မြင်းအချို့နှင့် ရထားလုံးတစ်စီး ကျိုးကျားရွာရှေ့တွင် ရုတ်တရက် ရပ်တန့်သွား၏။ ရွာတံတိုင်းပေါ်ရှိ ရွာစောင့်များ ထိုလူများကို ကြည့်လိုက်ကြသည်။ ထိုသူများမှာ ယခင်က သူတို့တွေ့ဖူးသော စစ်သားများနှင့် လုံးဝမတူညီပေ။ သူတို့ကိုကြည့်ရသည်မှာ စစ်သားများနှင့်မတူဘဲ ချမ်းသာသောမိသားစုများမှ သခင်ငယ်လေးများနှင့် မှူးမတ်မျိုးနွယ်များကဲ့သို့ ဖြစ်နေသည်။ သူတို့သည် ပိုးထည်များကို ဝတ်ဆင်ထားကြပြီး ဆံပင်များကို ကျောက်စိမ်းဆံထိုးများဖြင့် ထုံးဖွဲ့ထားကာ ခါးတွင်လည်း အရည်အသွေးမြင့် ကျောက်စိမ်းဆွဲပြားများကို ဆွဲချိတ်ထားကြ၏။ ရှန့်အန်းသည် ပထမဆုံး မော့ကြည့်ကာ မြို့ရိုးတံတိုင်းထံသို့ အော်ပြောလိုက်သည်။
"ကျွန်တော်က လုံအန်းမြို့ ရှန်းမျိုးနွယ်စုက ရှန်းအန်းပါ၊ ဒီနေ့ ခင်ဗျားတို့ရွာကရှန်းမင်နဲ့တွေ့ဖို့ လာခဲ့တာပါ"
ထိုစကားကိုကြားသောအခါ မြို့ရိုးပေါ်ရှိ ရွာစောင့်များသည် ထိုလူကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ သူ့နာမည်မှာ ရှန်းအန်းဖြစ်ပြီး ရှန်းမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည်။
‘သူက ဘာကိုရှာနေတာပါလိမ့်’
ခေတ္တမျှကြာသောအခါ ရွာသားအချို့စိတ်ထဲတွင် ခန့်မှန်းချက်အချို့ရှိလာကြ၏။
‘သူက ရှန်းမင်ရဲ့ဆွေမျိုးများဖြစ်နေမလား’
ရှန်းမင်၏ကိစ္စများ မနှောင့်နှေးစေရန်အတွက် ရွာသားတစ်ဦးမှာမြို့ရိုးပေါ်မှ အောက်သို့အော်ပြောလိုက်သည်။
"ခဏလောက် စောင့်ပါဦး၊ ကျုပ်ရှန်းမင်ကို သွားခေါ်ပေးပါ့မယ်"
ရှန်းမင်မှာ ရွာထဲတွင် အတော်လေး နာမည်ကြီးပြီး သူသည် ရှန်းမင်၏ကိစ္စဖြစ်သောကြောင့် လူတိုင်းမှာ အထူးတလည် ဂရုစိုက်ကြသည်။ ကျိုးကျားရွာအပေါ်တွင် ကင်းလှည့်နေသော ပိုးဖလံနတ်ဆိုးများသည် ထိုလူစုမှရှန်းမင်ကို လာတွေ့ခြင်းဖြစ်ကြောင်း ကြားသောအခါ ရှန်းမိသားစုထံသို့ ချက်ချင်း ပျံသန်းသွားကြ၏။ ရှန်းမင်နှင့် ကျိုးထောင်ဟွာတို့ မြို့ရိုးပေါ်သို့ အတူလျှောက်သွားကြသည်။ လမ်းတွင်ရွာသားတစ်ဦးမှ မေးလိုက်၏။
"ရှန်းမင် မင်းတို့ ရှန်းမိသားစုကချမ်းသာတဲ့ ဆွေမျိုးတစ်ယောက် လာလည်တာများလား"
ရှန်းမင်၏မျက်နှာမှာ မှောင်မိုက်သွား၏။
"ကျွန်တော်မိဘမဲ့ဖြစ်နေတာ ဆယ်နှစ်ရှိပြီ၊ ဒီဆယ်နှစ်အတွင်းမှာ ကျွန်တော့်ဆီ လာတွေ့တဲ့သူ တစ်ယောက်ယောက်ကို ခင်ဗျားတို့ မြင်ဖူးလို့လား၊ ကျွန်တော့်အဖွား သက်ရှိထင်ရှားရှိစဉ်ကတောင် ကျွန်တော့်မှတ်ဉာဏ်ထဲမှာ ရှန်းမိသားစုက ဆွေမျိုးတစ်ယောက်မှလာမလည်ခဲ့ဖူးဘူး"
ဤအချိန်တွင် ရှန်းမင်သည် ရှန်းမျိုးနွယ်စုမှ ရုတ်တရက် ရောက်ရှိလာခြင်းအား သံသယဖြစ်နေပြီး ပို၍ပင်သတိထားနေမိသည်။ ဤကဲ့သို့ အရေးကြီးသော အချိန်ကာလတွင် သူတို့ရောက်လာခြင်းမှာ ကျိုးကျားရွာကြောင့်ဖြစ်နိုင်သည်ဟု သူ ခံစားနေရ၏။ ရွာသားမှ ဆက်ပြောလာသည်။
"ရှန်းမင် သူတို့ထဲကတစ်ယောက်က မင်းနဲ့ အတော်လေးတူနေတာကို ငါသတိထားမိတယ်၊ ပြီးတော့ နောက်တစ်ယောက်ကလည်း မင်းရဲ့အဖေနဲ့နည်းနည်းတူတယ်"
ရှန်းမင် မျက်မှောင်ကြုတ်လိုက်သည်။
‘သူနဲ့တူတယ်’
‘တကယ်ပဲ ရှန်မိသားစုကဆွေမျိုးတွေလား’
ရှန်းမင် မြို့ရိုးပေါ်၌ပေါ်လာပြီး အောက်သို့ကြည့်လိုက်သောအခါ ရှန်းအန်း၊ ရှန်းကျုံးလဲ့နှင့် ရှန်းရုံတို့ကို ချက်ချင်းပင်မြင်လိုက်ရသည်။ သူတို့သုံးယောက်သည် မျိုးဆက်သုံးဆက်လုံး သူ့မိသားစုနှင့်တူနေပုံရ၏။ ရှန်းအန်းမှာ ရှန်းမင်ကိုမြင်လိုက်ရပြီး တစ်ချက်ကြည့်ရုံဖြင့် သူ့ကို မှတ်မိသွားသည်။ ထို့နောက် ရှန်းအန်း အော်ခေါ်လိုက်၏။
"ညီလေး မင်းကရှန်းမင် မဟုတ်လား၊ ငါ့နာမည်က ရှန်းအန်းပါ၊ လုံအန်းကနေ လာခဲ့တာ၊ ငါတို့ ဘယ်လောက်တူသလဲဆိုတာ မင်းသတိထားမိမှာပါ၊ ငါတို့နှစ်ယောက်တင်မကဘူး၊ ငါ့အဖေနဲ့ ငါ့အဘိုးကလည်း မင်းရဲ့အဖေ၊ အဘိုးတို့နဲ့တူနေမှာပဲ မဟုတ်လား၊ ဒါက ငါတို့တွေ ရှန်းမိသားစုရဲ့သွေးသားအရင်းအချာတွေဖြစ်နေလို့ပဲ၊ မင်းရဲ့အဘိုးနဲ့ ငါ့အဘိုးက ညီအစ်ကိုတွေဆိုတော့၊ မင်းနဲ့ငါကလည်း ညီအစ်ကိုတွေပဲပေါ့၊ ညီလေး မြို့ရိုးတံခါးလေးဖွင့်ပေးပါဦး၊ အထဲဝင်ပြီး စကားပြောကြရအောင်၊ ငါ့အဖေ အဘိုးနဲ့ ငါကမင်းအတွက် လက်ဆောင်တွေယူလာခဲ့တယ်၊ မင်းလည်း အခုဆိုအိမ်ထောင်ကျနေလောက်ပြီမဟုတ်လား၊ မင်းရဲ့ဇနီးအတွက်လည်း ငါ့ဇနီးကကိုယ်တိုင်ပြင်ဆင်ပေးလိုက်တဲ့ လက်ဆောင်တချို့ ယူလာခဲ့သေးတယ်"
ရှန်းအန်း ရှန်းမင်ကိုစကားပြောရင်း ပြုံးပြလိုက်လေ၏။ ရွာစောင့်များအားလုံးသည် ရှန်းမင်ထံသို့ လှမ်းကြည့်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရှန်းမင်၏ဆွေမျိုးအစစ်ဖြစ်နေသောကြောင့်ပင်။ မလှမ်းမကမ်းတွင် ရှန်းဖန်း ရှန်းအန်းတို့ရှိရာဘက်သို့ စောင့်ကြည့်နေသည်။ သစ်ပင်အနောက်တွင်ရပ်နေသော ရှန်းရှောင်ဖန်း မေးလိုက်၏။
"ရှန်းဖန်း ဒီအကြံက အလုပ်ဖြစ်ပါ့မလား"
ရှန်းရှောင်ခိုင် မျက်မှောင်ကြုတ်ကာပြောလေ၏။
"ကျိုးကျားရွာက နောက်မှတံခါးတွေ တကယ်ဖွင့်ပေးရင်တောင် ငါတို့ဒီလောက်အကွာအဝေးကနေ အထဲကိုဝင်လို့ရပါ့မလား"
ရှန်းဖန်း သူ့ဘေးရှိ ရှန်ထျန်းယိကိုကြည့်ကာ ပြောလိုက်သည်။
"ဆရာသခင်ရှန် ရှိနေတယ်မလား၊ ငါတို့လို သာမန်လူနည်းနည်းလောက်ဝင်ဖို့ ကြိုးစားရင်တော့ သေချာပေါက်လူမိသွားမှာပေါ့၊ ဒါပေမဲ့ ဆရာသခင်ရှန်လုပ်ပေးရင်တော့ ကွာခြားသွားလိမ့်မယ်၊ ဘယ်သူမှ သတိမထားမိအောင် သူလုပ်နိုင်တယ်၊ ဒါ့အပြင် ဆရာသခင်ရှန်ရဲ့စွမ်းရည်တွေနဲ့ဆိုရင် ကျိုးကျားရွာက လူတိုင်းကို လက်လေးတောင်လှုပ်စရာမလိုဘဲ နှိမ်နင်းနိုင်လောက်တယ်"
ထိုသို့ပြောနေစဉ် ရှန်းဖေးမျက်လုံးများသည် မုန်းတီးမှုများဖြင့် တောက်ပနေ၏။ ဤကျိုးကျားရွာမှာ တကယ့်ကို ရက်စက်လွန်းလှသည်။ သူ့ညီအစ်ကိုများအားလုံး ပြင်းထန်သောနာကျင်မှုကို ခံစားနေရပြီး ရောင်ရမ်းမှုနှင့် နာကျင်မှုကို လျှော့ချရန်အတွက် ခူယားကောင်နတ်ဆိုး၏အဆိပ်ရည်အား အရေးတကြီးလိုအပ်နေသော်လည်း ထိုခူယားကောင်နတ်ဆိုးများ အားလုံးသည်အထဲတွင် ပုန်းအောင်းနေကြသည်။ မြို့ထဲသို့ဝင်ရောက်နိုင်သည်နှင့် ထိုခူယားကောင်နတ်ဆိုးများအားလုံးကို သုတ်သင်ရှင်းလင်းပစ်ရမည်ဖြစ်သည်။ ရွာစောင့်များအားလုံး သူ့သဘောထားကိုသိရန် ရှန်းမင်ကိုကြည့်လိုက်ကြသည်။
"ရှန်းမင် ငါအောက်ဆင်းပြီး တံခါးသွားဖွင့်ပေးရမလား"
ရှန်းမင် ထိုလူထံခေါင်းယမ်းပြလိုက်၏။ ထို့နောက် သူမြို့ရိုးပေါ်မှ အောက်သို့ ချက်ချင်းအော်ပြောလိုက်သည်။
"ကျွန်တော့်အဘိုးက ဆွေမျိုးတွေရှိတယ်လို့ ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး၊ သူ ဒီမှာအခြေချကတည်းက ဘယ်ဆွေမျိုးကိုမှမတွေ့ခဲ့ရဘူး၊ ခင်ဗျားတို့ကို အခြေအမြစ်မရှိဘဲ လာမစွပ်စွဲဖို့ အကြံပေးချင်ပါတယ်"
ရှန်းအန်း အံ့အားသင့်သွား၏။ ဤမျှ ချမ်းသာကြွယ်ဝသော ဆွေမျိုးတစ်ဦးကို ရှန်းမင် ငြင်းပယ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ရှန်းအန်းစိတ်များ ဗလာဖြစ်သွားစဉ်မှာပင် ရှန်းကျုံးလဲ့ လျင်မြန်စွာဝင်ပြောလိုက်သည်။
"ရှန်းမင် ငါတို့က ဆွေမျိုးအရင်းတွေပါ၊ ပြီးတော့ မင်းကိုတွေ့ချင်တဲ့စိတ်ကလည်း အစစ်အမှန်ပါ"
သူ ဆက်ပြောလိုက်သည်။
"မင်း ငါတို့ကိုမတွေ့ချင်ဘူးဆိုရင်လည်း ရပါတယ်၊ ငါတို့နဲ့အတူ ပြန်လိုက်ခဲ့ဖို့ပဲ အကူအညီတောင်းပါရစေ၊ ငါတို့က ရှန်းမိသားစုရဲ့မျိုးနွယ်စုတစ်ခုပါ၊ အခုဆို မျိုးဆက်သုံးဆက်ကြာပြီးတဲ့နောက်မှာ ရှန်းမိသားစုရဲ့စီးပွားရေးကို ဆက်ခံမယ့် ထူးချွန်တဲ့ မျိုးဆက်သစ်ဆိုတာမရှိတော့သလို ငါတို့ရှန်းမိသားစုကိုကြီးပွားတိုးတက်အောင် ဦးဆောင်နိုင်မယ့် အရည်အချင်းရှိတဲ့ မျိုးဆက်တစ်ခုမှလည်းမရှိတော့ဘူး၊ ဒါကြောင့်မလို့ မင်းကိုရှန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်အဖြစ်ပြန်ခေါ်ဖို့ ငါတို့ဆုံးဖြတ်ခဲ့ကြတယ်၊ အနာဂတ်မှာ ရှန်းမိသားစုကမင်းရဲ့ဦးဆောင်မှုနဲ့အတူ ကြီးပွားတိုးတက်လာမှာပဲ၊ တစ်ချိန်ချိန်ကျရင် ငါတို့တွေပင်မမျိုးနွယ်စုရဲ့နေရာကိုတောင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမှာသေချာတယ်"
ရှန်းမင်ကို သူတို့နှင့်အတူပြန်လိုက်လာစေရန် မျှော်လင့်ကာ ရှန်းကျုံးလဲ့ဖျောင်းဖျပြောဆိုနေ၏။ တစ်စုံတစ်ယောက်မှ ရှန်းမင်ကိုလာရှာနေကြောင်း ရွာလူကြီး၊ ချမ်ရှီနှင့် ကျိုးအာ့ရှုတို့လည်း ကြားခဲ့ကြသည်။ သူတို့ရောက်ရှိလာသောအခါ ထိုသူသည် ရှန်းမင်ကိုပြန်လိုက်လာစေရန်နှင့် မိသားစုခေါင်းဆောင်ဖြစ်လာစေရန် လိုလားနေကြောင်း ကြားလိုက်ရ၏။ လုံအန်းခရိုင်မှာ ကျယ်ဝန်းသောမြို့ကြီးတစ်မြို့ဖြစ်ပြီး ထိုနေရာရှိ ရှန်းမိသားစုမှာ အလွန်အမင်း ချမ်းသာကြွယ်ဝသော မိသားစု ဖြစ်နိုင်ပေသည်။ ရှန်းမင်မှာ ထိုမိသားစုမျိုးရိုးမှဆင်းသက်လာသည်ဟု ချမ်ရှီနှင့် ကျိုးအာ့ရှုတို့မှာ မည်သည့်အချိန်ကမှ ထင်မှတ်မထားခဲ့ကြပေ။ ရွာလူကြီးနှင့် အခြားသူများ၏ ရှန်းမင်အပေါ် ကြည့်သည့်အကြည့်များ ပြောင်းလဲသွားကြသည်။ လူတစ်ဦးမှ တိုးတိုးလေးပြောလိုက်၏။
"ရှန်းမင်က ဒီလောက်ချောမောပြီး ထူးကဲခံ့ညားတဲ့ အသွင်အပြင်ရှိနေတာ မဆန်းတော့ပါဘူးလေ၊ ငါတို့လို ဝေးလံခေါင်သီတဲ့ရွာလေးမှာ မွေးဖွားခဲ့ရင်တောင်မှ သူ့ရဲ့ဆွဲဆောင်မှုမျိုးကို ဘယ်သူမှယှဉ်နိုင်မှာ မဟုတ်ဘူး"
ရုတ်တရက် ကျိုးထောင်ဟွား ရှန်းမင်၏လက်ကို ဆုပ်ကိုင်လိုက်၏။ သူမ သူ့ကိုထွက်မသွားစေချင်ပေ။ အောက်ဘက်ရှိ လူသုံးယောက်၏မျက်နှာများကို သူမယခုလေးတင် ကြည့်လိုက်မိပြီး သူတို့သည် လိမ်ပြောနေခြင်းမဟုတ်ပေ။ ရှန်းမင်မှာ ရှန်းရုံကို ဘိုးဘေးကြီးဟု အမှန်တကယ်ခေါ်ဆိုသင့်ပြီး သူတို့သည် အမှန်တကယ်ပင်ဆွေမျိုးစပ်နေကြသည်။ ရှန်းမင်သည်လည်း ကျိုးထောင်ဟွားလက်ကို တင်းကျပ်စွာ ပြန်ဆုပ်ကိုင်လိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်သည်။
"မိန်းမ ဒါကကိုယ့်ရဲ့အိမ်ပါ၊ မင်းနဲ့ ကလေးတွေရှိတဲ့နေရာက ကိုယ့်ရဲ့အိမ်ပဲ၊ ကိုယ်သူတို့နဲ့ လိုက်သွားမှာ မဟုတ်ဘူး၊ မိသားစုခေါင်းဆောင် ဖြစ်ဖို့ဆိုတာကတော့ ပိုတောင်ဝေးသေးတယ်"
ထိုသို့ပြောပြီးနောက် ရှန်းမင်အောက်ဘက်ရှိ လူသုံးယောက်ကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏။ ထို့ကြောင့် ရှန်းရုံ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
"!!!"
‘ဒါက..... တစ်ယောက်ယောက်က ဘယ်လိုလုပ် မိသားစုခေါင်းဆောင်ရာထူးကို ငြင်းပယ်နိုင်မှာလဲ’
သူ ယခုအခါ ကျိုးကျားရွာ၏နေထိုင်သူတစ်ဦး ဖြစ်နေခြင်းနှင့် ပင်မမျိုးနွယ်မှ ဤနည်းလမ်းကိုအသုံးပြုကာ ကျိုးကျားရွာထဲသို့ ဝင်ရောက်လိုခြင်းတို့ကြောင့်သာ မဟုတ်ပါက ယခင်က စွန့်ပစ်ခဲ့သော သားတစ်ယောက်၏မြေးကို ရှန်းမိသားစုခေါင်းဆောင်အဖြစ် သူတို့ပေးလုပ်မည် မဟုတ်ပေ။ ရှန်းအန်း အကြံပေးလိုက်သည်။
"ညီလေး သေချာစဉ်းစားကြည့်ပါဦး၊ မင်းပြန်လိုက်လာပြီး မိသားစုခေါင်းဆောင် ဖြစ်သွားတာနဲ့ အနာဂတ်ရဲ့စည်းစိမ်ချမ်းသာနဲ့ ဂုဏ်ကျက်သရေတွေက မင်းခံစားဖို့ပဲလေ၊ အဲဒီဘဝက ဒီရွာလေးထဲမှာထက် အများကြီးသက်သောင့်သက်သာပိုရှိမှာပါ"
"ကျေးဇူးပြုပြီး ပြန်သွားကြပါ"
ရှန်းမင်မှာ ယိမ်းယိုင်မသွားဘဲ တိုက်ရိုက်ပင် ဆက်ငြင်းပယ်နေ၏။ မြို့ရိုးအောက်တွင် ရှန်းအန်းမျက်နှာသည် အလွန်တရာကြည့်ရဆိုးလာသည်။
‘စည်းစိမ်ချမ်းသာနဲ့ ဂုဏ်ကျက်သရေကို ဤမျှလောက်ဂရုမစိုက်ဘဲ အလျှော့မပေးတတ်သည့်လူမျိုး လောကကြီးတွင် အမှန်တကယ်ရှိနေသေးသည်လား’
ရှန်းကျုံးလဲ့ သူ့အကြည့်နှင့်ဆုံကာပြောလိုက်သည်။
"ဒီလိုဆိုရင်လည်း လက်ဆောင်တွေကို အရင်ချထားခဲ့မယ်၊ ညီလေး ဒါတွေက အကုန်လုံး ပစ္စည်းကောင်းတွေချည်းပဲ၊ မင်းရဲ့ဇနီးကိုခေါ်ပြီး အောက်ဆင်းကြည့်လိုက်ပါဦး”
***