‘အခုတော့ သူတို့ကပြန်လာကြတာလား’
ကျိုးရှန်းဟူနှင့် သူ့သားဖြစ်သူတို့ ရန်ချွန်းမေကိုတောင်းပန်တိုးလျှိုးပြီး အော်ဟစ်နေသံများကို ကျိုးကျားရွာတစ်ခုလုံး ကြားနေရသည်။ ရန်ချွန်းမေမှာ သူမအိမ်ဟောင်းတွင် မနေတော့ပေ။ အမှန်တကယ်တော့ ထိုအိမ်ကို ကျိုးရှန်းဟူရွာမှထွက်သွားစဉ်ကတည်းက အဘွားချူထံ ရောင်းချခဲ့ပြီးဖြစ်သည်။ ယခုအခါ ရန်ချွန်းမေသည် ရွာအဆုံးရှိ ပန်းထိုးအလုပ်ရုံဘေးတွင်နေထိုင်၏။ အိမ်ဆောက်ရန် ငွေများကိုတော့ သူမကိုယ်တိုင်တေးတစ်ပြားချင်း စုဆောင်းခဲ့ခြင်းဖြစ်သည်။
မြေရိုင်းရှင်းလင်းခမှာ အခမဲ့ဖြစ်၍ သူမကိုယ်တိုင် ရှင်းလင်းခဲ့ပြီး မျိုးစေ့များဝယ်ကာ ဆေးပင်များစိုက်ပျိုးခဲ့ရာမှ ဤမျှအထိငွေစုမိခဲ့ခြင်း ဖြစ်သည်။ တစ်နေ့တွင် ကျိုးရှန်းဟူနှင့် သားဖြစ်သူကိုပြန်တွေ့ရမည်ဟု ရန်ချွန်းမေ တစ်ခါမှမတွေးဖူးခဲ့သကဲ့သို့ ပြန်တွေ့ရန်လည်းစိတ်ကူးမရှိခဲ့ပေ။ ဘေးအိမ်မှ ချမ်ရှီသည် မြို့ရိုးသို့ ထွက်လာသည်။ နှစ်ဝက်ခန့်ကြာပြီးနောက် ကျိုးရှန်းဟူနှင့် ကျိုးယွဲ့ဖေးတို့၏ အသံကိုပြန်ကြားရခြင်းမှာ ချမ်ရှီကို အော့နှလုံးနာစေသည်။ ကျိုးရှန်းဟူသည် ငွေများအားလုံး ယူဆောင်သွားခဲ့ပြီး ရန်ချွန်းမေကို တစ်ပြားမှ မပေးခဲ့သည့်အပြင် သူမကိုအဝေးတွင်သာ တစ်ဦးတည်း စွန့်ပစ်၍ကွာရှင်းခဲ့သူဖြစ်သည်။
‘အခုမှ ဘယ်လိုမျက်နှာနဲ့ ရန်ချွန်းမေကို လာရှာရဲတာလဲ’
ထိုစဉ် ရန်ချွန်းမေလည်း အိမ်ထဲမှထွက်လာသောကြောင့် ချမ်ရှီ သူမကိုပြောလိုက်သည်။
"ချွန်းမေ ငါပြောပြမယ်၊ သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်နဲ့၊ သူတို့ကိုလည်း သနားမနေနဲ့၊ ကျိုးရှန်းဟူနဲ့ သူ့သား နင့်ကိုထားခဲ့တုန်းက နင့်ရဲ့ အခြေအနေကို နည်းနည်းလေးမှ မစဉ်းစားခဲ့ဘူး၊ နင်အသက်ဆက်ဖို့ တေးတစ်ပြားတစ်ချပ်မှ ချန်ခဲ့တာလည်းမဟုတ်ဘူး၊ လူအဖြစ်နဲ့သူတို့ကိုပြန်လက်မခံမိစေနဲ့ဦး"
ထိုအချိန်တွင် ကျန်းရှီလည်းရောက်လာပြီး ပြောသည်။
"ဟုတ်တယ် ယွဲ့ဖေးကလည်း မကောင်းဘူး၊ ဆယ်နှစ်အရွယ် ကလေးဆိုတာ အခုချိန်မှာ အသိတရားရှိနေသင့်ပြီ၊ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာတာကို နောက်ဆုံးတော့ သူ့အဖေအတိုင်းပဲ၊ နည်းနည်းမှ လူသားဆန်မှုမရှိဘူး"
ရွာတံခါးအပြင်ဘက်တွင် ကျိုးရှန်းဟူနှင့် သားဖြစ်သူ အော်ဟစ်နေသံကို ရွာလူကြီးလည်းကြားသဖြင့် ရောက်လာပြီး ရန်ချွန်းမေကို မေးလိုက်သည်။
"ချွန်းမေ မင်း ဘယ်လိုသဘောရလဲ"
ရွာလူကြီး မေးလိုက်သည်။
"ရွာလူကြီး သူတို့နဲ့ ကျွန်မကဘာမှမပတ်သက်တော့ပါဘူး၊ ကျွန်မမျိုးရိုးက ရန် သူတို့မျိုးရိုးကကျိုးပါ"
ရန်ချွန်းမေ ပြတ်ပြတ်သားသားပြောလိုက်သည်။ ချမ်ရှီနှင့် ကျန်းရှီတို့လည်း သဘောတူညီစွာ ခေါင်းငြိမ့်လိုက်ကြ၏။ ရန်ချွန်းမေကဲ့သို့ ကောင်းမွန်ပြီးအလုပ်ကြိုးစားသော အမျိုးသမီးနှင့်ကျိုးရှန်းဟူမှာ လုံးဝမထိုက်တန်သလို ထိုကျေးဇူးကန်းသော သားဖြစ်သူသည်လည်း ဤကဲ့သို့သောမိခင်မျိုးရှိရန်မထိုက်တန်ပေ။ ရန်ချွန်းမေ၏စကားကို ကြားရသောအခါ ရွာလူကြီးမှာ အလွန်ကျေနပ်သွားသည်။
"ဒီသားအဖက ကျိုးကျားရွာသားတွေ မဟုတ်တော့ဘူး၊ ငါလည်း သူတို့ကိုပြန်မလာစေချင်ဘူး၊ ဒီရွာကငါတို့ အိမ်ထောင်စု ၁၅၉ စုရဲ့ကျိုးကျားရွာပဲ၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး"
ထိုသို့ပြောပြီးနောက် ရွာလူကြီးသည် ရွာတံတိုင်းဆီသို့ လျှောက်သွားလိုက်၏။ ရွာဝင်ပေါက်တွင်မူ ရှန်ကွမ်းဟောက်၊ ရှန်းရှောင်ဖန်းနှင့် အခြားသူများ ရွာတံခါးအပြင်ဘက်တွင် ကျိုးရှန်းဟူနှင့် သားဖြစ်သူ ငိုယိုအော်ဟစ်နေသည်ကိုကြားလိုက်ရသည်။ ရှန်းရှောင်ဖန်း သူ့လူများကိုခေါ်ဆောင်ကာ ရှေ့သို့တိုးပြီးစုံစမ်းလိုက်၏။
"မင်းတို့က ကျိုးကျားရွာကလား"
ကျိုးရှန်းဟူနှင့် သားဖြစ်သူကို အထက်အောက် စုံဆန်ကြည့်လိုက်ရာ သူတို့အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ဒုက္ခသည်များနှင့်တူနေသည်။
"ဟုတ်ကဲ့"
ကျိုးရှန်းဟူသည် ကျိုးကျားရွာတွင်ရှိစဉ်က အလွန် မောက်မာခဲ့သော်လည်း ယခု စစ်သည်များကိုမြင်သောအခါ ကြောက်ရွံ့သွားပြီး အသံပင်တိုးသွားသည်။ ထိုသို့ပြောသော်လည်း ရှန်းရှောင်ဖန်း မယုံကြည်ဘဲဆက်မေးလိုက်၏။
"ဒါဆို မင်းတို့က ဘာလို့ရွာအပြင်ဘက် ရောက်နေတာလဲ"
ကျိုးရှန်းဟူ ပြန်ဖြေ၏။
"ကျွန်တော်.... ကျွန်တော်နဲ့ သားက အရင်နှစ်ဝက်က အိမ်နဲ့မြေတွေကို ရောင်းပြီး ထွက်သွားခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော့်မိန်းမက ကျိုးကျားရွာထဲမှာ ရှိနေပါသေးတယ်၊ သူမနာမည်က ရန်ချွန်းမေပါ၊ ခင်ဗျားတို့မယုံရင် ကျွန်တော့်မိန်းမ နာမည်က ရန်ချွန်းမေဟုတ်မဟုတ် သွားမေးကြည့်လို့ ရပါတယ်"
ထိုစဉ်မှာပင် အပေါ်ဘက်မှရွာလူကြီး၏ အသံထွက်ပေါ်လာပြီး သူတို့ကိုထွက်ခွာသွားရန် နှင်ထုတ်လိုက်သည်။
"ကျိုးရှန်းဟူ၊ မင်းနဲ့ယွဲ့ဖေး ရွာကထွက်သွားချိန်ကစပြီး မင်းတို့သားအဖကို ကျိုးကျားရွာကနေ ငါပယ်ဖျက်လိုက်ပြီးပြီ၊ မင်းတို့ရဲ့အိမ်ထောင်စုစာရင်းက ကျိုးကျားရွာမှာ မရှိတော့ဘူး၊ အခုထွက်သွားလို့ရပြီ"
ဤစကားကိုကြားသောအခါ ရှန်းရှောင်ဖန်း ကျိုးရှန်းဟူကို စိတ်မဝင်စားတော့ပေ။ သူသည် ကျိုးကျားရွာသားပင်မဟုတ်တော့ချေ။ ထို့ကြောင့် ကျိုးကျားရွာ၏ တံခါးများမှာ သူ့အတွက်ပွင့်လာမည်မဟုတ်ပေ။ ကျိုးရှန်းဟူမှာ ဤစကားကို ကြားရသောအခါ မျက်နှာပျက်သွားပြီး အပေါ်သို့မော့ကြည့်လိုက်၏။ ရွာလူကြီး၏မျက်နှာကို ပြန်မြင်ရသောအခါ ကျိုးရှန်းဟူမှာ အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။ သူ တောင်းပန်တိုးလျှိုးလိုက်၏။
"ရွာလူကြီး ကျွန်တော်ကအဘိုးမျက်စိရှေ့မှာတင် ကြီးပြင်းလာတဲ့ကလေးပါ၊ ကျွန်တော့်မိဘတွေက အစောကြီးဆုံးသွားကြပြီး မိသားစုထဲမှာ ယွဲ့ဖေးနဲ့ကျွန်တော်ပဲ ကျန်ပါတော့တယ်၊ ကျွန်တော့်မိဘတွေရဲ့ အုတ်ဂူတွေကလည်း ကျိုးကျားရွာမှာရှိနေတုန်းပဲ၊ ကျွန်တော်က ကျိုးကျားရွာသားမဟုတ်ဘူးလို့ အဘိုးဘယ်လိုပြောနိုင်ရတာလဲ"
ရွာလူကြီးလည်း ငြိမ်ခံမနေဘဲပြန်ပက်လိုက်သည်။
"မင်း ကျိုးကျားရွာက အိမ်နဲ့မြေတွေကို ရောင်းသွားခဲ့တာ မဟုတ်ဘူးလား၊ အဲဒီတော့ မင်းကဘယ်လိုလုပ် ကျိုးကျားရွာသားဖြစ်ဦးမှာလဲ"
ရွာလူကြီး၏ပြန်ပြောမှုကိုကြားရသောအခါ ကျိုးရှန်းဟူဆွံ့အသွားသော်လည်း အရှုံးမပေးဘဲဆက်လက်အော်ဟစ်သည်။
"ချွန်းမေ ဘယ်မှာလဲ၊ ချွန်းမေကိုထွက်လာခိုင်းလိုက်ပါ၊ သူ့သားပြန်လာပြီလို့ ပြောပေးကြပါဦး"
ပြောပြောဆိုဆိုဖြင့် ကျိုးရှန်းဟူ ကျိုးယွဲ့ဖေးကို စကားပြောရန် ပုခုံးနှင့်တွန်းလိုက်သည်။
"အမေ အမေ၊ ကျွန်တော် ပြန်လာပြီ၊ ကျွန်တော်က အမေရဲ့တစ်ဦးတည်းသော သားလေ၊ တံခါးဖွင့်ပေးပါဦး၊ အမေ အသက်ကြီးလာရင် ကျွန်တော်ပြုစုပါ့မယ်၊ အမေ့အပေါ် တကယ်သားကောင်းပီသပါ့မယ်"
ကျိုးယွဲ့ဖေး ကျိုးရှန်းဟူ၏အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားပြီး အလောတကြီး အော်ဟစ်လိုက်သည်။ မမျှော်လင့်ဘဲ သူလည်းငြင်းပယ်ခံလိုက်ရ၏။ ရန်ချွန်းမေမှ အေးစက်စွာ ပြန်ဖြေလာသည်။
"မလိုပါဘူး၊ မင်းက ငါ့ရဲ့တစ်ဦးတည်းသော သားမဟုတ်ဘူး၊ နောက်ကျရင် ငါ နောက်ထပ် သားတစ်ယောက်ထပ်မွေးမှာ၊ အဲဒီကလေးကပဲ ငါ့ကိုအသက်ကြီးရင် ပြုစုလိမ့်မယ်"
သူမ အခြားသူနှင့်သားထပ်ယူမည်ဟု ပြောသည်ကို ကြားသောအခါ ကျိုးရှန်းဟူမှာ ဒေါသတကြီးပြန်အော်လိုက်သည်။
"မင်းက အသက် ၃၀ နီးပါးရှိနေပြီး အဘွားကြီး ဖြစ်နေပြီ၊ ဘယ်သူက မင်းကို လိုချင်မှာလဲ"
ရန်ချွန်းမေ ထိုစော်ကားမှုကိုကြားရသောအခါ ရင်ထဲတွင်တင်းကျပ်သွားသည်။
"ဘယ်သူက ကျွန်မကို လိုချင်လိုချင် မလိုချင်လိုချင် ဒါ ရှင့်အလုပ်မဟုတ်ဘူး၊ ကျွန်မတို့က ကွာရှင်းပြီးသားသူတွေ"
ကျိုးရှန်းဟူလည်း သူမစကားကိုဒေါသထွက်နေသည်။ ရန်ချွန်းမေမှာ သူ့မိန်းမ ဖြစ်သည်။ သူစွန့်ပစ်ခဲ့လျှင်ပင် သူမသည် သူ့အပိုင်သာဖြစ်ရမည်ဖြစ်ပြီး သူ့ဘေးတွင်သာရှိနေရမည်ပင်။
‘ဒီကောင်မကတော့’
ဤအခြေအနေကိုမြင်သောအခါ ကျိုးရှန်းဟူ ထပ်မံဆဲရေးလိုက်သည်။
"မင်းအသက်အရွယ်နဲ့ နောက်ထပ် ကလေး ဘယ်လိုရဦးမှာလဲ၊ ရန်ချွန်းမေ ငါပြောမယ်၊ မင်းမှာ ယွဲ့ဖေးကလွဲလို့ နောက်ထပ် ဘယ်တော့မှသားရမှာမဟုတ်ဘူး"
ရန်ချွန်းမေလည်း လုံးဝမကြောက်ဘဲ ချက်ချင်း ပြန်ပက်လိုက်သည်။
"ဖြစ်တော့ဘာဖြစ်လဲ၊ ငါကိုယ်တိုင်မမွေးနိုင်ရင်တောင် မွေးစားသားယူမှာပေါ့"
ကျိုးရှန်းဟူမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာသည်။ သူတို့၏အသံများမှာ ရွာသားများနှင့် ရွာအပြင်ဘက်ရှိ စစ်သည်တစ်သောင်းကျော်တို့ကြားနိုင်လောက်အောင် ကျယ်လောင်လှသည်။ ကျိုးရှန်းဟူသည် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အရှက်ရဆုံးဟု ခံစားလိုက်ရသည်။
’ဒီယုတ်မာတဲ့မိန်းမ ရန်ချွန်းမေက သူ့ရဲ့ ယောက်ျားတစ်ယောက်ဆိုတဲ့ သိက္ခာကို မြေလှန်ပစ်လိုက်ပြီ’
နောက်ဆုံးတွင် မည်သို့မှမတတ်နိုင်တော့ဘဲ သူ့နောက်ဆုံးသိက္ခာကိုဆွဲယူရန်အတွက် သူဆဲရေးလိုက်သည်။
"မင်းက အိုလည်းအို၊ ဝလည်းဝတာ၊ ဘယ်သူက မင်းကိုလိုချင်မှာလဲ၊ မျက်စိကန်းတဲ့သူ၊ ခြေမသန်တဲ့သူ ဒါမှမဟုတ် ဒုက္ခိတတွေကလွဲလို့ ဘယ်သာမန်လူက မင်းကိုလက်ထပ်မှာလဲ၊ ငါကတင်တောင်းငွေ ပေးမယ်ဆိုရင်တောင် ဘယ်သူမှလာမှာမဟုတ်ဘူး"
တံတိုင်းပေါ်တွင်တော့ ရန်ချွန်းမေ၏မျက်နှာမှာ ပြာနှမ်းသွားသည်။ ကျိုးရှန်းဟူ ပြောသည်မှာမှန်၏။
‘သူမက အိုလည်းအို၊ ဝလည်းဝနေပြီ၊ အသက် ၂၇ နှစ်မှာ ကလေးမရနိုင်တော့တဲ့ အခွင့်အလမ်းကလည်းများနေပြီ’
ကျိုးထောင်ဟွား ရန်ချွန်းမေကိုကြည့်လိုက်ရာ တစ်ချက်ကြည့်ရုံနှင့် ရန်ချွန်းမေ၏မျက်နှာပေါ်တွင် နမိတ်ဆိုးအရိပ်အယောင်များကို မြင်လိုက်ရသည်။ ထို့ပြင် သူမသည် သားနှစ်ယောက်နှင့် သမီးတစ်ယောက်ရရန် ကံပါလာသူဖြစ်သည်။ ရန်ချွန်းမေအနားသို့ သူမသွားကာ နှစ်သိမ့်လိုက်၏။
"အစ်မမချွန်းမေ ကျိုးရှန်းဟူရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်နဲ့၊ အစ်မလက်ထပ်လို့ရတယ်၊ ပြီးတော့ နောက်ထပ် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရဦးမှာ၊ အဲဒါက အမွှာလေးတွေပဲ"
ရန်ချွန်းမေ မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကြည့်လိုက်သည်။
"တကယ်လား"
ဤတစ်ကြိမ်တွင် ကျိုးရှန်းဟူသည် ရွာတံတိုင်းအောက်တွင် အချိန်အတော်ကြာ ရပ်နေသော်လည်း ရန်ချွန်းမေထံမှအဖြေပြန်မရခဲ့ပေ။ သူအနိုင်ရပြီဟု ထင်လိုက်စဉ်မှာပင် အပေါ်ဘက်မှ အမျိုးသားအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြန်သည်။
"ကျွန်တော်"
"ကျွန်တော် လက်ထပ်ဖို့ အဆင်သင့်ပဲ"
ကျိုးရှန်းဟူ : "!!!"
သူအပေါ်သို့ မော့ကြည့်ပြီး ဒေါသတကြီး မေးလိုက်သည်။
"ဘယ်သူလဲ၊ ဘယ်က အကောင်က လက်ထပ်ချင်နေတာလဲ"
***