ကျိုးထောင်ဟွား တစ်နေ့တခြားကြီးထွားလာသော သူမ၏သုံးနှစ်အရွယ် သမီးငယ်လေးကို ကြည့်လိုက်၏။ လေပြေအေးလေးမှ ပါးပြင်ကိုခပ်ဖွဖွတိုးဝှေ့သွားချိန်တွင် သူမတွေးမိသည်။
"ငါကူးပြောင်းလာရတဲ့ ဒီဘဝလေးက တကယ်ကို သာယာတာပဲ"
သူမတွင်ကလေးရှိပြီး ခင်ပွန်းလည်းရှိသည်။ ချစ်ခင်ရသော မိဘများနှင့် နတ်ဆိုးများစွာ ရှိသည်။ ဤဘဝသည် ရိုးရှင်းသော်လည်း အလွန်ပင်ထူးကဲလှ၏။ သို့သော်လည်း သူမလုံးဝမျှော်လင့်မထားသော အရာတစ်ခုဖြစ်ပျက်ခဲ့သည်။ ထိုည၌ ရှန်းမင်နှင့်အတူအိပ်ပျော်သွားပြီးနောက် နိုးလာချိန်တွင် သူမကိုယ်သူမ ခေတ်သစ်ကမ္ဘာသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။ သူမဗီလာထဲပြန်ရောက်နေပြီး ငွေကြေးများ၊ ရတနာများနှင့် အဖိုးတန်အိတ်များအားလုံးလည်း ရှိနေဆဲပင်။ သို့သော် ခြောက်ကပ်နေသော အိမ်ကြီးနှင့် ဘဏ်အကောင့်ထဲရှိသုညအရှည်ကြီးများကိုကြည့်ရင်း သူမ, မပျော်ရွှင်နိုင်ခဲ့ပေ။ ကျိုးထောင်ဟွား အဖြူရောင်ပိုးသားညဝတ်ဂါဝန်လေးဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူမအမှန်တကယ် လမ်းလျှောက်နိုင်နေပြီပင်။ ခဏတာမျှ သူမသည် ယခင်ကဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ အိပ်မက်လား လက်တွေ့လားဆိုသည်ကို ဝေခွဲမရဖြစ်နေမိ၏။
‘ရှန်းမင်၊ ယန်ယန်၊ အဘွားစွင်းနဲ့ အငယ်ဆုံးဦးလေးကျိုး ဒါတွေအားလုံးက အိပ်မက်သက်သက်ပဲလား’
ကျိုးထောင်ဟွား သူမပါးကိုဆွဲလိမ်ကြည့်ရာ နာကျင်မှုကိုခံစားရတော့မှ လက်လွှတ်လိုက်သည်။ မှန်တင်ခုံရှေ့တွင် သူမရပ်၍ မိမိကိုယ်ကိုပြန်ကြည့်လိုက်၏။ သူမသည် အသက် ၂၆ နှစ်အရွယ်ပင်ရှိသေးပြီး အိပ်မက်ထဲမှ အသက် ၁၄၊ ၁၅ နှစ်အရွယ် မျက်နှာလေးနှင့် လုံးဝကွဲပြားနေသည်။ မျက်နှာသစ် သန့်စင်ပြီးနောက်တွင်မူ ကျိုးထောင်ဟွားသည် ထိုအရာအားလုံးမှာ အိပ်မက်သာဖြစ်သည်ဟုချက်ချင်း လက်ခံလိုက်တော့သည်။ သူမပခုံးဟိုက် ဂါဝန်တစ်ထည်ကိုလဲဝတ်ကာ မိတ်ကပ်ပါးပါးလေးလိမ်းလိုက်ပြီးနောက် ကော်ဖီသောက်ရန်နှင့် ဈေးဝယ်ရန်အတွက် သူမ၏G-Wagonကားကြီးကို မောင်းထွက်ခဲ့သည်။
သို့သော် ကော်ဖီဆိုင်ထဲသို့ဝင်လိုက်သည်နှင့် အမျိုးသမီးတစ်ဦးမှာ ရူးသွပ်နေသကဲ့သို့ သောင်းကျန်းနေသည်ကိုတွေ့လိုက်ရသည်။ သူမကြောင့် အခြားဖောက်သည်များမှာ ထိတ်လန့်နေကြပြီး ဆိုင်ဝန်ထမ်းများလည်း ထိုအမျိုးသမီး ငြိမ်သက်သွားစေရန် ကြိုးစားတားဆီးနေကြသော်လည်း သူမမှာသူတို့ကိုအတင်းတွန်းဖယ်ပစ်လိုက်သည်။ နောက်ဆုံးတွင် ဝန်ထမ်းများမှာ ရဲကိုဖုန်းဆက်ရန်မှတစ်ပါး အခြားမရှိတော့ပေ။ အကယ်၍ သူမသာ ရူးသွပ်နေသူသက်သက်ဆိုလျှင် မဆိုးလှသော်လည်း ကျိုးထောင်ဟွား ထိုအမျိုးသမီးထံမှ ထွက်ပေါ်နေသော ယုတ်မာညစ်ထေးသည့် အငွေ့အသက်များကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ သူမမှာဝိညာဉ်ပူးကပ်ခံထားရခြင်းပင်။ ကျိုးထောင်ဟွားအနားသို့တိုးသွားမည်အပြု ဝန်ထမ်းတစ်ဦးမှတားလိုက်သည်။
"အစ်မ ဟိုဘက်ကိုမသွားပါနဲ့၊ သူအစ်မကို ရန်မူလိမ့်မယ်"
ထိုဝန်ထမ်းစကားပင်မဆုံးသေးမီ နာကျင်စွာ ညည်းတွားသံထွက်ပေါ်လာသည်။ ရူးသွပ်နေသောလှလှပပဤအမျိုးသမီးမှာ အတော်ပင်အားသန်လှရာ ဝန်ထမ်းမလေးကိုတွန်းလိုက်ရုံဖြင့် ဝန်ထမ်းမလေးမှာ စားပွဲနှင့်ခါးဆောင့်မိကာ အပြင်းအထန်နာကျင်သွားရ၏။ ကျိုးထောင်ဟွား ဝန်ထမ်းမလေးထံပြုံးပြပြီး ပြောလိုက်သည်။
"ရပါတယ် ကျေးဇူးပဲနော်၊ ကျွန်မဘာသာ ဂရုစိုက်ပါ့မယ်"
ထို့နောက် ဝန်ထမ်းမလေးနှင့် အခြားသူများမယုံနိုင်အောင်ပင် သူမ၏LV အိတ်ထဲမှ အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်၍ ထိုလှပသောအမျိုးသမီး၏ကိုယ်ပေါ်တွင် ကပ်လိုက်သည်။ တခဏချင်းမှာပင် ထိုအမျိုးသမီးမှာငြိမ်ကျသွားတော့၏။ သူမ၏သောင်းကျန်းမှုများ ချက်ချင်းရပ်တန့်သွားခဲ့သည်။ အားလုံးမှာ ဤမြင်ကွင်းကို မယုံနိုင်ဟန်ဖြင့်ကြည့်နေကြသည်။
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ရူးသွပ်သလို ဖြစ်နေတဲ့သူက ဘယ်လိုလုပ် ချက်ချင်းကြီး ငြိမ်သွားရတာလဲ’
ကျိုးထောင်ဟွား အဆောင်လက်ဖွဲ့သုံးလိုက်ခြင်းလား သို့မဟုတ် စိတ်ငြိမ်ဆေး တစ်မျိုးမျိုးထိုးပေးလိုက်ခြင်းလားဟု လူများမှ တွေးတောနေကြသည်။ မဒမ်ရှန်းသည် ခုနကစိတ်လွတ်ကာ ရူးသွပ်သွားခဲ့သော်လည်း မှတ်ဉာဏ်များပျောက်ဆုံးမသွားပေ။ သူမယခင်က မည်သည့်အရာများလုပ်ခဲ့သည်ကို ကောင်းကောင်းကြီး မှတ်မိနေသည်။ မဒမ်ရှန်းမှာအလွန်တရာ အရှက်ရနေသဖြင့် ပတ်ဝန်းကျင်အားဝေ့ကြည့်လိုက်ရင်း ကျိုးထောင်ဟွားကိုမြင်သောအခါ သူမထံမှထူးခြားသောရင်းနှီးမှုကိုခံစားလိုက်ရ၏။
ကျိုးထောင်ဟွားကို သူမဆွဲထိုင်ခိုင်းလိုက်ပြီး ဆိုင်မန်နေဂျာထံသို့ ဘလက်ကတ်တစ်ခုကမ်းပေးလိုက်သည်။ ဤကတ်အား ဆိုင်၏ပျက်စီးဆုံးရှုံးမှုများနှင့် ဝန်ထမ်းများ၏ဒဏ်ရာများအတွက် လျော်ကြေးအဖြစ် အသုံးပြုရန်ဖြစ်ပြီး PINနံပါတ်မလိုပေ။ သူမစိတ်ကြိုက် သုံးစွဲနိုင်သည်ဟု အဓိပ္ပာယ်ရသည်။ ဆိုင်မန်နေဂျာမှာ ကတ်ကိုယူလိုက်ပြီး တတွတ်တွတ် ကျေးဇူးတင်နေတော့သည်။ ဤဆိုင်သို့လာသူများမှာ ချမ်းသာကြသူများဖြစ်သော်လည်း ဤအမျိုးသမီး ကိုင်ဆောင်ထားသော အဆင့်မြင့်ကတ်မျိုးကို ကိုင်နိုင်သူမှာ အလွန်နည်းပါး၏။ မန်နေဂျာမှာရဲခေါ်ထားသည်ကို ချက်ချင်းဖျက်သိမ်းလိုက်ပြီး သင့်တော့်သော ပမာဏကိုဖြတ်တောက်လိုက်သည်။ ယခင်ကတွန်းဖယ်ခံလိုက်ရသော ဝန်ထမ်းများမှာလည်း ပြုံးရွှင်သွားကြတော့၏။ မဒမ်ရှန်း ကျိုးထောင်ဟွားကို ကြင်နာစွာဖြင့်မေးလိုက်သည်။
"ကလေး မင်းအန်တီကိုကပ်ပေးလိုက်တဲ့ ဒီစက္ကူအဝါလေးကဘာလဲ၊ ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းရတာလဲ၊ ခုနက အန်တီဘာဖြစ်သွားတာလဲဟင်"
အကြောင်းရင်းကို မသိသော်လည်း မဒမ်ရှန်းမှာ ကျိုးထောင်ဟွားကိုကြည့်ရုံဖြင့် ဤမိန်းကလေးမှာ ထူးခြားသော အရည်အချင်းရှိသူဟု ခံစားနေရသည်။
"အန်တီ ဒါကနတ်ဆိုးနှင်အဆောင်လက်ဖွဲ့ပါ၊ အန်တီ့ကို ဝိညာဉ်တစ်ခုကပ်နေပြီး သူက အန်တီ့ကို ထိန်းချုပ်ပြီး စိတ်တိုအောင်လုပ်နေတာလေ၊ အခုတော့ ဘာမှ မဖြစ်တော့ပါဘူး"
ကျိုးထောင်ဟွား ရှင်းပြလိုက်သည်။ ဝိညာဉ်ပူးကပ်ခံရသည်ဟု ကြားသောအခါ မဒမ်ရှန်းထိတ်လန့်သွားပြီး ထပ်မံ မေးမြန်းပြန်သည်။
"ကလေးမလေး၊ နောက်တစ်ခါ အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ"
"ကျွန်မဆီမှာ အကာအကွယ်အဆောင်လက်ဖွဲ့ ရှိပါတယ်၊ အန်တီဝယ်ချင်ရင် ဝယ်လို့ရပါတယ်"
မဒမ်ရှန်းချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ဝယ်မယ် ခုနကသုံးလိုက်တဲ့ အဆောင်လက်ဖွဲ့ကရော ဘယ်လောက်လဲ၊ အကုန်လုံးအတွက် အန်တီပေးပါ့မယ်"
ကျိုးထောင်ဟွား အမျိုးသမီး၏အဝတ်အစားများကို ကြည့်လိုက်ရာ သူမမှာအလွန်ချမ်းသာသူ ဖြစ်ပုံရသည်။ ထို့ကြောင့် သူမပုံမှန်ဈေးနှုန်းတစ်ခုကို ပြောလိုက်၏။
"စုစုပေါင်း ယွမ်လေးသန်းပါ"
ထိုအမျိုးသမီး လွယ်လွယ်ကူကူပေးချေလိမ့်မည်ဟု သူမထင်ထားသည်။ S မြို့တော်တစ်ခုလုံးတွင် နှစ်ကတ်သာရှိသော ဘလက်ကတ်ကိုကိုင်ထားနိုင်သူမှာ ဤမျှလောက်သောငွေကို မပေးနိုင်ဘဲမနေပေ။ မမျှော်လင့်ဘဲ ထိုအမျိုးသမီးမှ ပြောလိုက်သည်။
"အိုး အဲဒီလောက်တောင်လား၊ အန်တီမှာအခုလောလောဆယ် ငွေအဲလောက်ပါမလာဘူး၊ ဒါပေမဲ့ ကလေးမပူပါနဲ့၊ အန်တီ သေချာပေါက် ပေးမှာပါ၊ ခဏလေး စောင့်ဦးနော် အန်တီ့သားကို ဖုန်းဆက်ပြီး လာပေးခိုင်းလိုက်မယ်"
ထို့နောက် ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ ကျိုးထောင်ဟွား ဇဝေဇဝါ ဖြစ်သွားရ၏။ သူမစနောက်နေသည်လော။ ဤလောကထဲတွင် နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့သော သူမသည် ဘလက်ကတ်ကိုင်နိုင်သူများအကြောင်း အနည်းအကျဉ်းသိထားသည်။ ဤဘလက်ကတ်ထဲတွင် ယွမ် လေးသန်းပင်မရှိခြင်းပေလား။
"သားရေ မေမေ ချင်းယဲ့စီးတီးရဲ့ခြောက်ထပ်က ကော်ဖီဆိုင်မှာရောက်နေတယ်၊ ပစ္စည်းတစ်ခုဝယ်နေတာ ယွမ်လေးသန်း လိုနေလို့ အခုလာပို့ပေးဦး၊ ဘဏ်ကနေ လွှဲတာမလိုချင်ဘူး၊ အခုချက်ချင်း ကိုယ်တိုင်လာပို့ မလာရင်တော့ အိမ်ပြန်ရောက်ရင် မင်းအဖေကိုတိုင်ပြောမှာနော်"
မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ကျိုးထောင်ဟွားမှာ ထိုစကားများကိုကြားပြီး အံ့အားသင့်သွားရသည်။
‘မိခင်ဖြစ်သူက သားဖြစ်သူကို ဤသို့ ခြိမ်းခြောက်နေသည်လား’
သို့သော် ဤသည်မှာ မိခင်နှင့်သားကြား မိသားစုကြားရှိ ရင်းနှီးသောဆက်ဆံရေးကို ဖော်ပြနေခြင်းပင်။ ခဏအကြာတွင် သူဌေးကတော်ပြုံးလျက် ဖုန်းချလိုက်ပြီး ကျိုးထောင်ဟွားကို ပြောလေသည်။
"ကလေး ခဏစောင့်ဦးနော်၊ အန်တီ့သား အခုလာပို့ပေးလိမ့်မယ်၊ ဗိုက်ဆာနေပြီလား စားချင်တာမှာလိုက်ဦးလေ၊ သူရောက်လာရင် အကုန်ရှင်းခိုင်းလိုက်မယ်"
ထို့သို့ဖြင့် သူမသားကိုအမြတ်ထုတ်နေတော့သည်။ ထို့ကြောင့် ကျိုးထောင်ဟွား သူမနှစ်သက်သော စတော်ဘယ်ရီ ကိတ်မုန့်တစ်ခုကို ထပ်မံမှာယူလိုက်သည်။ ထိုသားဖြစ်သူကို စောင့်နေရင်း ကျိုးထောင်ဟွား အဆောင်လက်ဖွဲ့ကို တြိဂံပုံစံလေးခေါက်ပေးလိုက်၏။
"အန်တီ ဒါဆိုရင် သယ်ရတာပိုလွယ်သွားပြီ၊ အင်္ကျီအိတ်ထဲမှာပဲဖြစ်ဖြစ် ကိုယ်နဲ့မကွာဆောင်ထားလို့ ရပါတယ်၊ ခုနက နတ်ဆိုးနှင်အဆောင်ကလည်း သုံးလို့ရသေးတယ်၊ ကျွန်မပြန်ခေါက်ပေးမယ် အတူတူဆောင်ထားလိုက်ပါ၊ ဒီအဆောင်တွေက သူ့အလိုလိုမီးလောင်ပြီးပြာမဖြစ်သွားသရွေ့တော့ သုံးလို့ရပါတယ်၊ ရေစိုခံပြီး မီးမလောင်ပါဘူး၊ အကယ်၍ သူ့အလိုလိုပြာဖြစ်သွားခဲ့ရင်တော့ အန်တီ့အတွက်ဘေးအန္တရာယ်ကြီးတစ်ခုကို ကာကွယ်ပေးလိုက်ပြီလို့ ဆိုလိုတာပါ၊ တခြား လိုအပ်တာရှိရင်လည်း ကျွန်မဆီမှာဝယ်လို့ရပါတယ်"
ပြောပြောဆိုဆိုဖြင့် ကျိုးထောင်ဟွား သူမဝီချက်ကိုထုတ်ကာ အန်တီကြီးကို add ခိုင်းလိုက်သည်။ မဒမ်ရှန်းမှာအလွန်တရာဝမ်းသာသွားပြီး ထိုကလေးမလေးကို ဝီချက်တွင် ချက်ချင်းပင်add လိုက်တော့သည်။
"ကလေးမလေး မင်းနာမည်ကဘာတဲ့လဲ"
"ကျွန်မနာမည်က ကျိုးထောင်ဟွားပါ အန်တီ"
မဒမ်ရှန်းပြုံးလျက် ချီးကျူးလိုက်သည်။
"နာမည်လေးက သိပ်လှတာပဲ၊ ကြားရတာနဲ့တင် စိတ်ချမ်းသာဖို့ကောင်းလိုက်တာ"
"အမေ ဘယ်သူ့ဆီကဘာဝယ်နေတာလဲ"
ကျိုးထောင်ဟွား မဒမ်ရှန်းစကားကို နားထောင်နေစဉ်မှာပင် ရုတ်တရက် အလွန်တရာရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူမ, မယုံနိုင်ဟန်ဖြင့် မော့ကြည့်လိုက်မိ၏။
***