မြို့ရိုးပေါ်တွင်ရပ်နေသော ရွာစောင့်အချို့သည် အောက်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် အပြင်သို့ ငုံ့ကြည့်လိုက်ကြ၏။ ထိုလူများကိုကြည့်ရသည်မှာ ပုံမှန်အစောင့်စစ်သားများနှင့် မတူဘဲ အစိုးရအရာရှိများနှင့် တူနေကြောင်း တွေ့လိုက်ရသည်။ ရွာစောင့်များ အလိုလိုကြောက်ရွံ့သွားကြပြီး သူတို့ရှေ့တွင် ဒူးထောက်ချင်သွားကြသော်လည်း သူတို့သည် မြို့ရိုးပေါ်တွင်ရောက်နေကြောင်း သတိပြုမိသွားကြ၏။ အောက်ဘက်ရှိလူများမှ မြို့ရိုးတံခါးများ တင်းကျပ်စွာပိတ်ထားသည်ကို မြင်သောအခါ ထပ်မံအော်ဟစ်လိုက်ကြသည်။
"ရှန်းမင် အမိန့်တော်ကိုခံယူလော့"
ရှန်ကွမ်းဟောက် သူ့ဗိုက်ကိုဖက်ထားရင်း အဝေးမှအရာအားလုံးကို စောင့်ကြည့်နေ၏။ ယခုအချိန်ထိ အရာအားလုံးသည် သူစီစဉ်ထားသည့်အတိုင်းဖြစ်ပျက်နေသည်။ ယခင်က ရှန်းမင် သာမန် မိသားစုခေါင်းဆောင် ရာထူးကို အထင်သေးခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ရှန်းမင်အား စစ်သူကြီးဘွဲ့ချီးမြှင့်ပေးရန် ပင်မမျိုးနွယ်ထံသို့ သူတောင်းဆိုထားခဲ့၏။ ရှန်းမင် သေချာပေါက် ကျေနပ်သွားလိမ့်မည်ပင်။
ရှန်းမင်ကို ယခင်ကသူမြင်ဖူးခဲ့သည်။ အရပ်ရှည်ပြီး သန်မာကာ သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သိသာလှသည်။ မည်သည့်ယောက်ျားမှာ စစ်သူကြီးတစ်ယောက်မဖြစ်ချင်ဘဲနေမည်နည်း။ အိမ်နီးချင်းရှန်းနှင့် ဟန်မိသားစုများမှ စစ်သူကြီးများသည် အရာအားလုံးဖြစ်ပျက်နေသည်ကို အဝေးမှစောင့်ကြည့်နေကြပြီး ဤမြင်ကွင်းမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း မရေမရာခံစားမိနေကြ၏။ သေချာအကဲခတ်ကြည့်ပြီးနောက် ထိုလူများဝတ်ဆင်ထားသော တရားဝင်ဝတ်စုံများသည် ကျင်းဖန်ခရိုင်မှအရာရှိများ၏ဝတ်စုံများနှင့်တူနေကြောင်း သူတို့သဘောပေါက်သွားကြသည်။ ကျိုးရှန်းသဲ့ထိတ်လန့်သွားကာ အောက်ဘက်ရှိလူများထံအော်ပြောလိုက်၏။
"လူကြီးမင်းတို့ ရှန်းမင်ကဒီမှာမရှိပါဘူး၊ ကျုပ်အခုချက်ချင်း သွားခေါ်ပေးပါ့မယ်"
ကျိုးကျားရွာရှိရွာသားများထံမှ ဤစကားကို ကြားသောအခါ ရှန်းဖန်းနှင့် အခြားသူများသည် ခန့်မှန်းချက်တစ်ခု ရရှိနေပြီ ဖြစ်သည်။ မကြာမီမှာပင် ရှန်းမင်ထံသို့ ဧကရာဇ်၏အမိန့်တော်ကို ပေးအပ်ရန် အရာရှိများရောက်ရှိလာကြပြီး လူတိုင်းမှာစပ်စုချင်စိတ်ဖြင့် ဆူညံပွက်လောရိုက်နေသည့်နေရာသို့ ရောက်လာကြ၏။ ကျိုးအာ့ရှုမှာ ထူးဆန်းနေသည်ဟု ခံစားရ၍ပြောလိုက်သည်။
"အရမ်းထူးဆန်းတာပဲ၊ မကြာသေးခင်ကမှ ရှန်းမင်ကိုလာတွေ့တဲ့လူတွေ ဘာလို့ဒီလောက်များနေရတာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ရှန်းမင်ကိုမိသားစုခေါင်းဆောင်အဖြစ် ပြန်လာစေချင်တဲ့သူရှိတယ်၊ ဒီနေ့ကျတော့ သူ့ကိုရာထူးလာပေးတာလား"
ရှန်းမင်လည်း ထိုလူများသူ့ထံသို့တစ်ယောက်ပြီး တစ်ယောက်လာရောက်နေခြင်းမှာ တမင်ရည်ရွယ်၍လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ခံစားမိသည်။ သူဂရုမစိုက်ချင်သော်လည်း အရာရှိများဖြစ်နေသောကြောင့် သွားရမည်ပင်။ ရှန်းမင် ရောက်လာသည်ကိုမြင်သောအခါ ကျိုးရှန်းသဲ့မြို့ရိုးတံခါးအောက်ရှိ အရာရှိများကို ချက်ချင်းအော်ပြောလိုက်၏။
"သူရောက်လာပြီ သူရောက်လာပြီ၊ ရှန်းမင် ရောက်လာပါပြီ"
သို့ရာတွင် ရွာတံခါးဝရှိလူများသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း မည်သူကမှမြို့ရိုးတံခါးကို ဖွင့်မပေးခဲ့ပေ။
"ဒါက....."
ထိုလူများနားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
‘ဧကရာဇ်ရဲ့အမိန့်တော်ကို ဒီလိုပဲခံယူကြတာလား’
သူတို့ထဲရှိမည်သူကမှ ရှန်းမင်ကိုမမှတ်မိသောကြောင့် မြို့ရိုးပေါ်ရှိရွာသားများထံသာ မော့ကြည့်လိုက်ကြပြီး လုံးဝဝေခွဲမရ ဖြစ်သွားကြ၏။ သူတို့ထဲမှတစ်ယောက်က မေးလိုက်သည်။
"ရှန်းမင်ဆိုတာ ဘယ်သူလဲ၊ ဧကရာဇ်ရဲ့ အမိန့်တော်ကို ခံယူဖို့မြန်မြန်ထွက်ခဲ့စမ်း"
နှစ်နှစ်ဆယ်ကြာတာဝန်ထမ်းဆောင်ခဲ့သော ဤအရာရှိမှ သူတို့ကိုတစ်ချက်မျှသာ ကြည့်လိုက်သော်လည်း ကျိုးကျားရွာမှ ရွာသားများအားလုံး အလွန်အမင်း ကြောက်လန့်သွားကြသည်။ ရွာလူကြီးသည် မြို့တော်သို့မကြာခဏ သွားရောက်လေ့ရှိပြီး အကြီးအကဲလွီနှင့် ပုံမှန် အဆက်အသွယ်ရှိသော်လည်း အဆင့်မြင့် အရာရှိတစ်ဦးကို တိုက်ရိုက်ကြည့်ရန်မဝံ့ရဲသေးပေ။ လူတိုင်း သူ့အကြည့်ကို ရှောင်ဖယ်နေကြသည်ကို မြင်သောအခါ အရာရှိ၏မျက်လုံးများတွင် ကျေနပ်မှုများ ပေါ်လွင်လာသော်လည်း ရုတ်တရက် ချွင်းချက်နှစ်ခုကို သူသတိပြုမိသွား၏။ သူတို့ထဲမှ အမျိုးသားတစ်ဦးမှ သူ့ကိုအော်ပြောလိုက်သည်။
"ကျွန်တော်က ရှန်းမင်ပဲ"
အရာရှိနှင့် ရှန်းမင်တို့အကြည့်ချင်းဆုံသွားသောအခါ သူ့မျက်လုံးများထဲမှ စိမ့်ဝင်နေသောအေးစက်မှုကြောင့် သူ ချက်ချင်းပင် အံ့အားသင့်သွားရ၏။ သို့သော်လည်း သူ့တည်ငြိမ်မှုကိုလျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရှန်းမင်အား ပြင်းထန်စွာဆူပူကြိမ်းမောင်းလိုက်လေသည်။
"မင်းက ဘာလို့အမိန့်တော်ခံယူဖို့ အောက်ဆင်းမလာတာလဲ"
ရှန်းမင် အေးစက်စွာဖြင့်ပြန်ဖြေလိုက်၏။
"မြို့ရိုးတံခါးတွေကို ဖွင့်လို့မရဘူး၊ အမိန့်တော်က ဘာပဲဖြစ်ဖြစ် အဲဒီကနေပဲ ဖတ်ပြလိုက်ပါ"
ချက်ချင်းပင် ထိုအရာရှိအပါအဝင် အရာရှိသုံးဦးစလုံး မျက်မှောင်ကြုတ်သွားကြပြီး ရှန်းမင်အားဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။
"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ၊ ဒီအမိန့်တော်မှာ ဘာရေးထားလဲဆိုတာ မင်းသိရဲ့လား၊ မင်းက အောက်ဆင်းပြီး ဒူးမထောက်ဘဲခံယူရဲတယ်ပေါ့လေ"
အရာရှိသုံးဦး ထပ်မံကျိန်ဆဲတော့မည့်အချိန်တွင် မလှမ်းမကမ်းမှ ရှန်ကွမ်းဟောက်၏ သတိပေးသံထွက်ပေါ်လာ၏။ ထိုသူချက်ချင်းငြိမ်သက်သွားပြီး ရှန်းမင်အပေါ် သူ့သဘောထားကို ပြောင်းလဲလိုက်သည်။
"ဒါဆိုလည်း မင်းမြို့ရိုးပေါ်ကနေပဲ အမိန့်တော်ကို နားထောင်နိုင်တယ်"
ထိုသို့ပြောပြီးနောက် ထိုသူသည်လက်ထဲရှိ စာလိပ်ကိုဖြန့်လိုက်၏။
"ဧကရာဇ်၏အမိန့်တော်အရ ပင်မမျိုးနွယ်စုများမှ အမိန့်ထုတ်ပြန်လိုက်သည်၊ တိုင်းပြည်မှာ ကမောက်ကမဖြစ်နေပြီး အရပ်လေးမျက်နှာလုံး ငြိမ်းချမ်းမှုမရှိသေး၍ ဤအချိန်သည် အရည်အချင်းရှိသော အမျိုးသားများကို လိုအပ်နေသော အချိန်ကာလဖြစ်သည်၊ ရှန်းမင်သည် ဖြောင့်မတ်သော သဘာဝရှိပြီး စာပေနှင့် သိုင်းပညာနှစ်ရပ်လုံးကို တတ်ကျွမ်းကာ သစ္စာရှိပြီး ဖြူစင်သူဖြစ်သည်၊ သူ့အတိတ်ကိုကြည့်မည်ဆိုလျှင် သူသည် ထူးခြားပြောင်မြောက်သော ဗျူဟာနှင့် ရဲစွမ်းသတ္တိကိုပြသခဲ့ပြီး တိုင်းပြည်၏အားထားရသော မဏ္ဍိုင်တစ်ရပ် အမှန်တကယ်ပင်ဖြစ်ပေသည်၊ ငါကိုယ်တော် အလွန်အမင်းကျေနပ်အားရတော်မူပြီး ရှန်းမင်အား မယိမ်းယိုင်သောသတ္တိရှိသည့် စစ်သူကြီးအဖြစ် ခန့်အပ်လိုက်သည်၊ သင်သည် မူလရည်မှန်းချက်များကို ထိန်းသိမ်းထားပြီး အကြွင်းမဲ့ သစ္စာရှိကာ ကျင်းဖန်ခရိုင်ကို အလုပ်အကျွေးပြုရင်း ဧကရာဇ်၏ယုံကြည်မှုနှင့် မျှော်လင့်ချက်များကိုပျက်ယွင်းစေမည်မဟုတ်ဟု မျှော်လင့်ပေသည်၊ ဤအမိန့်တော်ကို လူတိုင်းသိရှိစေရန်အတွက် တစ်ပြည်လုံးသို့ ကြေညာအပ်သည်၊ ဤအတိုင်းဖြစ်စေသတည်း"
ကျင်းဖန်ခရိုင်၏အရာရှိမှ အမိန့်တော်ကို ဖတ်ပြပြီးနောက် ရှန်းမင်ကို ချက်ချင်း မော့ကြည့်ကာမေးလိုက်သည်။
"မင်းကအမိန့်တော်ကို နားထောင်ဖို့ အောက်ဆင်းမလာဘူးဆိုရင်တောင် အနည်းဆုံးတော့ ဒါကိုယူသွားသင့်တယ်မဟုတ်လား"
မမျှော်လင့်ဘဲ ထိုအချိန်တွင်မြို့ရိုးပေါ်မှ ကြိုးတစ်ချောင်းကို တဖြည်းဖြည်း အောက်သို့ချပေးလိုက်ပြီး ၎င်းတွင် ခြင်းတောင်းတစ်ခုချိတ်ဆွဲထား၏။ လူသုံးယောက် ရှန်းမင်ကိုမော့ကြည့်လိုက်ပြီးနောက် ဗလာဖြစ်နေသောခြင်းတောင်းကို ကြည့်ကာ နောက်ဆုံးတွင် အမိန့်တော်ကို ခြင်းတောင်းထဲသို့ ထည့်လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ရှန်းမင်ကို ကျင်းဖန်ခရိုင်မှ သခင်ရှန်ကွမ်းမှ စစ်သူကြီးယုံယိအဖြစ် ခန့်အပ်လိုက်ကြောင်း အခြားရွာသားများ ကြားသောအခါ သူတို့အားလုံးမနာလိုစွာဖြင့်ကြည့်လာကြ၏။ ရွာလူကြီးမှ ရှန်းမင်အပေါ်ကြည့်သည့် အကြည့်ပင်လျှင် ပြောင်းလဲသွားသည်။ သူတို့ကျိုးကျားရွာမှ စစ်သူကြီးတစ်ယောက်ကို အမှန်တကယ်မွေးထုတ်ပေးနိုင်ခဲ့သည်။ ဤသည်မှာ ရွာအတွက်ဂုဏ်ယူစရာပင်ဖြစ်၏။ ရှန်းမင် ဧကရာဇ်၏ အမိန့်တော်ကို အပေါ်သို့ယူဆောင်လာသောအခါ ရွာသားများ ၎င်းကိုကြည့်ရန် ဝိုင်းအုံလာကြပြီး အချို့ကသူ့ကိုစစ်သူကြီးဟုပင်ခေါ်လာကြ၏။ ရှန်းမင် သူ့ကိုယ်သူလှောင်ပြောင်သကဲ့သို့ပြုံးလိုက်ပြီး ပြောလေသည်။
"ဒါက ဘွဲ့တစ်ခုသက်သက်ပါ၊ ကျွန်တော့်ကို စစ်သူကြီးလို့ခေါ်ပေမယ့်လည်း တကယ့်အာဏာမှမရှိတာ၊ ကျွန်တော့်ကို စစ်သေနာပတိတံဆိပ်တုံးဖြစ်ဖြစ် တပ်ဖွဲ့ဝင်တွေဖြစ်ဖြစ်ပေးထားတာမဟုတ်ဘူးလေ"
ရွာလူကြီး သူဆိုလိုသည်ကိုချက်ချင်း သဘောပေါက်သွား၏။ ဟုတ်ပေသည်။ နားထောင်လို့ကောင်းသည်မှလွဲ၍ တကယ့်အာဏာပိုင်းကိုကြည့်မည်ဆိုလျှင် ရွာလူကြီးဖြစ်သည့်သူကပင် လွှမ်းမိုးမှုပိုရှိသေးသည်။ သူ့အတွက် ဝမ်းသာဂုဏ်ယူနေကြသော ရွာသားများ၏မျက်နှာပေါ်ရှိ အပြုံးများသည် တဖြည်းဖြည်းအေးခဲသွားကြ၏။ သူတို့ရှန်းမင်ကိုကြည့်ကာ မေးလိုက်ကြသည်။
"ကျင်းဖန်က ပင်မမျိုးနွယ်စုရှန်ကွမ်းက ဘာလို့ဒီလိုလုပ်ရတာလဲ"
ကျိုးအာ့ရှုသည်လည်း တစ်ခုခုမှားနေသည်ဟု ခံစားမိကာပြောလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် လုံအန်းကရှန်းမိသားစု ဒီတစ်ခေါက်က ကျင်းဖန်၊ ဒါဆို တခြားလူတွေလည်း ရှိနိုင်သေးတာပေါ့"
ရှန်းမင် ကျိုးအာ့ရှုကိုပြောလိုက်၏။
"သူတို့က ကျိုးကျားရွာနဲ့ အဆက်အသွယ်လုပ်ဖို့ ကျွန်တော့်ကိုအသုံးချချင်ရုံသက်သက်ပါ"
ရှန်းမင် ဧကရာဇ်၏အမိန့်တော်ကို ယူသွားပြီးနောက် မြို့ရိုးတံခါးအောက်ရှိ လူသုံးယောက်မှာ တိတ်ဆိတ်သွားကြသည်။ မြို့ရိုးတံခါးမှာ ပိတ်ထားဆဲဖြစ်ပြီး ရှန်းမင်သည် သူတို့အပေါ် အလွန်အမင်း အေးစက်နေခဲ့သည်။ အနည်းငယ် ဝေခွဲမရဖြစ်နေသဖြင့် ထိုသုံးယောက် ရှန်ကွမ်းဟောက်ရှိရာသို့လှည့်ကြည့်လိုက်ကြ၏။ အချိန်အတော်ကြာပြီးနောက် ရှန်ကွမ်းဟောက်မှ သူတို့အား လက်ယပ်ခေါ်နေသည်ကို မြင်လိုက်ရမှသာ ထိုသုံးယောက်ထွက်သွားကြသည်။ ကျင်းဖန်တပ်၏တဲအတွင်းသို့ ဝင်ရောက်ပြီးနောက် ရှန်ကွမ်းဟောက်မေးလိုက်၏။
"ပင်မမျိုးနွယ်စုက ငါတို့ကိုဒီလောက်ပဲ ပေးလိုက်တာလား၊ တပ်တွေကိုဦးဆောင်ပြီးတိုက်ပွဲဝင်ဖို့ ရှန်းမင်ကိုစစ်သည်တွေ ပေးမယ်လို့ သူမပြောခဲ့ဘူးလား"
သူတို့ထဲမှတစ်ဦးပြောလာ၏။
"ဒါပေမဲ့ သူကတောသားတစ်ယောက်ပဲလေ၊ တပ်တွေကို ဦးဆောင်ဖို့အကြောင်း သူကဘာသိမှာလဲ၊ ဒါက စစ်သားတွေရဲ့အသက်ကို မီးတွင်းထဲတွန်းပို့နေတာနဲ့မတူဘူးလား၊ သူ့ကိုဘွဲ့တစ်ခုပေးလိုက်တာကပဲ ရက်ရောနေပါပြီ"
ရှန်ကွမ်းဟောက် စိုးရိမ်တကြီးဖြစ်လာကာ ပြောလိုက်သည်။
"ဒါပေမဲ့ သူကလည်းမအဘူးလေ၊ မင်းရဲ့ အမိန့်တော်ကိုကြားတာနဲ့ ပင်မမျိုးနွယ်စုက ရိုးသားတဲ့စေတနာနဲ့ လာတာမဟုတ်ဘူးဆိုတာ သူသိသွားတာပေါ့၊ အခု ရှန်းမင်ကအကုန်လုံးကို ရိပ်မိသွားပြီဆိုတော့ မြို့ရိုးတံခါးတွေကို သူဘယ်လိုလုပ်ဖွင့်ပေးမှာလဲ၊ တံခါးဖွင့်ပြီး ငါတို့ကိုအထဲပေးဝင်ဖို့ဆိုတာထားလိုက်ဦး သူကိုယ်တိုင်တောင်အပြင်ထွက်လာမှာ မဟုတ်ဘူး၊ အခုအချိန်မှာ အရေးကြီးဆုံးက ရှန်းမင်ရဲ့စိတ်ကိုငါတို့ဘက်ပါလာအောင် လုပ်ဖို့ပဲ၊ ပြီးတော့မှ ရှန်းမင်ကတစ်ဆင့် ကျိုးထောင်ဟွားကိုဖြောင်းဖျရမယ်"
‘ဟူး…’
ထိုသို့ပြောရင်း ရှန်ကွမ်းဟောက် သက်ပြင်းချလိုက်၏။ မူလက ကောင်းမွန်သောအကြံအစည်တစ်ခုသည် စိတ်သဘောထားသေးသိမ်သော ပင်မမျိုးနွယ်ကြောင့် ပျက်စီးသွားခဲ့ရသည်။ မလှမ်းမကမ်းတွင် ဟန်မိသားစုဝင်များသည် ရှန်ကွမ်းဟောက်တို့ဘက်မှ ရလဒ်အတွက် တိတ်တဆိတ်ရယ်မောနေကြ၏။ ဟန်ချွဲစိတ်ထဲတွင် အကြံအစည်တစ်ခုရှိနေပြီဖြစ်သည်။ အရင်ရက်အနည်းငယ်အတွင်း ရှန်းဖန်းနှင့် ရှန်ကွမ်းဟောက်တို့၏အကြံအစည်များကို သူ ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးဖြစ်ရာ နောက်ဆုံးတွင် သူအကွက်ရွှေ့ရမည့် အလှည့်ရောက်လာပြီပင်။
***