"!!!"
ကျွမ်ချွန်းချန်မှာ အလွန်တရာထိတ်လန့်သွားပြီး နောက်သို့မီတာအနည်းငယ်ခန့် ဆုတ်ခွာသွားမိသည်။ သူ့ဆရာဖြစ်သူ အိပ်ခန်းထဲတွင် ညီငယ်တပည့်ဆယ်ယောက်ကျော်တို့၏ခြောက်ကပ်နေသော အလောင်းများကို တွေ့ခဲ့ရစဉ်ကမြင်ကွင်းကို သူပြန်လည်မြင်ယောင်လာ၏။ သူတို့အားလုံးမှာ ဆရာဖြစ်သူမွေးမြူထားသော အစာများသာဖြစ်ကြောင်း သူရိပ်မိခဲ့သင့်သည်။ ဤအချိန်တွင် ရှန်ထျန်းယိမျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေ၏။ သူသည် ဤနေရာရှိလူအားလုံးကို လှောင်ပြောင်လိုဟန်အမူအရာဖြင့် ကြည့်လိုက်ပြီးအော်ဟစ်လိုက်သည်။
"လောကမှာရှိတဲ့လူအားလုံး သေကုန်တော့ရောဘာဖြစ်လဲ၊ သူတို့အားလုံးသေမှ အဲဒီအဆီအနှစ်တွေနဲ့ ယန်စွမ်းအင်တွေကို ငါသုံးလို့ရမှာ၊ မင်းတို့အားလုံးတစ္ဆေဖြစ်သွားရင်တောင်မှ မင်းတို့ရဲ့ယင်စွမ်းအင်တွေကို ငါသုံးလို့ရသေးတယ်၊ မင်းတို့အားလုံးကို သေစေချင်တယ်"
"သေ"ဟူသော စကားလုံးကို ရှန်ထျန်းယိ အံကြိတ်၍ ပြောလိုက်ခြင်းဖြစ်သည်။ ကျိုးထောင်ဟွား နားလည်သွားပြီပင်။ သူသည် သူ့ကျင့်စဉ်အတွက်မဟာရှားတိုင်းပြည်ရှိ လူအားလုံးကို အသေခံစေလိုခြင်းပင်။ မဟာရှားတိုင်းပြည်ရှိ လူတိုင်းသည် သူ့ကျင့်စဉ်လမ်းကြောင်းပေါ်မှ နင်းဖြတ်ရမည့်ခြေနင်းတုံးများသာဖြစ်နေတော့သည်။ ကံမကောင်းသည်မှာ သူဤမျှကြာအောင် ကျင့်ကြံခဲ့သော်လည်း သူ့ကျင့်စဉ်အဆင့်မှာ ရှန်းမင်ကိုမမီသေးချေ။ ရှန်းမင်မှာလည်း သာမန်လူတစ်ယောက်မဟုတ်ပေ။ ယခင်ကရှန်းမင်၏ ခန္ဓာကိုယ်ထဲတွင် အငြိုးအတေးစွမ်းအင်များစွာရှိနေခဲ့သော်လည်း ၎င်းကိုမည်သို့အသုံးချရမည်အားမသိခဲ့ဘဲ နောက်ပိုင်းမှသာ ရုတ်တရက်အသုံးချနိုင်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်မှာပင် ရှန်းမင်မှ ပိုအားကောင်းသော အငြိုးအတေး စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ ရှန်းထျန်ယိသွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ တစ်ခဏချင်းပင် ရှန်ထျန်းယိမှာ အသက်နှစ်ဆယ်ကျော်အရွယ်မှ အသက်ခြောက်ဆယ်ကျော်အဖိုးအိုတစ်ဦးအဖြစ် အိုမင်းသွားပြီး ထွက်ပေါ်လာသောအငြိုးအတေးစွမ်းအင်များနှင့်အတူ သူ့မျက်နှာမှာပို၍ပင်အိုစာသွားတော့သည်။
သူ့အသားအရေမှာ သစ်ခေါက်ကဲ့သို့ဖြစ်သွားလေသည်။ ကျွမ်ချွန်းချန်ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ထိတ်လန့်တကြားဖြင့် ထောင့်တစ်နေရာ၌သွားပုန်းနေတော့သည်။ ယခုအချိန်တွင် သူ့ဆရာသာ သူ့ကိုဖမ်းမိသွားပါက သူသေရမည်ကိုသိနေသည်။ ကျိုးထောင်ဟွား ရှန်းမင်ကို သူ့အားတိုက်ရိုက် သတ်ပစ်ခွင့်မပေးဘဲ ရှန်ထျန်းယိ၏အသက်ကို ချန်ထားပေးစေခဲ့သည်။ ထို့နောက် သူ့ကိုကြိုးဖြင့်တုပ်နှောင်ကာ ပိုးဖလံနတ်ဆိုးလေးများအား အနီးကပ်စောင့်ကြည့်ခိုင်းထားလိုက်၏။ ထို့နောက် စားပွဲပေါ်ရှိတောင်တစ္ဆေကြေးပြားကိုးပြားကို သူမကြည့်လိုက်သည်။
မဟာရှားတိုင်းပြည်တစ်ခုလုံး ဘေးကင်းစေရန်အတွက် မဟာရှား၏မြို့စားကိုးဦးလုံးသည် ၎င်းတို့နှင့်သက်ဆိုင်သော တောင်တစ္ဆေကြေးပြားများကို ကိုယ်တိုင် ဖြေရှင်းရန်လိုအပ်သည်။ ထိုသို့လုပ်ဆောင်ပြီးမှသာ သူမမှာဤကြေးပြားများကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ သို့မဟုတ်ပါက အားလုံးအချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ရှန်းဖန်းတစ်ယောက်ရွာပြင်၌ တစ်ညလုံးစိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သော်လည်း ရှန်ထျန်းယိမှာ ပြန်ထွက်မလာသကဲ့သို့ ကျိုးကျားရွာမှာလည်း တံခါးဖွင့်မပေးခဲ့ချေ။ သို့သော် နောက်တစ်နေ့တွင်မူ ကျန်ရှိသော မိသားစုလေးစု၏ တပ်မတော်များနှင့် သူ ဆုံတွေ့လိုက်ရသည်။ မဟာရှားမင်းဆက်၏မြို့ကိုးခုလုံးမှ တပ်မတော်များစုဝေးမိကြရာ လောကကြီးမှာဤမျှလောက် စည်ကားခဲ့ဖူးခြင်းမရှိတော့ပါချေ။ အရုဏ်တက်ချိန်တွင် နတ်ဆိုးကိုးကောင်သည် ရွာထဲမှပျံထွက်လာပြီး မိသားစုတစ်ခုစီမှစစ်သူကြီးတစ်ဦးစီကို ရွာထဲသို့ ခေါ်ဆောင်သွားသည်။ ရှန်းဖန်းမကျေမနပ်ဖြင့်ဆိုလိုက်၏။
"မနေ့က သခင်မကျိုး ငါတို့ရှန်းမိသားစုကိုပဲခေါ်တာ မဟုတ်ဘူးလား၊ ဒီနေ့ကျမှ ဘာလို့မိသားစုကိုးစုလုံးဖြစ်သွားရတာလဲ"
ရှန်းဖန်းသည် စိတ်ထဲမှနေ၍အသုံးမကျသော ရှန်ထျန်းယိကို ကျိန်ဆဲနေမိသည်။ ရွာထဲသို့ သူအရင်ဝင်သွားခဲ့ပြီးမှ သခင်မကျိုး စိတ်ပျက်သွားအောင် တစ်ခုခုပြောလိုက်သဖြင့် အားလုံးကိုတွေ့ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်နိုင်သည်ဟု သူထင်နေသည်။ ရှန်းဖန်းမျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေပြီး ရှန်ထျန်းယိကိုတွေ့သည်နှင့် သင်ခန်းစာပေးရန်သာစိတ်ကူးနေတော့သည်။
‘ဒင်းအသုံးမကျလိုက်လေခြင်း’
ရှန်းဖန်းကို နတ်ဆိုးလေးများခေါ်ဆောင်သွားသောအခါ ရှန်ထျန်းယိအားမတွေ့ရရုံသာမက အလွန်အိုမင်းနေသော အဖိုးအိုတစ်ဦးကိုသာတွေ့လိုက်ရသည်။ ထိုအဖိုးအိုဝတ်ထားသော အဝတ်အစားမှာ ရှန်ထျန်းယိဝတ်ဆင်ထားသည်နှင့် အတူတူသာဖြစ်မနေပါက သူမှတ်မိလိမ့်မည်မဟုတ်ပေ။ ရှန်းဖန်းထိတ်လန့်တကြားဖြင့် ရေရွတ်မိသည်။
"မင်းက ရှန်ထျန်းယိလား"
ဘေးတွင်ရပ်နေသော ကျွမ်ချွန်းချန်မှ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်၊ ဆရာကတခြားတပည့်တွေရဲ့ကျင့်စဉ်နဲ့ အဆီအနှစ်တွေကိုစုပ်ယူပြီး သူ့ရဲ့ငယ်ရွယ်တဲ့ရုပ်ရည်ကို အမြဲ ထိန်းသိမ်းထားခဲ့တာပါ"
ကျွမ်ချွန်းချန်စကားကြောင့် ရှန်းဖန်းမှာ နောက်တစ်ကြိမ် ထပ်မံထိတ်လန့်သွားရပြန်သည်။ သူရှန်ထျန်းယိကို ဆဲဆိုလိုက်၏။
"မင်းမနေ့က ရူးသွားတာလား၊ သခင်မကျိုးနဲ့ ရှန်းမိသားစုခေါင်းဆောင်ရဲ့ ကျင့်စဉ်နဲ့ အဆီအနှစ်တွေကိုပါ မင်းလိုချင်နေတာလား"
ရှန်းမင်မှာ သူနှင့်ကျိုးထောင်ဟွားအပေါ်တွင်ရှိနေသော ကုသိုလ်တော်ရွှေရောင်အလင်းတန်းကိုကြည့်ကာ ရယ်မောလိုက်ပြီးဆိုလိုက်သည်။
"သူလိုချင်ရင်တောင်မှ သူ့မှာအဲဒီလိုလုပ်နိုင်စွမ်းမရှိပါဘူး"
ရှန်ထျန်းယိ ရှန်းမိသားစု၏ကိစ္စများကို ဖျက်ဆီးခဲ့သည်ဟုထင်ကာ ရှန်းဖန်း ဒေါသထွက်နေခဲ့သည်။ သို့သော် ကျိုးထောင်ဟွားစကားကိုကြားလိုက်ရသောအခါ သူပို၍ပင်ဒေါသထွက်သွားရသည်။ ထိုသို့ဆိုလျှင် သူတို့အားလုံးမှာ ရှန်ထျန်းယိ၏ပစ်မှတ်များဖြစ်နေခဲ့ပြီး သူသည်မဟာရှားတိုင်းပြည်ရှိ လူအားလုံးကို သေစေချင်ခဲ့သည်ပင်။ ဤအချိန်တွင် ရှန်းဖန်းမှာ ရှန်ထျန်းယိကိုတစ်ချက်တည်းနှင့် သတ်ပစ်ချင်စိတ်ပေါက်သွားတော့သည်။ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ရှန်းမိသားစု၏မြို့စားများသည် ရှန်ထျန်းယိကိုကိုးကွယ်ဆည်းကပ်ခဲ့ပြီး ငွေကြေးနှင့်အသက်ပေါင်းများစွာကို ပူဇော်ခဲ့ရသည်အားပြန်တွေးမိသောကြောင့်ပင်။
အကယ်၍ မြို့စားကြီးများသာ ရှန်ထျန်းယိ၏ယုတ်မာသောအကြံအစည်ကို သိသွားပါက အလွန်တရာဒေါသထွက်ကြလိမ့်မည်။ သို့သော် လက်ရှိမဟာရှားတိုင်းပြည်၏အခက်အခဲကို ကျော်လွှားရန်အတွက် မြို့စားကြီးများ၏ အကူအညီလိုအပ်နေသေးသည်။ ရှန်းဖန်းမှာ ကျိုးထောင်ဟွားကို အတည်ပြုရန်မေးမြန်းလိုက်၏။
"သခင်မကျိုး ကျွန်တော်တို့လုံအန်းနယ်မြေရဲ့ ဘေးအန္တရာယ်ကို ဖြေရှင်းဖို့ မြို့စားကြီးရဲ့သွေးဆယ်စက်ဆိုရင် လုံလောက်ပြီလို့ပြောတာလား"
ကျိုးထောင်ဟွား ခေါင်းညိတ်ပြပြီး စားပွဲပေါ်ရှိတောင်တစ္ဆေဒင်္ဂါးကိုးပြားကို ညွှန်ပြလိုက်သည်။
"တောင်တစ္ဆေကြေးပြားတစ်ခုစီက ရှင်တို့ရဲ့နယ်မြေတစ်ခုစီကို ကိုယ်စားပြုနေတာပဲ"
စစ်သူကြီးကိုးဦးစလုံး၏မျက်နှာအမူအရာများမှာ ထိုစကားကိုကြားသောအခါ အမျိုးမျိုးဖြစ်သွားကြသည်။ အချို့မှာ ကြောက်လန့်သွားကြပြီး အချို့မှာမူ သံသယဝင်နေကြသည်။ ရှန်းဖန်း ဦးစွာထွက်ခွာသွားပြီးနောက် ကျန်ရှိသောသူများကိုလည်း နတ်ဆိုးလေးများမှ ရွာပြင်သို့ပြန်လည်ပို့ဆောင်ပေးလိုက်ကြသည်။ ဟန်ချွဲသည် ရှန်းဖန်းမှ လုံအန်းသို့ ဦးတည်ရန်မြင်းပေါ်သို့ အလျင်အမြန် တက်နေသည်ကိုမြင်သောအခါ လှမ်းတားလိုက်ပြီး မေးလိုက်သည်။
"ရှန်းဖန်း မင်းတကယ်ပဲ ကျိုးထောင်ဟွား စကားကိုယုံပြီး မြို့စားရှန်းရဲ့သွေးဆယ်စက်ကို သွားယူမလို့လား"
ထိုအယုတ်တမာရှန်ထျန်းယိကို တွေးမိလိုက်သောအခါ ရှန်းဖန်းမျက်နှာမှာ ဒေါသများဖြင့် ပြည့်လျှံသွားတော့သည်။
"ယုံတာပေါ့၊ ငါသာမြို့စားကြီးရဲ့သွေးကို အမြန်မယူလာရင် သခင်မကျိုးကို စိတ်ပျက်အောင်လုပ်မိတာက ကိစ္စမရှိဘူး၊ အဲဒီအယုတ်တမာရှန်ထျန်းယိရဲ့ ထောင်ချောက်ထဲမှာ ငါ့အသက်ပါပေးလိုက်ရရင် ဘယ်လိုလုပ်မလဲ"
ရှန်းဖန်းတွင် အိမ်၌ဇနီး၊သားသမီးနှင့် မိခင်အိုကြီး ရှိနေသေးသည်ပင်။ ထိုသို့ပြောပြီးနောက် ရှန်းဖန်းအလျင်အမြန်ပင် မြင်းစီးထွက်ခွာသွားတော့သည်။ သူက ပထမဆုံးဖြစ်ရန် စိတ်ပိုင်းဖြတ်ထားသည်ကိုမြင်သောအခါ ဟန်ချွဲလည်း ချင်းလန်သို့ အလျင်အမြန်ပြန်သွားတော့၏။ ကျန်ရှိသော ခုနစ်ဦးမှာလည်း ထိုနည်းတူပင် လုပ်ဆောင်ကြသည်။ ပထမဆုံးမဖြစ်နိုင်ရင်တောင်မှ နောက်ဆုံးလူတော့မဖြစ်ချင်ကြပေ။ နတ်ဆိုးလေးများမှ လူအားလုံးကို ရွာပြင်သို့ပို့ဆောင်ပြီးနောက် ကျိုးထောင်ဟွားထံသို့ ပြန်လာသတင်းပို့ကြသည်။ ကျိုးထောင်ဟွား တောင်တစ္ဆေကြေးပြားကိုးပြားလုံးကို သိမ်းဆည်းထားလိုက်ပြီး မြို့စားကိုးဦး၏သွေးများ ရောက်လာမှသာ ၎င်းတို့ကိုဖျက်ဆီးရန် စောင့်ဆိုင်းနေလိုက်၏။ ထိုသူတို့၏မျက်နှာအမူအရာများကို ကြည့်ရသလောက် သူတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်ဟုထင်ရသည်။
နှစ်သစ်ကူးအကြိုညတွင် ရွာသားများသည် ထုံးစံအတိုင်း နှစ်သစ်ကူး ပစ္စည်းများသွားဝယ်ရန် အပြင်မထွက်နိုင်ကြသော်လည်း ကျိုးကျားရွာမှာမူ ဗြောက်အိုးများဖောက်ကာ စည်ကားသိုက်မြိုက်စွာဖြင့် နှစ်သစ်ကူးကိုဆင်နွှဲနေကြဆဲပင်။ ရွာလူကြီးမှ နတ်ဆိုးလေးများကိုခေါ်ကာ မြို့ထဲသို့သွားပြီးဗြောက်အိုးများစွာဝယ်လာခဲ့သည်။ နှစ်သစ်ကူး ပထမဆုံးနေ့တွင် ရှန်းဖန်းမှလုံအန်းသို့ရောက်ရှိလာ၏။ မြို့စားရှန်းကျူးဟောက်ကိုအကြောင်းစုံ သူပြောပြလိုက်သောအခါ မြို့စားကြီးမှာကျိုးကျားရွာသို့ ကိုယ်တိုင်သွားပြီး ရှန်ထျန်းယိကိုသတ်ပစ်ချင်စိတ်ပေါက်သွားတော့သည်။
"အဲဒီအယုတ်တမာက ငါ့ကိုရော ငါ့ရဲ့ဘိုးဘေးတွေကိုပါ နှစ်ပေါင်းတစ်ရာကျော်ထိလှည့်စားခဲ့တာပဲ"
မြို့စားကြီးမှာ ဒေါသတကြီးဆဲဆိုလိုက်၏။ ရှန်းဖန်း အလျင်အမြန်ပင် နှစ်သိမ့်လိုက်သည်။
"မြို့စားကြီး အခုအချိန်မှာ ကျွန်တော်တို့ လုံအန်းမြို့ကိုကယ်တင်ဖို့က အရေးကြီးဆုံးပါ၊ တခြားသူတွေယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကျွန်တော်တို့ကတော့ သခင်မကျိုးကို ယုံကြည်ရပါမယ်၊ အရင်ဆုံးကျွန်တော်တို့မြို့ကို ကယ်တင်ကြရအောင်၊ ကျန်တဲ့မြို့စားတွေက မယုံလို့ သူတို့မြို့တွေပျက်စီးသွားရင် ကျွန်တော်တို့ကစစ်တပ်လွှတ်ပြီး တိုက်ခိုက်နေစရာတောင်မလိုတော့ဘူးလေ"
မြို့စားရှန်းကျူးဟောက်သည် ထိုစကားမှာ အလွန်ပင်ကျိုးကြောင်းဆီလျော်သည်ဟု ယူဆလိုက်၏။ သူချက်ချင်းပင် ဓားဖြင့် လက်ချောင်းကိုလှီးကာ ကြွေပုလင်းငယ်လေးထဲသို့ သွေးထည့်လိုက်သည်။ လမ်းခရီးတွင် ရှန်းဖန်းမှ ပုလင်းတစ်လုံးကို မှားပြီးခွဲမိမှာစိုးသဖြင့် သွေးပုလင်း သုံးလုံးတိတိထည့်ပေးလိုက်ပြီး မထွက်ခွာမီ သူအထူးမှာကြားလိုက်၏။
"မြန်မြန်သွားစမ်း၊ တခြားသူတွေထက်အရင်ရောက်အောင်သွား"
ယခုအချိန်တွင် သူသည်အခြားသော နယ်မြေများမှ ကံကြမ္မာကိုဆန့်ကျင်ပြီး ပျက်စီးသွားကြရန်ပင်ဆုတောင်းနေမိတော့သည်။
***