"ဆရာသခင်ကျိုး ကျွန်တော့်ကို အရင်က ဆေးကုပေးခဲ့ဖူးတဲ့ သံယောဇဉ်လေးကို ထောက်ထားပြီး နောက်တစ်ကြိမ်လောက် ထပ်ကူညီပါ၊ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ညီအစ်ကိုတစ်ထောင်ကို ကယ်ပါဦး၊ ဆရာသခင်ကျိုး ဘယ်လောက်ပေးရမလဲ၊ စျေးသာ ပြောလိုက်ပါ"
ရှန်ကွမ်းဟောက် ဓမ္မတာ၏ကိုက်ခဲမှုဝေဒနာကို ခံစားနေရဆဲဖြစ်သော်လည်း နာကျင်မှုကို သည်းခံကာ တံတိုင်းအောက်မှ အော်ဟစ်နေသည်။ နှစ်ကြိမ်ခန့် အော်ပြီးနောက် သူ့လက်ထောက်ကိုဆက်အော်ခိုင်းလိုက်သည်။ သူ ကျိုးထောင်ဟွားထံမှ ကရုဏာသက်ရန်သာ တောင်းပန်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် ရွာလူကြီးမှာလည်း တံတိုင်းပေါ်၌ရပ်နေပြီး ဒေါသတကြီး ဆဲရေးလိုက်၏။
"ဒီနေ့က ဘာနေ့လဲဟ၊ ဘာလို့ ဒီလောက် အရှက်မရှိတဲ့လူတွေ များနေရတာလဲ"
သူ ကျိုးထောင်ဟွားကို ဦးစွာပြောလိုက်သည်။
"ထောင်ဟွား သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်နဲ့၊ သူ့ကိုလုံးဝမကယ်ရဘူးနော်"
ထို့နောက် ရွာလူကြီး တံတိုင်းပေါ်မှ အောက်သို့ လှမ်းဆဲလိုက်သည်။
"မင်းကိုကယ်ပြီးရင်ရော ငါတို့ရွာကိုမြားတွေနဲ့ချိန်ပြီး ရွာလုံးကျွတ်သတ်ပစ်ဦးမှာလား၊ ငါပြောမယ် လုံးဝမဖြစ်နိုင်ဘူး"
ရွာလူကြီး စကားအဆုံးတွင် ရှန်ကွမ်းဟောက်မျက်နှာမှာပို၍ပြာနှမ်းသွားသည်။ ယခုအချိန်တွင် သူအလွန် နောင်တရနေမိသည်။ မြားများသုံးရန် အမိန့်ပေးခဲ့သည်မှာ တကယ့်အမှားမှန်း သူ ကြိုသိခဲ့သင့်သည်။ ရှန်းရှောင်ဖန်းနှင့် အခြားသူများမှာ ရှန်ကွမ်းဟောက်ထံမှ မည်သည့်အကျိုးအမြတ်မှ မရလိုက်သဖြင့် တိတ်တဆိတ် ရယ်မောနေကြ၏။
သို့သော်လည်း နှစ်ဖက်စလုံးတွင် ဒဏ်ရာရသူများနှင့် ဖျားနာသူများရှိကြောင်း သတင်းမှာ အလျင်အမြန် ပြန့်နှံ့သွားပြီး အခြားသော မြို့စားခုနစ်ဦးကိုပါ ကျိုးကျားရွာအပေါ် အလွန်သိချင်စိတ်ပြင်းပြသွားစေသည်။ လူတိုင်းက ကျိုးကျားရွာကို စတင်အာရုံစိုက်လာကြ၏။ ကျင်းဖန်မြို့မှ ရှန်ကွမ်းမိသားစုက တပ်ဖွဲ့ဝင်တစ်သောင်းစေလွှတ်လိုက်ကြောင်းကြားရသောအခါ လုံအန်းမြို့စားရှန်းလည်း နောက်ထပ်တပ်ဖွဲ့ဝင် တစ်သောင်းကို ချက်ချင်းထပ်မံစေလွှတ်လိုက်သည်။
‘ဘာပဲဖြစ်ဖြစ် ရှန်ကွမ်းမိသားစုထက်တော့ တပ်အင်အားမနည်းစေရဘူး’
တပ်များကို ဦးဆောင်လာသူမှာ စစ်သူကြီးရှန်းဖန်းဖြစ်သည်။ ရှန်းဖန်းသည် မြို့စားရှန်း၏အလွန် အားထားရသော စစ်သူကြီးတစ်ဦးဖြစ်ပြီး မြို့စားရှန်းနှင့် မိသားစုခွဲတစ်ခုတည်းမှ ဆင်းသက်လာသူဖြစ်သည်။ ထိုမိသားစုခွဲတွင် ထူးချွန်သောမျိုးဆက်သစ်များ သိပ်မရှိသော်လည်း မြို့စားရှန်း၏နောက်သို့လိုက်ရင်း ကောင်းမွန်သောဘဝကို ရရှိနေကြသည်။ အေးစက်စက်လေပြင်းများ တိုက်ခတ်နေပြီး ဆယ့်နှစ်လမြောက်သို့ပင် ရောက်ရှိနေပြီဖြစ်ရာ နှစ်သစ်ကူးရန် များစွာမလိုတော့ပေ။ ရွာအပြင်ဘက်ရှိ တပ်ဖွဲ့ဝင်အရေအတွက်မှာမူ လျော့ကျမသွားဘဲ ပို၍ပင်များပြားလာသည်။
ရှန်းမင် ကျိုးထောင်ဟွားကို တံတိုင်းပေါ်သို့ တွဲတင်ပေးကာ အပြင်ဘက် အခြေအနေအား စစ်ဆေးကြည့်လိုက်သည်။ ရွာအပြင်ဘက်တွင် တဲများပိုမိုများပြားလာ၏။ သူတို့တဲအရောင်များကို ကြည့်ခြင်းအားဖြင့် လူသုံးအုပ်စုရှိနေကြောင်းသိနိုင်သည်။ လုံအန်းမှ ရှန်းမိသားစု၊ ကျင်းဖန်မှ ရှန်ကွမ်းမိသားစုနှင့် ချင်းလန်မှဟန်မိသားစုတို့ပင်။ ရှန်ကွမ်းဟောက် တံတိုင်းပေါ်ရှိအခြေအနေကို စောင့်ကြည့်နေခဲ့ရာ ကျိုးထောင်ဟွား ပေါ်လာသည်ကိုမြင်သည်နှင့် ချက်ချင်းလှမ်းခေါ်လိုက်သည်။
"ဆရာသခင်ကျိုး ကျေးဇူးပြုပြီး ကရုဏာထားပါဦး၊ ကျွန်တော်တကယ်ကို မခံနိုင်တော့လို့ပါ၊ ငွေဘယ်လောက်လိုချင်လဲ ဒါမှမဟုတ် ဘာလိုချင်လဲဆိုတာသာ ပြောလိုက်ပါ၊ ဆရာသခင်ကျိုး ပါးစပ်ဟလိုက်တာနဲ့ ကျွန်တော်တတ်နိုင်သမျှအကုန်လုပ်ပေးပါ့မယ်"
ရှန်ကွမ်းဟောက်၏ ချိုသာသောစကားများကိုကြားရသောအခါ ရွာလူကြီးမှာ ကျိုးထောင်ဟွားကို အရင်ဆုံးသတိပေးလိုက်သည်။
"ထောင်ဟွား ဒီကောင်လေးရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမထောင်နဲ့၊ အခုအချိန်မှာ သူကဓမ္မတာလာတဲ့ဝေဒနာကို ခံစားနေရလို့သာရယ်၊ သူဗိုက်နာတာ ပျောက်သွားတာနဲ့ ငါတို့ရွာကို ဘယ်လို ပြန်ကလဲ့စားချေမလဲဆိုတာ ဘယ်သူသိမှာလဲ၊ အခု အပြင်ဘက်မှာ လူနှစ်သောင်းကျော် ရှိနေတယ်၊ သူတို့သာ ပြန်ကောင်းသွားရင် ငါတို့ရွာအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်လာလိမ့်မယ်"
ထို့နောက် ရွာလူကြီးအောက်သို့လှမ်းဆဲလိုက်သည်။
"မင်း လူလိမ်ကောင် အချိန်ဖြုန်းမနေဖို့ ငါ အကြံပေးပါရစေ၊ လုံးဝ မဖြစ်နိုင်ဘူး၊ ထောင်ဟွား ဒူးရင်းသီးနတ်ဆိုးကို လွှတ်ပြီး အနံ့အသက်ဆိုးတွေနဲ့ သူတို့ကို မောင်းထုတ်လိုက်စမ်းပါ၊ ဒါမှသူတို့ ရွာတံခါးဝကိုလာပြီး ခဏခဏပြဿနာမရှာနိုင်မှာ"
ဒူးရင်းသီးနတ်ဆိုးမှာ ဘေးတွင်ရပ်နေသည်။ လူသားအဖြစ် အပြည့်အဝ ဖန်ဆင်းထားသော ဒူးရင်းသီးနတ်ဆိုးသည် ရွာလူကြီးဘက်သို့ ချက်ချင်းလှည့်ကာ ပြောလိုက်သည်။
"ဘိုးဘိုး ကျွန်မမှာနာမည်ရှိနေပြီနော်၊ အစ်မကျိုးက ကျွန်မကိုကျန်းလျိုလို့ နာမည်ပေးထားတယ်"
ကောင်မလေးနှုတ်ခမ်းဆူနေသည်ကို မြင်သောအခါ ရွာလူကြီး ချက်ချင်းချော့လိုက်သည်။
"အေးပါကွာ အေးပါ ကျန်းလျိုရယ်"
ရွာလူကြီး သူမကိုချစ်ခင်ရခြင်းမှာ သူမသည် ကျိုးထောင်ဟွား၏အစေခံဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူသည်သူမကိုလည်း အထူးသဘောကျ၏။ ကျိုးထောင်ဟွား ကျန်းလျိုကိုလက်ဟန်ပြလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် ကျိုးကျားရွာတစ်ခုလုံး အနံ့အသက်ဆိုးများ ဖုံးလွှမ်းသွားတော့သည်။ ထိုအနံ့ဆိုးကြီးမှာ ခြောက်မိုင်ပတ်လည်ထိ ပြန့်နှံ့သွားရာ ရှန်း၊ ရှန်ကွမ်းနှင့် ဟန်မိသားစုတို့၏တပ်ဖွဲ့များမှာ မနေ့ညကစားထားသော ညစာများကိုပင်ပြန်အန်ချင်လာကြသည်။ ရှန်းနှင့် ရှန်ကွမ်းမိသားစုတို့မှာ ဤအနံ့ဆိုးကို အရင်ကခံဖူးသော်လည်း ဟန်မိသားစု၏တပ်ဖွဲ့များအတွက်မူ ပထမဆုံးအကြိမ်ဖြစ်သည်။ အချို့စစ်သားများဆိုလျှင် တကယ်ကိုအန်ကုန်ကြ၏။
"ဘုရားရေ ကျိုးကျားရွာက ဘယ်လိုလုပ်ပြီး ဒီလောက် နံစော်နေရတာလဲ၊ အနံ့က တအားဆိုးတာပဲ"
အရင်က ကျိုးကျားရွာအကြောင်း ကောလာဟလများကို ကြားဖူးစဉ် သူတို့ ချဲ့ကားပြောနေသည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော် ကိုယ်တိုင်ကြုံတွေ့ရသောအခါမှ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရတော့သည်။ ရှန်ကွမ်းဟောက်နှင့် သူ့လက်ထောက်နှစ်ဦးမှာ အနီးဆုံးတွင်ရှိနေရာ ရွာတံခါးဝမှ အနံ့ဆိုးများထဲသို့ ပြေးဝင်သလိုဖြစ်သွားရာ သူတို့ကို သေမတတ်ဖြစ်စေသည်။ သို့သော်လည်း ရှန်းဖန်းသည် အဝေးရှိ တံတိုင်းပေါ်မှ ရှန်းမင်၏မျက်နှာပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။
‘ဒီလူကို ဘာလို့ဒီလောက် ရင်းနှီးနေရတာလဲ’
သူ ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့ကို ထိုဘက်သို့ကြည့်ရန် အမြန်ခေါ်လိုက်သည်။
"သူ့ကို ကြည့်စမ်း၊ ငါတို့တစ်နေရာရာမှာ ဆုံဖူးတယ်လို့ မထင်ဘူးလား"
ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့မှာ သူ မည်သည်ကိုပြောနေမှန်း လုံးဝနားမလည်ဘဲ ဇဝေဇဝါ ဖြစ်သွားကြသည်။ ရှန်းဖန်းမှာမူ သူ၏မှန်းဆချက်အပေါ် အလွန် ယုံကြည်မှု ရှိနေသည်။ သူ အဝေးမှရှန်းမင်ကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ ထို့နောက် သူရှန်ထျန်းယိကို ပြောလိုက်၏။
"ဆရာကြီးရှန် အဲဒီလူနဲ့ ကျွန်တော်ရဲ့ကြားမှာ တစ်ခုခုပတ်သက်မှုရှိနေတယ်လို့ ထင်လား၊ ဥပမာ သွေးသားတော်စပ်တာမျိုးလေ"
ရှန်းရှောင်ဖန်း မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"မင်း ဆိုလိုတာက သူကမင်းနဲ့ ဆွေမျိုးတော်တယ်ပေါ့၊ မင်းအမေဘက်ကလား၊ ဒါပေမဲ့ သူကမင်းအမေဘက်က ဆွေမျိုးဆိုရင်တောင် ကျိုးကျားရွာကိုဘယ်လိုရောက်နေတာလဲ၊ ရှန်းဖန်းရဲ့အမေက လုံအန်းမြို့က ကုန်သည်တစ်ယောက်ရဲ့ သမီးလေ၊ သူ့မှာဒီလို မောင်လေးတစ်ယောက်ရှိတယ်လို့ ငါတစ်ခါမှမကြားဖူးပါဘူး"
ရှန်ထျန်းယိမှာ အစပိုင်းတွင် သူ့စကားကြောင့်ရှုပ်ထွေးသွားသည်။ သို့သော် ရှန်းဖန်း၏တွေးခေါ်မှုအတိုင်း ရှန်းမင်မျက်နှာကို ထပ်မံကြည့်ရှုလိုက်သောအခါ သူတို့နှစ်ဦးမှာ အမှန်တကယ် သွေးသားတော်စပ်ကြောင်း အံ့သြဖွယ်တွေ့ရှိလိုက်ရ၏။ ရှန်ထျန်းယိ သူ့အံ့သြမှုကို ထိန်းချုပ်ကာ ပြောလိုက်သည်။
"သူလည်း ရှန်းမိသားစုဝင်ပဲ၊ မင်းရဲ့ရှန်းမျိုးနွယ်စုဝင်တစ်ယောက်ပဲ"
"ဟမ်"
"!!!!"
ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့မျက်လုံးများ တဖြည်းဖြည်းပြူးကျယ်လာ၏။
‘ရှန်းမိသားစုဝင် တစ်ယောက်’
‘သူက ဘယ်လိုလုပ်ကျိုးကျားရွာမှာရှိနေရတာလဲ’
မူလက ကျိုးကျားရွာသားဖြစ်ခဲ့သည့် သားအဖနှစ်ဦးအား ရွာမှမောင်းထုတ်လိုက်သည်ကို သူတို့ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ဤနေရာသည် ကျိုးကျားရွာသား မဟုတ်သူများကို လက်ခံမည့်နေရာ မဟုတ်ပေ။ ထို့ကြောင့် ရှန်းမင်သည် ကျိုးကျားရွာသား အမှန်တကယ်ဖြစ်ကြောင်းနှင့် ရှန်ထျန်းယိနှင့် ရှန်းဖန်းတို့သာမှားယွင်းနေကြောင်း သူတို့ပိုသေချာသွားသည်။ ရှန်းရှောင်ဖန်း အကြံပေးလိုက်၏။
"ရှန်းဖန်း အရမ်း မတွေးပါနဲ့၊ သူ့လို သာမန်ရွာသားတစ်ယောက်က မင်းနဲ့ ဘယ်လိုလုပ်တူပါ့မလဲ"
သို့သော် ရှန်းရှောင်ခိုင်မှာမူ အခြားအတွေးတစ်ခု တွေးမိသွားသည်။
"အဲဒီလူကလည်း ရှန်းမျိုးရိုးပဲဆိုရင် ဆွေမျိုးတော်စပ်ကြောင်းပြောပြီး ငါတို့ ကျိုးကျားရွာထဲ ဝင်လို့ရနိုင်မလား"
ထိုအချိန်တွင် ရှန်းဖန်းနှင့် ရှန်ထျန်းယိတို့ တစ်ပြိုင်နက်တည်း စကားပြောလိုက်ကြသည်။ ရှန်ထျန်းယိ လေးနက်စွာပြောလိုက်၏။
"ငါ လုံးဝ မမှားနိုင်ဘူး၊ သူကစစ်သူကြီးရှန်းဖန်းနဲ့ ဆွေမျိုးတော်စပ်တယ်၊ ရှန်းမျိုးနွယ်စုရဲ့ သွေးသားပဲ"
ရှန်းဖန်း မျက်လွှာချကာအချိန်အတော်ကြာမှ စကားဆိုလိုက်သည်။
"ဆရာကြီးရှန်ပြောတာ မှန်ပါတယ်၊ ဒီလူက တကယ်ကို ငါတို့မျိုးနွယ်စုကလူတစ်ယောက်နဲ့ အရမ်းတူတယ်၊ အရင်တုန်းက ရှန်းမိသားစုခွဲမှာ ဖခင်ရဲ့မောင်းထုတ်ခြင်း ခံရတဲ့ စွန့်ပစ်ခံသားတစ်ယောက်ရှိခဲ့ဖူးတယ်၊ ဆယ်စုနှစ်တွေကြာသွားပြီး သူ့မိသားစုဘယ်ရောက်သွားလဲ ဘယ်သူမှမသိကြဘူး၊ အခုကြည့်ရတာ သူတို့ဒီမှာ အခြေချနေထိုင်သွားတာဖြစ်ဖို့ အရမ်းများတယ်"
ရှန်းဖန်းစကားပြောနေရင်း သူ့မျက်လုံးများ ရုတ်တရက်အရောင်လက်လာပြီး အော်ပြောလိုက်သည်။
"ငါ မြို့စားဆီကိုသတင်းပို့ချင်တယ်"
***