ချွေ့အာ၏သားလေးမှာ ကျိုးဖုန်းနှင့် အလွန်တူလေသည်။ ဤသည်မှာ ကျိုးထောင်ဟွား ကူးပြောင်းလာပြီးနောက် ဤလောကတွင် သက်ရှိလေးတစ်ခု မွေးဖွားလာခြင်းကို ပထမဆုံးအကြိမ် ကိုယ်တိုင် တွေ့မြင်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမ အနည်းငယ် စိတ်လှုပ်ရှားကာ ထိတ်လန့်နေမိ၏။ သူမဗိုက်ထဲမှ အသက်လေးသည်လည်း မကြာမီ မွေးဖွားလာတော့မည်ပင်။
ယခု ဖေဖော်ဝါရီလသို့ရောက်နေပြီဖြစ်ရာ ဧပြီလတွင် ကျိုးထောင်ဟွား မီးဖွားရတော့မည်ဖြစ်သည်။ ဤကာလအတွင်း သူမ တစ်မိသားစုလုံး၏အထူးဂရုစိုက်စောင့်ရှောက်မှုကို ခံနေရသည်။ နေ့လည်ဘက်များတွင် ချမ်ရှီနှင့် ကျိုးအာ့ရှုတို့က ကျိုးထောင်ဟွားကို ကူညီစောင့်ရှောက်ရန် မပျက်မကွက်လာရောက်တတ်ကြသည်။ ခြံဝင်းတစ်ခုလုံး အပြည့်ရှိနေသော နတ်ဆိုးများကိုကြည့်ကာ ကျိုးထောင်ဟွားပြောလိုက်၏။
"အဖေနဲ့ အမေ၊ သမီးအတွက် စိတ်ပူမနေပါနဲ့၊ ယာခင်းထဲသွားပြီး အလုပ်သာသွားလုပ်ကြပါလား"
လောလောဆယ် ကျိုးကျားရွာသည် ဆေးပင်ခင်းများဖြင့် အလုပ်ရှုပ်နေဆဲဖြစ်ပြီး ထိုယာခင်းများနှင့် ပန်းထိုးအလုပ်ရုံများမှ ဝင်ငွေများရရှိနေသည်။ ကျိုးကျားရွာသည် မြို့စားကိုးဦး၏မျက်နှာသာပေးမှုကို ရရှိထားသောကြောင့် ရွာမှထွက်သော ဆေးပင်များနှင့် ပန်းထိုးထည်များကို ရောင်းချရန်အတွက် ပူပန်စရာလုံးဝမရှိတော့ပေ။ ကျိုးထောင်ဟွားသာ ကိုယ်ဝန်ရှိမနေဘဲ ခွန်အားများ ရှိနေသေးပါက ယခုထက်ပို၍ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်နိုင်မည်ပင်။
မတ်လတွင် ကျိုးကျားရွာ၌ နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးသည်။ ကျိုးရှန့်အန်းနှင့် ကျိုးရှင်းဟွာတို့ လက်ထပ်သွားကြခြင်းပင်။ ဧပြီလဆန်းမှစ၍ ချမ်ရှီမှာ လက်သည်တစ်ဦးကို ငှားရမ်း၍ ကျိုးထောင်ဟွား၏ဗိုက်အား အမြဲစောင့်ကြည့်စေပြီး ဗိုက်နာလာခြင်း ရှိမရှိ စစ်ဆေးစေခဲ့သည်။ နောက်ဆုံး ဧပြီလခြောက်ရက်နေ့၌ ကျိုးထောင်ဟွား ဗိုက်စနာလာတော့သည်။
သူမ ကိုယ်တိုင်ရေးဆွဲထားသော နာကျင်မှုသက်သာစေသည့် အဆောင်လက်ဖွဲ့တစ်ခုကို ချက်ချင်းထုတ်ကာ ကိုယ်ပေါ်တွင် ကပ်ထားလိုက်၏။ ထိုနာကျင်မှုမှာ မည်မျှကြာမည်ကို သူမ, မသိပေ။ အဘွားချန်း၏အဆိုအရဆိုလျှင် မီးဖွားခြင်းမှာ ဗိုက်စနာသည့်အချိန်မှစ၍ ကလေးမွေးဖွားသည်ထိ အနည်းဆုံးရှစ်နာရီမှ ဆယ်နာရီထိ ကြာမြင့်တတ်သည်ဟု ဆိုသည်။ နောက်တစ်နေ့ နံနက်ခင်း၌ ကျိုးထောင်ဟွား ကလေးမွေးဖွားခဲ့လေသည်။ လက်သည်မှ ကလေးငယ်ကို ကျိုးထောင်ဟွားထံသို့ ခေါ်ဆောင်လာပြီး ပြသလိုက်သည်။
"ထောင်ဟွား မိန်းကလေးလေးဟေ့၊ နင့်လိုရော ရှန်းမင်လိုရော အချောလေးပဲ"
ချမ်ရှီလည်း အနားသို့တိုးလာကာ မယုံနိုင်စွာဖြင့် ဆိုလိုက်သည်။
"ဒီကလေးလေးက သိပ်လှတာပဲ၊ အခုမှ မွေးတဲ့ကလေးလေး ဒီလောက်လှတာ ငါ တစ်ခါမှမမြင်ဖူးဘူး"
လက်သည်လည်း ထောက်ခံပြောဆိုလိုက်သည်။
"ငါ လက်သည်လုပ်လာတဲ့တစ်သက်မှာ ကလေး ရှစ်ဆယ်၊ တစ်ရာလောက်တော့ တွေ့ဖူးတယ်၊ ဒီကလေးလေးက အလှဆုံးပဲ၊ ကြီးလာရင် သေချာပေါက်အလှလေးဖြစ်လာမှာ"
ကျိုးထောင်ဟွား သူမသမီးလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဆယ်လတိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့ရပြီးနောက် သူမကိုယ်တိုင်မွေးဖွားခဲ့သော ကလေးလေးကိုမြင်တွေ့လိုက်ရခြင်းမှာ မည်မျှပီတိဖြစ်ရပါသနည်း။ ကျိုးထောင်ဟွား ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းမှ မိခင်မေတ္တာများစွာဖြစ်ပေါ်နေပြီဟု ထင်ခဲ့သော်လည်း သူမသမီးလေးကို ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရချိန်တွင်မူ မိခင်မေတ္တာများလျှံကျလာတော့သည်။
နာကျင်မှုသက်သာစေသောအဆောင်လက်ဖွဲ့ကြောင့် ကျိုးထောင်ဟွားသည် မီးဖွားစဉ်တစ်လျှောက်လုံး မည်သည့်နာကျင်မှုကိုမှမခံစားခဲ့ရပေ။ လက်သည်၏ညွှန်ကြားချက်အတိုင်း အားညှစ်ပေးရန်သာ လိုအပ်ခဲ့သည်။ လက်သည်မှ ကျိုးထောင်ဟွားနှင့် ကလေးငယ်ကို နေရာချထားပေးပြီးနောက် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ရှန်းမင်ထံသို့ ကလေးအားပြသရန် ခေါ်ဆောင်သွား၏။
"ရှန်းမင် သမီးလေးမွေးလာတဲ့အတွက် ဂုဏ်ပြုပါတယ်ကွယ်"
ရှန်းမင် လက်သည်၏လက်ထဲမှ ကလေးငယ်ကို သတိထားကာလှမ်းယူလိုက်သည်။ ကလေးငယ်သည် သူ့ကိုမှတ်မိနေသကဲ့သို့ တောက်ပသောမျက်လုံးနက်နက်လေးနှစ်လုံးမှာ ရှန်းမင်ကိုမြင်သည်နှင့် တစ်ပြိုင်နက် ပြုံးရွှင်သွားတော့သည်။ ကလေးငယ်သာ စကားပြောတတ်ပါက ရှန်းမင်ကို "ဖေဖေ"ဟုပင် ခေါ်လိမ့်မည်ဟု လက်သည်မှထင်ယောင်ထင်မှားဖြစ်သွားရ၏။ ဘေးတွင်ရပ်နေသော ကျိုးအာ့ရှုမှာမြေးလေးကိုကြည့်ရန် လက်လှမ်းနေသည်။ ရှန်းမင် သူ့သမီးလေးကို တစ်ချက်ကြည့်ပြီးနောက် ကျိုးအာ့ရှုထံသို့ ကလေးအား လွှဲပြောင်းပေးလိုက်ပြီး လက်သည်ကို မေးလိုက်သည်။
"ထောင်ဟွားရော ကျွန်တော့်ဇနီးလေး အခြေအနေ ဘယ်လိုနေလဲ"
သူကိုယ်တိုင်ကလေးမမွေးနိုင်သော်လည်း မီးဖွားခြင်းမှာ အမျိုးသမီးများအတွက် အသက်နှင့်ရင်းရသော စမ်းသပ်မှုတစ်ခု ဖြစ်ကြောင်း ရွာထဲရှိအမျိုးသမီးများစွာထံမှ သူကြားဖူးထားသည်။ ယခင်နှစ်လက ကျိုးဖုန်း၏ဇနီး သားလေးမွေးစဉ်၌ တစ်ညလုံးအော်ဟစ်နေခဲ့ရရာ တစ်ရွာလုံးပင်ကြားခဲ့ရ၏။ ထိုစဉ်က အလွန်တရာသူထိတ်လန့်ခဲ့ရသည်။ သူ့မိခင်သည်လည်း သူ့ကိုမွေးဖွားစဉ် မီးတွင်းထဲတွင် ကွယ်လွန်ခဲ့ရကြောင်း မှတ်မိနေ၏။ ထိုည၌ ကျန်းချွေ့အာမီးဖွားစဉ် အော်ဟစ်သံများကို ကြားရသောအခါမှ မီးဖွားခြင်း၏ နာကျင်မှုကို ပထမဆုံးအကြိမ် နက်ရှိုင်းစွာ သူနားလည်လာခဲ့သည်။
အကယ်၍သာ ကျိုးထောင်ဟွား ကိုယ်ဝန်ရှိမနေခဲ့ဘဲ အရာအားလုံး နောက်ပြန်ဆုတ်၍ ရနိုင်မည်ဆိုပါက သူမကို ကိုယ်ဝန်ဆောင်ခိုင်းပြီး ကလေးမွေးခိုင်းမည်မဟုတ်ပေ။ သို့သော် ထောင်ဟွား မီးဖွားစဉ်တစ်လျှောက်လုံး အော်ဟစ်သံ တစ်ချက်လေးမှမထွက်ခဲ့ချေ။ သူမသည် မည်သည့်နာကျင်မှုကိုမှမခံစားရသကဲ့သို့ပင် သို့မဟုတ် နာကျင်လွန်း၍မေ့မြောသွားခြင်းများပင်လား။ လက်သည်မှာ ယောက်ျားပေါင်းများစွာကို မြင်ဖူးထားသူဖြစ်ရာ ရှန်းမင်၏မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူမည်သည့်အရာအား တွေးနေသည်ကို အတိအကျသိလိုက်သည်။ သူသည် ဇနီးဖြစ်သူကိုအမှန်တကယ် ဂရုစိုက်သော ယောက်ျားများထဲမှ ရှားပါးလှသော ယောက်ျားတစ်ဦးပင်။ လက်သည်မှာ သူ့လက်မောင်းကို နှစ်သိမ့်သကဲ့သို့ ပုတ်ကာဆိုလာသည်။
"မင်းမိန်းမထောင်ဟွား အကုန်အဆင်ပြေတယ်၊ ထောင်ဟွားက တကယ်တော်တာပဲ၊ ဗိုက်စနာကတည်းက သူ့ကိုယ်သူ အဆောင်လက်ဖွဲ့တစ်ခု ကပ်ထားလိုက်တာလေ၊ နောက်ဆို ငါလည်းသူ့ဆီကနေ သေချာပေါက် ဝယ်ရမယ်၊ အဲဒီအဆောင်လက်ဖွဲ့ကြောင့် တစ်လျှောက်လုံး နာလို့ တစ်ချက်တောင်မအော်ခဲ့ရတာ တကယ့်ကို အံ့သြစရာပဲ၊ မီးဖွားမယ့်မိန်းမတိုင်း ဒါကိုလိုချင်ကြမှာ သေချာတယ်၊ အရောင်းသွက်မှာ အသေအချာပဲ"
လက်သည်သည် ကျိုးထောင်ဟွားထံမှ စီးပွားရေးအခွင့်အလမ်းတစ်ခုကို မြင်တွေ့နေပြီဖြစ်သည်။ ရှန်းမင်၏အာရုံစိုက်မှုမှာမူ ကျိုးထောင်ဟွားအပေါ်တွင်သာ အပြည့်အဝ ရှိနေသည်။ ကျိုးထောင်ဟွား အဆင်ပြေသည်ဟု ကြားလိုက်ရသောအခါမှသာ တဒိတ်ဒိတ်ဖြစ်နေသော သူ့ရင်ထဲမှ အလုံးကြီးကျသွားပြီး သူ့သမီးလေးကို လှည့်ကြည့်လိုက်တော့၏။ မိန်းကလေးငယ်လေးမှာ သူမသည် ရှန်းမင်၏နံပါတ်တစ် ဦးစားပေးမဟုတ်ကြောင်းကို ရိပ်မိသွားသကဲ့သို့ နှုတ်ခမ်းလေးဆူကာ စိတ်ကောက်ပြလိုက်သည်။ သူမရှန်းမင်ကို ဆက်မကြည့်တော့ဘဲ ကျိုးအာ့ရှုကိုသာပြုံးပြလိုက်ရာ အဖိုးအို၏ရင်ထဲ အရည်ပျော်ကျသွားတော့၏။
"ငါ့မြေးလေးက ချစ်စရာလေး"
ကျိုးအာ့ရှုမှာ ကလေးငယ်လေးကို အားပါလွန်းမည်ကိုလည်း စိုးရိမ်သကဲ့သို့ ပြုတ်ကျသွားမည်ကိုလည်းစိုးရိမ်နေရာ ကြောက်ရွံ့စွာသတိထား၍ ပွေ့ချီထားလိုက်သည်။ အနီးအနားရှိ နတ်ဆိုးလေးများသည်လည်း သူတို့အိမ်သို့ ဤသက်ရှိလေးရောက်ရှိလာခြင်းကို အလွန်ပင် အားကျနေကြ၏။ သူတို့အားလုံးမှာ ကျိုးအာ့ရှုကဲ့သို့ ကလေးငယ်လေးအား ပွေ့ဖက်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်နေကြသည်။ ရုတ်တရက် ကျိုးအာ့ရှု ရှန်းမင်ကိုမေးလိုက်၏။
"ရှန်းမင် မြေးလေးနာမည်က ဘယ်လိုပေးမလဲ၊ စဉ်းစားထားပြီးပြီလား"
ရှန်းမင်မှာ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"......"
"နာမည်ကိုတော့ ခဏနေရင်ထောင်ဟွားပဲ ပေးလိမ့်မယ်"
လင်းရှောင်ယွဲ့နှင့် ကျန်းလျိုတို့အတွက် နာမည်များကို ထောင်ဟွားပင် ရွေးချယ်ပေးခဲ့သည်ဖြစ်ရာ သူ့သမီးလေးနာမည်ကိုလည်း သူမကိုပင်ရွေးချယ်ခိုင်းရန် သူ ဆုံးဖြတ်လိုက်သည်။ နာကျင်မှုသက်သာစေသော အဆောင်လက်ဖွဲ့ကြောင့်ဖြစ်နိုင်သည်။ ကျိုးထောင်ဟွား မီးဖွားခြင်းကို အလွန်အမင်းနာကျင်သည်ဟု မခံစားခဲ့ရပေ။ ခေတ္တခဏအနားယူပြီးနောက် သူမ ခွန်အားများပြန်လည်ပြည့်ဖြိုးလာကာ ပုံမှန်အတိုင်း စားသောက်နိုင်ခဲ့သည်။
မူလက မိသားစုဝင်အားလုံးအပြင် နတ်ဆိုးလေးများကပါ သူမ တစ်ယောက်တည်းကိုသာ ပြုစုစောင့်ရှောက်ခဲ့ကြသော်လည်း ယခုအခါတွင် သူမနှင့်သမီးလေး နှစ်ဦးစလုံးကို ဝိုင်းဝန်းပြုစုပေးနေကြပြီပင်။ သူတို့စောင့်ရှောက်မှုဖြင့် ကျိုးထောင်ဟွား၏မီးတွင်းနေရသည့် တစ်လတာကာလမှာ အလွန်လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ မေလဆန်းတွင် ရာသီဥတု တဖြည်းဖြည်း ပူနွေးလာသည်နှင့်အမျှ ကျိုးထောင်ဟွား နောက်ဆုံးတွင်အပြင်ထွက် လမ်းလျှောက်နိုင်ခဲ့ပြီဖြစ်သည်။ ရှန်းမင် သမီးလေးကိုချီကာ သူမဘေးတွင် အမြဲရှိနေပေး၏။ အရင်တစ်လတာ ကာလအတွင်း ကလေးငယ်လေးမှာ စားသောက်လိုက်၊ အိပ်လိုက်၊ အပေါ့အလေးသွားလိုက်နှင့်ပင် အတော်လေးကြီးထွားလာခဲ့ပြီး ရုပ်ရည်လေးမှာလည်း တဖြည်းဖြည်းပီပြင်လာခဲ့သည်။ စကားမပြောတတ်သေးသော်လည်း သူမမျက်လုံးလေးများမှာ အရာအားလုံးကို သိနားလည်နေသည့်အလား ထင်မှတ်ရ၏။
"ယန်ယန် လာခဲ့၊ မေမေ ချီမယ်နော်"
ကျိုးထောင်ဟွား ရှန်းမင်လက်ထဲမှ ကလေးကို လှမ်းယူလိုက်သည်။ သူမလေး၏အိမ်ခေါ်နာမည်မှာယန်ယန်ဖြစ်ပြီး အမည်ရင်းမှာ ရှန်းခိုင်ယန်ဖြစ်၏။ သူမကလေးငယ်လေး အမြဲပျော်ရွှင်ပြီး တောက်ပစွာပြုံးရယ်နေနိုင်ရန် မျှော်လင့်၍ သူမ ပေးထားခြင်းဖြစ်သည်။ အမှန်စင်စစ် ရှန်ခိုင်ယန်လေးသည် ကျိုးထောင်ဟွားရင်ခွင်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက်ပြုံးရွှင်သွားကာ မျက်လုံးလေးများမှာ လခြမ်းကွေးလေးများအလားဖြစ်သွားပြီး သွားရည်ပူပေါင်းလေးများထွက်လာသည်ထိ ရယ်မောနေတတ်သည်။
ရွာထဲရှိ ဦးလေး၊ ဒေါ်လေး၊ အဘိုး၊ အဘွားများအားလုံးမှာ ထိုဇနီးမောင်နှံ ကလေးနှင့်အတူ အပြင်ထွက်လာသည်ကို မြင်သောအခါ ရှန်းခိုင်ယန်လေးအား ကြည့်ရန်ဝိုင်းအုံလာကြ၏။ ရှန်းခိုင်ယန်လေးကိုမြင်ရသော ရွာသားတိုင်းမှာ ကလေးလေးမည်မျှချောမောလှပကြောင်း ချီးကျူးမဆုံးဖြစ်နေကြတော့သည်။
***