နောက်ဆုံးတွင် သူမခေါင်းငုံ့ကာ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ရွာလူကြီး ချက်ချင်းပင်ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။
"ဒါမှ ငါ့မြေးမလေးကွ"
ထို့နောက် လူအုပ်ဘက်သို့လှည့်ကာ သူ ပြောလိုက်သည်။
"ဒီနေ့ကစပြီး ငါကကျိုးကျားရွာရဲ့ အောင်သွယ်တော်ပဲ၊ ရှန်းလင်ရဲ့ လက်ထပ်ပွဲတင်မကဘူး၊ ငါတို့ရွာက ဘယ်မိသားစုမဆို တောင်းရမ်းချင်တာရှိရင် ငါ့ဆီလာခဲ့လို့ရတယ်၊ ရွာအပြင်မှာ စစ်သည်တစ်သောင်းကျော်ရှိနေပြီး ငါတို့ရွာ ဘယ်လောက်ကြာကြာ ပိတ်ထားရမလဲဆိုတာ မသိရဘူး၊ ဒါပေမဲ့ ငါတို့ရွာမှာ လူပျို အပျိုတွေ အများကြီးရှိတာပဲ၊ သူတို့ကိုလက်ထပ်ပြီး ကလေးယူခွင့်မပေးရတော့ဘူးလား၊ ငါတို့ရွာထဲက ဘယ်သူမဆို ကိုယ်သဘောကျတဲ့သူရှိရင် ရှက်မနေကြနဲ့"
ရွာလူကြီး၏ဟစ်အော်သံကို ကြားရသောအခါ ကျိန့်ရှီ သူမသားကျိုးရှန့်အန်းကို ချက်ချင်းသတိရလိုက်သည်။ ရှန့်အန်းမှာ ယခုဆိုလျှင် အသက် ၁၆ နှစ် ရှိပြီဖြစ်ပြီး နှစ်သစ်ကူးပြီးလျှင် ၁၇ နှစ်ထဲ ရောက်တော့မည်။ အသက်ကြီးလာလေလေ ဇနီးရှာရန် ပိုခက်ခဲလာလေလေ မဟုတ်ပါလား။ ကျိုးရှန့်အန်းမှာ မူလက စိုးရိမ်နေခဲ့သော်လည်း ရွာလူကြီး၏စကားကိုကြားပြီးနောက် ရုတ်တရက် ဝမ်းသာသွားသည်။ သူ့မျက်လုံးများမှာ လူအုပ်ထဲရှိ လူတစ်ယောက်ကို လိုက်ရှာနေသည်။ အခြားရွာသားများမှာလည်း ရွာလူကြီး၏စကားကြောင့် အလွန်အမင်းဝမ်းသာသွားကြသည်။
ရွာတွင် အိမ်ထောင်စု ၁၅၉စုရှိပြီး ယခုနှစ်တွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ဝန်းကျင် လူငယ်လူရွယ်များစွာ ရှိနေသည်။ ရွာလူကြီး၏ မြေးမလေး ကျိုးရှန့်ယွဲ့မှာလည်း ယခုနှစ်တွင် ၁၄ နှစ်ရှိပြီဖြစ်ကာ နှစ်သစ်ကူးလျှင် ၁၅ နှစ် ပြည့်တော့မည်ဖြစ်သည်။ ကျိုးရှန်းဟူ ရွာတံခါးဝတွင် ရွာသားများ ပျော်ရွှင်စွာအော်ဟစ်နေသံများကို နားထောင်နေရသည်။ သူတို့ပျော်လေလေ သူ ပိုနာကျင်လေလေ ဖြစ်သည်။ အထူးသဖြင့် ကျိုးရှန်းလင်မှ ရန်ချွန်းမေကို လက်ထပ်တော့မည်ဖြစ်ပြီး ရန်ချွန်းမေကလည်း သဘောတူလိုက်သည်ဆိုသော သတင်းကြောင့်ပင်။ သူ ကိုယ်တိုင် စွန့်ပစ်ခဲ့သည့် မိန်းမ ဖြစ်နေပါစေ သူမနောက်အိမ်ထောင်ပြုမည်ကို သူလုံးဝအလိုမရှိပေ။ ကျိုးယွဲ့ဖေး ရွာတံခါးဝတွင်ရပ်နေရင်း ရန်ချွန်းမေမှ သူ့ကိုလာကြိုခြင်းမရှိသည်ကိုမြင်သောအခါ အလွန်ဝမ်းနည်းသွားသည်။
"အမေ သားကယွဲ့ဖေးပါ၊ သားတို့ တစ်လမ်းလုံး လမ်းလျှောက်လာရတာ၊ ခြေထောက်တွေလည်း အရမ်းနာနေပြီ၊ ဗိုက်လည်း အရမ်းဆာနေပြီ၊ အမေ သားကို ပြန်ခေါ်ပြီး ရေချိုးပေး၊ ထမင်းကျွေးပါဦး၊ သား ချမ်းလည်းချမ်း ဆာလည်းဆာနေပြီ"
ကျိုးယွဲ့ဖေး ရန်ချွန်းမေ၏သနားစိတ် နိုးကြားလာစေရန် တံတိုင်းအောက်မှ အော်ငိုလိုက်သည်။ သို့သော် တံတိုင်းပေါ်တွင်ရပ်နေသော ရွာသားများမှာမူ ထိုစကားကို ကြားရသောအခါ ဒေါသထွက်ကုန်ကြသည်။ ပထမဆုံး အဘွားချူမှစိတ်မရှည်စွာဖြင့် အော်လိုက်သည်။
"ဒီအသည်းနှလုံးမရှိတဲ့ ကောင်လေး၊ မင်းနဲ့ မင်းအဖေထွက်သွားတုန်းကကျ မင်းအမေအတွက် တစ်ပြားမှမချန်ခဲ့ဘူး၊ သူမမှာ နေစရာရောရှိရဲ့လား စားစရာရောရှိရဲ့လားဆိုတာ မင်းတို့စဉ်းစားခဲ့ဖူးလား၊ မင်းတို့ထွက်သွားတုန်းက ငွေတွေအကုန် ယူသွားတာပဲ၊ အဲဒီငွေတွေနဲ့ဆိုရင် ဘယ်သူမဆို စားဝတ်နေရေးပူစရာမလိုဘဲ တစ်သက်လုံး နေလို့ရတယ်၊ ဒါကို ခြောက်လအတွင်းမှာတင် မင်းတို့အကုန်ဖြုန်းပစ်လိုက်တာလား၊ မင်းတို့ဘာတွေလုပ်ပြီးဖြုန်းလိုက်လဲဆိုတာ ဘယ်သူသိမှာလဲ၊ ရှက်တတ်စမ်းပါဦး မင်းအမေသာ ငတ်သေသွားရင် မင်းအခုလိုလာငိုပြနေဦးမှာလား"
အခြားရွာသားများလည်း ထိုနည်းတူပင် ခံစားကြရပြီး ကျိုးယွဲ့ဖေးနှင့် သူ့ဖခင်မှာ အလွန်အရှက်မရှိသူများဟု ယူဆကြသည်။ ကျိုးယွဲ့ဖေးသည် မျက်ရည်များကို ဒေါသတကြီး သုတ်လိုက်ပြီး ကျိုးရှန်းဟူထံ မျက်ရည်လည်ရွှဲဖြင့်ကြည့်လိုက်သည်။ သူ သနားစရာကောင်းအောင် ဟန်ဆောင်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မိခင်ဖြစ်သူ၏သနားမှုကို ရရှိမည့်အစား အခြားသူများ၏ကဲ့ရဲ့မှုကိုသာ ခံလိုက်ရသည်။ ကျိုးရှန်းဟူသည်လည်း မည်သို့လုပ်ရမှန်းမသိဘဲ သူ့သားကို ကြည့်ကာသက်ပြင်းသာချနေမိတော့သည်။ မဝေးလှသော နေရာတွင်တော့ ရှန်းရှောင်ဖန်း၊ ရှန်းရှောင်ခိုင်နှင့် အခြားသူများသည် ထိုသားအဖနှစ်ဦး ကျိုးကျားရွာထဲသို့ ဝင်ခွင့်မရသည်ကို မြင်သောအခါ စိတ်ပျက်သွားကြ၏။
ရွာတံခါးပွင့်လာချိန်တွင် သူတို့ပါ ရောယောင်ပြီးဝင်သွားနိုင်မည်ဟု ထင်ထားခဲ့ခြင်းပင်။ သို့သော် ထိုသူနှစ်ဦးမှာ ကျိုးကျားရွာမှ အိမ်ထောင်စုစာရင်း ပယ်ဖျက်ခံထားရပြီးသားဖြစ်သဖြင့် ရွာမှ သူတို့ကိုလုံးဝ အသိအမှတ်မပြုတော့ချေ။ ကျိုးရှန်းဟူနှင့် သားဖြစ်သူမှာ ကျိုးကျားရွာမှ အရှက်တကွဲဖြင့်ထွက်ခွာလာကြရသော်လည်း အမှန်တကယ်ပင် တေးတစ်ပြားမှမရှိတော့ပေ။ လမ်းလျှောက်လာရင်း လမ်းဘေးဝဲယာရှိ စစ်စခန်းများမှ ထွက်ပေါ်လာသော အမဲသားစွပ်ပြုတ်နံ့မှာ သူတို့အတွက် အလွန်ဆွဲဆောင်မှုရှိလှသည်။ သို့သော် ဤသည်မှာ စစ်သည်များ၏အစားအစာဖြစ်ရာ သူတို့မည်သို့ ရဲရဲတင်းတင်းတောင်းဆိုရဲမည်နည်း။ အဖမ်းခံရပြီး ထောင်ကျမည့်အစား လမ်းဘေးမှ သူတောင်းစားသာအဖြစ်ခံလိုက်တော့မည်။ ရုတ်တရက် ကျိုးယွဲ့ဖေး သူ့အဖေ၏ အင်္ကျီလက်ကိုဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"အဖေ ဟိုစစ်သားတွေကိုကြည့်ပါဦး၊ သူတို့နာကျင်လို့ ညည်းနေကြတာ၊ သူတို့ပုံစံက အဘွားစွင်း ရာသီသွေးမိစ္ဆာပူးပြီး သေလုမတတ် ဗိုက်နာနေတုန်းကနဲ့ တစ်ပုံစံတည်းပဲမလား"
ကျိုးယွဲ့ဖေး၏မှတ်ချက်ကို ကြားလိုက်ရသောအခါ ကျိုးရှန်းဟူလည်း ထိုစဉ်က အခြေအနေနှင့် အလွန်တူသည်ဟု တွေးမိသွားသည်။ ထိုစဉ်က အဘွားအိုစွင်းသည် ချမ်ရှီထံမှငွေညှစ်ရန် ကြိုးစားခဲ့ပြီး ချမ်ရှီ၏ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့ကာ ရွာလူကြီးကိုပါ ချမ်ရှီအား ရွာမှနှင်ထုတ်ရန် တိုက်တွန်းခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် အဘိုးရှန့်ဖျင် ရောက်လာပြီးနောက် အဘွားစွင်းတွင် ပြင်းထန်သော ဓမ္မတာကိုက်ခဲဝေဒနာ ခံစားနေရကြောင်း ရောဂါရှာဖွေတွေ့ရှိခဲ့သည်။ ဤစစ်သည်များသည် အဘွားစွင်းထက်ပင် ပို၍နာကျင်နေပုံရပြီး လက္ခဏာများမှာလည်း အလွန်ဆင်တူနေသည်ကို ကျိုးရှန်းဟူ သတိထားမိလိုက်သည်။ ယခုအချိန်တွင် သူနှင့်ယွဲ့ဖေးတို့မှာ သွားစရာနေရာမရှိတော့ပေ။ ဤကဲ့သို့ အေးစက်လှသော ဆောင်းရာသီတွင် သူတောင်းစားလုပ်ရန်မှာလည်း အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ ဤစစ်သည်များထံမှ ထမင်းတစ်နပ်လောက် ရနိုင်မည်ဆိုလျှင် သို့မဟုတ် လူသောင်းချီရှိသော ဤတပ်ထဲမှ တစ်ယောက်တစ်ပြားစီစုပေးလျှင်ပင် သူနှင့်သူ့သား တစ်ရက်စာစားဖို့ လောက်ငပေမည်။ ထို့ကြောင့် သူသတ္တိမွေးကာ စိတ်သဘောထားကောင်းမည့်ပုံရသော စစ်သည်တစ်ဦးအနားသို့ ချဉ်းကပ်၍ မေးလိုက်သည်။
"ဆရာ ခင်ဗျားတို့တပ်ထဲမှာဗိုက်နာတဲ့သူတွေရှိနေလို့လား၊ သမားတော်ရောပြပြီးပြီလား"
ဝမ်အာ့မောင် ချက်ချင်းပင်မျက်နှာပျက်သွားပြီး ငေါက်ငမ်းလိုက်သည်။
"မင်းနဲ့ ဘာဆိုင်လဲ၊ အသက်မရှင်ချင်တော့ဘူးလား၊ ဒီကနေ အခုချက်ချင်း ထွက်သွားစမ်း"
တပ်တစ်ခုလုံးရှိ လူတစ်ထောင်မှာ ဓမ္မတာကိုက်ခဲဝေဒနာ ခံစားနေရပြီး စစ်သူကြီးရှန်ကွမ်းကိုယ်တိုင်လည်း ထိုအထဲတွင် ပါဝင်နေသည်။ ဤကဲ့သို့ အရှက်ရဖွယ်ကိစ္စကို သာမန်လူတစ်ယောက်အား မည်သို့ သိခွင့်ပေးနိုင်မည်နည်း။ ကျိုးရှန်းဟူသည် ဤမျှပြင်းထန်စွာ ငေါက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ကြောက်ရွံ့စိတ်ကို အောင့်ထားပြီး ထောင်ကျခြင်း သို့မဟုတ် အရိုက်ခံရခြင်းကို ဂရုမစိုက်တော့ဘဲ ဝမ်အာ့မောင်ကို ဆက်ပြောလိုက်သည်။
"ဆရာ ကျွန်တော် မေးရတဲ့ အကြောင်းရင်းက ဒီလိုလက္ခဏာမျိုးကို အရင်က မြင်ဖူးလို့ပါ၊ ကျိုးကျားရွာက အသက်ငါးဆယ်ကျော် အဘွားကြီးတစ်ယောက် သွေးဆုံးပြီးမှ ရုတ်တရက် ဗိုက်တွေ အသည်းအသန် နာလာတာ၊ မျက်နှာတွေပြာနှမ်းပြီး တော်တော်လေး ဒုက္ခရောက်ခဲ့ရဖူးတယ်၊ အဲဒီတုန်းက ကျွန်တော်တို့ရွာက ကျိုးထောင်ဟွားဆိုတဲ့ မိန်းကလေးကသာ အဲဒီအဘွားကြီး ကိုယ်ပေါ်ကနေ ရာသီသွေးမိစ္ဆာကိုဖမ်းပေးလိုက်တာ၊ အဲဒီနောက်ပိုင်း အဲဒီနတ်ဆိုးက သူမနောက်လိုက်ပြီးခိုင်းသမျှ အကုန်လုပ်ပေးနေတာလေ၊ အခုဆရာတို့ကို ကြည့်ရတာ အဲဒီတုန်းကလိုဖြစ်နေတာနဲ့ ကျွန်တော် ဝင်ပြောမိတာပါ၊ တကယ်လို့သာ ဒါက ဓမ္မတာကိုက်တာဆိုရင် ဆယ်ပုံကိုးပုံကတော့ ကျိုးကျားရွာက အဲဒီရာသီသွေးမိစ္ဆာရဲ့ လက်ချက်ပဲဖြစ်ရမယ်"
ဝမ်အာ့မောင် ကျိုးရှန်းဟူစကားကို နားထောင်ရင်း မျက်မှောင်ကြုတ်သွားသည်။ စစ်သူကြီး ရှန်ကွမ်းနှင့် သူ့လူများကို သမားတော်တိုင်းမှ ဓမ္မတာကိုက်ခဲသည့်ဝေဒနာဟုသာ အဖြေထုတ်ခဲ့ကြသည်ပင်။
‘ယောက်ျားရင့်မာကြီးတွေမှာ ဓမ္မတာကိုက်တယ်ဆိုတာ ထူးဆန်းနေပေမဲ့၊ အခုတော့ ဒါကျိုးကျားရွာက နတ်ဆိုးတစ်ကောင်ရဲ့လက်ချက်ဆိုတာ သေချာသွားပြီ’
"ငါ့နောက် လိုက်ခဲ့"
ဝမ်အာ့မောင် ကျိုးရှန်းဟူကိုပြောလိုက်သည်။ ထို့နောက် သူတို့ကျိုးရှန်းဟူကို ရှန်ကွမ်းဟောက်ထံသို့ ခေါ်ဆောင်သွားကြသည်။ အနီးအနားရှိ ရှန်းရှောင်ဖန်း၊ ရှန်းရှောင်ခိုင်နှင့် ရှန်ထျန်ယိတို့လည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြ၏။ ရှန်းရှောင်ဖန်း မေးလိုက်သည်။
"ဆရာကြီးရှန် ရွာသားပြောသလို ဒါက တကယ်ပဲ ရာသီသွေးမိစ္ဆာရဲ့ လက်ချက်လား၊ ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ၊ အဲဒီနတ်ဆိုးက ရှန်ကွမ်းဟောက်ဘက်က လူတွေကို ပိုပြီးဗိုက်နာအောင်လုပ်ပေးလိုက်ရင် ပိုတောင်ကောင်းဦးမယ်"
ရှန်ထျန်းယိ ခေါင်းငြိမ့်ကာဆိုသည်။
"အရင်ကတည်းက ဒါက နတ်ဆိုးတစ်ကောင်ရဲ့လက်ချက်လို့ ငါသံသယရှိခဲ့တယ်၊ ဒါပေမဲ့ ဒီနတ်ဆိုးရဲ့ကျင့်စဉ်က တော်တော်မြင့်ပုံရတယ်၊ ရှန်ကွမ်းဟောက်ရဲ့ လူတစ်ထောင်ပေါ်မှာ သူ့ရဲ့ အငွေ့အသက်ကို တစ်စက်ကလေးမှရှာမတွေ့ခဲ့ဘူး"
ဤအရာမှာ ကျိုးထောင်ဟွား၏ရာသီသွေးမိစ္ဆာလက်ချက်ဖြစ်ကြောင်း သိလိုက်ရသောအခါ ရှန်ကွမ်းဟောက် သူ့လက်ထောက်ကို သူ့အားတွဲထူရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သူ ကျိုးထောင်ဟွားနှင့် အရင်ကတည်းက ပတ်သက်ဖူးသည်။ သူ့လက်မောင်းထဲမှ ကူပိုးကောင်ကို ဖယ်ရှားပေးခဲ့သူမှာလည်း သူမပင်ဖြစ်သည်။
"လာ ငါတို့ဆရာသခင်ကျိုးဆီကို သွားပြီး ကရုဏာသက်ဖို့ တောင်းပန်ကြရအောင်"
ရှန်ကွမ်းဟောက် လမ်းလျှောက်ရင်းပြောလိုက်သည်။
‘သူ ဘယ်လိုများမေ့သွားရတာလဲ၊ ကျိုးထောင်ဟွားက သူ့လက်မောင်းထဲက ကူပိုးကောင်ကိုတောင် ဖယ်ရှားပေးနိုင်ခဲ့တာပဲ၊ အခုလို ဓမ္မတာကိုက်သလိုမျိုး သူတို့ကို ဒုက္ခပေးနိုင်တာလည်း သူမပဲဖြစ်ရမယ်’
ကျိုးကျားရွာ တံခါးဝရှေ့သို့ ရောက်သောအခါ ရှန်ကွမ်းဟောက်အော်ဟစ်လိုက်သည်။
"ဆရာသခင်ကျိုး ကျွန်တော်မှားသွားပါပြီ"
***