ရှန်းရှောင်ဖန်းနှင့် ရှန်းရှောင်ခိုင်တို့မှာ နားမလည်နိုင်ဖြစ်ကာ မေးလိုက်ကြ၏။
"ဘာတွေဖြစ်နေတာလဲ"
သူ့မျက်နှာထားကိုကြည့်ရသည်မှာ ကောင်းသည့်ကိစ္စတစ်ခုခုဖြစ်လာတော့မည့်ပုံပေါ်နေသည်။ ရှန်းဖန်းလျှို့ဝှက်စွာ ပြုမူနေပြီး ထိုနှစ်ယောက်အား မည်သည်ကိုမှမပြောပြဘဲ စာတစ်စောင်သွားရေးလေသည်။ သို့ရာတွင် ရှန်းရှောင်ဖန်း၊ ရှန်းရှောင်ခိုင်နှင့် ရှန်ထျန်းယိတို့သည် သူ့အနောက်မှလိုက်သွားကာ သူရေးထားသော စာ၏အကြောင်းအရာကို ဖတ်ကြည့်ကြ၏။ ရှန်းရှောင်ဖန်း ချက်ချင်း သဘောပေါက်သွားပြီး သူ့နဖူးကိုရိုက်ကာ ရှန်းဖန်းကို ချီးကျူးလိုက်သည်။
"မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ၊ အကယ်၍ ဒါသာအလုပ်ဖြစ်ရင် ငါတို့ ကျိုးကျားရွာထဲကို အောင်အောင်မြင်မြင် ဝင်နိုင်ပြီ"
နှစ်ရက်အကြာတွင် ရှန်းကျူးဟောက် ထိုစာကိုလက်ခံရရှိခဲ့သည်။ စာထဲ၌ပါရှိသည့် အကြောင်းအရာများကို အတည်ပြုပြီးနောက် သူမျက်မှောင်ကြုတ်လိုက်၏။ ဤမျှလောက် များပြားသောအင်အားစုများသည် သေးငယ်သောကျိုးကျားရွာကို ဝန်းရံထားကြသည်ပင်။ သို့သော်လည်း သူဆက်ဖတ်ကြည့်သောအခါ သူ့မျက်နှာပေါ်တွင် တဖြည်းဖြည်းအပြုံးတစ်ခု ပေါ်လာ၏။
‘ဟက် သူတို့မှာ အခွင့်အရေးမရှိပါဘူးလေ’
ရှန်းကျူးဟောက် သူ့လူများကိုချက်ချင်းလာရန်အမိန့်ပေးလိုက်၏။ ကျိုးကျားရွာအတွင်းတွင် ရွာလူကြီးသည် ယခုအခါ ရွာ၏အောင်သွယ်တော်အဖြစ် ဆောင်ရွက်နေသောကြောင့် ထိုနေ့တွင် ကျိုးရှန်းလင်ပြန်သွားပြီး ရွာလူကြီးကို စေ့စပ်ကြောင်းလမ်းသည့် ကိစ္စအတွက် ကူညီပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရွာလူကြီး ဆက်ပြောလိုက်၏။
"အခု ရွာကိုပိတ်ထားရတဲ့အတွက် ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဆောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် တင်တောင်းငွေ ပိုပေးလိုက်ပါ၊ ပြီးတော့ မင်းဆီမှာ အနီရောင်စက္ကူရှိရင် နှစ်ထပ်ကွမ်းမင်္ဂလာစာလုံးလေးတွေ အများကြီးညှပ်ထားလိုက်၊ မင်္ဂလာဆောင်တာ စောလေကောင်းလေပဲ၊ မင်းလည်းသိတဲ့အတိုင်း မင်းရဲ့အစ်မချွန်းမေက အသက်ကြီးလာပြီလေ၊ တကယ်လို့ ငါတို့သာအချိန်ဆွဲနေမယ်ဆိုရင် သူမကလေးရနိုင်မယ့် အခွင့်အရေးတွေ နည်းသွားလိမ့်မယ်၊ မင်းတို့နှစ်ယောက်လည်း ကလေးတစ်ယောက်ရဖို့ မျှော်လင့်နေကြတယ်မဟုတ်လား"
ရွာလူကြီး စကားပြောပြီးနောက် ကျိုးရှန်းလင် ရှက်ကိုးရှက်ကန်းဖြင့် သူ့ခေါင်းကို ကုတ်လိုက်၏။ ဖြစ်နိုင်မည်ဆိုလျှင် သူသည်လည်း သူနှင့်အစ်မချွန်းမေတို့၏ ကိုယ်ပိုင်ကလေးတစ်ယောက်ကို ရရှိရန် သေချာပေါက် မျှော်လင့်မိသည်။ ရွာလူကြီး ဆက်ပြောလာ၏။
"ဒါဆိုလည်း ပြီးပြီပေါ့၊ နှစ်သစ်မကူးခင် မင်းတို့မင်္ဂလာဆောင်နိုင်အောင် နေ့ကောင်းရက်မြတ်တွက်ပေးဖို့ ထောင်ဟွားကို သွားရှာလိုက်ဦးမယ်၊ ရှန်းလင် မင်းလည်းပြန်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်တော့"
ရွာလူကြီး ကျိုးထောင်ဟွားကိုရှာရန် အလျင်အမြန် ထွက်သွားလေသည်။ ထို့ပြင် ရွာလူကြီးပြောသည်မှာလည်း မှန်ပေ၏။ နှစ်သစ်မကူးခင် ရက်တစ်ရက် ရှိနေသည်။ ထိုနေ့မှာ ဆယ့်နှစ်လပိုင်း၏ နှစ်ဆယ်ရက်နေ့ပင်။ ကျိုးရှန်းလင်နှင့် ရန်ချွန်းမေတို့ မင်္ဂလာဆောင်သောအခါ တစ်ရွာလုံးဝိုင်းဝန်းကူညီကြ၏။ ရိုးရာပွဲတော်တစ်ခုကဲ့သို့ မလုပ်နိုင်သော်လည်း မင်္ဂလာပွဲသည် စည်ကားနေဆဲပင် ဖြစ်၏။ ဗြောက်အိုးများအစား ဗုံများနှင့် မောင်းများကို တီးခတ်ကာ ပွဲတော်လေထုကို ဖန်တီးခဲ့ကြသည်။ ထိုသို့ဖြင့် ကျိုးရှန်းလင်နှင့် ရန်ချွန်းမေတို့ ဇနီးမောင်နှံ ဖြစ်လာကြ၏။ ကျိုးရှန်းလင် မင်္ဂလာဆောင်သွားသည်ကို မြင်သောအခါ ကျိန့်ရှီသည် မနာလိုမဖြစ်ဘဲမနေနိုင်ခဲ့ပေ။ သူမဘေးရှိ ကျိုးရှန့်အန်းကိုကြည့်ကာသတိထား၍ မေးလိုက်၏။
"ရှန့်အန်း မင်း သဘောကျတဲ့တခြားမိန်းကလေးတွေ မရှိဘူးလား"
ကျိုးရှန့်အန်း ယခင်ကထောင်ဟွားကို သဘောကျခဲ့ဖူးသည်ကို ကျိန့်ရှီသိထားသော်လည်း ယခုအခါ ထောင်ဟွားမှာချန်မင်နှင့် လက်ထပ်သွားပြီဖြစ်ရာ သူ တစ်သက်လုံး လူပျိုကြီးဖြစ်နေ၍မရပေ။ ကျိုးရှန့်အန်း ထောင်ဟွားကြောင့် တစ်သက်လုံး လူပျိုကြီးဖြစ်နေမည်ကို ကျိန့်ရှီစိုးရိမ်နေစဉ်မှာပင် ကျိုးရှန့်အန်းမှ ကျိန့်ရှီကို ရုတ်တရက်ပြောလိုက်သည်။
"အမေ မနက်ဖြန် ရွာလူကြီးအိမ်ကိုသွားပြီး စေ့စပ်ကြောင်းလမ်းတဲ့ကိစ္စကိုကူညီပေးပါဦး"
ကျိန့်ရှီ၏စိတ်နှလုံးတစ်ခုလုံး ကျိုးရှန့်အန်းအပေါ်တွင်သာ အာရုံစိုက်နေပြီး သူ အဝေးသို့ စူးစိုက်ကြည့်နေသည်ကို သူမ သတိမထားမိခဲ့ပေ။ ထိုနေရာတွင် အဒေါ်ကြီးများစွာ ကျိုးရှင်းဟွာဘေးတွင်ရပ်နေကြပြီး သူတို့တစ်ဦးစီတွင် အရွယ်ရောက်နေပြီဖြစ်သော သားများရှိကြသည်။
"ဟင်"
ကျိုးရှန့်အန်း၏ရုတ်တရက်ပြောလိုက်သောစကားကြောင့် ကျိန့်ရှီလန့်ပြီးအော်လိုက်ရာ ပတ်ဝန်းကျင်ရှိ ရွာသားများ၏ အာရုံစိုက်မှုကို ချက်ချင်းရသွားလေ၏။ ကျိန့်ရှီ လူအုပ်ထံရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြပြီး ပြောလိုက်သည်။
"ငါ စိတ်လွင့်သွားပြီး ချော်လဲမလို့ဖြစ်သွားလို့ အော်လိုက်တာပါ"
လူတိုင်း သူမကိုမကြည့်ကြတော့သည့်အခါ သူမကျိုးရှန့်အန်းကို လူရှင်းသောနေရာသို့ ဆွဲခေါ်သွားလေ၏။ ထို့နောက် သူမ မေးလိုက်သည်။
"မင်းခုနက ဘာပြောလိုက်တာလဲ၊ စေ့စပ်ကြောင်းလမ်းတဲ့ကိစ္စကိုကူညီပေးဖို့ အမေ့ကိုပြောလိုက်တာလား၊ ဘယ်မိသားစုက သမီးလဲ၊ အမေတို့ ကျိုးကျားရွာကပဲလား"
အကယ်၍ အခြားရွာမှမိန်းကလေးဆိုလျှင် ရွာတံခါးများဖွင့်သည်ထိ စောင့်ရမည် ဖြစ်သည်။
"အမေ ကျိုးအိမ်ဟောင်းက ရှင်းဟွာပါ"
"ကျိုးရှင်းဟွာလား"
ကျိန့်ရှီ အလွန်ဝမ်းသာသွား၏။
‘ ဒါသူတို့ရွာက မိန်းကလေးမဟုတ်ပါလား’
ထိုစဉ်က သူမရှန့်အန်းသည် ကျိုးရှင်းဟွာ၏အသက်ကိုပင် ကယ်တင်ခဲ့ဖူးသေးသည်။ သို့သော်လည်း ထိုအချိန်ကကျိုးရှင်းဟွာသည် မြို့နယ်မှလူငယ်တစ်ဦးနှင့် စေ့စပ်ထားပြီး ကျိုးစန်းရှီနှင့်သူ့ဇနီးတို့မှာ ကျိုးရှင်းဟွာ၏ဂုဏ်သိက္ခာကို စိုးရိမ်သောကြောင့် မည်သူ့ကိုမှမပြောရန် ရှန့်အန်းကိုအထူးမှာကြားခဲ့ကြသည်။ နောက်ပိုင်းတွင် ကျိုးရှင်းဟွာအတော်လေး ဒုက္ခရောက်ခဲ့ပြီး ထိုလူငယ်ကြောင့် အသက်ပင်ဆုံးရှုံးရမလိုဖြစ်ခဲ့၏။ မြို့မှလန်သခင်လေးသည် ကျိန်စာသင့်နေခြင်းပင်။ ဤရွာသူလေးနှင့်စေ့စပ်ခြင်းမှာ သူ့မိခင်၏အကြံအစည်မျှသာဖြစ်ပြီး သူမအသက်ကိုအသုံးပြု၍ သူ့ကိုကယ်တင်ရန် ကြံစည်မှုတစ်ခုဖြစ်သည်။
နောက်ဆုံးတွင် ကျိုးအိမ်ဟောင်းမှလူများသည် လန်မိသားစု၏ ပူးပေါင်းကြံစည်မှုကို သိရှိသွားကြပြီး ရွာလူကြီး၊ ဆွေမျိုးစုခေါင်းဆောင်တို့နှင့်အတူ လန်မိသားစုကို စေ့စပ်ထားခြင်းအား ဖျက်သိမ်းဖို့တောင်းဆိုရန် မြို့သို့သွားခဲ့ကြပြီး ယခုဆိုလျှင်လန်မိသားစုကိုမြို့တွင်မတွေ့ရတော့ကြောင်းပြောကြသည်။ ထိုအချိန်မှစ၍ ကျိုးရှင်းဟွာ၏အိမ်ထောင်ရေးသည် ကြန့်ကြာနေခဲ့၏။ ခုနက လူအုပ်ထဲတွင်ကျိုးရှင်းဟွာကို သူမနှင့်ရင်းနှီးသော ရွာသူအချို့နှင့်အတူတွေ့ခဲ့ရသည်အား ကျိန့်ရှီမှတ်မိသွားသည်။ ကျိန့်ရှီ ကျိုးရှန့်အန်းကို ချက်ချင်းပင် မေးလိုက်၏။
"မင်း တကယ်ပဲရှင်းဟွာကို လက်ထပ်ချင်တာလား"
ကျိုးရှန့်အန်း ခေါင်းညိတ်သည်ကိုမြင်သောအခါ သူမသည် ရွာလူကြီးကိုရှာရန် အပြေးအလွှားသွားလိုက်သည်။ အကယ်၍ သူမသာနောက်ကျသွားပါက အခြားတစ်ယောက်ယောက်မှ သူမကို ကျော်တက်သွားမည်အား စိုးရိမ်သောကြောင့်ဖြစ်သည်။ ဤသည်ကား ရှန့်အန်း၏မိန်းကလေး ရွေးချယ်မှုတွင် ဒုတိယမြောက်ဖြစ်သည်။ သူယခင်က ထောင်ဟွားကို အရမယူနိုင်ခဲ့သော်လည်း ရှင်းဟွာကိုမူ အရယူနိုင်ရန် သန္နိဋ္ဌာန်ချထား၏။ ဤအခိုက်အတန့်တွင် ကျိုးရှင်းဟွာတစ်ခုခုကို ခံစားလိုက်ရသကဲ့သို့ သူမခေါင်းကို ဤဘက်သို့လှည့်ကြည့်လိုက်ရာ သူမမျက်လုံးများသည် ကျိုးရှန့်အန်း၏ မျက်လုံးများနှင့် ဆုံသွားသည်။ ကျိုးရှန်းလင်နှင့် ရန်ချွန်းမေတို့မှာ အလွန်တရာဝမ်းသာနေကြ၏။ ရွာသားအချို့သည် ကျိုးရှန်ဟူနှင့် သူ့သားတို့ ရွာနှင့်မဝေးသောနေရာတွင် တစ်စုံတစ်ယောက်အတွက်ဟင်းချက်ပေးနေသည်အားတွေ့လိုက်ရ၍ သတင်းကောင်းကို ထိုသားအဖအား ကြင်နာစွာမျှဝေခဲ့ကြသည်။
ကျိုးရှန်ဟူမျက်နှာမှာ ဖြူလျော့သွားပြီးနောက် နီရဲလာသည်။ ကျိုးကျားရွာထံသို့ သူလှည့်ကြည့်လိုက်ပြီး အပြေးအလွှားသွားကာ ရွာတံခါးများကို ချိုးဖျက်၍ ဖောက်ပြန်နေသော စုံတွဲကို ကောင်းကောင်း ရိုက်နှက်ပစ်ချင်စိတ်မှလွဲ၍ အခြားမည်သည့်အရာမှမရှိတော့ပေ။ ရွာတံတိုင်းပေါ်ရှိ ရွာသားများမှာ မီးလောင်ရာလေပင့် ဆက်လုပ်နေကြသည်။
"ဟုတ်တယ်၊ ရှန်းလင်က ချွန်းမေကို လက်ထပ်ဖို့ တင်တောင်းငွေတေးနှစ်ဆယ်ပေးခဲ့တယ်၊ သူမကိုဒုက္ခမခံစေရဘူးလို့ ပြောတယ်လေ၊ သူတို့ဘယ်လောက်တောင် ရက်ရောလဲကြည့်အုံး၊ ပြီးတော့ ဒီနေ့သူတို့ငါတို့ကိုတိုက်တဲ့ လက်ဖက်ရည်ကလည်း လင်မယားနှစ်ယောက် အတူတူလုပ်ထားတာလေ၊ သူတို့က တကယ့်ကိုလိုက်ဖက်တဲ့စုံတွဲပဲ"
အခြားရွာသားတစ်ဦးမှ ဖြည့်စွက်ပြောလိုက်သည်။
"အမြဲတမ်း ဒေါသထွက်နေပြီး အရာအားလုံးကို ညည်းညူနေတတ်တဲ့ ပြီးတော့ ကိုယ့်မိန်းမကို ဘယ်လိုမြတ်နိုးရမလဲဆိုတာမသိတဲ့ သားအဖတချို့နဲ့တော့ မတူဘူး၊ အခုတော့ သူတို့က ဆောင်းတွင်းကြီးမှာ အနောက်မြောက်လေကိုအံတုပြီး အပြင်မှာရောက်နေကြတာပဲ"
ကျိုးရှန်ဟူနဖူးပေါ်တွင် သွေးကြောများ ထောင်ထလာသည်။ ကျိုးကျားရွာမှ လူများက သူ့ကိုတမင်တကာရန်စရန် ကြိုးစားနေကြသောကြောင့် သူဒေါသထွက်နေ၏။ သူငြင်းပယ်ခဲ့သော အမျိုးသမီးသည် အခြားသူတစ်ဦးလက်ထဲတွင် ရတနာတစ်ခုဖြစ်လာသည်ကို သူ ပို၍ပင်ဒေါသထွက်မိသည်။ သူတို့စကားကိုကြားသောအခါ ကျိုးယွဲ့ဖေးနေရာမှာတင် အေးခဲသွား၏။ သူကျိုးရှန်ဟူ၏အင်္ကျီလက်စကိုဆွဲကာ မေးလိုက်သည်။
"အမေက နောင်ကျရင်နောက်ထပ်သားတစ်ယောက် ရလာဦးမလား"
ကျိုးရှန်ဟူကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေဆဲဖြစ်ပြီး သူ့ကိုနှစ်သိမ့်ပေးရန်စိတ်မပါတော့ပေ။ ဤအခိုက်အတန့်တွင် ကျိုးရှန်ဟူသည် နောင်တတရားများဖြင့် ပြည့်နှက်နေ၏။ ဤသို့ဖြစ်မည်ကို သူသိခဲ့ပါက အစကတည်းမှ ရန်ချွန်းမေကို ကွာရှင်းခဲ့မည်မဟုတ်သကဲ့သို့ ကျိုးကျားရွာမှလည်း ထွက်လာခဲ့မည်မဟုတ်ပေ။ ကျိုးကျားရွာမှ ထွက်ခွာပြီးနောက် အပြင်ဘက်တွင် ငွေရှာရန်ခက်ခဲကြောင်းနှင့် အပြင်လူများနှင့်တွေ့ဆုံရန် ခက်ခဲကြောင်း သူတွေ့ရှိခဲ့ရသည်။ သူနှင့်သူ့သားနေ့စဉ် စစ်တပ်တွင် အစားအစာ တောင်းစားကြပြီး ဆောင်းတွင်းကြီး၌ ရေခဲရေဖြင့် အဝတ်လျှော်ကြရသည်။ သူတို့ မလုပ်ချင်သော်လည်းလုပ်ခဲ့ကြရ၏။
ကျိုးရှန်ဟူ ဝမ်းနည်းပူဆွေးမှုမှ နောက်ဆုံးတွင် သတိပြန်ဝင်လာသောအခါ သူ့ပတ်ဝန်းကျင်ရှိ စစ်သားများမှာ သူ့ထံအဓိပ္ပါယ်မပေါ်သော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူကျိုးယွဲ့ဖေးကို အမြန်ဆွဲထုတ်သွားပြီး ထိုအုပ်စုထံကျောခိုင်းလိုက်၏။ ကျိုးယွဲ့ဖေး မျက်ရည်များကိုသုတ်ကာ သူ့ဘေးသို့ လျှောက်သွားလိုက်သည်။ သူသည် သူ့အနောက်ရှိ ကျိုးကျားရွာ၏မြင့်မား၍ ခမ်းနားသောတံတိုင်းများကို လှည့်ကြည့်ကာ သူ့မိခင်ကိုယ်ဝန်ထပ်မရပါစေနှင့်ဟု ကောင်းကင်ဘုံသို့ တိတ်တဆိတ် ဆုတောင်းနေ၏။
"ခွပ် ခွပ် ခွပ်"
ထိုစဉ်မြင်းခွာသံများ ထွက်ပေါ်လာပြီး လူတစ်စု ချဉ်းကပ်လာသောအခါ ရှန်းဖေးသည် ရင်းနှီးသော မျက်နှာအချို့ကို ချက်ချင်းမှတ်မိသွား၏။
***