတပ်ဖွဲ့ထဲမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့ ပြန်ရောက်သောအခါ ရှန်ထျန်းယိအား တတွတ်တွတ် ပြောကြသည်။
"ဆရာကြီးရှန် ကျိုးကျားရွာက တစ်ခုခုတော့ ထူးဆန်းနေတယ်လို့ ကျွန်တော် ခံစားရတယ်၊ ယုတ္တိကျကျပြောရရင် ခူယားကောင်ကိုက်ခံရရုံနဲ့ ဒီလောက်ကြီး ရောင်ရမ်းပြီးမနာကျင်သင့်ဘူးလေ၊ ဒါပေမဲ့ ဆရာကြီးမြင်တဲ့အတိုင်းပဲ စစ်သည်တွေအားလုံး အဲဒီလို ဖြစ်ကုန်ကြတာ၊ ပြီးတော့ မနေ့ညက အဲဒီခူယားကောင်တွေ အချိတ်အဆက်မိမိတွားသွားနေကြတာ ကျွန်တော်မြင်လိုက်တယ်၊ ကျွန်တော်တို့ လုံအန်းမြို့က စစ်သည်တွေထက်တောင် ပိုပြီးလေ့ကျင့်မှုကောင်းနေသေးတယ်၊ သူတို့တွေ နတ်ဆိုးဖြစ်သွားကြပြီလို့ ဆရာကြီးထင်လား"
ရှန်ထျန်းယိ မည်သည်ကိုမှမပြောဘဲ တံတိုင်းကြီးထံသို့သာ စိုက်ကြည့်နေသည်။ ကျိုးကျားရွာ၏ အပြောင်းအလဲများမှာ ကြီးမားလွန်းလှပြီး ထိုနေရာတွင် ကျွမ်းကျင်သူနှစ်ဦးလည်း ရှိနေ၏။ သို့သော် ထိုသူနှစ်ဦးထံမှ ထွက်ပေါ်နေသော ကုသိုလ်ကံရွှေရောင်အလင်းတန်းများမှာ သူ့အတွက်တော့ အလွန်ဆွဲဆောင်မှုရှိလှသည်။ အကယ်၍ ထိုရွှေရောင်အလင်းတန်းများကိုသာ သူ စုပ်ယူနိုင်ခဲ့လျှင် နောက်ထပ်နှစ်တစ်ရာလောက် သူအသက်ရှင်နိုင်မည်ဖြစ်ပြီး သူ့ကျင့်စဉ်မှာလည်း များစွာတိုးတက်လာမည်ဖြစ်သည်။ ရှန်းရှောင်ဖန်း စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။
"ဆရာကြီးရှန် တစ်ခုခု ပြောပါဦး"
ထိုအခါမှသာ ရှန်ထျန်းယိဖွင့်ပြောလိုက်သည်။
"နတ်ဆိုးဖြစ်သွားတာပဲ၊ အခုချိန်မှာ ရှန်ကွမ်းဟောက်တို့ ဓမ္မတာလာတဲ့ကိုက်ခဲနာကျင်မှုမျိုး ခံစားနေရတာကလည်း နတ်ဆိုးကြောင့်ပဲ"
"!!!"
ရှန်းရှောင်ဖန်းနှင့် အခြားသူများမှာ ထိတ်လန့်သွားကြသည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ကျိုးကျားရွာကို တိုက်ခိုက်၍မရသလို ခြုံခိုတိုက်ခိုက်၍လည်းမရဘဲ ခြိမ်းခြောက်ရန်မှာတော့ ဝေးလာဝေးပင်။ နောက်ပိုင်းတွင် ရှန်ကွမ်းဟောက်နှင့် သူ့စစ်သည်များ သမားတော်ပေးသော ဆေးကိုသောက်ခဲ့ကြသော်လည်း သူတို့၏ဗိုက်များမှာ ပြင်းထန်စွာ နာကျင်နေဆဲပင်။ သူတို့အားလုံးမှာ သန်မာပြီး လေ့ကျင့်မှုကောင်းသောစစ်သည်များ ဖြစ်ကြသော်လည်း ဓမ္မတာလာသည့်ကိုက်ခဲနာကျင်မှုကိုမူ မခံမရပ်နိုင်ဖြစ်ကာ အချို့မှာ သတိလစ်မေ့မြောသွားကြသည်။
သို့သော် သတိလစ်သွားလျှင်ပင် ဗိုက်ထဲမှ စူးအောင့်နာကျင်မှုမှာ ရှိနေဆဲဖြစ်ရာ သေမတတ် ခံစားနေကြရသည်။ ကျိုးကျားရွာနှင့် ငါးမိုင်အကွာတွင် လူတစ်စုမှာ ငိုကြွေးသူများမှ ငိုကြွေးနေကြသလို နာကျင်စွာညည်းတွားနေကြသူများလည်းရှိနေ၏။ ဤမြင်ကွင်းမှာ ချင်းရွှေမြို့တစ်မြို့လုံးသို့ ချက်ချင်းသတင်းပျံ့သွားပြီး ချင်းလန်မြို့နှင့် ကျင်းဖျင်မြို့မှ မြို့စားများပင် သိသွားကြသည်။ သူတို့မှာ ရှန်ကွမ်းမိသားစုနှင့် ရှန်းမိသားစုကို အသုံးမကျသူများအဖြစ် လှောင်ပြောင်ကြပြီး အလဟဿ အချည်းနှီးကောင်များဟု ပေါ်တင်တစ်မျိုး ကွယ်ရာတစ်မျိုးဆဲရေးကြသည်။
ရှန်းရှောင်ဖန်းနှင့် ရှန်ကွမ်ဟောက်တို့ အရင်ရက်ပိုင်းအတွင်း အခြားမြို့စားများထံမှ အပြစ်တင်စာများရေတွက်မရနိုင်အောင် လက်ခံရရှိခဲ့သည်။ ရှန်းရှောင်ဖန်းမှာ မည်သည်ကိုလုပ်ရမှန်းမသိဖြစ်နေပြီး ရှန်ကွမ်းဟောက်မှာမူ သေမတတ်နာကျင်မှုကို ခံစားနေရသည်။ ထိုနေ့တွင် စုတ်ပြတ်နေသောအဝတ်အစားများ ဝတ်ဆင်ထားသည့် သားအဖနှစ်ဦး ကျိုးကျားရွာဆီသို့ လမ်းလျှောက်လာကြသည်။ ရွာပြင်တွင် တပ်စွဲထားသော စစ်သည်အများအပြားကို ဖြတ်ကျော်လာရသောအခါ ကျိုးရှန်းဟူနှင့် ကျိုးယွဲ့ဖေးတို့ကြောက်ရွံ့နေကြ၏။ သို့သော် သူတို့ ရွာမှထွက်ခွာလာခဲ့သည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။ အပြင်ဘက်တွင် စစ်ပွဲများဖြစ်နေပြီး ဒုက္ခသည်များစွာရှိကာ လူတိုင်းသည် အိမ်နှင့်ဝေးကွာနေကြရ၏။
အချို့လူများသည် ယနေ့တွေ့သော်လည်း မနက်ဖြန်တွင် လမ်းခွဲသွားကြမည်ဖြစ်သည်။ ထိုသူများအထဲတွင် အချို့မှာ ဒုက္ခသည်အစစ်များမဟုတ်ဘဲ ခါးပိုက်နှိုက် သူခိုးလေးများဖြစ်ကြသည်။ ကျိုးရှန်းဟူ ရွာမှထွက်လာပြီး သုံးလအကြာတွင် သူ့အိမ်နှင့်ဆေးပင်စိုက်ခင်းများ ရောင်းရထားသောငွေများကို အခိုးခံလိုက်ရ၏။ သို့သော် ထိုအချိန်က သူ့တွင်နွားလှည်းတစ်စီးကျန်ရှိနေသေးသဖြင့် ၎င်းကိုရောင်းချလိုက်ပြီး ထိုတေးငါးဆယ်ကျော်ဖြင့် ဘဝကို ပြန်လည်ထူထောင်နိုင်မည်ဟု သူထင်ခဲ့သည်။
သို့သော်လည်း ရွာတစ်ရွာတွင် အိမ်တစ်လုံးနှင့် မြေတစ်ကွက်ဝယ်ကာ အခြေချရန်စဉ်းစားနေဆဲမှာပင် လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးနှင့် သူတွေ့ဆုံခဲ့သည်။ ထိုသို့မိန်းမလှလေးကို မြင်သောအခါ သူလုံးဝသွေးဆောင်ခံလိုက်ရ၏။ တင်တောင်းငွေမှာတေးငါးပြားသာဖြစ်သဖြင့် တင်တောင်းငွေ ပေးပြီးသည့်တိုင် ဘဝကိုကောင်းကောင်း နေနိုင်ဦးမည်ဟု သူထင်ခဲ့သည်။ သို့သော် သူ မည်သို့ပင် တွက်ချက်ထားပါစေ ထိုအမျိုးသမီးမှာလည်း လိမ်လည်သူတစ်ဦး ဖြစ်နေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူ ငွေသိမ်းထားသည့်နေရာကို သိသွားပြီးနောက် သူမသည် ငွေများအားလုံးကို ခိုးယူသွားကာ သူ့အတွက်တေးအနည်းငယ်မျှပင်မချန်ထားခဲ့ချေ။ ကျိုးရှန်းဟူ၏ဘဝမှာ ပိုမိုခက်ခဲလာတော့သည်။ ထို့ပြင် လယ်ထဲမှဂျုံများကိုလည်း ယခုမှစိုက်ပျိုးထားကာ လာမည့် နွေဦးပေါက်မှသာ ရိတ်သိမ်းရမည်ဖြစ်သည်။
‘ဒီအတောအတွင်း သူနှင့်သူ့သား ဘယ်လို အသက်ရှင်ကြမလဲ။ ထို့ပြင် ဂျုံတစ်ဧကကို ဘယ်လောက်နှင့်ရောင်းနိုင်ပါမည်နည်း။ ကျိုးကျားရွာမှ ဆေးပင်ရောင်းရငွေနှင့် ဘယ်လိုမှယှဉ်နိုင်မည်မဟုတ်ပေ’
ကျိုးရှန်းဟူ ကျိုးကျားရွာသို့ပြန်ရန် စဉ်းစားခဲ့ဖူးသော်လည်း ကျိုးထောင်ဟွား၏ဟောကိန်းကို သူစိုးရိမ်နေခဲ့သည်။
‘တကယ်လို့ ကျိုးကျားရွာက ခြောက်လအတွင်း သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် လူလုပ်ဘေးအန္တရာယ်တွေ ကျရောက်ပြီး အမြစ်ပြတ်သွားရင် ဘယ်လိုလုပ်မလဲ’
သို့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် အခြားလူများထံမှ ကျိုးကျားရွာနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းများကို သူ ကြားလိုက်ရသည်။
"ချင်းရွှေမြို့ရဲ့ အောက်ဘက်မှာ တောင်တွေ ဝန်းရံထားတဲ့ ရွာတစ်ရွာရှိတယ်၊ ခုနစ်မီတာ ရှစ်မီတာလောက်မြင့်တဲ့ တံတိုင်းကြီးနဲ့ ဝိုင်းထားပြီး အမြင့်ဆုံးနေရာက ဆယ်မီတာတောင် ရှိတယ်၊ မကြာသေးခင်က စစ်တပ်နှစ်ခု အဲဒီရွာကို ဝင်ပြီးတပ်စွဲဖို့ ကြိုးစားပေမဲ့ ဘယ်တပ်မှ ဝင်လို့မရခဲ့ဘူး၊ အပြင်လူ မပြောနဲ့ ယင်ကောင်တစ်ကောင်တောင် ဝင်လို့မရဘူးတဲ့၊ စစ်တပ်နှစ်ခုလုံး အတော်လေး အထိနာသွားတယ်လို့ ကောလာဟလတွေ ထွက်နေတယ်"
ပတ်ဝန်းကျင်မှ စကားများကိုကြားသောအခါ သားဖြစ်သူ ကျိုးယွဲ့ဖေးစိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာပြောလိုက်သည်။
"အဲဒါ ကျိုးကျားရွာပဲ၊ ကျိုးကျားရွာရှိနေသေးတယ်၊ ကျိုးကျားရွာ အခြေအနေ ကောင်းနေတုန်းပဲ၊ အဖေ ကျွန်တော်တို့ ပြန်သွားရအောင်၊ ကျွန်တော်တို့ရဲ့အုတ်အိမ်လေးကို ပြန်သွားကြမယ်၊ ဆေးပင်တွေခူးပြီး ငွေအများကြီးရှာမယ်၊ ပြီးတော့ အမေကလည်း ကျွန်တော်တို့အတွက် အဝတ်လျှော်ထမင်းချက်ပေးဦးမှာပဲ"
ကျိုးယွဲ့ဖေး ရန်ချွန်းမေနှင့်နေခဲ့ရသော နေ့ရက်များကို လွမ်းဆွတ်နေခဲ့သည်။ ယခင်က ကျိုးကျားရွာမှာဆိုလျှင် သူ့မိခင်မှ အမြဲတမ်းသူ့အတွက် အဝတ်လျှော် ထမင်းချက်ပေးခဲ့သည်။ သူ့ဖခင် နောက်အိမ်ထောင်ပြုပြီး မိထွေးဖြစ်သူက အချိန်အတိုင်းအတာတစ်ခုထိ အဝတ်လျှော် ထမင်းချက်ပေးခဲ့သော်လည်း သူမ၏ဟင်းချက်လက်ရာမှာ သူ့မိခင်လောက် လုံးဝမကောင်းခဲ့ပေ။ မိထွေး ထွက်ပြေးသွားပြီးနောက် သူသည် ဖခင်ချက်သည့်ထမင်းကိုသာ စားခဲ့ရသည်။ အရသာမှာ လုံးဝမကောင်းသကဲ့သို့ ပါဝင်ပစ္စည်းများမှာလည်း အလွန်ကြမ်းတမ်းလှသည်။ ကျိုးကျားရွာ စည်ပင်ဝပြောလာကတည်းမှ ပြောင်းဆန်ပြုတ်ကိုသူမစားခဲ့ရတော့ပေ။ ယခုအပြင်ဘက်တွင် ဖခင်နှင့်အတူ နေထိုင်ရသောအခါမှ ယင်းကိုပြန်စားနေရပြန်ပြီဖြစ်သည်။
တိုင်ပင်ဆွေးနွေးပြီးနောက် သားအဖနှစ်ဦး အထုပ်အပိုးများ ပြင်ဆင်ကာ ကျိုးကျားရွာသို့ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ မူလက ကျိုးကျားရွာမှ ထွက်ခွာသွားခြင်းသည် သူတို့လုံခြုံရေးကို သေချာစေမည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ကျိုးကျားရွာကသာ အလုံခြုံဆုံးနေရာ ဖြစ်နေခဲ့သည်။ အနည်းဆုံးတော့ ကျိုးကျားရွာမှာဆိုလျှင် သူတို့ ဓားပြတိုက်ခံရခြင်းနှင့် လိမ်လည်ခံရခြင်းများဖြစ်မည် မဟုတ်ပေ။ သားအဖနှစ်ဦး ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ပြီးနောက် နောက်ဆုံးတွင် ကျိုးကျားရွာသို့ ရောက်ရှိလာကြသည်။ ကျိုးယွဲ့ဖေး ကျိုးကျားရွာ၏မြင့်မားပြီးခမ်းနားလှသော တံတိုင်းကြီးများကို မော့ကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်မိ၏။
"အရမ်းမြင့်ပြီး အရမ်းခမ်းနားတာပဲ"
‘သူ ထွက်သွားတုန်းက ရွာမှာ ဒီအရာတွေမှမရှိခဲ့တာ၊ ဒါကြောင့်လည်း စစ်သည်တွေ ရွာထဲဝင်လို့မရတာ မဆန်းပါဘူးလေ’
ဤမျှခိုင်ခံ့သော ရွာကြီးကိုမြင်လိုက်ရသောအခါ ကျိုးရှန်းဟူမှာ များစွာစိတ်အေးသွားရသည်။ သူစိတ်လှုပ်ရှားစွာဖြင့် တံခါးကိုခေါက်ပြီး ဝမ်းသာအားရအော်ပြောလိုက်၏။
"တံခါးမြန်မြန်ဖွင့်ပေးကြပါ၊ ငါပါကွ ကျိုးရှန်းဟူလေ၊ ယွဲ့ဖေးနဲ့ ငါပြန်လာပြီ"
"အမေရေ အဖေနဲ့ကျွန်တော် ပြန်လာပြီ"
ကျိုးယွဲ့ဖေးလည်း ကျိုးရှန်းဟူနှင့်အတူ လိုက်အော်လိုက်သည်။
"အမေ အမေ့ကိုအရမ်းလွမ်းတာပဲ၊ အဖေနဲ့ ကျွန်တော်အပြင်မှာ အရမ်းဒုက္ခရောက်ခဲ့တယ်၊ ကျွန်တော့်ခြေထောက်တွေလည်း အရမ်းနာနေပြီ၊ အေးလည်းအရမ်းအေးတယ်၊ အိပ်လည်း အရမ်းအိပ်ချင်နေပြီ"
ကျိုးယွဲ့ဖေးငိုသံကြီးဖြင့် ပြောလိုက်သည်။ ကျိုးယွဲ့ဖေးမှာ အသက်ဆယ်နှစ်သာရှိသေး၏။ ကျိုးထောင်ဟွား အောက်ဘက်မှ ထွက်ပေါ်လာသော အသံများကို ကြားသဖြင့် ငုံ့ကြည့်လိုက်ရာ ထိုသားအဖနှစ်ဦး တကယ်ပြန်လာလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။ ကျိုးထောင်ဟွား မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းရင်းတစ်ခုခုကြောင့် ဤဆယ်နှစ်အရွယ်ကလေးကို သူမမည်သို့မှ သဘောကျ၍မရနိုင်ခဲ့ပေ။
‘အဲဒီတုန်းက ဒီကလေး သူ့အဖေနဲ့အတူ ဘယ်လောက်တောင် ပြတ်ပြတ်သားသား ထွက်သွားခဲ့တာလဲ’
သူ့ဖခင်နှင့် ပူးပေါင်းကာ ရန်ချွန်းမေကိုပင် မုန်းတီးပြခဲ့သေးသည်။ အဘွားချူမှ ရန်ချွန်းမေကို မသွားစေချင်၍သာ မဟုတ်လျှင် ရန်ချွန်းမေအတွက် နေစရာအိမ်မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။ ခြောက်လကြာ ကြိုးစားပမ်းစားအလုပ်လုပ်ပြီး နေရာအနှံ့ကြုံရာကျပန်း အလုပ်များလုပ်ကာ နောက်ဆုံးတွင် ရန်ချွန်းမေသည် ကိုယ်ပိုင်အိမ်တစ်လုံးဝယ်နိုင်သည်ထိ တဖြည်းဖြည်းငွေစုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။
***