ထိုအချိန်တွင် ကျိုးရှန်းဟူ၏လက်သီးများသည် တင်းတင်းကြပ်ကြပ်ဆုပ်ထားမိရာမှ တဗြိဗြိအသံပင် ထွက်ပေါ်လာသည်။ သူ မည်သူဖြစ်ကြောင်း သိလိုလှသဖြင့် လည်ပင်းကိုဆန့်ကာ ကြည့်လိုက်သည်။ ကျိုးထောင်ဟွား၊ ရန်ချွန်းမေနှင့် အခြားသူများလည်း ထိုအသံကြောင့် အံ့အားသင့်ကာ လှည့်ကြည့်လိုက်ရာ တံတိုင်းပေါ်မှ ငုံ့ကြည့်နေသော ကျိုးရှန်းလင်ကို တွေ့လိုက်ရသည်။ ရန်ချွန်းမေ သူ့ကို ချက်ချင်းဆွဲတားပြီး ပြောလိုက်၏။
"ရှန်းလင် အစ်မအတွက်နဲ့ မင်းရှေ့ထွက်ပြောနေစရာမလိုပါဘူး၊ ကျိုးရှန်းဟူလို လူစားမျိုးအတွက်နဲ့ အချိန်ဖြုန်းရတာ မတန်ဘူး"
မမျှော်လင့်ဘဲ ကျိုးရှန်းလင်မှ သူမစကားကို နားမထောင်သည့်အပြင် ဆိုလိုက်သည်။
"အစ်မချွန်းမေ ကျွန်တော်အတည်ပြောတာပါ၊ ကျွန်တော်လည်း အစ်မဘက်ကနေ ရပ်တည်ပေးချင်တယ်"
"???"
ရန်ချွန်းမေမှာ ကြောင်အသွားရသည်။
‘တကယ်ကြီးလား’
ကျိုးထောင်ဟွားနှင့် ရွာလူကြီးတို့မှာလည်း လုံးဝအံ့အားသင့်သွားကြသည်။ ချမ်ရှီနှင့် ကျန်းရှီတို့မှတိုးတိုးလေးပြောလိုက်ကြ၏။
"ရှန်းလင်က ချွန်းမေကိုသဘောကျနေတာလား"
"ငါ့အထင်တော့ ချွန်းမေက တကယ်ကို မိန်းမကောင်းလေးပါ၊ အရင်က အိမ်ထောင်ကျဖူးတာ ဘာဖြစ်လဲ"
"မှန်တယ်၊ ချွန်းမေက စိတ်ထားကောင်းတယ်၊ နူးညံ့တယ်၊ အလုပ်လည်းလုပ်နိုင်တယ်၊ ချွန်းမေနဲ့ ရှန်းလင်သာဆိုရင် တကယ်ကို လိုက်ဖက်မှာ၊ သူတို့ဘဝကို ကောင်းကောင်း တည်ဆောက်နိုင်မှာပါ၊ တကယ်တော့ ချွန်းမေ ကျိုးရှန်းဟူနဲ့ ကွာရှင်းလိုက်တာက ကံကောင်းတာပဲ"
ကျိုးရှန်းလင်ကိုမြင်လိုက်ရသည့် တခဏမှာပင် ကျိုးရှန်းဟူ၏မျက်လုံးများ နီမြန်းလာသည်။ ကျိုးရှန်းလင်မှာ ယခုနှစ်တွင် အသက် ၂၀ သာရှိသေး၏။ လူပျိုကြီးဟု သတ်မှတ်ခံရသော်လည်း သူသည်ရှန်းဟူထက် ပိုနုပျိုပြီး ရုပ်ရည်လည်းပိုချောမောသည်။ ကျိုးရှန်းဟူ ဒေါသတကြီး ခုန်ပေါက်ကာ ကျိုးရှန်းလင်ကိုဆဲရေးလိုက်၏။
"ကျိုးရှန်းလင် မင်းကအရူးလား၊ မင်းမှာ ငွေလည်းရှိတယ်၊ အပျိုလည်းယူလို့ရတာကို ဘာလို့ ရန်ချွန်းမေလိုကလေးအမေ၊ ကွာရှင်းထားတဲ့မိန်းမကိုမှ ရွေးရတာလဲ"
ကျိုးရှန်းလင် ထိုစကားများကိုလုံးဝဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင်ပြောလိုက်သည်။
"ကျွန်တော့်အတွက်တော့ အစ်မချွန်းမေက ကမ္ဘာပေါ်မှာ အကောင်းဆုံး အမျိုးသမီးပဲ"
တစ်ရွာလုံး တုပ်ကွေးမိစဉ်က သူသေတော့မည်ဟုထင်မှတ်ကာ သူ့အမွေအားလုံးကို ကျိုးလျန်ဟွားကိုပေးရန် ပြင်ဆင်နေချိန်တွင် အစ်မချွန်းမေ၏ နှစ်သိမ့်စကားများကို သူအမှတ်ရနေခဲ့သည်။ ထို့ပြင် နောက်ပိုင်းလများတွင်လည်း အစ်မချွန်းမေမှာ အလွန်တရာအလုပ်ကြိုးစားသူ၊ နူးညံ့သိမ်မွေ့သူနှင့် နားလည်မှုရှိသူတစ်ဦးဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။ မည်ကဲ့သို့သော အမျိုးသမီးကို ဇနီးအဖြစ် သူလိုချင်သည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ အရင်က သူကျိုးလျန်ဟွားကို လက်ထပ်ချင်ခဲ့သည်မှာ သူမ၏ဂုဏ်သိက္ခာကို သူညှိုးနွမ်းစေခဲ့မိသဖြင့် အပြစ်ရှိစိတ်ကြောင့်သာဖြစ်သည်။
သို့သော် အစ်မချွန်းမေအပေါ်ထားရှိသည့် သူ့ခံစားချက်မှာတော့ စစ်မှန်သောချစ်ခြင်းမေတ္တာဖြစ်သည်။ သူမကို သူအမှန်တကယ် လက်ထပ်လိုခြင်းပင်။ ဤတစ်ကြိမ်တွင် သူငွေအလုံအလောက် စုမိထားသော်လည်း ချွန်းမေကိုတောင်းရမ်းရန် အောင်သွယ်မရှာရသေးခင်မှာပင် စစ်သည်များရောက်လာပြီး ရွာကို ဝိုင်းထားခဲ့ကြသည်။ သူတို့ ရွာကိုရက်ပေါင်းများစွာ ဝိုင်းထားပြီး စစ်သည်များလည်း ပို၍များပြားလာသည်။ ယခုအခါ ရွာမှထွက်သွားခဲ့သည့် ကျိုးရှန်းဟူပင် ပြန်ရောက်လာပြီ။ တံတိုင်းအောက်တွင် ကျိုးရှန်းဟူ ကျိုးရှန်းလင်၏စကားကို ကြားပြီးနောက် ဆွံ့အသွားသည်။
‘သူမကလား’
‘အကောင်းဆုံး အမျိုးသမီးပေါ့လေ’
ကျိုးရှန်းဟူ မျက်မှောင်ကြုတ်ကာ ထိုစကားကို လုံးဝသဘောမတူသော်လည်း ချွန်းမေမှ အိမ်ထောင်ရေးကိုမည်မျှ ကောင်းမွန်စွာ စီမံနိုင်ခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။ သို့သော် ဤအချိန်တွင် သူ၏ယောက်ျားမာနမှာ အလျှော့မပေးနိုင်ပေ။ ဒေါသတကြီး သူအော်လိုက်သည်။
"ငါနဲ့အိပ်ပြီး ငါ့သားကိုမွေးပေးထားတဲ့ မိန်းမကိုမှ မင်းကလိုချင်နေသေးတယ်၊ ကျိုးရှန်းလင် မင်းကတော့ တကယ်ကို မိန်းမငတ်နေတာပဲ၊ သူမကငါနဲ့ ကွာရှင်းထားပေမဲ့ သူကတော့တစ်ခါသုံးပြီးသား မိန်းမပဲ"
မမျှော်လင့်ဘဲ ကျိုးရှန်းလင်မှကျောက်ခဲတစ်ခဲကိုကောက်ယူ၍ ပစ်ပေါက်လိုက်ရာ ကျိုးရှန်းဟူ၏မျက်နှာကို တည့်တည့်မှန်ပြီး သွေးများချက်ချင်းထွက်လာသည်။ ကျိုးရှန်းလင် ဆဲရေးလိုက်၏။
"ပါးစပ်ကို စောင့်စည်းစမ်း၊ မဟုတ်ရင်တော့ ငါ့လက်ကိုမညှာဘူးလို့မပြောနဲ့"
"အား"
တံတိုင်းအောက်တွင် ကျိုးရှန်းဟူသည် နာကျင်စွာဖြင့် မျက်နှာကိုအုပ်ကာ ရွာတံခါးဘက်သို့ ပြန်ဝင်ပြေးလိုက်သည်။ ကျိုးရှန်းလင် ရန်ချွန်းမေအတွက် တကယ်ကြီးတိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
’ကျိုးရှန်းလင်က အဲ့ကောင်မရန်ချွန်းမေကို တကယ်တန်ဖိုးထားနေတာလား’
ကျိုးရှန်းဟူ သွေးထွက်နေသော ပါးပြင်ကိုအုပ်ကာ တံတိုင်းကိုခပ်ပြင်းပြင်းကန်လိုက်သည်။ တံတိုင်းပေါ်တွင်တော့ ကျိုးရှန်းလင် သူ့ကျောနောက်မှမီးလှံကို ထုတ်လိုက်၏။ ကျိုးထောင်ဟွား ယင်းကိုမြင်သောအခါ ချက်ချင်းသတိပေးလိုက်သည်။
"ကျိုးရှန်းလင် စိတ်အေးအေးထားပါ၊ ကျိုးရှန်းဟူလို လူစားမျိုးအတွက်နဲ့ မင်း အသက်ကိုအန္တရာယ်ဖြစ်စေဖို့ မထိုက်တန်ဘူး"
ယခုအခါ မြို့စားများမှာမတူညီသော ရည်ရွယ်ချက်များဖြင့် နေရာအနှံ့ တိုက်ခိုက်နေကြပြီး သေဆုံးသူများပြားနေသော်လည်း သာမန်လူများလူသတ်မှုကျူးလွန်ပါက ဥပဒေကိုချိုးဖောက်ရာရောက်သဖြင့် ထောင်နန်းစံခြင်း သို့မဟုတ် ခေါင်းဖြတ်ခံရခြင်းများရှိနေသေးသည်ပင်။ ရှန်းမင် သူ့လက်ထဲမှမီးလှံကို ဆွဲယူလိုက်သည်။ ကျိုးရှန်းလင် ဇနီးမောင်နှံနှစ်ဦးကို ရှင်းပြလိုက်၏။
"ကျွန်တော် သူ့ကိုသတ်ဖို့ မရည်ရွယ်ပါဘူး၊ အစ်မချွန်းမေအပေါ် မကောင်းပြောတာတွေ ရပ်သွားအောင်လို့ သူ့ခြေထောက်နားပဲ ခြိမ်းခြောက်တဲ့အနေနဲ့ပစ်မှာပါ၊ စိတ်မပူပါနဲ့ ကျွန်တော် ရူးမသွားသေးပါဘူး၊ ကျွန်တော် အသက်ရှင်ချင်သေးတယ်၊ ပြီးတော့ အစ်မချွန်းမေကိုလည်း လက်ထပ်ချင်သေးတယ်"
ရန်ချွန်းမေမှာ ဘေးတွင်ရပ်နေရင်း ကျိုးရှန်းဟူကို ဒေါသတကြီးကျောက်ခဲနှင့် သူပစ်ပေါက်လိုက်စဉ်ကတည်းမှ သူမရင်ထဲတွင် လှိုင်းတစ်ခုထသွားခဲ့သည်။ ခဏတာအတွင်းမှာတင် ကျိုးရှန်းလင်၏စကားများကြောင့် သူမစိတ်လှုပ်ရှားတုန်လှုပ်ခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်။
‘ကျိုးရှန်းလင်က သူမကိုတကယ်ကြီး လက်ထပ်ချင်နေတာလား’
သူမသည် အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး ပျိုမြစ်နုနယ်သူ မဟုတ်တော့သော်လည်း ကျိုးရှန်းလင်၏စကားများကိုကြားပြီးနောက် မရှက်ဘဲမနေနိုင်အောင်ဖြစ်နေရသည်။ ကျိုးရှန်းလင်၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး လေသံမှာလည်း လေးနက်နေသည်ကို မြင်သောအခါမှ ရှန်းမင် သူ့လက်ကိုလွှတ်ပေးလိုက်သည်။
"ဒိုင်း"
ကျယ်လောင်လှသော မီးလှံသံကြောင့် ရှန်ကွမ်းဟောက်၏ စစ်စခန်းမှစစ်သည်အားလုံးထိတ်လန့်သွားကြသည်။ ထိုအသံမှာ နားကွဲမတတ်ပြင်းထန်လှ၏။ ကျိုးရှန်းလင်၏ကျည်ဆန်သည် ကျိုးရှန်းဟူခြေထောက်အနီး မြေပြင်ကိုထိမှန်သွားသဖြင့် ရှန်းဟူမှာလန့်ဖျပ်သွားရသည်။ကျိုးရှန်းလင်ပုန်းအောင်းနေကာ ကျိုးရှန်းဟူကိုအော်ဟစ်လိုက်၏။
"မင်းအစ်မချွန်းမေကို ထပ်ပြီးဆဲရဲသေးတယ်ဆိုရင် ဒီကျည်ဆံဒဏ်ကို ခံနိုင်ရည်ရှိမရှိ နှစ်ခါပြန်စဉ်းစားလိုက်ဦး"
ထိုသို့ပြောပြီးနောက် ကျိုးရှန်းလင်သည် သူ့မီးလှံကို ပြန်သိမ်းလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ တံတိုင်းပေါ်ရှိရွာသားအားလုံး သူ့ကိုစိုက်ကြည့်နေကြပြီး ရန်ချွန်းမေလည်းပါဝင်နေသည်။ သူ ရန်ချွန်းမေကိုလေးလေးနက်နက် ပြောလိုက်၏။
"အစ်မချွန်းမေ ကျွန်တော်အစ်မကို တကယ်ချစ်တယ်၊ တကယ်လည်း လက်ထပ်ချင်တာပါ၊ အခု ကျွန်တော်တို့ရွာကပိတ်ထားရတဲ့ အခြေအနေမလို့ အောင်သွယ်ရှာပြီး တောင်းရမ်းဖို့မဖြစ်နိုင်သေးဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ရွာတံခါးတွေပြန်ဖွင့်တာနဲ့ ကျွန်တော်အစ်မဆီကို အရောက်လာပြီးလက်ထပ်ပါ့မယ်"
ကျိုးရှန်းလင်၏စကားအဆုံးတွင် တံတိုင်းပေါ်ရှိလူများထံမှ အောင်ဟစ်သံများ ဆူညံစွာထွက်ပေါ်လာသည်။ ရန်ချွန်းမေမှာ မျက်နှာတစ်ခုလုံးနီမြန်းကာ ခေါင်းငုံ့ထားမိ၏။ သူမ တစ်ခုခုကိုတိုးတိုးလေး ပြောချင်သကဲ့သို့ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် အရှက်သည်းစွာဖြင့် ခေါင်းကိုသာပြန်ငုံ့လိုက်ရသည်။ ရွာလူကြီးမှာ ရန်ချွန်းမေကိုကြည့်လိုက်၏။ ရန်ချွန်းမေသည် ယခုကျိုးကျားရွာသူဖြစ်နေပြီဆိုသော်လည်း သူမမှာမိဘမရှိသော တစ်ဦးတည်းသောသမီးဖြစ်သည်။ ကျိုးရှန်းလင်မှာ အရင်တစ်နှစ်အတွင်း သိသိသာသာတိုးတက်ပြောင်းလဲလာခဲ့သူဖြစ်ရာ သူမဘဝကို ပုံအပ်နိုင်လောက်သည့် လူတစ်ယောက်ဖြစ်သည်ဟု ရွာလူကြီးတွေးမိသည်။
သူပြောသည်မှာ မှန်၏။ ရွာကပိတ်ထားသဖြင့် အောင်သွယ်ငှား၍မရသေးပေ။ ရွာတံခါးမည်သည့်အချိန်မှ ပြန်ပွင့်မည်ကိုလည်း မည်သူမှမသိကြချေ။ ထို့ကြောင့် ရွာလူကြီး ရန်ချွန်းမေအနားသို့ လျှောက်သွားကာ သူမသဘောထားကိုမေးလိုက်သည်။
"ချွန်းမေ ရှန်းလင်ကို မင်းဘယ်လိုထင်လဲ၊ သူ့ကိုသဘောကျရဲ့လား၊ မင်းမှာမိဘတွေ မရှိတော့ဘူးဆိုတော့ ငါကရွာလူကြီးအနေနဲ့ရော လူကြီးတစ်ယောက်အနေနဲ့ပါ မင်းကိုကူညီပေးမယ်၊ မင်းလည်း အသက်မငယ်တော့ဘူး၊ အကယ်၍ ရှန်းလင်ကသာ လူကောင်းတစ်ယောက်လို့ မင်းထင်ရင် ဒီလက်ထပ်ပွဲကိုအမြန်ဆုံး အတည်ပြုလိုက်ကြတာ ပိုကောင်းမယ်၊ ဒါဆိုရင် လာမယ့်နှစ်မှာ မင်းတို့အမွှာလေးချီရမှာပေါ့၊ မင်းတို့ အဆင်ပြေတယ်ဆိုရင် အောင်သွယ်ကိစ္စကိုလည်း ငါပဲစီစဉ်ပေးပါ့မယ်"
ရွာလူကြီး ထောင်ဟွားပြောသမျှကို အကုန်ကြားထားပြီးသားဖြစ်သည်။ ရွာလူကြီး၏အမြင်တွင် ရန်ချွန်းမေမှာ အသက်ကြီးလာပြီဖြစ်ရာ လက်ထပ်ပြီး ကလေးယူချင်သည်ဆိုလျှင် စောစောစီးစီးလုပ်ခြင်းက အကောင်းဆုံးပင်ဖြစ်သည်။ ရွာလူကြီး ဤမျှတိုက်ရိုက်ပြောလိမ့်မည်ဟု ရန်ချွန်းမေ မထင်ထားခဲ့သော်လည်း ယင်းမှာ သူမရင်ထဲသို့ တည့်တည့်တိုးဝင်သွားသည်။ သူမသည် ကျိုးရှန်းလင် ရှိနေသည့်ဘက်သို့ မော့ကြည့်လိုက်၏။
***