ရှန်းဖန်း ပြောလိုက်သည်။
"သခင်မကျိုး သူ့နာမည်ကရှန်ထျန်းယိပါ၊ ကျွန်တော်တို့ လုံအန်းရဲ့ချင်းဟယ်ကျောင်းတော်မှာ ကျောင်းထိုင်ဆရာတော်ပါ"
ရှန်ထျန်းယိ ကျိုးထောင်ဟွားအား ချက်ချင်းသတိထားမိသွားစေရန် မည်သည့်နည်းလမ်းများသုံးလိုက်သည်ကို မသိသော်လည်း ရှန်းဖန်းမှာမူ ကျိုးထောင်ဟွားနှင့် ပိုမိုရင်းနှီးလာစေရန် တက်တက်ကြွကြွပင် ကြိုးစားနေလေသည်။ ကျိုးထောင်ဟွား ရှန်းဖန်းကိုခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်သည်။
"ဒါဆို ဆရာတော်ရှန်ပေါ့"
စကားပြောရင်းပင် ကျိုးထောင်ဟွား သူမဘေးရှိ ရှန်းမင်ကိုလှမ်းကြည့်လိုက်သည်။ သူမ၏လက်ရှိ ကျင့်စဉ်အဆင့်မှာ လုံလောက်မှု မရှိနိုင်သောကြောင့် သူ့အကူအညီကို လိုအပ်နေသည်။ ရှန်းမင် သူမအားခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသောအခါမှ ကျိုးထောင်ဟွား ချက်ချင်းစိတ်သက်သာရာရသွားတော့သည်။ ဤသို့ဆိုမှတော့ နှစ်သစ်ကူး မတိုင်မီကိစ္စအချို့ကို သူမဖြေရှင်းနိုင်ပြီဖြစ်သည်။
"ဆရာတော်ရှန် ရွာထဲဝင်ပြီးကျွန်မအိမ်မှာ လာနေချင်ပါသလား"
ကျိုးထောင်ဟွား ဖိတ်ခေါ်လိုက်သည်။ ဤစကားကိုကြားသောအခါ ရှန်ထျန်းယိ၏မျက်လုံးများ အရောင်လက်သွားပြီး ရင်ထဲတွင် စိတ်လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်လာသည်။ သူကျိုးထောင်ဟွားနှင့် ရှန်းမင်ထံ မော့ကြည့်လိုက်၏။
‘သူအလိုရှိနေသောအရာမှာ နောက်ဆုံးတော့ ရောက်လာပြီလေ’
ဘေးတွင်ရပ်နေသော ရှန်းဖန်းသည်လည်း ကျိုးထောင်ဟွား၏စကားကို ကြားပြီးနောက် ထိုနည်းတူခံစားလိုက်ရသည်။ သူတို့ လုံအန်းရှိရှန်းမိသားစုသည် ကျိုးကျားရွာထဲသို့ဝင်ခွင့်ရသည့် ပထမဆုံးလူများ တကယ်ဖြစ်လာခဲ့ပြီပင်။ ရှန်ထျန်းယိပခုံးအား သူပုတ်ကာမှာကြားလိုက်သည်။
"ခဏနေ ကျိုးကျားရွာထဲရောက်ရင် သခင်မကျိုးကို စကားချိုချိုသာသာပြောပြီး မျက်နှာချိုသွေးရမယ်နော်၊ ကျိုးကျားရွာမှာ ငါတို့ရှန်းမိသားစုတပ်ဖွဲ့ဝင်ရောက်တပ်စွဲခွင့်ရဖို့ သူမသဘောတူအောင် သေချာလုပ်ခဲ့"
ထိုသို့လုပ်နိုင်မှသာ မြို့စားကြီးပေးအပ်ထားသောတာဝန်ကို သူပြီးမြောက်နိုင်မည်ဖြစ်သည်။ ရှန်ထျန်းယိမှာ ပို၍စိတ်လှုပ်ရှားလာကာ ဘေးတွင်ရှိနေသော ရှန်ကွမ်း၊ ဟန်၊ ယန် နှင့် လုချိုးယန် မိသားစုများထံ မသိမသာဝင့်ကြွားစွာလိုက်ကြည့်လိုက်သည်။ သူ့နည်းလမ်းများမှာ ယနေ့တွင် ထိုမိသားစုသုံးစုလောက်မပါးနပ်ခဲ့သော်လည်း အံ့သြစရာကောင်းစွာပင် နောက်ဆုံး၌ ကျိုးထောင်ဟွားမှသူ့အား ရွေးချယ်ခဲ့သည်။ ရှန်းမင်ကို ကြားခံအဖြစ်မသုံးဘဲ သူမကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းပင်။ ဟန်၊ ယန် နှင့် လုချိုးယန် မိသားစုများအားလုံးမှာ ကျိုးထောင်ဟွား၏စကားကို ကြားသောအခါ အံ့သြမှင်သက်စွာဖြင့် စိုက်ကြည့်နေကြသည်။
‘သူမကရှန်းမိသားစုကို ရွေးလိုက်တာလား’
ရှန်ထျန်းယိ ပြုံး၍ခေါင်းညိတ်ကာပြောလိုက်သည်။
"ကျေးဇူးပြုပြီး ရွာတံခါးကိုဖွင့်ပေးပါ သခင်မကျိုး၊ ကျွန်တော် အခုပဲဝင်လာခဲ့ပါ့မယ်"
စကားပြောပြီးနောက် ရှန်ထျန်းယိ ဟန်၊ ယန် နှင့် လုချိုးယန် မိသားစုများကို လှောင်ပြောင်သလို ဆိုလိုက်သည်။
"လမ်းဖယ်ပေးကြပါဦး"
သူ သဘောထားသေးသိမ်ခြင်းတော့ မဟုတ်ပေ။ သို့သော် ဤနေရာရှိလူတိုင်းသည် ကျိုးကျားရွာတံခါးပွင့်ပွင့်ချင်းတွင် မဆင်မခြင်ခိုးဝင်လာရန် အခွင့်အလမ်းများလွန်းသဖြင့် ရှန်းမိသားစု၏အောင်ပွဲကို ဖျက်ဆီးပစ်နိုင်ခြေရှိနေသောကြောင့် ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ တံတိုင်းပေါ်မှ ကျိုးထောင်ဟွားပြောလိုက်သည်။
"မြို့တံခါးကိုတော့ မဖွင့်ပေးဘူး၊ နတ်ဆိုးလေးဆင်းလာပြီး ခေါ်သွားလိမ့်မယ်"
ကျိုးထောင်ဟွား စကားပြောပြီးသည်နှင့် နတ်ဆိုးတစ်ကောင်မှ ကြိုးတစ်ချောင်းကိုင်ကာပျံဆင်းလာပြီး ရှန်ထျန်းယိအား ထိုကြိုးကိုကိုင်တွယ်စေကာ အပေါ်သို့ အတူတူပျံတက်သွားသည်။ ရှန်ထျန်းယိ အပါအဝင် ရှန်းဖန်းတို့ပင်လျှင် ကျိုးထောင်ဟွား ဤမျှထိသတိကြီးမည်ဟုမထင်ထားခဲ့ကြပေ။ သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် ကျိုးထောင်ဟွားမြို့တံခါးကိုမဖွင့်ပေးပါက ရှန်ထျန်းယိတစ်ယောက်သာ ရွာထဲဝင်ခွင့်ရမည်ဖြစ်ပြီး အခြားသူများအတွက် အခွင့်အရေးလုံးဝ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ရှန်းဖန်း ရှန်ထျန်းယိကို မှာလိုက်ပြန်၏။
"ခဏနေရင် သခင်မကျိုးကို စကားကောင်းကောင်းပြောရမယ်၊ သူမကိုဒေါသမထွက်စေနဲ့နော်"
မထွက်ခွာမီ ရှန်းဖန်းမှ ရှန်ထျန်းယိကို ဤနောက်ဆုံးစကားများ မှာကြားခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးလေးနှင့်အတူ ပျံတက်သွားပြီး မြေပြင်ပေါ်ဆင်းသက်လိုက်ချိန်တွင် ရှန်ထျန်းယိ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ကိုကြည့်ရင်း သူ့မျက်လုံးထဲမှ လောဘများကို သတိကြီးစွာဖုံးကွယ်ထားလိုက်သည်။ ကျိုးထောင်ဟွား၏ဝတ်ရုံအောက်မှ အနည်းငယ်ထွက်နေသောဗိုက်ကို ချက်ချင်းသူသတိထားမိလိုက်၏။
‘သူမ ကိုယ်ဝန်ရှိနေတယ်’
ကျိုးထောင်ဟွား တံတိုင်းပေါ်မှအောက်ဆင်းရန် ပြင်လိုက်ချိန်တွင် သူ့မျက်လုံးထဲ၌ ယုတ်မာသောအတွေးတစ်ခု ပေါ်လာသည်။ သူမကိုအောက်သို့ တွန်းချပစ်ချင်သွား၏။ သို့သော် ကျိုးကျားရွာမှလူများ ဤမျှအများကြီးရှိနေသဖြင့် အောင်မြင်စွာပြန်ဆုတ်ခွာနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ သူ တစ်ခဏမျှတုံ့ဆိုင်းနေစဉ်မှာပင် နတ်ဆိုးမတစ်ကောင်မှ သူမကိုပွေ့ချီကာ ခေါ်ဆောင်သွားလေသည်။ သူတို့နေရာသို့ ရောက်သောအခါ ကျွမ်ချွန်းချန်ကို ချက်ချင်းသူတွေ့လိုက်ရ၏။ ကျွမ်ချွန်းချန်မှာ အသက်ရှင်နေသေးသော်လည်း သူ၏ကျင့်စဉ်များပိတ်လှောင်ခံထားရသည်။ ကျိုးထောင်ဟွား ထိုင်လိုက်ပြီး လိုရင်းကိုပင်တိုက်ရိုက်ပြောလိုက်၏။
"ဆရာတော် ရှင့်ဝတ်ရုံထဲက အဲဒီတောင်တစ္ဆေကြေးပြားကို ထုတ်လိုက်စမ်းပါ၊ ရှင့်ရဲ့သိုလှောင်အိတ်ထဲမှာ အများကြီးရှိနေဦးမယ်မဟုတ်လား"
ကျိုးထောင်ဟွား ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ရှန်ထျန်းယိ ကျိုးထောင်ဟွား၏ အကြည့်နှင့်ဆုံလိုက်ချိန်တွင် သူ့အတွေးများအားလုံးကို သူမဖတ်မိသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမျက်မှောင်ကြုတ်သွားပြီး ကျွမ်ချွန်းချန်အနားသို့ ပြေးသွားကာ သူ၏ပိတ်လှောင်မှုကို ချိုးဖျက်ပေးလိုက်သည်။ ယခုတော့ ကျိုးကျားရွာထဲတွင် သူ့အတွက်အပေါင်းအပါတစ်ယောက်ရသွားပြီပင်။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ကို သူကြည့်ပြီး ရုတ်တရက် မဲ့ပြုံးပြုံးကာပြောလိုက်သည်။
"ဟားဟားဟား မင်းတို့ဘာသာငါ့ကို အထဲပေးဝင်တာလေ၊ ငါ မင်းတို့ကိုဝါးမြိုပစ်မယ်"
သို့သော် သူ့စကားမဆုံးမီမှာပင် မျက်နှာအမူအရာတစ်ချက်မျှ မပြောင်းလဲသော ရှန်းမင်ထံမှ အားကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။ ဤအငွေ့အသက်မှာ ယခင်တစ်ကြိမ် ရှန်ထျန်းယိ ရှန်းမင်နှင့်တွေ့ခဲ့စဉ်ကထက်ပင် ပို၍အားကောင်းနေသေး၏။ နဂါးနက်ကြီးတစ်ကောင်ကဲ့သို့ပင် ထိုအငွေ့အသက်မှာ ရှန်ထျန်းယိနှင့် သူ့တပည့်ကိုလွှမ်းခြုံသွားပြီး ခုခံရန် အခွင့်အရေးပင်မပေးခဲ့ချေ။ ရှန်ထျန်းယိ၏မျက်နှာအမူအရာမှာ ဆိုးရွားစွာ ပြောင်းလဲသွားသည်။ ဤအရာက သူ မျှော်လင့်ထားသည်နှင့် လုံးဝကိုကွာခြားနေ၏။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ နှစ်ယောက်လုံးမှာ သူလွယ်လွယ်ကူကူ အပိုင်စီးနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း မထင်မှတ်ထားဘဲ ဖိနှိပ်ထားသောအငြိုးအတေးစွမ်းအင်များအောက်တွင် ရှန်ထျန်းယိနှင့် ကျွမ်ချွန်းချန်တို့ အသက်ရှူ၍ပင်မရတော့သကဲ့သို့ ခံစားလိုက်ရသည်။ သူတို့နှစ်ဦး ပြင်းပြင်းထန်ထန် နာကျင်နေရပြီး ကျွမ်ချွန်းချန်မှ ဦးစွာအသနားခံတော့၏။
"သခင်လေးရှန်း သခင်မကျိုး၊ ကျွန်တော်တို့ကိုအသက်ချမ်းသာပေးပါ"
နောက်ဆုံးတွင် ရှန်ထျန်းယိလည်း ဆက်မခံနိုင်တော့ဘဲ အသနားခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့ အချင်းချင်း အကဲခတ်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့နှစ်ဦးအပေါ် သက်ရောက်နေသော အငြိုးအတေးစွမ်းအင်ကို တစ်ဝက်ခန့် လျှော့ချပေးလိုက်သည်။ သို့သော် အပြည့်အဝတော့ ဖယ်ရှားမပေးချေ။ ဤပမာဏကပင် သူတို့ကိုဆင်းရဲဒုက္ခရောက်စေရန် လုံလောက်နေဆဲဖြစ်သည်။ ရှန်ထျန်းယိတောင်တစ္ဆေကြေးပြားများ အားလုံးကိုထုတ်ပေးရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။ ချွင်းချက်မရှိ ကြေးပြားတစ်ခုစီတိုင်းတွင် အက်ကွဲကြောင်းလေးတစ်ခုစီရှိနေသည်။ ကျိုးထောင်ဟွား တောင်တစ္ဆေကြေးပြားကိုးပြားကို တန်းစီလိုက်ပြီး မူလကဖျက်ဆီးပစ်ရန် ရည်ရွယ်ထားသော်လည်း သူမ၏စူးရှသော အကဲခတ်မှုမှာ ရုတ်တရက်ပြဿနာတစ်ခုကို ဖော်ထုတ်လိုက်သည်။ ကြေးပြားတစ်ခုစီတိုင်းတွင် ပုံမှန်မဟုတ်သော ထူးခြားချက် တစ်ခုစီရှိနေပုံရ၏။ သူမ ရှန်ထျန်းယိဘက် လှည့်ကာပြောလိုက်သည်။
"တကယ်တော့ ဒါတွေကတောင်တစ္ဆေကြေးပြားကိုးပြားသက်သက်မဟုတ်ဘူး၊ မြို့စားပိုင်နက်ကိုးခုကို ကိုယ်စားပြုနေတာပဲ"
သူမသာမမှားလျှင် ၎င်းတို့ကိုတိုက်ရိုက် ဖျက်ဆီးပစ်လိုက်ခြင်းက နောက်ဆက်တွဲ သဘာဝဘေးနှင့် လူလုပ်ဘေးအန္တရာယ်များကိုပိုဆိုးသွားစေပြီး မဟာရှား တိုင်းပြည်တစ်ခုလုံးကို ပျက်စီးသွားစေလိမ့်မည်။ မြေကြီးပေါ်ရှိ ရှန်ထျန်းယိကို သူမကြည့်လိုက်သည်။ ရှန်ထျန်းယိသည် ရှန်းမင်ထံမှထွက်ပေါ်နေသော ဖိနှိပ်သည့် အငွေ့အသက်များကြောင့် ဒူးထောက်နေရသည်။ သူကျိုးထောင်ဟွားကို မော့ကြည့်လိုက်ရပြီး သူတို့မျက်လုံးချင်းဆုံသည့် အခိုက်အတန့်တွင်ပင် ရှန်ထျန်းယိ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် အမှန်ပဲ"
ရှန်ထျန်းယိ ပြန်ဖြေလိုက်သည်။ ကျိုးထောင်ဟွား မေးခွန်းထုတ်လိုက်၏။
"ရှင်ကပြဿနာတွေ အများကြီးဖန်တီးထားတယ်၊ တကယ်တော့ ရှင်ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ရှင့်ရဲ့ရည်ရွယ်ချက်ကရော ဘာလဲ ဒါမှမဟုတ်....."
ဤအချိန်တွင် ကျိုးထောင်ဟွားစိတ်ထဲ၌ အဖြေတစ်ခုကို ခန့်မှန်းမိနေပြီဖြစ်သည်။ သူမ ရှန်ထျန်းယိကို စူးစူးရဲရဲကြည့်ပြီး နောက်ဆုံးတွင် မေးလိုက်သည်။
"ရှင့်ရဲ့ရည်ရွယ်ချက်က မဟာရှားတိုင်းပြည် တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့များလား၊ မဟာရှားကို လုံးဝပျောက်ကွယ်သွားအောင်လုပ်ဖို့လေ"
ဤလောကရှိလူများအားလုံး သေဆုံးသွားပါက ရှန်ထျန်းယိအနေဖြင့် မည်သည့် အကျိုးအမြတ်ရမည်ကို သူမနားမလည်နိုင်အောင်ဖြစ်နေသည်။ ဤလောကကြီးတွင် သူတစ်ယောက်တည်းနေချင်၍လား။ ၎င်းကိုကြားသောအခါ ရှန်ထျန်းယိ အားရပါးရရယ်မောလိုက်သည်။ ရူးသွပ်နေသော သူ့ရယ်သံကိုကြားတော့ ကျွမ်ချွန်းချန်ပင် သူရူးသွားပြီဟုထင်လိုက်သည်။ နံဘေးရှိ ရှန်ထျန်းယိကို သူထိတ်လန့်တကြားကြည့်ကာ မယုံကြည်နိုင်စွာဖြင့်မေးလိုက်၏။
"ဆရာ တကယ်ပဲ ကျွန်တော်တို့အားလုံးကို သေစေချင်နေတာလား"
ရှန်ထျန်းယိ သူ့ထံအေးစက်စက်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြောလိုက်၏။
"မင်းဆီကနေ ပိုကြီးမားတဲ့အသုံးဝင်မှုကို ငါကြိုမမြင်ခဲ့ဘူးဆိုရင် ငါ့ကို မင်းနှိုးလိုက်တဲ့ အခိုက်အတန့်မှာတင် မင်းရဲ့ ကျင့်စဉ်နဲ့ အဆီအနှစ်တွေကို ငါဝါးမြိုပစ်လိုက်ပြီ"
***