"ရှန်းမင် အမိန့်စာချွန်တော်ကိုလက်ခံယူပါ"
"ရှန်းမင် ကျေးဇူးပြုပြီး....."
အောက်ဘက်မှ စကားသံများကို ကြားလိုက်ရချိန်တွင် ကျိုးကျားရွာရှိ ကင်းစောင့်အဖွဲ့မှ ရွာသားများမှာ ဆွံ့အသွားကြသည်။ ထိုလူများကိုကြည့်ရသည်မှာ အဆင့်မြင့် အရာရှိကြီးများနှင့် တူနေပါလျက် အဘယ်ကြောင့် ဤမျှ နှိမ့်ချစွာပြောဆိုနေကြရသနည်း။ သူတို့ဆက်ဆံရေးမှာ ယခင်က ရှန်းမင်ထံလာရောက်တွေ့ဆုံခဲ့သော အဖွဲ့နှစ်ဖွဲ့နှင့်လုံးဝကိုကွာခြားနေသည်။
ယခုတစ်ကြိမ်လာရောက်သော အရာရှိများမှာ အလွန် ယဉ်ကျေးနေသောကြောင့် ဖြစ်မည်။ ကင်းစောင့်အဖွဲ့မှ ရွာသားများမှာ သူတို့ကိုမကြောက်ကြတော့ဘဲ သူတို့မျက်လုံးများကိုပင် တည့်တည့်စိုက်ကြည့်ရဲလာကြသည်။ မဝေးလှသောနေရာတွင် ဟန်ချွဲမှာ ချင်းလန်မြို့မှအရာရှိများကြောင့် ကျိုးကျားရွာသားများ ပိုမို ရင်းနှီးလာသည်ကို စောင့်ကြည့်နေရင်း သူ့နှုတ်ခမ်းထောင့်များ အလိုအလျောက်ပင် ကျေနပ်ဂုဏ်ယူစွာကွေးညွတ်သွားသည်။ တစ်ခဏအတွင်းမှာပင် ရှန်းဖန်းနှင့် ရှန်ကွမ်းဟောက်တို့ ချင်းလန်ရှိဟန်မိသားစု၏လုပ်ရပ်ကို မြင်လိုက်ရသောအခါ ဟန်ချွဲသည် အလွန်တရာ ကောက်ကျစ်စဉ်းလဲလွန်းသည်ဟု ခံစားရကာ နှစ်ယောက်စလုံးမျက်မှောင်ကြုတ်သွားကြသည်။
ယခင်က သူတို့ဤသို့သောပါးနပ်မှုကို မစဉ်းစားမိခဲ့ဘဲ ရှန်းမင်ကို မိသားစုခေါင်းဆောင်နှင့် စစ်သူကြီးရာထူးများ ပေးသနားခြင်းကပင် အောက်ကျခံရာ ရောက်နေပြီဟုထင်မှတ်ခဲ့ကြသည်။ သို့သော် တောသားတစ်ဦးဖြစ်သော ရှန်းမင်မှာ ဤအရာများကို အလေးအနက်မထားလိမ့်မည်ဟု သူတို့လုံးဝမထင်မှတ်ထားခဲ့ပေ။ သူတို့အားလုံးတွက်ဆမှု မှားယွင်းသွားခဲ့ပြီး ဤဖြစ်နိုင်ခြေကို တစ်ခါမှထည့်မစဉ်းစားခဲ့မိကြချေ။ ယခုအချိန်တွင်မူ ရှန်းဖန်းနှင့် ရှန်ကွမ်းဟောက်တို့မှာ နောင်တတရားများဖြင့်ပြည့်နှက်နေကြသည်။ ဟန်ချွဲဆိုသော ထိုကောက်ကျစ်သည့်ကောင်သည် သူတို့၏ ယခင်အကဲစမ်းမှု နှစ်ကြိမ်ကို အခွင့်ကောင်းယူကာ ယခုတော့အဖြေကို ရှာတွေ့သွားခဲ့ပြီပင်။ ယခု သူတို့အလွန်တရာ စိုးရိမ်နေကြသည်မှာ အကယ်၍ ရှန်းမင်မှဤအကွက်ထဲသို့ဝင်သွားပြီး ချင်းလန်ရှိဟန်မိသားစုတပ်ကို ရွာထဲပေးဝင်လိုက်လျှင် မည်သို့လုပ်ရမည်နည်း။ ရှန်းမင် ကျိုးထောင်ဟွားကို တံတိုင်းပေါ်သို့ ဖြည်းညင်းစွာတွဲခေါ်သွားသည်။ နှစ်ကုန်ပိုင်းသို့ နီးကပ်လာသည်နှင့်အမျှ ရာသီဥတုမှာပို၍ချမ်းအေးလာသည်။
သို့သော် ကျိုးထောင်ဟွားမှာမူ ဝံပုလွေသားရေအင်္ကျီနှင့် ဝတ်ရုံကိုဝတ်ဆင်ထားပြီး နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ယုန်မွေးဦးထုပ်ကို ဆောင်းထားသည်။ သူမကို ရှန်းမင်မှ တွဲခေါ်လာပြီး ရာသီသွေးမိစ္ဆာ၊ ဒူးရင်းသီးနတ်ဆိုး၊ အသံနတ်ဆိုး၊ ခရုနတ်ဆိုးနှင့် မိခင်မှိုနတ်ဆိုးတို့လည်း ဘေးမှ ဝန်းရံကာကွယ်ပေးထားကြပြီး ကောင်းကင်တွင်လည်း ပိုးဖလံနတ်ဆိုးလေးရှိနေသေးသည်။ ကျိုးထောင်ဟွား တံတိုင်းပေါ်သို့ရောက်သောအခါ အောက်ဘက်ရှိ ချင်းလန်အရာရှိနှစ်ဦးမှ မိမိတို့ကိုယ်ကိုမိတ်ဆက်ပြီး ရှန်းမင်အား ချင်းလန်သို့လိုက်ပါကာ စစ်ခုန်းအဖြစ် တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် တိုက်တွန်းနေသည်ကို ကြားလိုက်ရသည်။ ရှန်းမင်ထွက်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ထိုလူနှစ်ဦးမှာ အလွန်တရာဝမ်းသာသွားကြ၏။ ရှန်းမင်အောက်ဆင်းလာပြီး အမိန့်စာချွန်တော်အား လက်ခံယူရန်ကိုပင် မစောင့်တော့ဘဲ သူတို့မှာ တိုက်ရိုက်ပင်အသံကျယ်ကျယ်ဖြင့်ဖတ်ပြလိုက်ကြသည်။
"ရှန်းမင် ကျွန်တော်တို့ရဲ့ချင်းလန်မြို့တော်က လူကြီးမင်းကိုတကယ်ပဲ လိုအပ်နေပါတယ်၊ ရှန်းမင် စိတ်ချပါ၊ ဒါကလူကြီးမင်းရဲ့ ခန့်အပ်လွှာရယ် ရုံးသုံးဝတ်စုံနဲ့တရားဝင်တံဆိပ်တုံးတွေပါ၊ လူကြီးမင်းအတွက် မြင်းလှည်းကိုတောင် ပြင်ဆင်ထားပြီးပါပြီ၊ ကျေးဇူးပြုပြီး လှည့်ပေါ်တက်လိုက်ပါ၊ လူကြီးမင်းအနေနဲ့ ချင်းလန်မြို့တော်မှာ တာဝန်ထမ်းဆောင်နိုင်ရုံသာမက ဇနီးသည်ကိုပါခေါ်ဆောင်လာပြီး စည်းစိမ်ချမ်းသာတွေကို ခံစားနိုင်ပါတယ်"
ချင်းလန်မြို့တော်မှ အရာရှိနှစ်ဦးသည် ရှန်းမင်အား ကျိုးထောင်ဟွားကို ချင်းလန်မြို့တော်သို့ ခေါ်ဆောင်လာစေရန် သူတို့အပြောစွမ်းရည်များကို အသုံးပြုကာ ဖျောင်းဖျနေကြသည်။ ထိုသို့ သူတို့ အပူတပြင်းကြိုးစားနေစဉ်မှာပင် ကျင်းဖန်မြို့တော်ဟု စာတန်းထိုးထားသော နောက်ထပ်ဇိမ်ခံမြင်းလှည်းတစ်စီး ရောက်ရှိလာသည်။
‘ကျင်းဖန်က ယန်မိသားစုရဲ့အရာရှိတွေလား’
ကျိုးကျားရွာအပြင်ဘက်တွင် ယန်မိသားစုတပ်နှင့်အတူ တပ်စွဲထားသော ဟန်ချွဲသည်လည်း စိတ်ထဲမှနေ၍သူတို့ကို ကျိန်ဆဲလိုက်၏။
‘သူတို့က သူတို့ရဲ့ကိုယ်ပိုင်မြို့စားဆီမှာ အမိန့်စာချွန်တော်သွားတောင်းခဲ့ကြတာလား၊ ယန်မြို့စားက ရှန်းမင်ကိုပေးအပ်လိုက်တဲ့ ရာထူးကလည်း အာဏာရှိပြီး အဆင့်အတန်းမြင့်မားတဲ့ ရာထူးတစ်ခုပဲဖြစ်ရမယ်’
စစ်ထူနှင့် စစ်ခုန်းရာထူးနှစ်ခုမှာ အဆင့်အတန်းအရ ခန့်မှန်းခြေတူညီကြပြီး မြို့စားပိုင်နက်မြို့တော်များတွင် မြို့စားများ၏အောက် ဒုတိယအဆင့် အာဏာအရှိဆုံး အဆင့်မြင့်အရာရှိများ ဖြစ်ကြသော်လည်း တကယ်တမ်း အဆင့်ခွဲရမည်ဆိုလျှင် စစ်ထူမှာအနည်းငယ် ပို၍မြင့်မားလေသည်။ ဟန်ချွဲ မျက်မှောင်ကြုတ်သွားရ၏။
‘ယန်မိသားစုက တကယ်စက်ဆုပ်စရာကောင်းတာပဲ’
သို့သော် ကျင်းဖန်မှယန်မိသားစုအချိန်အတော်ကြာ တောင်းဆိုနေသော်လည်း ရှန်းမင် သဘောမတူသည်ကိုမြင်သောအခါမှ သူသက်ပြင်းချနိုင်သွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက် နောက်ထပ် ဇိမ်ခံမြင်းလှည်းတစ်စီး ရောက်လာပြန်သည်။ ယခုတစ်ကြိမ်တွင် ဟန်မိသားစုသာမက ယန်မိသားစုကပါသတိဝီရိယကြီးစွာထားလိုက်ကြသည်။ အကြောင်းမှာ ထိုမြင်းလှည်းတွင် လုချိုး ယန်မိသားစုဟူ၍ ရေးထိုးထားသောကြောင့်ဖြစ်သည်။ ထိုလုချိုး ယန်မိသားစုသည်လည်း ယခင်ဟန် နှင့် ယန် မိသားစုများနည်းတူ ရှန်းမင်အား စစ်ထူ နှင့်စစ်ခုန်းတို့ထက်ပင် ပိုမိုမြင့်မားသော ဝန်ကြီးဌာနသုံးခု၏အကြီးအကဲစစ်မာ ရာထူးကိုပေးအပ်ရန် ယဉ်ကျေးစွာ တောင်းဆိုနေကြ၍ ဟန်နှင့်ယန် မိသားစုတို့မှာ ဆွံ့အသွားကြသည်။
‘လုချိုး ယန်မိသားစုကတော့ တကယ်ကို အစွမ်းကုန်ပုံအောနေတာပဲ’
သို့သော် လုချိုး ယန်မိသားစု၏ ကမ်းလှမ်းချက်မှာ အနည်းငယ်ပို၍ ရိုးသားမှုရှိပုံရသော်လည်း ဟန်မိသားစုနှင့် ယခင်ယန်မိသားစု အရာရှိများပါ လက်မလျှော့ကြချေ။ မိသားစုသုံးစုလုံးမှ ရှန်းမင်အား သူတို့မြို့တော်များတွင် တာဝန်ထမ်းဆောင်ရန် ဝိုင်းဝန်းတောင်းဆိုနေကြသည်။ သူတို့၏ဆူညံပွက်လောရိုက်နေသော အသံများမှာ ကြက်ဖကြီးများ တစ်ကောင်ပြီးတစ်ကောင် တွန်နေသည့်အလား မည်သူကမှ အလျော့မပေးကြသည်ကို ရှန်းမင်နားထောင်နေရသည်။ နောက်ဆုံး ရှန်းမင်လှည့်ထွက်သွားသည်ကို မြင်သောအခါမှ သူတို့အားလုံး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြပြီး သူထွက်ခွာသွားသည်ကိုကြည့်နေလိုက်ကြသည်။ ရှန်းမင် ထွက်ခွာတော့မည်ကိုမြင်သောအခါ သူတို့တွင် ရွေးချယ်စရာ မရှိတော့ဘဲ ဆက်လက် အော်ဟစ်၍သာတောင်းဆိုနေကြတော့သည်။
"ကျေးဇူးပြုပြီး ဂုဏ်ပြုတာကိုလက်ခံပေးပါ"
သို့သော် နောက်ဆုံးတွင်တော့ အချည်းနှီးသာဖြစ်ခဲ့ရသည်။ ရှန်းမင်မှာ သဘောမတူခဲ့ပေ။ ရှန်းဖန်း နှင့် ရှန်ကွမ်းဟောက်တို့ အပါအဝင် လူတိုင်းမျက်နှာများမှာ အတော်လေး မှုန်ကုပ်နေကြသည်။ ထိုစဉ် ရှန်ထျန်းယိ ရှန်းဖန်းအားရုတ်တရက် ပြောလိုက်သည်။
"စစ်သူကြီး ကျိုးထောင်ဟွားက ကျွန်တော်တို့ကို သတိထားမိလာအောင်လုပ်ရမယ့်နည်းလမ်း ကျွန်တော့်မှာရှိတယ်"
ရှန်းဖန်း မျက်မှောင်ကြုတ်ကာ သူ့ကိုစိုက်ကြည့်ရင်းမေးလိုက်သည်။
"ဆရာကြီးရှန် ခင်ဗျားရဲ့နည်းလမ်းက ဘာလဲ"
"စစ်သူကြီး ဒါလေးကိုကြည့်လိုက်ပါ"
ရှန်ထျန်းယိ ထိုသို့ပြောရင်း သူ၏ချန်ခွန်းအိတ်ထဲမှ ကြေးပြားတစ်ခုကိုထုတ်ယူလိုက်သည်။ ဟန်၊ ယန် နှင့် လုချိုးယန် မိသားစုတို့ မျှော်လင့်ချက်မရှိတော့ဘူးဟု ထင်နေချိန်မှာပင် ရှန်းမင်မှ ရုတ်တရက် ရပ်တန့်သွားသည်ကို သူတို့မြင်လိုက်ရသည်။
"ညီမထောင်ဟွား ဘာဖြစ်လို့လဲ"
ရှန်းမင် သူ့ဘေးရှိကျိုးထောင်ဟွား၏ပုံမှန်မဟုတ်သောအမူအရာကို သတိထားမိသွားပြီး မေးလိုက်သည်။ ကျိုးထောင်ဟွား မော့ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"အစ်ကိုရှန်းမင် ကျိုးကွမ်းလေ့အိမ်မှာ ကျွန်မတို့တွေ့ခဲ့တဲ့ တောင်တစ္ဆေကြေးပြားကိုမှတ်မိလား၊ အခု တံတိုင်းအပြင်ဘက်မှာ အဲဒီလိုမျိုးအငွေ့အသက်ကို ကျွန်မသတိထားမိလိုက်တယ်"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွား အပြင်ဘက်ရှိ သစ်တောနှင့် စစ်တဲများဘက်သို့ လှည့်ကြည့်လိုက်သည်။ ရှန်းမင်လည်း သူမနောက်မှတံတိုင်းထံသို့လိုက်သွားခဲ့သည်။ ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့ပြန်လှည့်လာသည့် အခိုက်အတန့်တွင် လူတိုင်း၏ရင်ခုန်သံများ မြန်ဆန်သွားကြသည်။ အထူးသဖြင့် ရှန်းမင်မှာ ဟန်၊ ယန် နှင့် လုချိုးယန် မိသားစုများအကြား ရွေးချယ်မှုပြုလုပ်နေပြီဟု ထင်နေကြသော ရှန်းနှင့် ရှန်ကွမ်းမိသားစုများပင် ဖြစ်သည်။ မမျှော်လင့်ဘဲ ကျိုးထောင်ဟွားသည် ရှန်းမိသားစုရှိရာဘက်သို့ လက်ညှိုးညွှန်လိုက်၏။ ထိုအခါ ရှန်းဖန်းမျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။ စစ်တဲထဲမှနေ၍ အရှေ့သို့အပြေးအလွှားထွက်လာကာ ကျိုးထောင်ဟွားအား အော်မေးလိုက်၏။
"သခင်မကျိုး ကျွန်တော့်ကိုရှာနေတာလား၊ ဘာအကူအညီများ လိုအပ်လို့လဲဆိုတာ ကျေးဇူးပြုပြီးပြောပြပါ"
ကျိုးထောင်ဟွား၏အကြည့်မှာ မိမိထံ ရောက်နေသည်ကိုမြင်သောအခါ ရှန်းဖန်းသည် တစ်ခါမှမပြဖူးသည့် အတက်ကြွဆုံးအပြုံးအား ချက်ချင်းပြုံးပြလိုက်သည်။ ကျိုးထောင်ဟွား သူ့ကိုတစ်ခုခု ပြောစရာရှိသည်ဟု သူကြိုတင်ခံစားမိနေသည်။ ထင်မှတ်မထားဘဲ ကျိုးထောင်ဟွားမှ သူ့ကိုတစ်ချက်သာကြည့်ပြီးနောက် အကြည့်လွှဲသွားခဲ့သည်။ သို့သော် သေချာကြည့်လိုက်သောအခါ သူမအကြည့်မှာ ရှန်းမိသားစုတပ်ဖွဲ့ထံတွင်သာ ရပ်တန့်နေကြောင်းတွေ့ရ၏။ ရှန်းဖန်း နားမလည်နိုင်ဖြစ်သွားသကဲ့သို့ ရှန်းအန်း၊ ရှန်းကျုံးလေ့ နှင့် ရှန်းရုံတို့လည်း နားမလည်နိုင်ဖြစ်သွားကြသည်။ ထို့ကြောင့် ရှန်းဖန်းမှ ရှန်းရှောင်ဖန်း၊ ရှန်းရှောင်ခိုင် နှင့် အခြားသူများကိုအနားသို့လာရန် လက်ယပ်ခေါ်လိုက်သည်။ ရှန်ကွမ်းမိသားစုအပါအဝင် မိသားစုလေးခုလုံး ကျောချမ်းသွားကြပြီး သူတို့တွေးလိုက်မိကြသည်။
"သွားပြီ"
ဦးစွာ ရှန်းမင်နှင့်ရင်းနှီးအောင်လုပ်ပြီးနောက် သူ့မှတစ်ဆင့် ကျိုးထောင်ဟွားထံ အသနားခံရန်ကြိုးစားခြင်းဖြင့် သူတို့ရည်မှန်းချက်ကို သွယ်ဝိုက်သောနည်းဖြင့်ရယူရန် သူတို့အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ ယခုတော့ သူတို့အစား ရှန်းမိသားစုမှ ကျိုးထောင်ဟွား၏တိုက်ရိုက် သတိထားမိခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ နောက်ဆုံးတွင် ကျိုးထောင်ဟွား သူမကိုယ်သူမထုတ်ဖော်ပြသလိုက်ပြီပင်။ သူမလူအုပ်ထဲရှိ ရှန်ထျန်းယိထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ရှင် ဒီကိုလာခဲ့"
ရှန်းဖန်း အလွန်တရာဝမ်းသာသွားရသည်။ ဆရာကြီးရှန်မှာ သူ့စကားအတိုင်း တကယ်လုပ်နိုင်ပြီး ရှန်းမိသားစုတပ်ဖွဲ့ထံသို့ ကျိုးထောင်ဟွား၏အာရုံစိုက်မှုကို အမှန်တကယ် ရယူပေးနိုင်လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ရှန်းဖန်း ရှန်ထျန်းယိကို အရှေ့သို့အမြန်ဆွဲခေါ်သွားပြီး ကျိုးထောင်ဟွားနှင့် မိတ်ဆက်ပေးလိုက်သည်။
***