မြေအောက်လောက၏သခင်ကြီးတစ်ပါးအနေဖြင့် ရှန်းမင်၏တာဝန်မှာ ယင်နှင့် ယန်နယ်စပ်ရှိ အကောင်းနှင့်အဆိုး ချိန်ခွင်လျှာကို ထိန်းကျောင်းပေးရန် ဖြစ်သည်။ နေ့ဘက်တွင် သူသည်ကုသိုလ်တော် ရွှေရောင်အလင်းတန်းများကို အသုံးပြုကာ မတရားသေဆုံးခဲ့ရသော ဝိညာဉ်သန်းပေါင်းများစွာကို ကယ်တင်ပေးရန်အတွက် တမလွန်မြစ်ကူးတို့ဆိပ်ကို စောင့်ကြပ်ရ၏။ ညဘက်တွင်မူ သူသည် တစ္ဆေများကိုစားသောက်တတ်သော မျက်လုံးတစ်ရာယင်နတ်ဆိုးများကို သတ်ဖြတ်နှိမ်နင်းရန် သွေးရောင်ဝတ်စုံနှင့် သတ်ဖြတ်သူအဖြစ်ပြောင်းလဲသွားလေ့ရှိသည်။
တစ်ညတွင် ရေဘေးအန္တရာယ်မှ ဝိညာဉ်တစ်ခုကိုကယ်တင်ခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် မြစ်ကိုထိန်းချုပ်ထားသော နဂါးကြောသုံးခုကိုပြတ်တောက်သွားစေခဲ့၏။ သူသည် မြေအောက်လောက၏သခင်ကြီးဖြစ်နေသော်လည်း ဤမျှကြီးမားသောအမှားမျိုး ကျူးလွန်ခဲ့သဖြင့် ပြစ်ဒဏ်ခံရမည်သာဖြစ်သည်။ ထို့ကြောင့် သူလူဝင်စားဖြစ်လာသောအခါတွင် ကြီးမားလှသောအငြိုးအတေးစွမ်းအင်များနှင့်အတူ မွေးဖွားလာခဲ့ရ၏။ သို့သော်လည်း မြေအောက်လောကတွင် ကောင်းမှုကုသိုလ်များစွာ ပြုလုပ်ခဲ့သောကြောင့် သူ့ကိုယ်တွင်း၌ အားကောင်းသောကုသိုလ်တော် ရွှေရောင်အလင်းတန်းများလည်း ပါရှိနေသည်။ ကုသိုလ်ကံနှင့် အငြိုးအတေးစွမ်းအင်တို့ ပူးတွဲတည်ရှိနေခြင်းပင်။
ပညာမပြည့်ဝသော လောကီပညာရှင်အချို့မှာမူ သူ့အငြိုးအတေးစွမ်းအင်များကိုသာ မြင်နိုင်ပြီး ကိုယ်တွင်းရှိရွှေရောင်အလင်းတန်းများကို မမြင်နိုင်ကြချေ။ ရှန်းမင် မွေးဖွားလာသည့်နေ့တွင်ပင် သူ့မိခင် ကွယ်လွန်သွားခဲ့သည်။ မူလတွင် မီးတွင်းထဲ၌ သေဆုံးသွားခြင်းဟု ယူဆကာ မည်သူမှအလေးအနက်မထားခဲ့ကြပေ။ သို့သော် နှစ်နှစ်မပြည့်မီမှာပင် သူ့ဖခင်ပါ ထပ်မံကွယ်လွန်သွားခဲ့သည်။ တဖြည်းဖြည်း သူ့အဘိုးနှင့်အဘွားတို့ သံသယဝင်လာကြ၏။ လေးနှစ်အကြာတွင် အဘိုးဖြစ်သူပါကွယ်လွန်သွားသောအခါ အဘွားဖြစ်သူမှာ ဆက်သည်းမခံနိုင်တော့ချေ။
ရှန်းမိသားစုတွင် မျိုးဆက်ဆက်ခံမည့် သားယောကျ်ားလေးတစ်ယောက်ရရှိခဲ့သော်လည်း ထိုကလေးမွေးလာကတည်းမှ မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေခဲ့ရာ အဘွားဖြစ်သူမှာ စိုးရိမ်ထိတ်လန့်လာခဲ့သည်။ နောက်တစ်ယောက် သေရမည့်သူမှာ သူမပင် ဖြစ်မည်ဟုအမြဲခံစားနေရ၏။ နောက်ပိုင်းတွင် တာအိုဘုန်းကြီးတစ်ပါးနှင့် တွေ့ဆုံခဲ့ရာမှ အမှန်တရားကိုသိရှိသွားတော့သည်။ ရှန်းမင်တွင် အငြိုးအတေးစွမ်းအင်များ ရှိနေ၏။ ထိုစွမ်းအင်အနီးသို့ ကပ်လာသူတိုင်း ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းတို့ ကြုံတွေ့ရမည်ဖြစ်သည်။ ထိုအခါမှသာ အဘွားဖြစ်သူသည် အရင်နှစ်များအတွင်း သူမအဘယ်ကြောင့် မကြာခဏ ထိခိုက်ဒဏ်ရာရနေခဲ့ကြောင်းကို နားလည်သွားတော့သည်။ အားလုံးမှာ ဤကလေးကြောင့်ပင်ဖြစ်သည်။
အခြားမိသားစုများတွင် လူဦးရေတိုးလာရန် ကလေးအသစ်များကိုကြိုဆိုကြသော်လည်း သူမတို့မိသားစုအတွက်မူ ပျက်စီးခြင်းကို ဆောင်ကြဉ်းလာခြင်းသာ ဖြစ်နေ၏။ ကံမကောင်းစွာဖြင့် သူမသိရှိချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်ရာ နောက်ဆုံး သူမကံကြမ္မာကိုမလွန်ဆန်နိုင်ခဲ့ပေ။ ထိုနှစ်တွင် ရှန်းမင်မှာ အသက်ကိုးနှစ်အရွယ်သာရှိသေးပြီး ရွာထဲတွင် တစ်ဦးတည်းသောမိဘမဲ့ကလေးဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ သူသည် တစ်ယောက်တည်း နေထိုင်ခဲ့ရပြီး အသက်အရွယ် ငယ်ရွယ်လွန်းသဖြင့် လယ်ယာအလုပ်များကိုလည်း တစ်ခုမှပင်မသိခဲ့ပေ။
မိသားစုတွင်လည်း စုဆောင်းထားသော ငွေကြေးမရှိသလောက်ပင်။ ဖခင်ဖြစ်သူမှာ စောစောစီးစီးကွယ်လွန်သွားခဲ့ပြီး အဘိုးအဘွားများ သက်ရှိထင်ရှားရှိစဉ်ကပင် ဝမ်းရေးအတွက် မနည်းရုန်းကန်ခဲ့ရသည်။ ထို့ကြောင့် မည်သူမှမသွားရဲသော တောင်ပေါ်သို့ သူခြေဦးလှည့်ခဲ့ရသည်။ ထိုနေရာတွင် သားကောင်များ ပေါများသော်လည်း လူကြီးများ သွားရောက်ဖမ်းဆီးရန် ကြောက်ရွံ့ကြသည်။ မီးကြာကြာခံသောထင်းကောင်းများရှိသော်လည်း လူကြီးများမှာမခုတ်ရဲကြပေ။
တောင်ပေါ်တွင် ဝံပုလွေများရှိသည်ဟု လူကြီးများပြောကြသော်လည်း သူ တောင်ပေါ်တက်သွားတိုင်း ဝံပုလွေတစ်ကောင်ကိုမှမမြင်ခဲ့ရဖူးချေ။ အရိပ်အယောင်ပင် မတွေ့ရပေ။ သူသည် ယုန်များနှင့် ရစ်ငှက်များကို စတင်ဖမ်းဆီးရာမှ တဖြည်းဖြည်းနှင့် တောဝက်များနှင့် ဝံပုလွေများကိုပါဖမ်းဆီးနိုင်လာခဲ့သည်။ သူဖမ်းနိုင်သော သားကောင်များ ကြီးမားလာသည်နှင့်အမျှ သူလည်း အရပ်ပိုရှည်လာခဲ့၏။ သို့သော် နှစ်များကြာလာသည့်တိုင် မပြောင်းလဲသော အရာတစ်ခုမှာ ရွာသားများမှ သူ့ကို ဝံပုလွေတစ်ကောင်ကဲ့သို့ သဘောထားကာ အနားမကပ်ရဲဘဲ ခပ်ခွာခွာသာနေကြခြင်းပင်။ ရွာထဲတွင် အမြဲတမ်း သူအထီးကျန်နေခဲ့ရသည်။
သူ့အငြိုးအတေး စွမ်းအင်များနှင့် ပတ်သက်သော ကောလာဟလများကြောင့် ရွာသားများသာမက အောင်သွယ်တော်များပင် သူ့အတွက် အိမ်ထောင်ဖက်မရှာရဲကြပေ။ အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ပြီး မငတ်မပြတ်နေနိုင်သောကြောင့် တစ်ယောက်တည်းနေရသည်မှာလည်း မဆိုးလှဟု သူတွေးခဲ့သည်။
'ဒီလိုပဲ နေလိုက်တော့မယ်'
တစ်နေ့တွင် တောင်ပေါ်မှအမဲလိုက်အပြန် ကျိုးထောင်ဟွားနှင့် ဝင်တိုက်မိရာမှ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှစ၍ သူမမှာသူ့ကိုမြင်တိုင်း မျက်လုံးများ အရောင်လဲ့သွားတတ်ပြီး သူ့နာမည်ကို ချစ်စနိုးဖြင့်ကျယ်လောင်စွာ ခေါ်တတ်သည်။ သူ့ထံမှထွက်ပေါ်နေသော အငြိုးအတေးစွမ်းအင်များကို လုံးဝဂရုမစိုက်သည့်အလား အမြဲတမ်း အနားသို့ကပ်လာပြီး သူ့လက်ကိုကိုင်တတ်သည်။ အသက်ဆယ့်ရှစ်နှစ်တာ ကာလအတွင်း ဤမျှတက်ကြွလှုပ်ရှားသော မိန်းကလေးမျိုးကို ရှန်းမင်တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ သူမသည် ကျိုးကျားရွာမှ လူတစ်ယောက် မဟာရှားတိုင်းပြည်မှလူတစ်ယောက်နှင့်ပင်မတူဘဲ အခြားကမ္ဘာတစ်ခုမှ ရောက်လာသူနှင့်ပင်တူနေသည်။
မဟာရှားတိုင်းပြည်၏ယဉ်ကျေးမှုအရ ယောကျ်ားနှင့် မိန်းမတို့ထိတွေ့ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း သူမမှာမူ သူ့ကိုထိတွေ့ရန် အခွင့်အရေးရတိုင်း ဆုပ်ကိုင်ထားတတ်သည်။ တစ်ခဏမျှ သူ အမြတ်ထုတ်ခံနေရသလား သို့မဟုတ် သူမကသာ သူ့အားနည်းချက်ကို အခွင့်ကောင်းယူနေသလားဟု ရှန်းမင် ဝေခွဲမရဖြစ်ခဲ့ဖူးသည်။ ကျိုးထောင်ဟွားမှာ နတ်ဆိုးများကို နှင်ထုတ်နိုင်စွမ်းရှိကြောင်း ရွာထဲတွင် သူမနှင့်ဝင်တိုက်မိသည့်နေ့မှစ၍ သူသိခဲ့ရ၏။ ကျိုးထောင်ဟွား ရွာထဲရှိလူများစွာကို ကယ်တင်ပေးခဲ့ပြီး သူမဂုဏ်သတင်းမှာလည်း တစ်နေ့တခြားကြီးမားလာခဲ့သည်။
နေ့ရက်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားခဲ့၏။ ကျိုးထောင်ဟွားထံမှ အကာအကွယ် အဆောင်လက်ဖွဲ့တစ်ခု ရရှိလိမ့်မည်ဟု ရှန်းမင် လုံးဝမျှော်လင့်မထားခဲ့ပေ။ ထိုအချိန်မှစ၍ မည်သူမဆိုသူ့ကို လာထိသည်ဖြစ်စေ သူ့အငြိုးအတေး စွမ်းအင်များမှာ ကူးစက်သွားခြင်းမရှိတော့ချေ။ ထိုကြောင့် သူ့ဘဝကြီး ပြောင်းလဲတိုးတက်လာခဲ့သည်ဟု ဆိုရမည်။ တစ်ချိန်တည်းမှာပင် ရွာထဲရှိ လူငယ်များစွာက ကျိုးထောင်ဟွားကို သဘောကျနေကြကြောင်း သူသိလိုက်ရသည်။ ကျိုးထောင်ဟွား အခြားသူတစ်ယောက်ကို သဘောကျသွားမည် သို့မဟုတ် အခြားသူနှင့် လက်ထပ်သွားမည်ကို စိုးရိမ်သဖြင့် အောင်သွယ်တော်ယိုထံသို့ အစောကြီးသွားကာစေ့စပ်ကြောင်းလမ်းခိုင်းခဲ့သည်။
အခက်အခဲအချို့ရှိခဲ့သော်လည်း နောက်ဆုံးတွင် ကျိုးမိသားစုမှ သဘောတူခဲ့ပြီး ထောင်ဟွားနှင့် သူ့မင်္ဂလာပွဲလေး အထမြောက်ခဲ့၏။ သူ့ဆန္ဒများပြည့်ဝခဲ့ပြီး ထောင်ဟွား၏အရွယ်ရောက်ခြင်း အခမ်းအနားတွင် လက်ထပ်ခွင့်ရခဲ့ကာ ထောင်ဟွားသည် နောက်ဆုံးတွင် သူပိုင်ဆိုင်သော မိန်းကလေးဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦး၌ ယန်ယန်အမည်ရှိ ချစ်စရာ သမီးလေးတစ်ယောက်ရရှိခဲ့၏။ ယန်ယန်လေး လျင်မြန်စွာကြီးပြင်းလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းလျှောက်တတ်ကာ သူ့အား "ဖေဖေ" ဟု ခေါ်နိုင်လာခဲ့သည်။ ထောင်ဟွားနှင့် လက်ထပ်ပြီးကတည်းမှ သူအလွန်တရာပျော်ရွှင်ခဲ့ရသည်။ ယခုတွင်မူ သူ တစ်ယောက်တည်း မဟုတ်တော့ဘဲ ထောင်ဟွားနှင့်အတူ သာယာသောမိသားစုလေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ယန်ယန်လေးမမွေးလာခင်၌ သူတို့အိမ်တွင် နတ်ဆိုးများစွာရှိနေသဖြင့် နေ့စဉ်နှင့်အမျှ စည်ကားနေခဲ့သည်။ ယန်ယန်လေး မွေးလာပြီးနောက်တွင်မူ အိမ်လေးမှာ ကလေးမလေး၏ရယ်မောသံများဖြင့် အမြဲတမ်းပြည့်နှက်နေတော့၏။ သူမသည် လူသန်ကြီး၏ပခုံးပေါ်တွင်ခွစီးရသည်ကို သဘောကျပြီး ပိုးဖလံနတ်ဆိုးလေးမှလည်း သူမကိုကောင်းကင်ယံသို့ ခေါ်ဆောင်ပျံသန်းလေ့ရှိသည်။ ကောင်းကင်တွင်ဖြစ်စေ မြေကြီးပေါ်တွင်ဖြစ်စေ မည်သည့်အချိန်တွင်မဆို နတ်ဆိုးများစွာမှာ သူမဘေးတွင်အမြဲရှိနေပေးကြ၏။ သုံးနှစ်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ကလေးမလေးမှာ ကျိုးထောင်ဟွား၏ပေါင်လယ်ခန့်ထိ အရပ်ရှည်လာခဲ့ပြီဖြစ်ကာ အလွန်လည်းအပြေးမြန်ပြီး ရွာထဲတွင် ဟိုဟိုဒီဒီအမြဲဆော့ကစားနေတတ်သည်။
ရွာ၏စီးပွားရေးအခြေအနေများ တိုးတက်လာသောကြောင့် ရွာလူကြီးနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ ရွာကျောင်းတစ်ကျောင်းဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျိုးကျားရွာတွင် ယခင်က ပညာတတ်တစ်ဦးမှမပေါ်ထွက်ခဲ့ဖူးသော်လည်း ယခုအခါ ရွာမှာချမ်းသာကြွယ်ဝနေပြီဖြစ်ရာ မျိုးဆက်သစ်များကို ကောင်းစွာပညာသင်ကြားပေးလိုကြ၏။ အနာဂတ်တွင်ပညာတတ်တစ်ယောက် နှစ်ယောက်ခန့် ပေါ်ထွက်လာရန် မျှော်လင့်ထားကြသည်။ ရွာလူကြီးနှင့် မျိုးနွယ်စုခေါင်းဆောင်တို့မှ ရွာထဲရှိ မိန်းကလေးများကိုလည်း ကျောင်းတက်ခွင့်ပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး ကျောင်းလခပေးနိုင်သရွေ့ လူကြီး၊ မိန်းမ၊ ကလေးမည်သူမဆို ကျောင်းတက်နိုင်သည်ဟု သတ်မှတ်ခဲ့သည်။ ဆရာများမှာ မြို့ပေါ်မှဖိတ်ခေါ်လာသော ပညာတတ်များဖြစ်၏။
ယခုအခါ ယန်ယန်လေးမှာ အသက်သုံးနှစ်ပြည့်သွားပြီဖြစ်ရာ ရွာထဲတွင် အမြဲတမ်း အရိုင်းဆန်ဆန်ပြေးလွှားမနေစေရန် သူမကိုစာဖတ်၊ စာရေးသင်ပေးဖို့ ရွာကျောင်းသို့ပို့ရန်အတွက် ရှန်းမင်နှင့် ထောင်ဟွားတို့ စဉ်းစားနေကြသည်။ မမျှော်လင့်ဘဲ တစ်နေ့၌ ရွာထဲသို့ ရထားလုံးဆယ်စီး ရုတ်တရက်ရောက်ရှိလာခဲ့သည်။ အချို့မှာ မဟာရှားနန်းတော်မှဖြစ်ပြီး အချို့မှာတော့ လုံအန်းနယ်မြေနှင့် အခြားသော နယ်မြေအသီးသီးမှဖြစ်၏။ ရထားလုံးတစ်စီးစီတွင် ငယ်ရွယ်သော ယောကျ်ားလေးတစ်ယောက်စီပါလာကြသည်။
အကြီးဆုံးမှာ အသက်ကိုးနှစ်ထက်မပိုဘဲ အငယ်ဆုံးမှာ ယန်ယန်နှင့်ရွယ်တူခန့်သာ ရှိသေး၏။ ယောကျ်ားလေးတစ်ယောက်စီနှင့်အတူ အစေခံဆယ်ယောက်ခန့်စီ ပါလာကြသေးသည်။ ခေါင်းဆောင် မိန်းမစိုးမှ သူတို့ကိုဦးဆောင်ကာ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ထံလာရောက်ဂါရဝပြုရင်း ဤသို့ဆိုလေ၏။
"သခင်မကျိုး ဒီကလေးကဆယ့်တစ်ယောက်မြောက် မင်းသားလေးပါ၊ သခင်မလေးရှန်း ကျောင်းနေအရွယ်ရောက်ပြီဆိုတာကို အရှင်မင်းကြီး ကြားသိရလို့ မင်းသားလေးကို စာသင်ဖော်အဖြစ်စေလွှတ်လိုက်တာပါ"
လုံအန်းနယ်မြေမှ မိန်းမစိုးလည်းဝင်ပြောလိုက်သည်။
"သခင်မကျိုး ကျွန်တော်တို့မြို့စားမင်းကလည်း သခင်မလေးရှန်းရဲ့စာသင်ဖော်လုပ်ဖို့ သခင်လေးကိုစေလွှတ်လိုက်ပါတယ်"
"ကျွန်တော်တို့ရဲ့ သခင်လေးကလည်း"
အခြားရှစ်ယောက်လည်း အလျင်အမြန် ဝင်ရောက်ပြောဆိုကြတော့သည်။
***