‘ဒီခေတ်သစ်မှာ ရှန်းမင်နဲ့ပြန်ဆုံရလိမ့်မယ်လို့ ကျိုးထောင်ဟွား တစ်ခါမှ မျှော်လင့်မထားခဲ့ဘူး၊ ဒါက ၂၁ရာစုလေ၊ သူတို့နှစ်ယောက် ဒီမှာဘယ်လိုလုပ်ဆုံနိုင်မှာလဲ’
ကျိုးထောင်ဟွား ရှန်းမင်ကို ကြောင်တောင်တောင်လေး ငေးကြည့်နေမိသည်။ သေချာ အနီးကပ်ကြည့်လိုက်မှ သူမမှတ်မိသော ရှန်းမင်နှင့်သိသိသာသာ ကွဲပြားနေသည်ကို သတိထားမိလိုက်၏။ ရှေ့တွင်ရှိနေသော ရှန်းမင်သည် သူမမှတ်ဉာဏ်ထဲမှလူနှင့် အတော်လေး ကွာခြားသည်။ ဥပမာအားဖြင့် သူသည် ဆံပင်အနက်ရောင်ရှိ၏။ သူမ မှတ်မိသော ရှန်းမင်မှာ ဆီးနှင်းကဲ့သို့ဖြူဖွေးသော ဆံပင်ရှည်များရှိခဲ့သည်ပင်။
သူသည် ပိုအရွယ်ရောက်ကာ ရင့်ကျက်ပုံပေါ်သော်လည်း မျက်နှာမှာတော့ တစ်ပုံစံတည်းပင်။ ထင်ရှားသော မျက်နှာထား၊ အနည်းငယ်စုကြုံထားသော မျက်ခုံးတန်းများနှင့် စင်းလုံးချောသောနှာတံအောက်မှ စေ့ပိတ်ထားသော နှုတ်ခမ်းပါးလေးများမှာ ခန့်ညားထည်ဝါပြီး ယောကျ်ားပီသလှသည်။ သပ်သပ်ရပ်ရပ်ဆံပင်တိုများမှာ စနစ်တကျရှိသလို အေးစက်သော ညဉ့်နက်ပိုင်းမှရေကန်နက်ကြီးကဲ့သို့ မျက်ဝန်းနက်များသည် တည်ငြိမ်နေသော်လည်း အရာအားလုံးကို ထိုးဖောက်မြင်နိုင်သည့် စူးရှသောအကြည့်များရှိနေ၏။ ထိုသို့သော အကြည့်မျိုးနှင့် အကြည့်ခံရခြင်းမှာ မိမိအတွေးများကိုပါ ချက်ချင်းအဖတ်ခံလိုက်ရသကဲ့သို့ ခံစားရစေသည်။ မဒမ်ရှန်း သားဖြစ်သူရောက်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ဆွဲထိုင်ခိုင်းပြီး မိတ်ဆက်ပေးလေ၏။
"ဒါက မိန်းကလေးကျိုးလေ၊ အရမ်းတော်တဲ့ တာအိုပညာရှင်တစ်ယောက်ပဲ၊ ခုနတင် မေမေဝိညာဉ်တစ်ခုပူးကပ်ပြီး ကော်ဖီဆိုင်မှာအရှက်ကွဲအောင်လုပ်မိနေတာ၊ သူမသာမရှိရင် အခု မင်းမေမေ့ကိုတောင် မှတ်မိမှာမဟုတ်ဘူး၊ အရူးလို့ ထင်ပြီး စိတ်ကျန်းမာရေးဆေးရုံအပို့ခံနေရလောက်ပြီ"
ထို့နောက် မဒမ်ရှန်း ကျိုးထောင်ဟွားကို စိတ်အားထက်သန်စွာဖြင့် ပြန်လည်မိတ်ဆက်ပေးသည်။
"ပေါင်အာလေး ဒါကအန်တီ့သားရှန်းမင်တဲ့၊ ဒီနှစ်အသက်သုံးဆယ်ရှိပြီ၊ ကုမ္ပဏီတစ်ခုထောင်ထားတာ အလုပ်အကိုင်ကတော့ အောင်မြင်နေပါရဲ့၊ ဒါပေမဲ့ အခုထိလူပျိုကြီးပဲ ရှိသေးတယ်၊ ရည်းစားထားဖို့တောင် အချိန်မရှိဘူးတဲ့လေ၊ ပေါင်အာလေးရော အခုထိဆင်ဂယ်ပဲလား"
သူမသားကို မြင်လိုက်ရချိန်တွင် ကျိုးထောင်ဟွား၏မျက်ဝန်းထဲ၌ အံ့ဩမှင်သက်သွားသည့် အရိပ်အယောင်ကို မဒမ်ရှန်းမြင်လိုက်ရသဖြင့် သားဖြစ်သူ၏ရုပ်ရည်ကို သဘောကျသွားမှန်း သူမသိလိုက်သည်။ ဤအချက်နှင့် ပတ်သက်လျှင် သူဌေးကတော်ရှန်းမှာ အတော်လေး ယုံကြည်ချက်ရှိ၏။ ရှန်းမင်သည် အမြဲတမ်းတည်တင်းသော မျက်နှာထားဖြင့် အေးစက်စက်နိုင်လှသော်လည်း သူ့ရုပ်ရည်မှာငြင်းမရလောက်အောင် ချောမောလှသည်။ ဓားကဲ့သို့ထက်မြက်သော မျက်ခုံးများက အပေါ်သို့ စောင်းတက်နေပြီး စင်းလုံးချောနှာတံအောက်တွင် နှုတ်ခမ်းဖျော့ဖျော့များရှိသည်။
ဖြူဖွေးသောသူ့အသားအရေမှာ နေရောင်အောက်တွင် အေးစက်စက်အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ဖြစ်ရာ အေးစက်သောညဉ့်နက်ပိုင်းမှ တစ်ခုတည်းသောလမင်းကြီးကဲ့သို့ အေးချမ်းပြီး လက်လှမ်းမမီနိုင်သလို ခံစားရစေသည်။ ရှန်းမင် မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ပြီး မိခင်ဖြစ်သူထံ မယုံနိုင်သလိုကြည့်လိုက်သည်။
‘သူမက သူစိမ်းတစ်ယောက်ကို "ပေါင်အာလေး" လို့ တကယ်ကြီးခေါ်လိုက်တာလား’
သူမသားအဖြစ် အနှစ်သုံးဆယ်လုံးလုံး သူနေလာခဲ့သော်လည်း သူမမှသူ့ကိုခေါ်တိုင်း နာမည်အပြည့်အစုံဖြင့်သာခေါ်ခဲ့သည်။ သူသည် သူမသားအရင်းခေါက်ခေါက်မှ ဟုတ်ပါလေစဟုပင်တွေးမိသွား၏။
"အမေ သူအမေ့ကိုဆေးတိုက်ထားတာလား"
ရှန်းမင်ပွင့်ပွင့်လင်းလင်းမေးလိုက်ရာ ကျိုးထောင်ဟွားကိုကြည့်ပြီး ပြုံးနေသော မဒမ်ရှန်းမျက်နှာမှာ ချက်ချင်းအေးခဲသွားတော့သည်။ သူမတွန့်ဆုတ်မနေဘဲ ရှန်းမင်လက်မောင်းကို ရိုက်ချလိုက်ကာဆူပူလေ၏။
"ဒီကောင်လေး ဘာတွေလျှောက်ပြောနေတာလဲ"
ကျိုးထောင်ဟွားမမြင်နိုင်သောနေရာမှ မဒမ်ရှန်းမှာ ရှန်းမင်ကိုမျက်စိဖြင့် ခြိမ်းခြောက်လိုက်ကာ အဓိပ္ပာယ်မရှိသည်များထပ်မပြောရန် တားမြစ်လိုက်သည်။ ထို့နောက် ကျိုးထောင်ဟွားဘက်သို့ အပြုံးဖြင့် လှည့်လာကာပြောလိုက်၏။
"ပေါင်အာလေး သူပြောတာတွေကိုနားမယောင်နဲ့နော်၊ သူကပါးစပ်သရမ်းရုံတင်ပါ၊ လူကတော့ တကယ်စိတ်ရင်းကောင်းပါတယ်၊ တကယ်လို့ သမီးမှာရည်းစားမရှိသေးရင် နှစ်ယောက်သားရင်းနှီးအောင် လုပ်ကြလေ၊ သူငယ်ချင်းအဖြစ်ကနေ စပြီး ဝီချက်လေးဘာလေး addထားပေါ့"
ပြောပြောဆိုဆိုဖြင့် မဒမ်ရှန်းမှာရှန်းမင်ကို ဖုန်းထုတ်ပြီး ကျိုးထောင်ဟွားကို addရန် မျက်ရိပ်ပြလိုက်သည်။ ရှန်းမင်မှာ ကျိုးထောင်ဟွားကိုကြည့်ရင်း မိခင်ဖြစ်သူဤမျှထိသဘောကျသွားအောင် သူမတွင် မည်သည့်မှော်အတတ်များရှိနေသနည်းဟု တွေးနေမိသည်။ ဤမိန်းကလေး၏ရုပ်ရည်မှာ S မြို့တော်တွင် ပျမ်းမျှထက်သာလွန်သည်ဟု ဆိုနိုင်သော်လည်း မှင်သက်သွားလောက်အောင်တော့မဟုတ်ပေ။ သူမ၏ချောမွေ့နက်မှောင်သော ဆံနွယ်ရှည်များမှာ ရေတံခွန်အလား ပခုံးပေါ်သို့ဝဲကျနေပြီး ဆံနွယ်စွန်းလေးများမှာ အနည်းငယ် ကောက်နေကာလှုပ်ရှားလိုက်တိုင်း ကျီစယ်ဆော့ကစားနေသကဲ့သို့ပင်။ လက်ဖဝါးခန့်သာရှိသော သူမမျက်နှာလေးမှာ ဆီးနှင်းကဲ့သို့ဖြူဖွေးပြီး မက်မွန်သီးမှည့်လေးကဲ့သို့ ပန်းရောင်သန်းနေကာမြင်ရသူတိုင်းကို လက်လှမ်းထိတွေ့ချင်ဖွယ်ဖြစ်အောင် ဆွဲဆောင်နေသည်။ ရှန်းမင် သတိမထားမိဘဲ ဖုန်းကိုထုတ်ကာ ဝီချက် QR codeကို ဖွင့်လိုက်မိ၏။ ကျိုးထောင်ဟွား မဒမ်ရှန်းထံတစ်ချက်ကြည့်လိုက်သည်။
‘သူမက အောင်သွယ်တော်လုပ်နေတာလား’
ကျိုးထောင်ဟွား ဝေခွဲမရဖြစ်နေမိသည်။ ရှန်းမင်မျက်နှာမှာ သူမမှတ်ဉာဏ်ထဲမှ "ရှန်းမင်" နှင့် အလွန်တူနေ၍လား သို့မဟုတ် သူမ၏ယခင်က အထီးကျန်ဆန်သော ဘဝဟောင်းသို့ပြန်မသွားချင်နေ၍လား မသိပေ။ သူမအထီးကျန်ပြီး ပျင်းရိနေချိန်တွင် အကဖျော်ဖြေပွဲများကြည့်ခြင်း သို့မဟုတ် လူငယ်လေးတစ်ယောက်ကို ရှာကာ ခဏတာတွဲခြင်းမျိုးလုပ်လေ့ရှိသည်။ မဒမ်ရှန်း သူမကိုကြည့်နေသည့် အကြည့်များမှာ ချွေးမလောင်းတစ်ယောက်အားကြည့်သကဲ့သို့ဖြစ်နေသည်ကို ကျိုးထောင်ဟွား အတိုင်းသားသိနေ၏။
‘သူမနဲ့ ရှန်းမင်ကို ဖူးစာဆုံစေချင်နေတာပေါ့’
သို့သော် ဤရှန်းမင်မှာ သူမမှတ်ဉာဏ်ထဲမှ အစ်ကိုရှန်းမင်မဟုတ်ချေ။ မျက်နှာချင်းဆင်တူသော်ငြား မျက်ဝန်းများမှာတော့ကွာခြားလွန်း၏။ သူမအပေါ်ထားသည့် သူ့အကြည့်များထဲ၌ နူးညံ့မှုလည်းမရှိ သံယောဇဉ်အရိပ်အယောင်လည်းမပါရှိပေ။ ကျိုးထောင်ဟွား ရှန်းမင်ဖွင့်ပြထားသော QR codeကိုကြည့်ပြီး ခဏတာ ဝေခွဲမရဖြစ်နေစဉ်မှာပင် ရှန်းမင်ပြောလိုက်သည့် အသံကိုကြားလိုက်ရ၏။
"ကိုယ့်ကို add ပြီးရင် မင်းဆီယွမ်လေးသန်းလွှဲပေးလိုက်မယ်"
ပိုက်ဆံဆိုသော စကားအားကြားလိုက်သည်နှင့် ကျိုးထောင်ဟွားမျက်ဝန်းများ ချက်ချင်းဆိုသလို အရောင်တောက်သွားပြီး သူ့ကိုဝီချက်၌ ချက်ချင်းပင်add လိုက်သည်။ "လေးသန်း" ဟုကြားလိုက်ရစဉ် သူမမျက်ဝန်းထောင့်လေးများ အပေါ်သို့ အနည်းငယ်စောင်းတက်သွားပြီး သဘာဝအတိုင်း ဆွဲဆောင်မှုရှိသည့် အလှတရားပေါ်လွင်လာ၏။ သူမပြုံးလိုက်သည့်အခါတွင်လည်း မျက်ဝန်းလေးများထဲ၌ ကြယ်စင်လေးများခိုတွဲနေသယောင်ထင်မှတ်ရသည်။ ရှန်းမင် စိတ်ထဲမှ မှတ်ချက်ပေးလိုက်မိ၏။
"ငွေမက်တဲ့ မိန်းကလေးပဲ"
ကျိုးထောင်ဟွား ရှန်းမင်ကိုဝီချက်၌ add ပြီးသည်နှင့် သူ့ထံမှငွေလေးသန်း လွှဲပြောင်းမှုအား ချက်ချင်းလက်ခံရရှိခဲ့သည်။ သူမမျက်ဝန်းလေးများ လခြမ်းကွေး ဖြစ်သွားသည်ထိပျော်ရွှင်သွားရ၏။
‘ဒီဘက်ခေတ်ပြန်ရောက်လာတာနဲ့ ဒီလောက်များတဲ့ ငွေပမာဏကိုရလိုက်မှတော့ ကျိုးထောင်ဟွား ဘယ်လိုလုပ်မပျော်ဘဲနေပါ့မလဲ’
"ကျေးဇူးတင်ပါတယ် မစ္စတာရှန်း"
ကျိုးထောင်ဟွား ပြုံးပြီးပြောလိုက်သည်။
‘အိပ်ရာနိုးနိုးချင်း လေးသန်းတောင်ရလိုက်တာလေ၊ ဘယ်သူကမပျော်ဘဲ နေမလဲ၊ သူမဘဏ်အကောင့်ထဲမှာ ငွေတွေ အလုံအလောက်ရှိနေပြီး အတိုးစားရုံနဲ့တင်တစ်သက်လုံး သုံးမကုန်နိုင်ပေမဲ့လည်း ပိုက်ဆံအများကြီးရှိတာကို ဘယ်သူကငြင်းနိုင်မှာလဲ’
ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့ကြားမှ အခြေအနေပြောင်းလဲသွားသည်ကို မြင်ရ၍ မဒမ်ရှန်းစိတ်အေးသွားရသည်။ သူမ အခွင့်ကောင်းယူပြီး ပြောလိုက်၏။
"ပေါင်အာလေး အန်တီချိန်းထားတာလေးတစ်ခုသတိရသွားလို့ အခုသွားမှဖြစ်မယ်၊ သမီးတို့လူငယ်ချင်းပဲ စကားဆက်ပြောကြတော့နော်"
ထို့နောက် သူမထွက်သွားတော့သည်။
ကျိုးထောင်ဟွား : "......"
မဒမ်ရှန်း အလောတကြီးထွက်သွားသည်ကို ကြည့်ပြီးနောက် ရှန်းမင်အားပြန်ကြည့်လိုက်မိ၏။
‘သူမက သူနဲ့ ဘာတွေများပြောစရာရှိနေမှာလဲ’
မဒမ်ရှန်းထွက်သွားပြီးနောက် လေထုထဲတွင် နေရခက်သည့်အခြေအနေတစ်ခုစိုးမိုးသွားသည်။ စားပွဲပေါ်မှ သူမအိတ်ကို ကောက်ကိုင်လိုက်ပြီး နှုတ်ဆက်လိုက်၏။
"ကျွန်မမှာ တခြားကိစ္စလေးတွေရှိသေးလို့ပါ မစ္စတာရှန်း ကျေးဇူးတင်ပါတယ်၊ ကျွန်မ သွားလိုက်ပါဦးမယ်"
သူမသည် ကိုယ်ကျပ်ဒီဇိုင်းနှင့်အံကိုက်ချုပ်လုပ်ထားသည့် အဆင့်မြင့်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုးရှင်းသောရှပ်အင်္ကျီအဖြူနှင့် စကတ်အနက်မှာ သူမ၏သွယ်လျသည့် ခါးအလှနှင့် ဖြောင့်စင်းသော ခြေတံများကို ပေါ်လွင်စေသည်။ ခြေထောက်တွင် စီးထားသော ကျောက်များဖြင့် ပြိုးပြိုးပြက်ပြက်ဖြစ်နေသည့် ဒေါက်မြင့်ဖိနပ်အနက်လေးသည် ခြေလှမ်းတိုင်း သာယာကြည်လင်သော အသံလေးများကို ထွက်ပေါ်စေ၏။ ရှန်းမင် နောက်လှည့်မကြည့်ဘဲ ထွက်သွားသည့် သူမကျောပြင်ကို ကြည့်နေရင်း ဖုန်းမျက်နှာပြင်၌ သူမငွေလက်ခံလိုက်သော စာမျက်နှာလေးကို ငုံ့ကြည့်လိုက်သည်။ သူမသည် ပိုက်ဆံမှလွဲ၍ အခြားအပိုစကားများကိုမပြောခဲ့ချေ။
သို့သော် သူ့ဘဝတွင် မိန်းကလေးတစ်ယောက်မှ သူ့ငွေကိုသာ ပြောင်ပြောင်တင်းတင်း စိတ်ဝင်စားပြီး သူ့ကိုတော့လူတစ်ယောက်အနေနှင့် လုံးဝ စိတ်မဝင်စားသည်အား ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ ယင်းမှာ ရှန်းမင်အား ပထမဆုံးအကြိမ်ရှုံးနိမ့်မှုကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းလိုက်ခြင်းပင်။ ဖုန်းမျက်နှာပြင်မှ သူမ၏Profile ပုံလေးကို သူကြည့်လိုက်၏။ ကောင်းကင်ပြာနောက်ခံထားကာ ပန်းရောင်ချီဖောင်ဝတ်စုံလေးနှင့် သစ်ကုလားအုတ်လည်ပင်းကိုဖက်ထားပြီး ပြုံးနေသော ကျိုးထောင်ဟွား၏ပုံလေးပင်။ ရှည်လျားသွယ်လျသော သူ့လက်ချောင်းများမှာ ဖုန်းမျက်နှာပြင်ပေါ်တွင် စာတစ်စောင်ကို အမြန်ရိုက်လိုက်သည်။
"မိန်းကလေးကျိုး ကိုယ့်ကုမ္ပဏီရဲ့ဖုန်းရွှေကို လာကြည့်ပေးလို့ ရမလား၊ စျေးနှုန်းကို စိတ်ကြိုက်တောင်းပါ"
ကျိုးထောင်ဟွား ကားတံခါးကိုဖွင့်ပြီး အထဲဝင်ထိုင်လိုက်ချိန်၌ ဖုန်းနိုတီသံလေးထွက်ပေါ်လာ၏။
***