‘ဒါပေမဲ့ ဒီရှန်းမင်ဆိုတဲ့ သူကတကယ်တော့ ဘယ်သူလဲ၊ ဘာလို့ သူတို့အားလုံးက သူ့ကိုမျက်နှာလိုမျက်နှာရလာလုပ်နေကြတာလဲ’
ဤသို့ဖြင့် ကျိုးရှန်းဟူကို ချင်းလန်ရှိဟန်မိသားစုတပ်မှဟန်ချွဲရှေ့သို့ ခေါ်လာခဲ့ကြသည်။ မေးကြည့်ပြီးနောက် သူတွေးထားသည်များမှာ ပို၍သေချာသွားတော့သည်။ ရှန်းမင်သည် မိသားစုခေါင်းဆောင်နေရာ သို့မဟုတ် စစ်သူကြီးရာထူးများကို ဂရုမစိုက်ဘူးဆိုပါက ဟန်ချွဲ၏အတွေးများ ချက်ချင်းဆိုသလို အသက်ဝင်လာ၏။
‘ရှန်းမင်ကို စစ်မာ၊ စစ်ထူ ဒါမှမဟုတ် စစ်ခုန်းနေရာတွေပေးလိုက်ရင်ရော ဘာဖြစ်မလဲ၊ ဒါတွေအားလုံးက လုပ်ပိုင်ခွင့်အာဏာအပြည့်ရှိတဲ့ အဆင့်မြင့်အရာရှိရာထူးတွေချည်းပဲ၊ မြို့စားပိုင်နက်တစ်ခုမှာ အမြင့်ဆုံး အရာရှိတွေလို့တောင်သတ်မှတ်နိုင်တယ်’
ဟန်ချွဲ ဟန်မြို့စားထံသို့ပို့လိုက်သော စာထဲ၌ ဤအကြောင်းကို ရှင်းရှင်းလင်းလင်း ရေးသားခဲ့ပြီး မြို့စားအနေဖြင့် အကျိုးအပြစ်များကိုမမြင်နိုင်မည်စိုး၍ ကျိုးကျားရွာ၏ပထဝီဝင်အနေအထား အရေးပါပုံကိုပါ အသေးစိတ်သုံးသပ်ပြခဲ့သေးသည်။ ထိုကဲ့သို့ရှင်းပြထားသည့်အတွက် မြို့စားထံသို့စာရောက်သွားသည်နှင့် ရှန်းမင်အား အနည်းဆုံးစစ်ခုန်းရာထူးတော့ ပေးသနားလိမ့်မည်ဟု သူယုံကြည်နေ၏။ စစ်ခုန်းဆိုသည်မှာ ချင်းလန်မြို့၏ဆောက်လုပ်ရေးနှင့် တခြားကိစ္စရပ်များကို တာဝန်ယူရခြင်းဖြစ်ပြီး ရာထူးမြင့်မားသကဲ့သို့ အာဏာလည်းကြီးမားသည်။ ရှန်းမင်ကို စစ်သူကြီးရာထူး ပေးထားသလိုလိုနှင့် နာမည်ခံသက်သက်မျှသာ လုပ်ထားသည့် ရှန်ကွမ်းနှင့်မတူဘဲ မြို့စားများထံမှရှန်းမင်အတွက် အာဏာအစစ်အမှန်ရလာစေရန်လုပ်ပေးဖို့ သူဆုံးဖြတ်ထား၏။
‘အဲဒီလိုလုပ်ရပ်မျိုးနဲ့ ရှန်းမင်ကိုဘယ်လိုလုပ်ပြီး စည်းရုံးနိုင်မှာလဲ’
ကျိုးထောင်ဟွား ရှန်းမိသားစုအိမ်၌ နွေးထွေးကာသက်သောင့်သက်သာလှသော အပူပေးခုတင်ပေါ်တွင် လှဲလျောင်းနေသည်။ ရှန်းမင်မှယ ခုတင်ဘေးတွင်ထိုင်ပြီး သူမအတွက် ပန်းသီးအခွံနွှာပေးနေ၏။ ဤသစ်သီးများမှာ ရွာတံခါးများ မပိတ်ခင်ကတည်းမှ မြို့ထဲမှနေ ရှန်းမင် အထူးတလည်ဝယ်လာခဲ့သော အထားခံသည့် သစ်သီးများပင်ဖြစ်၏။ အခွံနွှာပြီးသည့်နောက် ရှန်းမင်ဂရုတစိုက်နှင့် ပန်းသီးအား အစိတ်လေးများလှီးကာ ကျိုးထောင်ဟွားကို ကမ်းပေးလိုက်သည်။ အေးစက်လှသည့် ဆောင်းရာသီတွင် နွေးထွေးသောအပူပေးခုတင်ပေါ်လှဲရင်း အရသာရှိသည့်ပန်းသီးကို စားနေရခြင်းဖြစ်၍ ကျိုးထောင်ဟွားအတိုင်းမသိ သက်သောင့်သက်သာဖြစ်နေတော့သည်။ ငါးလကြာသွားပြီဖြစ်ရာ သူမဗိုက်လေးမှာလည်း တစ်နေ့တခြားပိုထွက်လာပြီပင်။ သူမသည် ကိုယ်တိုင်လုပ်ထားသည့် ဆီကိုနေ့တိုင်းလိမ်းပြီး ဗိုက်အားနှိပ်နယ်ပေးလေ့ရှိသည်။ ပန်းသီးတစ်စိတ်စားပြီးနောက် ကျိုးထောင်ဟွား ကျောဘက်၌ ခေါင်းအုံးခံ၍ ခုတင်ခေါင်းရင်းကိုမှီလိုက်၏။ သူမ ရှန်းမင်ကိုကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုရှန်းမင် ရွာကိုလာတဲ့တပ်ဖွဲ့တွေက တစ်နေ့တခြားပိုများလာတယ်၊ အခုဆို အင်အားစုငါးခုတောင်ရှိနေပြီ၊ အဲဒီထဲက နှစ်ဖွဲ့ကအစ်ကို့ဆီလာပြီး မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေကြပြီဆိုတော့ မကြာခင် တတိယတစ်ဖွဲ့လည်းရောက်လာတော့မှာပဲ"
ရှန်းမင် မည်သို့မှမတတ်နိုင်ဘဲခေါင်းသာခါပြလိုက်သည်။
‘ဒါကို သူဘယ်လိုလုပ် မခန့်မှန်းမိဘဲနေပါ့မလဲ’
ထိုလူများ ကျိုးကျားရွာအပြင်ဘက်တွင် နေ့တိုင်း တပ်စွဲထားကြပြီး အချိန်ကြာလာသည်နှင့်အမျှ ရွာအပြင်ဘက်မှတပ်ဖွဲ့အရေအတွက်များမှာလည်း ပိုပိုများလာသည်။ ထို့ကြောင့် ကျိုးကျားရွာလေးသည် လုံးဝဝိုင်းရံပိတ်ဆို့ခံထားရပြီး အပြင်ထွက်၍ပင် မရတော့ချေ။ ရှန်းမင် မေးလိုက်သည်။
"ညီမထောင်ဟွား အခုတော့ သူတို့ကိုရွာတံတိုင်းတွေနဲ့ တားထားလို့ရသေးတယ်၊ ဒါပေမဲ့ သူတို့သာဘယ်တော့မှထွက်မသွားဘဲ ရွာကသိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေကုန်သွားရင် ဘယ်လိုလုပ်မလဲ"
’အဲဒီအခါကျရင်တော့ အပြင်ထွက်ရတော့မှာပေါ့’
ကျိုးထောင်ဟွားပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။
"အစ်ကိုရှန်းမင် တစ်ခုခုကိုမေ့နေပြီလား၊ ကျွန်မတို့ရဲ့ပိုးဖလံနတ်ဆိုးလေးမှာ အတောင်ပံတွေရှိတယ်လေ၊ အချိန်တန်ရင် စားနပ်ရိက္ခာတချို့ထွက်ဝယ်ဖို့ လူတွေကိုခေါ်သွားပေးဖို့က သူတို့အတွက် ခက်ခဲတဲ့ကိစ္စမှမဟုတ်တာ"
ရှန်းမင်မျက်လုံးအိမ်များ တဖြည်းဖြည်း ကျယ်လာကာ သဘောပေါက်သွားသည်။
‘ဒါဆို ကျိုးကျားရွာက လုံးဝအနိုင်ယူလို့မရတဲ့အနေအထားဖြစ်နေပြီး ဝိုင်းရံထားတာ ဘယ်လောက်ပဲကြာကြာ ကျိုးကျားရွာအတွက် သိပ်ပြီးထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ဆိုလိုတာပေါ့’
တစ်ခုတည်းသောပြဿနာမှာ လူတိုင်း ရွာထဲ၌ပိတ်မိနေခြင်းပင်။
‘ဒါပေမဲ့လည်း ဒီလိုမျိုးတစ်သက်လုံး ဆက်သွားနေလို့မှမရတာ’
အမှန်စင်စစ် ရှန်းမင်တစ်ယောက်တည်း ထိုကဲ့သို့ ခံစားနေရခြင်းမဟုတ်ချေ။ အရင်ရက်များအတွင်း ရွာထဲ၌ပိတ်မိနေသည့် ကျိုးထောင်ဟွားလည်း အတော်လေးပင် စိတ်မွန်းကျပ်နေပြီဖြစ်သည်။ အပြင်ထွက်၍မရရုံသာမက ရွာပြင်ဘက်မှ စစ်သားများမှာလည်း ရှန်းမင်အား မိသားစုခေါင်းဆောင်အဖြစ်ပြန်လာရန် သို့မဟုတ် စစ်သူကြီးလုပ်ရန်ဟူ၍ အမျိုးမျိုးပြောကာ မကြာခဏလာခေါ်နေကြသည်။ နှစ်သစ်ကူးချိန်နီးကပ်လာသော်ငြား ဗြောက်အိုးများ၊ မင်္ဂလာစာတန်းများပင်ဝယ်ယူ၍မရသည့်အတွက် အိမ်တိုင်း၌ နှစ်သစ်ကူး၏ပျော်ရွှင်ဖွယ် အငွေ့အသက်များ ပျောက်ဆုံးနေရသည်။ ထို့ကြောင့် ကျိုးထောင်ဟွားလည်း ဤလူများ မည်သည့်အချိန်တွင် ထွက်သွားမည်ကိုမနေနိုင်ဘဲ တွက်ချက်ကြည့်မိ၏။ မထင်မှတ်ဘဲ ကြီးမားသည့် လျှို့ဝှက်ချက်တစ်ခုကို သူမတွေ့ရှိသွားခဲ့သည်။
လောလောဆယ် ကျိုးကျားရွာ၌ကြုံတွေ့နေရသည့် သဘာဝဘေးနှင့် လူလုပ်ဘေးအန္တရာယ်များမှာ တကယ်တော့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်မှ ကောင်းကင်ဘုံ၏စည်းမျဉ်းများကို ဆိုးဆိုးရွားရွားဖောက်ဖျက်ခဲ့၍ ကောင်းကင်ဘုံမှ ကျိုးကျားရွာအား အပြစ်ပေးနေခြင်းဖြစ်နေသည်။ ထို့ပြင် ထိုအပြစ်ပေးမှုမှာ ကောင်းကင်ဘုံ၏အပြစ်ဒဏ်ခတ်ခြင်း အစပျိုးရုံလေးသာရှိသေးသည်။ ကျိုးထောင်ဟွားရင်ထဲ၌ စိုးရိမ်ပူပန်မှုများ ကြီးထွားလာ၏။ အခြေအနေများ ဤသို့ဖြစ်လာလိမ့်မည်ဟု သူမမည်သည့်အချိန်ကမှမတွေးခဲ့ဘူးပေ။ သူမ၏စိုးရိမ်နေသည့် မျက်နှာအမူအရာကိုမြင်သောအခါ ရှန်းမင် သူမမျက်မှောင်ကြုတ်နေသည်အား ညင်ညင်သာသာလေးဖြည်ပေးလိုက်သည်။ ထို့နောက် သူနှစ်သိမ့်ပေးလိုက်၏။
"မပူပါနဲ့ ထောင်ဟွားရယ် ကိုယ်ရှိပါသေးတယ်၊ ဖြေရှင်းစရာလမ်းစရှာဖို့ ကိုယ် ကူညီပေးမှာပါ"
ထိုသို့ပြောပြီးနောက် ခေါင်းငုံ့၍ သူမနှုတ်ခမ်းလေးကို ညင်သာစွာသူနမ်းရှိုက်လိုက်သည်။ ပန်းသီး၏ချိုမြိန်သော အရသာလေးကိုပါ ခံစားလိုက်ရ၏။ ဤအနမ်းကြောင့် ကျိုးထောင်ဟွား၏ဝိညာဉ်စွမ်းအင်များ ချက်ချင်း တိုးပွားလာသည်။ အရင်တစ်နှစ်ကဆိုလျှင် ဤကဲ့သို့အနမ်းမျိုးမှာ ဝိညာဉ်စွမ်းအင်များစွာကို ပေးစွမ်းနိုင်မှာဖြစ်သော်လည်း ကိုယ်ဝန်ဆောင်ပြီးကတည်းမှ သူမရင်ဆိုင်ရသည့် နတ်ဆိုးများနှင့် မိစ္ဆာများကြောင့် ယင်းမှာလုံလောက်မှုမရှိတော့ချေ။
‘ဟူး’
ကျိုးထောင်ဟွား သက်ပြင်းခပ်တိုးတိုးချလိုက်ပြီး သူမမျက်လုံးများထဲ၌ မည်သည်ကိုမှ မတတ်နိုင်သော အရိပ်အယောင်ပေါ်လွင်နေသည်။ ကိုယ်ဝန်ရှိလာကတည်းမှ အစ်ကိုရှန်းမင်ထံမှ ဝိညာဉ်စွမ်းအင်ရရှိမှု နည်းပါးလာပြီး တစ်နေ့တခြားစွမ်းအင်များ ပို၍ ကုန်ဆုံးလာသကဲ့သို့ သူမခံစားနေရသည်။ သူမစိတ်မပျော်မရွှင်ဖြစ်နေသည်အားမြင်၍ ရှန်းမင်လည်း ရင်ထဲတွင် သနားကရုဏာသက်သွားရ၏။
"ထောင်ဟွား ဘာဖြစ်လို့လဲ၊ ကိုယ့်ကို ပြောပြပါလား၊ ကူညီပေးနိုင်တာမှန်သမျှ ကိုယ်အကုန်လုပ်ပေးပါ့မယ်၊ ကိုယ်မလုပ်နိုင်ဘူးဆိုရင်တောင် ကိုယ့်ကိုပြောပြလေ ဖြေရှင်းစရာနည်းလမ်းကို အတူတူရှာကြတာပေါ့"
ရှန်းမင်စကားပြောရင်းဖြင့် ကျိုးထောင်ဟွားကို သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး သူ့ရင်ဘတ်ကိုမှီထားစေလိုက်သည်။ ရှန်းမင်၏ရင်ခွင်ထဲ၌ ကျိုးထောင်ဟွား၏ခေါင်းကိုက်မှုများ အနည်းငယ် သက်သာသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ရှန်းမင်ကို မော့ကြည့်လိုက်ရာ သူတို့နှစ်ဦးအကြည့်များဆုံသွားကြသည်။ သူမနှုတ်ခမ်းလေးမှာ အနည်းငယ် ပွင့်ဟသွားပြီး စကားလုံးများထွက်ကျလာတော့မလိုဖြစ်နေသော်ငြား လျှာဖျားတင်ပင် အချိန်အတော်ကြာ တစ်ဆို့နေပြီးနောက်မှ ပြောထွက်သွားသည်။
"အစ်ကိုရှန်းမင် ကိုယ်ဝန်ကြောင့် ကျွန်မရဲ့ကျင့်စဉ်စွမ်းအားတွေ ကျဆင်းသွားပုံရတယ်၊ ဒါကြောင့် နည်းနည်းအားနည်းနေသလိုခံစားနေရတာပါ"
တကယ်တော့ အရင်ကလောက် သူ့ထံမှ စွမ်းအင်ပြန်လည်မဖြည့်တင်းနိုင်၍ ဖြစ်သည်။ သို့သော် ယင်းမှာ သူမ၏ကျင့်စဉ်အား တကယ်ပင်ကျဆင်းသွားစေခဲ့၏။ ရှန်းမင် မျက်ရည်ဝဲနေသော ကျိုးထောင်ဟွား၏မျက်လုံးလေးများကိုကြည့်ရင်း သူမလက်ကို ဆုပ်ကိုင်ကာ ညင်သာစွာပြောလိုက်သည်။
"ကိုယ် ရှိနေတာပဲလေ၊ ကိုယ့်မှာအငြိုးအတေးစွမ်းအင်တွေရှိတယ်၊ မင်းကို ကူညီဖို့ ဒါကိုသုံးလို့ရတယ်မလား၊ မင်းရဲ့ ကျင့်စဉ်စွမ်းအားနဲ့ ကိုယ့်ရဲ့အငြိုးအတေးစွမ်းအင်သာ ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းကအနိုင်ယူလို့မရတဲ့သူ ဖြစ်မသွားဘူးလား"
ရှန်းမင်လက်ဖဝါးမှ ကျိုးထောင်ဟွားလက်ကို ဆုပ်ကိုင်ထားရင်း သူ့လက်ချောင်းများမှာ သူမလက်ချောင်းလေးများကြားထဲ တဖြည်းဖြည်းယှက်နွယ်၍ ဝင်ရောက်သွား၏။ သူတို့လက်ချောင်းများ ယှက်နွယ်သွားသည့် အခိုက်အတန့်မှာပင် ရှန်းမင်ကိုယ်တွင်း၌ ဂနာမငြိမ်ဖြစ်နေသော အငြိုးအတေးစွမ်းအင်များတည်ငြိမ်သွားလေသည်။ ကျိုးထောင်ဟွားစိတ်ထဲတွင်လည်း များစွာသက်သာရာရသွားပြီး နှုတ်ခမ်းလေးများ ကွေးညွတ်သွားကာပြုံးလိုက်၏။ သူမနှင့်ရွာကို ကာကွယ်ရန်အတွက် ရှန်းမင် သူ၏ကြမ်းကြုတ်သော အငြိုးအတေးစွမ်းအင်များကို ထုတ်လွှတ်ခဲ့သည်အား သူမကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းပင်။ ကျိုးထောင်ဟွား သဘောတူသည့်အနေဖြင့် အသံတိုးတိုးလေးပြုလိုက်သည်ကိုကြား၍ ရှန်းမင် သူမခေါင်းလေးအား ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ သူ၏အငြိုးအတေးစွမ်းအင်များ မည်သည့်နေရာမှလာသည်ကို သူသိသော်ငြား သူမအား မည်သို့ပြောပြရမည်ကိုတော့ သူမသိခဲ့ပေ။
‘သူ့ရဲ့ပြင်းထန်တဲ့ အငွေ့အသက်တွေ မြစ်ဖျားခံရာဖြစ်တဲ့ မြေအောက်လောက, ကနေ သူလာခဲ့တယ်ဆိုတာကိုသာ သူမ သိသွားရင် သူ့ကိုရှန်းမင်အဖြစ် ဆက်ပြီးဆက်ဆံပါ့မလား’
သူတို့နှစ်ယောက်လုံး စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေချိန်မှာပင် ပိုးဖလံနတ်ဆိုးလေးရုတ်တရက် ဝင်လာ၏။
"သခင်မ သခင်ကြီးကိုလာရှာတဲ့သူ နောက်တစ်ယောက် ရွာတံခါးအပြင်မှာ ရောက်နေပြန်ပြီ"
ပိုးဖလံလေးသတင်းပို့လာရာ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရင်ထဲ၌ သံသယအသီးသီးရှိနေကြသည်။ ကျိုးကျားရွာတံခါးအပြင်ဘက်၌ အမိန့်စာချွန်တော်ကိုင်ဆောင်ထားသော အရာရှိနှစ်ယောက်မှာ ရွာတံတိုင်းဘက်ကိုကြည့်၍ တက်တက်ကြွကြွ အော်ဟစ်နေကြ၏။
"ရှန်းမင် ငါ့တို့ဆီထွက်တွေ့ပါ"
***