ကျိုးထောင်ဟွား သူမဖုန်းကိုငုံ့ကြည့်လိုက်ပြီး ရှန်းမင်ထံမှလာသော ဝီချက်စာကို မြင်မြင်ချင်းပင် ကားကိုချက်ချင်းရပ်လိုက်သည်။ သူမ "ဘယ်တော့လဲ" ဟု ပြန်စာရိုက်ရုံရှိသေး ကားမှန်ကို တစ်စုံတစ်ယောက်မှ လာခေါက်၏။ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူမဘေးတွင် ရှန်းမင်ရပ်နေသည်ကိုတွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။ သူ့ဖုန်းကို မြှောက်ပြပြီးပြောလိုက်၏။
"ကိုယ် အခုအားတယ်"
ကျိုးထောင်ဟွား ရှန်းမင်၏ဘန်တလေကားကြီးနှင့် သူတို့ကုမ္ပဏီသို့ရောက်သွားသည့်အခါ သူ့ကုမ္ပဏီမှာအဆောက်အအုံတစ်ခုလုံးကြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဆယ့်သုံးထပ်လုံးမှာ သူ့ကုမ္ပဏီပင်ဖြစ်၏။ ရှန်းမင် ကားပေါ်မှဆင်းလိုက်ပြီး သူ့ကုမ္ပဏီတစ်ခုလုံးကိုအံ့ဩမှင်သက်စွာ ငေးကြည့်နေသည့် ကျိုးထောင်ဟွားအားကြည့်ကာ သူ့မျက်ဝန်းထဲ၌အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် သူ ထင်ထားသည့်အတိုင်းပင်။
သူ့အရှိန်အဝါနှင့် လုပ်ပိုင်ခွင့်ကိုမြင်သွားလျှင် အခြားမိန်းကလေးများကဲ့သို့ပင် သူ့အား တွယ်ကပ်လာတော့မည်မဟုတ်ပါလား။ ထိုအချိန်တွင် ရှန်းမင်စိတ်ထဲမှ ကြိုတင်ပြီး တွေးကာပျော်နေမိသည်။ သို့သော်မမျှော်လင့်ဘဲ ကျိုးထောင်ဟွားမှာ သူ့ကို ဖားနေခြင်းမျိုးလုံးဝမလုပ်ဘဲ ကုမ္ပဏီထဲသို့ အားတက်သရောအရင် လှမ်းဝင်သွား၏။ ရှန်းမင်ကိုယ်တိုင် ကျိုးထောင်ဟွားကိုဦးဆောင်ပြီး ကုမ္ပဏီထဲသို့ ခေါ်သွားချိန်တွင် အထပ်တိုင်းမှဝန်ထမ်းအားလုံးမတ်တပ်ရပ်ပြီး ရှန်းမင်ကို နှုတ်ဆက်ကြသည်။ လူတိုင်းမှာ ရှန်းမင် ခေါ်လာသည့် ကျိုးထောင်ဟွားကို စပ်စုချင်နေကြ၏။ ရှန်းမင်မှာ ယခုနှစ်တွင် အသက်သုံးဆယ်ရှိပြီဖြစ်သော်လည်း အဖိုးတန်လူပျိုကြီး ဖြစ်နေဆဲဖြစ်သည်။ သူကုမ္ပဏီအား တည်ထောင်သည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သူနှင့်အတူ မိန်းကလေးတစ်ယောက်ကိုတစ်ခါမှ မမြင်ဖူးကြချေ။ သူ့အတွင်းရေးမှူးများပင် အကုန်လုံးမှာ အမျိုးသားများချည်းသာဖြစ်သည်။ စီအီးအိုရုံးခန်းတစ်ခုလုံး၍ အမျိုးသမီးဟူ၍တစ်ယောက်မှမရှိပေ။
‘ဒီနေ့မှာတော့ သူက ဒီလိုချစ်စရာကောင်းတဲ့ မိန်းမငယ်လေးကို လူတွေရှေ့ခေါ်လာတယ်ဆိုတော့ လူတိုင်းကိုသူတို့ရဲ့ ပတ်သက်မှုကိုကြေညာနေတာလား’
သို့သော် ထိုအရာများမှာခန့်မှန်းချက်များသာဖြစ်ပြီး ရှန်းမင်ကို တိုက်ရိုက်မေးရဲသူ မရှိချေ။ ရှန်းမင် ထွက်သွားပြီးနောက် ဝန်ထမ်းများသည် ကျိုးထောင်ဟွားအကြောင်းကို တိုးတိုးတိတ်တိတ်စတင်ဆွေးနွေးကြတော့၏။
"စီအီးအိုရှန်းရဲ့ ရည်းစားလား"
"ဖြစ်နိုင်တယ်လေ၊ သူမဝတ်ထားတဲ့ ဝတ်စုံနဲ့ လက်ကိုင်အိတ်တွေက အသစ်ထွက်ဒီဇိုင်းတွေပဲ၊ ကျွန်မခန့်မှန်းတာတော့ သူမတစ်ကိုယ်လုံးမှာရှိတဲ့ အဝတ်အစားတွေက အနည်းဆုံးလေးသန်းလောက် တန်လိမ့်မယ်"
ချက်ချင်းဆိုသလို အံ့ဩသံများထွက်ပေါ်လာပြီး လူတိုင်းမှာမနာလိုစိတ် သို့မဟုတ် ဝမ်းနည်းစိတ်များဖြင့်ကြည့်နေကြသည်။ လေးသန်းဆိုသည်မှာ သူတို့ မည်မျှကြာအောင် အလုပ်လုပ်မှရမည့်ငွေဆိုသည်အားမသိရပေ။
‘ သူမကတော့ အဝတ်အစားတင်လေးသန်းတန်နေပြီလေ’
ထိုအချိန်တွင် လူအုပ်ထဲမှတစ်ယောက်က ကန့်ကွက်စကားဆိုလာသည်။
"ဘာလို့ ငါကတော့ အဲဒီမိန်းကလေးနဲ့ စီအီးအိုရှန်းတို့ကသိပ်မရင်းနှီးကြဘူးလို့ ခံစားနေရတာလဲ၊ လက်တောင်မတွဲကြဘူးလေ၊ ဘာထိတွေ့မှုမှလည်း မရှိဘူး၊ ငါ့ကိုမေးရင်တော့ သူတို့ကဘယ်လိုမှ ချစ်သူတွေ မဖြစ်နိုင်ဘူး"
အချို့လည်း ထိုစကားကိုထောက်ခံကြသည်။ ကျိုးထောင်ဟွား ပထမထပ်မှ ဆယ့်သုံးထပ်ထိလျှောက်လာပြီး ရှန်းမင်၏ရုံးခန်းထဲသို့ ရောက်ချိန်တွင် ပြင်းထန်လှသော အငြိုးအတေးစွမ်းအင်များကို ချက်ချင်းခံစားလိုက်ရ၏။ ထိုအငြိုးအတေးစွမ်းအင်များမှာ သူမမှတ်ဉာဏ်ထဲမှ ရှန်းမင်ကိုသတိရသွားစေသည်။ သူတို့ပထမဆုံးဆုံတွေ့စဉ်ကလည်း သူသည်ဤသို့သောအငြိုးအတေး စွမ်းအင်များ များစွာပိုင်ဆိုင်ထားခဲ့သည်ပင်။ သို့သော် ထိုအရာမှာ သူမွေးရာပါ ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယခုနေရာ၌ ရှိနေသည့် အငွေ့အသက်များမှာတော့ တစ်စုံတစ်ယောက်မှ တမင်ဖန်တီးထားခြင်းဖြစ်သည်။ ရှန်းမင် သူ့စားပွဲနောက်တွင်ထိုင်လိုက်သည်နှင့် ကျိုးထောင်ဟွား သူ့ထံသို့တန်းတန်းမတ်မတ် လျှောက်သွားပြီး သူ့ထိုင်ခုံနောက်မှီကို လက်ဖြင့်စမ်းကြည့်လိုက်၏။
သူမလက်ချောင်းလေးများ သူ့လည်ပင်းကို မတော်တဆထိမိသွားချိန်တွင် ရှန်းမင်မှာ သူမလက်ကောက်ဝတ်ထံမှ သင်းပျံ့သောဖရီးရှားပန်းရနံ့လေးကိုရလိုက်သည်။ ထိုင်ခုံနောက်မှီကို သူလှည့်ကြည့်လိုက်သည့်အခါ သူမသည် ထိုင်ခုံ၌မြှုပ်ထားသော ကျောက်နက်တစ်ခုကိုဖြုတ်ယူနေသည်အားတွေ့လိုက်ရ၏။ သူမမှာ လေးနက်သောမျက်နှာထားနှင့်မေးလိုက်သည်။
"ဒီကျောက်နက်ထဲမှာ ပြင်းထန်တဲ့အငြိုးအတေး စွမ်းအင်တွေပါဝင်နေတယ်၊ ဒါက ရှင်ရဲ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်၊ ဒီမှာထိုင်တဲ့အခါ တစ်ခါတလေ ခေါင်းကိုက်တာ ဒါမှမဟုတ် မျက်စိဝေဝါးတာမျိုးခံစားရဖူးလား"
ကျိုးထောင်ဟွားသည် အရပ် ၁ ဒသမ ၆ မီတာသာရှိသော်လည်း ရှန်းမင်ထိုင်ခုံ၌ ထိုင်နေခြင်းကြောင့် သူမမှာ သူ့ကိုအပေါ်မှ အနည်းငယ်ငုံ့ကြည့်နေရသကဲ့သို့ဖြစ်နေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ ၂၀ စင်တီမီတာပင်မရှိပေ။ ရှန်းမင် သူမကိုမော့ကြည့်ရင်း သူမပြောသည်များကို သေချာစဉ်းစားကြည့်လိုက်သည့်အခါ အားလုံးမှာအမှန်များဖြစ်နေသည်ကိုတွေ့လိုက်ရသာ်။ ရုတ်တရက် ထိုင်ခုံနောက်မှီကို သူလှည့်ကြည့်လိုက်စဉ် ထိုင်ခုံ၏အပေါ်ဘက်၌ ထိုကဲ့သို့သော ကျောက်နက်ကိုးလုံးစီပြီးမြှုပ်ထားသည်ကို တွေ့လိုက်ရ၏။
‘ဒီထိုင်ခုံမှာ ငါးနှစ်တောင် ငါထိုင်ခဲ့တာပါလား’
ထိုသို့တွေးမိလိုက်သည်နှင့် ရှန်းမင် ရုတ်တရက် ခေါင်းမူးသွားပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ယိမ်းထိုးသွားသည်။ ကျိုးထောင်ဟွား စိုးရိမ်တကြီးနှင့် သူ့ကိုချက်ချင်းလှမ်းဖမ်းထိန်းပေးကာ မေးလိုက်၏။
"အစ်ကိုရှန်းမင် အဆင်ပြေရဲ့လား"
သူတို့နှစ်ဦးအကြည့်များ ဆုံစည်းသွားပြီး ကျိုးထောင်ဟွား ရှန်းမင်လက်ကို အလျင်အမြန် လွှတ်ပေးလိုက်သည်။ လေထုထဲတွင်လည်း အနေရခက်စရာ ကောင်းလှသည့် တိတ်ဆိတ်မှုများစိုးမိုးသွားတော့၏။ ကျိုးထောင်ဟွား အပြစ်ရှိစိတ်ဖြင့် မျက်လုံးချင်းမဆုံဘဲတစ်ဖက်သို့ လွှဲကြည့်ပြီးပြောလိုက်သည်။
"မစ္စတာရှန်း အဲဒီထိုင်ခုံမှာရှိတဲ့ ကျောက်နက်တွေကို ဖယ်လိုက်ရုံပါပဲ၊ ပြီးတော့ ဒီငါးကန်ထဲကကျောက်ခဲနည်းနည်းကိုလည်း သန့်ရှင်းရေးလုပ်လိုက်ပါ၊ ဒီနေ့အတွက် ဝန်ဆောင်ခ စုစုပေါင်းက ယွမ်ခြောက်သန်းကျသင့်ပါတယ်"
သူမ ယနေ့သူ့အတွက် အထပ်ပေါင်း ဆယ့်သုံးထပ်လုံးကိုလိုက်ကြည့်ပေးခဲ့ရခြင်းဖြစ်သဖြင့် ဝိညာဉ်စွမ်းအင်များ, များစွာ ကုန်ခမ်းခဲ့ရသည်။ သူ့ကျန်းမာရေးနှင့် ကုမ္ပဏီ၏လုပ်ငန်းချောမွေ့မှုအတွက် ခြောက်သန်းဆိုသည်မှာ တန်လွန်းသည့် ဈေးနှုန်းတစ်ခုပင်။ သူမ စကားလမ်းကြောင်းကို သိသိသာသာပြောင်းလိုက်သော်လည်း ရှန်းမင်မှာတော့ အလွယ်တကူ လွှတ်ပေးမည့်ပုံမပေါ်ချေ။ သူ့နှုတ်ခမ်းအစုံမှာ အပြုံးရိပ်တစ်ခု ပေါ်လွင်လာပြီး ထိုင်ရာမှထလိုက်ကာ ငါးကန်ရှေ့တွင်ရပ်နေသည့် ကျိုးထောင်ဟွားထံသို့ လျှောက်လာသည်။
"မိန်းကလေးကျိုး ခုနကကိုယ့်ကို အစ်ကိုရှန်းမင်လို့ခေါ်လိုက်တာ ကြားလိုက်သလိုပဲနော်၊ မင်းကိုယ့်ကို သဘောကျနေတာလား"
ရှန်းမင်သည် ဤကဲ့သို့အခြေအနေမျိုး ဖြစ်လာသည်ကို အံ့ဩပုံမရပေ။ သူ့အတွက်တော့ ယင်းမှာပုံမှန်ပင် ဖြစ်သည်။ သူ၏ကြွယ်ဝချမ်းသာမှုကို မြင်ပြီးလျှင် မည်သည့်မိန်းကလေးမှ စိတ်မဝင်စားဘဲ မနေနိုင်ဘူးဟု သူယုံကြည်ထားသောကြောင့်ပင်။ ကျိုးထောင်ဟွားလည်း ချွင်းချက်မဟုတ်ဟု သူထင်လိုက်ခြင်းသာ။
‘နာရီဝက်လောက်လေးမှာတင် သူ့ကို "အစ်ကို"လို့တောင် ခေါ်နေပြီလေ’
ရှန်းမင်မှာ ကျိုးထောင်ဟွားထက်ခေါင်းတစ်လုံးစာခန့် အရပ်ပိုရှည်ပြီး သူမရှေ့၌ မတ်တတ်ရပ်နေသည်။ စူးစိုက်ကြည့်နေသည့် သူ့အကြည့်များကြောင့် ကျိုးထောင်ဟွား မျက်မှောင်ကြုတ်သွားရ၏။
‘ဒါက ဘယ်လိုတောင်လွဲနေတဲ့ အတွေးအခေါ်လဲ၊ သူမက ဘာလို့သူ့ကို သဘောကျရမှာလဲ’
သူမ အေးစက်စက်နှင့်ပင်ပြောလိုက်သည်။
"မစ္စတာရှန်း ဝီချက် ဒါမှမဟုတ် အားလီပေးကနေငွေပေးချေပေးပါ"
မမျှော်လင့်ဘဲ ရှန်းမင်မှာ ကျသင့်ငွေပေးရန်ငြင်းဆန်လာသည်။
"ကုမ္ပဏီမှာ အခုလောလောဆယ် ငွေမရှိသေးဘူး၊ အဲဒီအစား ကိုယ့်ကိုပဲအကြွေးအဖြစ် သိမ်းလိုက်ပါလား၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ပဲ ကိုယ်ပြန်ဆပ်ပါ့မယ်"
ကျိုးထောင်ဟွားမှာ ပို၍ပင် မျက်မှောင်ကြုတ်သွားရသည်။
‘ဒီလောက်ကြီးတဲ့ကုမ္ပဏီက ခြောက်သန်းတောင် အကောင့်ထဲမှာမရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား၊ ပြီးတော့ ခုနတင် သူမဆီက အဆောင်ဝယ်ဖို့ လေးသန်းတောင် ရက်ရက်ရောရော ပေးခဲ့သေးတယ်လေ၊ အခုမှ ဘာလို့ငွေပြတ်သွားရတာလဲ’
ကျိုးထောင်ဟွား သူ့ထံစူးစူးစိုက်စိုက်ကြည့်ပြီး ငြင်းလိုက်သည်။
"ကျွန်မ ဒီလိုပေးချေတဲ့နည်းလမ်းကို လက်မခံဘူး၊ ကျွန်မက ယောက်ျားတွေအတွက် ပိုက်ဆံမသုံးတတ်ဘူး၊ အထူးသဖြင့် ခြောက်သန်းဆိုတဲ့ပမာဏမျိုးကိုပေါ့"
ထို့နောက် ရှန်းမင်ပြောလိုက်သည်။
"နောင်ကျရင် ကိုယ်ကမင်းအတွက် နောက်ထပ် သန်းပေါင်းများစွာကိုရှာပေးဦးမှာပါ၊ အခုတော့ ကိုယ့်ကိုပဲအရင်ယူထားလိုက်ပါ"
သူပြောရင်းဖြင့် သိမ်းသွင်းနေတော့သည်။
"မင်း ကိုယ့်ကိုယူလိုက်ရင် သေချာပေါက် မြတ်မှာပါ မဟုတ်ဘူးလား"
ကျိုးထောင်ဟွား လွဲမှားနေသည့်သူ့စကားများကို လုံးဝဂရုမစိုက်ဘဲ ဒေါသတကြီး ကြည့်လိုက်သည်။ သူမဝီချက်ကိုဖွင့်ပြီး စိတ်တည်ငြိမ်အောင်ထားကာ မဒမ်ရှန်းထံသို့ စာတစ်စောင်ပို့လိုက်၏။ စာ၏အဓိပ္ပာယ်မှာ ရှန်းမင်မှ သူမကိုဖုန်းရွှေကြည့်ခိုင်းခဲ့သဖြင့် ဝန်ဆောင်ခ ခြောက်သန်းကျသင့်သော်လည်း သူက ငွေမပေးဘဲ သူ့ကိုယ်ခန္ဓာနှင့်သာ အကြွေးဆပ်မည်ဟု ပြောနေကြောင်း ထို့ကြောင့် မဒမ်ရှန်းမှထိုခြောက်သန်းကို ရှင်းပေးပါဟု တောင်းဆိုလိုက်ခြင်းပင်။
ရှန်းမင်နှင့် ကျိုးထောင်ဟွား နှစ်ယောက်လုံး ဝီချက်မှပြန်စာကို စောင့်နေကြသည်။ မဒမ်ရှန်းမှာကျိုးထောင်ဟွား၏စာကို မြင်လိုက်ရချိန်တွင်တော့ သူမအပြုံးမှာ နားရွက်သွားချိတ်မတတ်ဖြစ်သွားတော့၏။ သူမ၏လူငယ်လေးများ တစ်ခုခုတော့ဖြစ်နေပြီကိုသိလိုက်၏။ အမြဲတမ်း တည်တည်တံ့တံ့နေတတ်သည့် ရှန်းမင်မှ ကျိုးထောင်ဟွားအပေါ် လူပေလူတေတစ်ယောက်ကဲ့သို့ ပြုမူနေလိမ့်မည်ဟု မည်သူထင်မည်နည်း။ တကယ်ကို အသက်သုံးဆယ်ရောက်မှ ရှန်းမင်တစ်ယောက်အမြင်မှန်ရလာခြင်းပင်။ ခဏအကြာတွင် ကျိုးထောင်ဟွားဖုန်းမြည်လာသည်။
"ပေါင်အာလေး အန်တီ့မှာလည်း ပိုက်ဆံမရှိလို့အားနာလိုက်တာကွယ်၊ အဲဒီကောင်လေးက အကြွေးတင်နေပြီး သူ့ခန္ဓာကိုယ်နဲ့ဆပ်မယ်ဆိုရင်လည်း သူ့ကိုပဲဆပ်ခိုင်းလိုက်ပါတော့"
"မင်း ဘာတွေအဲဒီလောက်တောင်ရယ်နေတာလဲ"
သူဌေးကတော်ရှန်း ဖုန်းချလိုက်သည်ကို မြင်၍ ရှန်းဝမ်ကျန့်လှမ်းမေးလိုက်ရာ သူမမှာသူ့အား ပြန်ပြောလိုက်သည်။
"ဒီည ကျွန်မတို့နှစ်ယောက်ပဲအတူတူ ညစာစားကြရအောင်၊ ရှန်းမင်ကို စောင့်နေဖို့မလိုတော့ဘူး၊ သူကစားစရာနေရာရသွားပြီ"
***