ရွာလူကြီးနှင့် အခြားသူများသည် ရှန်းအန်းနှင့် သူ့လူများလှည်းတစ်စီးစာ ပစ္စည်းများအားချနေသည်ကို မြို့ရိုးပေါ်မှ အောက်သို့ ငုံ့ကြည့်နေကြ၏။ ကျိုးကျားရွာမှ ရွာသားများအတွက် ထိုကဲ့သို့သော အရာများကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း သေတ္တာများ၏ အပြင်ပန်းသွင်ပြင်ကိုကြည့်ရုံဖြင့် ၎င်းတို့ထဲတွင် တန်ဖိုးကြီးပစ္စည်းများ ပါဝင်နေကြောင်းကို သူတို့သိနိုင်ကြသည်။ ထိုထဲမှ မည်သည့်ပစ္စည်းမဆို သူတို့တစ်သက်စာပိုင်ဆိုင်မှု အားလုံးနီးပါးတန်ဖိုးရှိနိုင်သည်။ ရွာသားတစ်ဦး အကြံပေးလိုက်၏။
"ရှန်းမင် သူတို့တောင်ယူလာပေးနေမှတော့ မင်း ဘာလို့လက်မခံလိုက်တာလဲ"
ရွာလူကြီး ထိုလူကိုချက်ချင်းစူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"ငါတို့မြို့ရိုးတံခါးတွေကို ဖွင့်လိုက်တာနဲ့ အပြင်ဘက်ကလူတွေ ခွေးရူးတွေလို ရုတ်တရက် အတင်းဝင်လာကြမှာကို ငါစိုးရိမ်တယ်၊ အဲဒီအခါကျရင် ငါတို့အားလုံးဒုက္ခကြီးကြီးရောက်ကုန်ကြလိမ့်မယ်"
ရွာလူကြီး ထိုလူကိုပြင်းထန်စွာဆူပူကြိမ်းမောင်းလိုက်၏။ လက်ရှိတွင် ရွာအပြင်ဘက်၌ စစ်သားအနည်းဆုံး သုံးသောင်းမှ လေးသောင်းထိရှိနေသည်။ ဤမြို့ရိုးသာမရှိခဲ့လျှင် ထို့ပြင် ရာသီသွေးမိစ္ဆာ၊ ဒူးရင်းသီးနတ်ဆိုးနှင့် ခူယားကောင်နတ်ဆိုးတို့ကြောင့် သူတို့အကြောက်လွန်သွားခြင်းသာမရှိခဲ့လျှင် မည်သို့ဖြစ်သွားမည်ကို မည်သူသိနိုင်မည်နည်း။ အနီးတွင်ရပ်နေသော ကျိုးရှန်းသဲ့မှအကြံပြုလိုက်၏။
"ငါတို့ချိတ်တစ်ခုကိုအောက်ချပြီး အဲဒီပစ္စည်းတွေကို အပေါ်ဆွဲတင်လိုက်ရင်ရော ဘယ်လိုလဲ၊ အဲဒါဆို ငါတို့မြို့ရိုးတံခါးတွေဖွင့်စရာ မလိုတော့ဘူးလေ၊ ပြီးတော့ ငါတို့ဘာသာ သိမ်းထားလိုက်လို့တောင်ရသေးတယ်"
ဤအကြံပြုချက်သည် ရွာလူကြီးအပါအဝင် အခြားရွာသားများ၏စိတ်ကို ချက်ချင်း ဆွဲဆောင်သွားလေသည်။ သို့သော်လည်း ရွာလူကြီးမှာ တိတ်ဆိတ်နေဆဲဖြစ်၏။ သူ ရှန်းမင်ကိုလှည့်ကြည့်လိုက်ရာ ရှန်းမင်မှ လှောင်ပြောင်လိုက်သည်။
"ဟိုးအရင်တုန်းက ကျွန်တော့်အဘိုးကိုရှန်းမိသားစုက စွန့်ပစ်ခဲ့တာ၊ အခုကျမှ သူတို့က ကျွန်တော်တို့ဆီမျက်နှာလာလုပ်နေကြတယ်၊ ကျွန်တော်ကတော့ ဘယ်မိသားစုရဲ့ခေါင်းဆောင်မှ သွားမလုပ်နိုင်ဘူး"
သူ့ဘေးရှိ ကျိုးထောင်ဟွားကို သူလှမ်းကြည့်လိုက်သည်။ သူ့အိမ်သည်ဤနေရာတွင်ပင်ရှိ၏။ ကိုယ်ဝန်ငါးလရှိနေပြီဖြစ်သော ထောင်ဟွားကို မြို့ရိုးပေါ်သို့ အမြဲတက်စေပြီး ရွာအတွက် စိုးရိမ်ပူပန်စေခဲ့သည်မှာ ဤလူများကြောင့်ပင်။ ရှန်းမင်မှာ ရှန်းမိသားစုရောက်လာခြင်းအတွက် အပြစ်ရှိသကဲ့သို့ခံစားရ၍ ကျိုးထောင်ဟွား၏ဘယ်လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်၏။ ရှန်းအန်းနှင့် သူ့အဖော်နှစ်ဦး လုံအန်းရှိရှန်းမိသားစု၏တပ်ဖွဲ့ထံသို့ ပြန်ဆုတ်သွားပြီးနောက် သူတို့ မှောင်သည်ထိ တစ်နေ့လုံးစောင့်နေခဲ့သော်လည်း ရှန်းမင်မှာမည်သည့်ပစ္စည်းကိုမှလာရောက်ရွှေ့ပြောင်းခြင်း မရှိခဲ့ပေ။ ရှန်းကျုံးလဲ့ အတော်လေးဒေါသထွက်နေ၏။
"ဒီကောင်လေးက ရှန်းမိသားစုရဲ့မိသားစုခေါင်းဆောင်ရာထူးကို မလိုချင်ဘူးလား၊ အဲဒီတုန်းက သူ့အဘိုး ရှန်းမိသားစုကနေ နှင်ထုတ်ခံခဲ့ရတာကြောင့်သာ သူကစွန့်ပစ်ခံဖြစ်နေရတာလေ"
ရှန်းရုံမျက်နှာထားသည်လည်း မကောင်းလှပေ။ အဘယ်ကြောင့်ဆိုသော် ရှန်မိသားစု၏မိသားစုခေါင်းဆောင်ရာထူးကို မူလကသူ့အတွက် ရည်ရွယ်ထားခြင်း ဖြစ်သောကြောင့်ပင်။ သူထိုရာထူးကို ယူတော့မည့်ဆဲဆဲ နောက်ဆုံးမိနစ်ကျမှ ဤသို့ဖြစ်သွားရသည်။ ပင်မမျိုးနွယ်ထံမှ အမိန့်ကြောင့်သာမဟုတ်ပါက အသက်ဆယ့်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို ထိုရာထူးအား သူမည်သည့်အချိန်တွင်မှ ပေးလိမ့်မည်မဟုတ်ပေ။ ယခုမူ ထိုတစ်ဖက်လူမှ ယင်းကို အထင်သေးနေ၏။ အခြေအနေများ ဤသို့ဖြစ်လာလိမ့်မည်ဟု ရှန်းဖန်းလုံးဝ မမျှော်လင့်ထားခဲ့သည်မှာ သိသာလှသည်။ ရှန်းမင်၏ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် ၎င်းသည် ကျိုးကျားရွာကို ထိုးဖောက်ဝင်ရောက်ရန် အခွင့်အရေးတစ်ခုဟု သူထင်မှတ်ခဲ့သော်လည်း နားလည်မှု လွဲမှားသွားလိမ့်မည်ဟုလုံးဝမထင်ထားခဲ့ပေ။ ရှန်းရှောင်ဖန်း အကြံပြုပြောဆိုလိုက်၏။
"ရှန်းမိသားစုရဲ့ ခေါင်းဆောင်ရာထူးက သိပ်နိမ့်လွန်းတယ်လို့ သူထင်နေလို့များလား၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့မျိုးနွယ်စုက ရှန်းမိသားစုရဲ့မျိုးနွယ်ခွဲတစ်ခုသာသာပဲရှိတာလေ"
ရှန်းရုံ ဒေါသတကြီးဖြင့်ပြောလိုက်သည်။
"ငါတို့က သူ့ကိုဘိုးဘေးတစ်ယောက်လို သဘောထားပြီး ကိုးကွယ်ရမယ်လို့ မျှော်လင့်နေရတာလား"
ရှန်းအန်းနှင့် အခြားနှစ်ဦး၏လုပ်ရပ်များကို ရှန်ကွမ်းဟောက် အဝေးမှစောင့်ကြည့်နေ၏။ သူတို့ နောက်ဆုံးတွင် ရှန်းမင်၏ငြင်းပယ်ခြင်းကိုခံခဲ့ရသော်လည်း သူသည် ထိုအရာမှစိတ်ကူးသစ်တစ်ခုကို ရရှိသွားခဲ့သည်။ ကျိုးရှန်ဟူနှင့် သူ့သားကိုခေါ်ယူရန် သူ့လူများကိုအမိန့်ပေးခဲ့ပြီး ရှန်းမင်၏အကြောင်းများကို သူတို့ထံ စုံစမ်းမေးမြန်းလိုက်၏။ သူ့ဝမ်းဗိုက်အောက်ပိုင်းမှ ပြင်းထန်သောနာကျင်မှုကို ခံစားနေရသော်ငြား ရှန်ကွမ်းဟောက်မေးလိုက်သည်။
"မင်းတို့ရွာက အဲဒီရှန်းမင်ဆိုတာဘယ်သူလဲ"
စစ်သူကြီးရှန်ကွမ်းမှ ခေါ်ယူခြင်းကိုကြုံရသော ကျိုးရှန်ဟူသည် ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာ၏။ စစ်သူကြီးရှန်ကွမ်းအမေးကိုကြားသောအခါ သူချက်ချင်းပင်ပြန်ဖြေလိုက်သည်။
"စစ်သူကြီး သူကကျွန်တော်တို့ရွာရဲ့ တခြားမျိုးနွယ်စုတစ်ခုက မိသားစုပါ၊ သူတို့က လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက ဒီကိုပြောင်းရွှေ့လာပြီး အခြေချခဲ့ကြတာလေ၊ ဒါပေမဲ့ သူမွေးလာပြီးနောက်ပိုင်းကျတော့ ရှန်မိသားစုဝင်တွေအားလုံး တစ်ယောက်ပြီး တစ်ယောက်သေဆုံးသွားတယ်လေ၊ သူအသက်ကိုးနှစ်အရွယ်ရောက်တော့ မိသားစုထဲမှာ သူတစ်ယောက်တည်းကျန်ခဲ့တော့တာ၊ သူ့အဖွား သက်ရှိထင်ရှားရှိစဉ်က တာအိုဘုန်းကြီးတစ်ပါးဆီ သွားမေးကြည့်တော့ သူကမကောင်းဆိုးဝါး အငွေ့အသက်တွေ ပါလာတယ်လို့ပြောခဲ့တယ်၊ သူနဲ့နီးနီးကပ်ကပ်နေတဲ့ ဘယ်သူမဆိုကံဆိုးမိုးမှောင်ကျတာ ဒါမှမဟုတ် သေဆုံးတာမျိုးတောင်ဖြစ်နိုင်တယ်တဲ့၊ ဒါကြောင့် ကျွန်တော်တို့ရွာက လူတိုင်းသူ့ကို နိမိတ်မကောင်းတဲ့သူအဖြစ် သတ်မှတ်ခဲ့ကြပြီး ဘယ်သူမှ သူ့အနားကိုမကပ်ရဲကြဘူး၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျိုးထောင်ဟွားက သူကအဲဒီလိုမဟုတ်ဘူးဆိုပြီး သူ့ကို အဆောင်တစ်ခုပေးခဲ့တယ်၊ အဲဒီအဆောင်က သူ့ဆီကမကောင်းဆိုးဝါး အငွေ့အသက်တွေကို ဖိနှိပ်ထားနိုင်တယ်၊ ဒါကြောင့် ဘယ်သူမှဒုက္ခမရောက်နိုင်တော့ဘူးလို့ ပြောခဲ့တယ်၊ အဲဒီနေ့ကစပြီး ရှန်းမင်ရဲ့ကံကြမ္မာက အရမ်းကောင်းလာခဲ့တာပဲ၊ ကျွန်တော်တို့ရွာရဲ့အထက်မြက်ဆုံးနဲ့အရည်အချင်းအရှိဆုံး အမျိုးသမီးဖြစ်တဲ့ ကျိုးထောင်ဟွားကိုတောင် လက်ထပ်နိုင်ခဲ့တယ်"
ထိုစကားကိုကြားသောအခါ ရှန်ကွမ်းဟောက် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး စကားဖြတ်ကာ မေးလိုက်သည်။
"ဘယ်လောက်တောင် ထက်မြက်ပြီး အရည်အချင်းရှိတာလဲ"
"ကျွန်တော်တို့ ကျိုးကျားရွာက အိမ်တိုင်း အုတ်အိမ်တွေဆောက်နိုင် နွားလှည်းတွေဝယ်နိုင်ပြီး ပတ်ဝန်းကျင်မှာအချမ်းသာဆုံးရွာဖြစ်လာရတဲ့ အကြောင်းရင်းက သူမကြောင့်ချည်းပါပဲ"
ကျိုးရှန်ဟူ ရှင်းပြလိုက်၏။ ကျိုးကျားရွာ ချမ်းသာလာရသည့် အကြောင်းရင်းမှာ ထိုအမျိုးသမီးကြောင့်ဖြစ်လိမ့်မည်ဟု ရှန်ကွမ်းဟောက် လုံးဝမမျှော်လင့်ထားခဲ့ပေ။ သူမတွင် ထူးခြားဆန်းကြယ်သော စွမ်းရည်အချို့ရှိကြောင်း သူသိထားသော်လည်း သူမစွမ်းရည်များမှာ သူ မျှော်လင့်ထားသည်ထက်များစွာ သာလွန်နေလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ပေ။ ရုတ်တရက် တစ်စုံတစ်ခုကို သူစဉ်းစားမိသွားပြီး ကျိုးကျားရွာ၏မြင့်မားခမ်းနားပြီးခိုင်မာသောမြို့ရိုးကို ကြည့်ကာ မေးလိုက်၏။
"ဒီကျိုးကျားရွာရဲ့ မြို့ရိုးကို တည်ဆောက်ဖို့ကလည်း သူမရဲ့အကြံဉာဏ်ပဲလား"
သေးငယ်သောရွာလေးတစ်ရွာကို မဆိုထားနှင့် ကျင်းဖန်ခရိုင်၏မြို့ရိုးပင်လျှင် ဤမျှလောက် မကောင်းမွန်ပေ။
"ဟုတ်ပါတယ် သူမပါပဲ၊ အရင်နှစ်ဝက်လောက်ကတည်းက နောက်နှစ်ဝက်ကြာရင် ခင်ဗျားတို့ကရွာကိုရောက်လာမယ်၊ ပြီးတော့ ကျွန်တော်တို့ရွာကလုံးဝ ဖျက်ဆီးခံရလိမ့်မယ်လို့ သူမကြိုဟောခဲ့တာ၊ ဒါကြောင့် သူမနဲ့ းရွာလူကြီးက ရွာကိုကာကွယ်ဖို့ မြို့ရိုးတည်ဆောက်ကြဖို့ လူတိုင်းကို တိုက်တွန်းခဲ့တာလေ"
အရင်နှစ်ဝက်ခန့်၌ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရကာ ကျိုးရှန်ဟူ ပြောပြလေ၏။ သူပြန်တွေးမိလေလေ ပို၍ပင် နောင်တရလေလေပင်။ ထိုစဉ်က လယ်ယာမြေများနှင့် အိမ်များကိုရောင်းပြီး ထွက်မလာခဲ့ပါက သူသည် အခြားသူများနည်းတူ ကျိုးကျားရွာတွင် အေးချမ်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ကျိုးကျားရွာရှိမြို့ရိုး၏ နောက်ဆုံး တည်ဆောက်မှုမှာ သူ့မျှော်မှန်းချက်များထက် များစွာသာလွန်နေခဲ့သည်။ ယခုအခါ ရွာအပြင်ဘက်တွင် စစ်သားသုံးသောင်းကျော် ရှိနေသော်လည်း တစ်ယောက်မှ အထဲသို့မဝင်နိုင်ကြပေ။ ယင်းမှာ မြို့ရိုး၏ကြံ့ခိုင်မှုကြောင့်သာမကဘဲ ကျိုးထောင်ဟွား မွေးမြူထားသော နတ်ဆိုးများကြောင့်လည်း ဖြစ်သည်။ ဤနတ်ဆိုးများသည် အလွန်အမင်း အစွမ်းထက်ပြီး စစ်သားများကို ပြင်းထန်သောနာကျင်မှုများ ခံစားရစေကာ အကူအညီမဲ့စွာဖြင့် သည်းခံနေကြရစေသည်။
အိမ်နီးချင်း စစ်သူကြီးရှန်းပင်လျှင် အကြံကုန်ကာ ရှန်းမင်ကို ရှန်းမိသားစုခေါင်းဆောင်အဖြစ် ပြန်လည်ခေါ်ဆောင်ရန်အတွက် ရှန်းမင်၏ဘိုးဘေးကြီးကဲ့သို့ ဆွေမျိုးများကိုရှာဖွေခဲ့ပြီး တန်ဖိုးကြီးပစ္စည်းများ တစ်လှည်းစာအပြည့် သယ်ဆောင်လာခဲ့ရသည်။ သူ ထိုနေရာကို လှမ်းကြည့်လိုက်ကာ အကယ်၍ သူသာ ပစ္စည်းတစ်မျိုးကိုသာကောက်ယူနိုင်ခဲ့ပါက စားသောက်ရေးအတွက် ထပ်ပြီးပူပန်ရန် လိုတော့မည်မဟုတ်ပေ။ သို့ရာတွင် စောင့်ကြည့်နေသောမျက်လုံးများစွာ ရှိနေသဖြင့် စစ်သူကြီးရှန်း၏လူများကသာ သူ့ကိုတွေ့ရှိသွားပါက သူ့အသက် သေဆုံးသွားရမည်ဖြစ်သည်။ အကြောင်းစုံနားထောင်ပြီးနောက် ရှန်ကွမ်းဟောက်မျက်လုံးများ အရောင်လက်သွားကာ တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ ဖြစ်သွား၏။
အမှန်စင်စစ် ကျိုးကျားရွာသည် ဤအဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာရခြင်းမှာ ကျိုးထောင်ဟွားကြောင့်ပင် ဖြစ်သည်။ ကျိုးထောင်ဟွားမှာ သဘာဝလွန် ပညာရပ်များကို လေ့ကျင့်သူတစ်ဦးဖြစ်သောကြောင့် ဤဖြစ်ရပ်ကိုကြိုတင်မြင်တွေ့ခဲ့ပြီး ထို့ကြောင့်ပင် ဤအုပ်စုအသီးသီး၏ရည်ရွယ်ချက်များကိုလည်း ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကျိုးကျားရွာသို့ ဝင်ရောက်ရန် အရေးကြီးဆုံးအချက်မှာ ကျိုးထောင်ဟွား၏ခွင့်ပြုချက်ကိုရယူပြီး သူမမှ မျက်နှာသာပေးရန်ဖြစ်သည်။ ထိုသို့တွေးမိကာ ရှန်ကွမ်ဟောက် ရှန်းဖန်းရှိရာဘက်သို့လှမ်းကြည့်လိုက်၏။ ထိုကောင်လေးမှာ ဉာဏ်ကောင်းပြီး ရှန်းမင်ကို မျက်နှာချိုသွေးသည့် သွယ်ဝိုက်သော နည်းလမ်းကိုအသုံးပြုနေကြောင်း သူသိနေခဲ့သည်။ ကံမကောင်းစွာဖြင့် ရှန်းမင်သည် သေးငယ်သောရှန်းမိသားစုတစ်ခု၏ခေါင်းဆောင်ရာထူးကို လုံးဝဂရုမစိုက်ခဲ့ပေ။
သူ့စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်လာသည်နှင့်အမျှ ရှန်ကွမ်းဟောက်၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာ၏။ သူချက်ချင်းစုတ်တံကိုယူကာ ပင်မမျိုးနွယ်စုထံသို့စာတစ်စောင် ရေးလိုက်သည်။ ကျိုးကျားရွာကို ရယူရန် သူသန္နိဋ္ဌာန်ချထားလေသည်။ နောက်တစ်နေ့တွင် ကျိုးကျားရွာ၏မြို့ရိုးတံခါးရှေ့၌ တစ်စုံတစ်ယောက် ရှန်းမင်ကိုရှာနေကြောင်း ထပ်မံအော်ဟစ်လိုက်၏။ ထိုသူများသည် အစိုးရအရာရှိများဟုထင်ရသော ရုံးတော်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အော်ဟစ်လိုက်ကြသည်။
"ရှန်းမင် ဧကရာဇ်ရဲ့အမိန့်တော်ကိုနာခံပါ"
***