ရှန်းဝမ်ကျန့် အံ့ဩသွားရသည်။ ရှန်းမင်၏ကုမ္ပဏီမှာ ကြီးမားလှသဖြင့် သူ့အားဧည့်သည်များကို ဧည့်ခံကျွေးမွေးရန် မည်သူကမှမတောင်းဆိုရဲကြပေ။ ထို့ကြောင့် ရှန်းဝမ်ကျန့် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"သူ ဘယ်မှာသွားစားမှာလဲ"
မဒမ်ရှန်း လျှို့ဝှက်ဆန်းကြယ်သည့် လေသံဖြင့် ပြောလိုက်သည်။
"မပူပါနဲ့၊ သူ့အတွက် စားဖို့နေရာရော နေစရာနေရာပါရှိသွားပါလိမ့်မယ်"
သူမစကားများကိုနားထောင်ရင်း ရှန်းဝမ်ကျန့် မျက်မှောင်ပိုကြုတ်လာကာမေးလိုက်သည်။
"အိမ်မပြန်ဘူးလား"
’အိမ်မှာ ထမင်းလည်းမစားဘူး အိပ်လည်းမအိပ်ဘူးလား’
ရှန်းဝမ်ကျန့် နားပိုရှုပ်လာတော့သည်။ ထိုစဉ် မဒမ်ရှန်းမော့ကြည့်ကာ လက်အုပ်ချီလျက် ဆုတောင်းနေသည်ကို သူတွေ့လိုက်ရသည်။
"ဒီတစ်ခါ ရှန်းမင်တစ်ယောက် အောင်အောင်မြင်မြင်နဲ့ အိမ်ထောင်ကျသွားရင် သိပ်ကောင်းမှာပဲ"
ချက်ချင်းပင် ရှန်းဝမ်ကျန့် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး အိမ်တော်ထိန်းကို ချက်ချင်းခြံတံခါးသွားပိတ်ထားရန် ညွှန်ကြားလိုက်သည်။ အကယ်၍ ရှန်းမင် ပြန်လာခဲ့လျှင် အိမ်ထဲသို့လုံးဝပေးမဝင်ဘဲ လာရာလမ်းသို့သာပြန်လွှတ်ရမည်။ တစ်ချိန်တည်းမှာပင် မဒမ်ရှန်းထံမှ စာလက်ခံရရှိထားသော ကျိုးထောင်ဟွားသည် ရှန်းမင်ကိုမော့ကြည့်လိုက်၏။ ရှန်းမင်လည်း မိခင်ဖြစ်သူထံမှ စာကိုမြင်လိုက်ရပြီး သူမလုပ်ရပ်များကို မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်သွားသည်။ ရှန်းမင် ကျိုးထောင်ဟွားကို ပြုံးပြရင်းပြောလိုက်၏။
"ညီမထောင်ဟွား မင်းမြင်တဲ့အတိုင်းပဲ ကိုယ့်မိသားစုမှာ ပိုက်ဆံမရှိဘူး၊ ဒါကြောင့် ကိုယ့်အကြွေးကို ကိုယ်တိုင်ပဲပြန်ဆပ်ရတော့မယ်"
ကျိုးထောင်ဟွားမျက်ခုံးများ လှုပ်ခတ်သွားပြီး ရှန်းမင်ကိုကြောင်တောင်တောင်လေး စိုက်ကြည့်နေမိသည်။ ပေါ့ပေါ့ပါးပါး သူခေါ်လိုက်သော "ညီမထောင်ဟွား" ဆိုသည့် စကားစုလေးမှာ မည်မျှ အစွမ်းထက်ကြောင်း သူမသတိမထားမိလိုက်ချေ။ ရှန်းမင်ကိုကြည့်ရင်း ကျိုးထောင်ဟွား သူမမှတ်ဉာဏ်များ အတိတ်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ မနက်ခင်းမျက်လုံးဖွင့်လိုက်သည့်အချိန်မှစ၍ ရှန်းမင်မှာ နံနက်စာ ပြင်ဆင်ထားပြီးဖြစ်ကာ ညဘက်အိပ်ရာဝင်ချိန်ထိ သူမခြေထောက်များကိုကိုင်၍ နွေးထွေးအောင်လုပ်ပေးတတ်သည်။ သူမကို အမြဲတမ်း "ညီမထောင်ဟွား”ဟု ယုယုယယ သူခေါ်ဝေါ်လေ့ရှိသည်။ သူမနှင့်ပတ်သက်သော မှတ်ဉာဏ်များ လုံးဝမရှိတော့သည့် ဤလူသားကို ရင်ဆိုင်ရချိန်တွင် ကျိုးထောင်ဟွားပါးစပ်ထဲ၌ ခါးသက်သက် အရသာကို ခံစားလိုက်ရသည်။ သူမ ရှန်းမင်ထံပြုံးပြကာပြောလိုက်၏။
"ကျွန်မကလည်း အခုတလော ယောက်ျားလေးအဖော်တစ်ယောက် လိုနေတာနဲ့ အတော်ပဲ၊ တစ်ရက်ကို တစ်သောင်းပေးမယ်၊ မစ္စတာရှန်း သဘောတူနိုင်မလား"
စုစုပေါင်းရက်ပေါင်း ခြောက်ရာပင်။ ရှန်းမင်ကဲ့သို့ ရုပ်ရည်၊ ခန္ဓာကိုယ်နှင့် စိတ်နေသဘောထားမျိုးရှိသည့် ယောက်ျားတစ်ယောက်ကို ရက်ပေါင်းခြောက်ရာတိတိ အနားမှာထားရန် ဤမျှ ဈေးပေါပေါလေးပေးရသည်ဖြစ်၍ သူမဘက်မှ သေချာပေါက်မြတ်နေပြီဖြစ်သည်။ ထိုစကားကို ကြားသောအခါ ရှန်းမင် မပျော်ရွှင်တော့ပေ။
"ယောက်ျားလေးအဖော်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ချစ်သူရည်းစား မဟုတ်ဘူးလား"
‘သူတကယ်ပဲ ငွေနဲ့အငှားခံရတဲ့သူသက်သက်ပဲလား’
ကျိုးထောင်ဟွား မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
"ဒါမှမဟုတ်ရင် ဘာဖြစ်ရမှာလဲ၊ ရှင့်အတွက် ကျွန်မကခြောက်သန်းတောင် သုံးရမယ်၊ ပြီးတော့ ရှင်ကကျွန်မရဲ့ ချစ်သူဖြစ်မယ်ပေါ့၊ ချစ်သူဆိုတာ ကိုယ့်အတွက် ပိုက်ဆံသုံးပေးမယ့်သူဖြစ်သင့်တာ မဟုတ်ဘူးလား၊ ဒါမှမဟုတ် ရှင် ကျွန်မကို ခြောက်သန်းအရင်ပြန်ပေးလေ၊ ပြီးမှ ကျန်တာတွေကို ဆက်ဆွေးနွေးကြတာပေါ့"
ရှန်းမင် မေးလိုက်သည်။
"ယောက်ျားလေးအဖော်ဆိုတာ သူ့ကိုငွေပေးထားတဲ့သခင်မအပေါ် အကြွင်းမဲ့ ဝန်ဆောင်မှုပေးရတာမဟုတ်ဘူးလား၊ ဥပမာ ဒီလိုမျိုးလေ"
ရှန်းမင်စကားပြောနေရင်း ကျိုးထောင်ဟွားခါးကို လှမ်းဖက်ကာ သူ့အနားသို့ဆွဲယူလိုက်ပြီး သူမနှုတ်ခမ်းများပေါ်သို့ ငုံ့ကာနမ်းရှိုက်လိုက်သည်။ အပေါ့ပါးဆုံး အနမ်းတစ်ပွင့်သာဖြစ်သော်လည်း သူ့နားရွက်ဖျားလေးများပင် နီရဲနေလေပြီ။ အတွေ့အကြုံမရှိသော သူ့အနမ်းစကေးများကြောင့် ကျိုးထောင်ဟွား ရုတ်တရက် ကျေနပ်မှုကို ခံစားလိုက်ရသည်။ သူမ ရှန်းမင်၏လည်ပင်းကို လက်မောင်းများဖြင့် ရစ်သိုင်းကာ ခြေဖျားထောက်လျက် အနမ်းများကိုပို၍ နက်ရှိုင်းစေလိုက်သည်။ နူးညံ့ကြာရှည်လှသော အနမ်းများကြောင့် ရှန်းမင်မှာ သတိလွတ်လုနီးပါးဖြစ်သွားရကာ သူ့ရင်ထဲတွင် ရုတ်တရက် စိတ်ဆန္ဒများပေါက်ကွဲလာပြီး အနမ်းကျွမ်းကျင်လှသော သူ့ရှေ့မှအမျိုးသမီးကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပစ်လိုက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူတို့နှစ်ဦး လူချင်းခွာလိုက်မှသာ ရှန်းမင်အတွေးများ အနမ်းထဲမှ ရုန်းထွက်နိုင်တော့၏။ အသက်ပြင်းပြင်းရှူရင်း နီမြန်းကာ အရောင်လက်နေသော သူမနှုတ်ခမ်းများကို သူစိုက်ကြည့်နေမိသည်။ သူမ၏ကျွမ်းကျင်လှသော အနမ်းများကြောင့် သူ့ရင်ထဲတွင် အနည်းငယ် သဝန်တိုစိတ်များ ဝင်ရောက်လာ၏။
"အရင်က ရည်းစားဘယ်နှစ်ယောက် ထားဖူးလဲ"
ကျိုးထောင်ဟွား စဉ်းစားလိုက်သည်။ ပြန်တွေးကြည့်လျှင် သူမရှေးခေတ်သို့မရောက်ခင်၌ ရှိခဲ့သူများအားလုံးမှာ အဖော်သက်သက်သာဖြစ်ပြီး ရှေးခေတ်သို့ရောက်ပြီးနောက်ပိုင်းမှသာ တကယ့် အချစ်ရေးဟု ခေါ်ဆိုနိုင်ကာ အိမ်ထောင်ကျပြီး ကလေးပင်ရခဲ့၏။ ကျိုးထောင်ဟွား ပြန်ဖြေလိုက်သည်။
"တစ်ယောက်ပဲ"
သူမအဖြေကိုကြားသောအခါ ရှန်းမင် အနည်းငယ် စိတ်သက်သာရာရသွားသည်။ တစ်ယောက်တည်းသာဖြစ်သည်ပင်။ သူမ ခြောက်သန်းပင်ပေးပြီး ငှားထားရသည့်လူဖြစ်၍ ထိုကျောက်နက်များကို ချက်ချင်းဖယ်ရှားပစ်မှဖြစ်မည်။ ကျိုးထောင်ဟွား ကျောက်နက်အားလုံးကို အဆောင်စက္ကူဖြင့်ထုပ်ကာ အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်ပြီး သန့်ရှင်းရေးဝန်ထမ်းကိုခေါ်၍ အမှိုက်အိတ်များလဲလှယ်ခိုင်းလိုက်သည်။ ချက်ချင်းပင် အခန်းတစ်ခန်းလုံးရှိ အငြိုးအတေး စွမ်းအင်များ ပျောက်ကွယ်သွားတော့၏။ ကျိုးထောင်ဟွား ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် လှည့်ကြည့်လိုက်ရာ သူမနောက်မှလိုက်လာသော ရှန်းမင်နှင့်ဝင်တိုက်မိမတတ် ဖြစ်သွားသည်။ ထို့နောက် ရှန်းမင်သည် ရုတ်တရက်ငုံ့၍ သူမ ယခင်ကလုပ်ခဲ့သည့်အပြုအမူအတိုင်း ကျိုးထောင်ဟွားကို နမ်းလိုက်သည်။ အတွေ့အကြုံမရှိသော သူ့အနမ်းများမှာ ကျွမ်းကျင်လာပြီး ကျိုးထောင်ဟွား သူမအလွန်ရင်းနှီးနေသော ရှန်းမင်ကိုနမ်းနေရသကဲ့သို့ခံစားလိုက်ရသည်။
သူ စကားတစ်ခွန်းမျှ မဟရသေးခင်မှာပင် သူ့ထံမှရရှိသော ရင်းနှီးကျွမ်းဝင်မှုမှာ ထင်ရှားလှ၏။ သူတို့နှစ်ဦး တစ်ယောက်၏ခန္ဓာကိုယ်ကို တစ်ယောက် နားလည်နေကြောင်း ခံစားမိကြသည်။ ရုတ်တရက် ကျိုးထောင်ဟွား မျက်လုံးပွင့်လာပြီး သူ့ကိုမော့ကြည့်ကာခေါ်လိုက်သည်။
"အစ်ကိုရှန်းမင် အစ်ကိုလား"
သူမ သိလိုက်သည်။
‘ဒါက သူမသိကျွမ်းခဲ့သည့် ရှန်းမင်ပဲ’
သူမအမြင်အာရုံထဲတွင် အေးစက်နေသော သူ့မျက်ဝန်းများနူးညံ့သွားပြီး ကြင်နာယုယမှုများ အပြည့်ဖြစ်လာသည်။
"ညီမထောင်ဟွား"
ရှန်းမင် ကျိုးထောင်ဟွားထံ အံ့ဩမှု၊ မယုံကြည်နိုင်မှုများဖြင့်ကြည့်နေမိသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ စိမ်းသက်နေပြီး ကျိုးထောင်ဟွား၏ဝတ်စားဆင်ယင်မှုသည် အလွန်ရဲတင်းကာ သူမခြေတံတစ်ချောင်းလုံးပင် ပေါ်လွင်နေသည်။ သို့သော် ထိုအချိန်မှာပင် ရင်းနှီးမှုမရှိသော မှတ်ဉာဏ်များ သူ့ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။ ရှန်းမင်တစ်ယောက် မူးဝေသွားပြီး ကျိုးထောင်ဟွား သူ့ကိုအမြန်ထိုင်ခိုင်းလိုက်သည်။
"အစ်ကိုရှန်းမင် ဘာဖြစ်လို့လဲ"
ကျိုးထောင်ဟွား သူမ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်သည်။
‘ရှန်းမင်ရဲ့ဝိညာဉ်က နှစ်ဆယ့်တစ်ရာစုဆီကို ကူးပြောင်းလာခဲ့တာလား’
သူမ သူ့ဘေးတွင်တိတ်တဆိတ်နေပြီး ရှန်းမင်၏မျက်နှာသွင်ပြင် ပုံမှန်ပြန်ဖြစ်လာသည်ထိ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ ဖြစ်ပျက်သွားသည်များကို နားလည်သဘောပေါက်ရန် ရှန်းမင် အချိန်အနည်းငယ် ယူလိုက်ရ၏။
"ညီမထောင်ဟွား ဒါက ဘယ်နေရာလဲ"
ရှန်းမင် မေးလိုက်သည်။ ရင်းနှီးနေသော လေသံကို ကြားလိုက်ရသဖြင့် ကျိုးထောင်ဟွားမျက်နှာပေါ်တွင် အပြုံးတစ်ခု အလိုလို ပေါ်လာသည်။
"ဒါက ကျွန်မနေထိုင်တဲ့ ကမ္ဘာလေ၊ ခေတ်မီနည်းပညာတွေနဲ့ စီးပွားရေးတွေ အလွန်တိုးတက်နေတဲ့ ခေတ်ပေါ့"
ကျိုးထောင်ဟွား ရှန်းမင်ကိုကြမ်းပြင်မှ မျက်နှာကြက်ထိ ရှည်လျားသော ပြတင်းပေါက်ကြီးထံသို့ ဆွဲခေါ်သွားပြီး အောက်ဘက်ရှိ လမ်းသွားလမ်းလာများနှင့် ကားများကိုပြသလိုက်သည်။ ရှန်းမင် တီးတိုးရေရွတ်လိုက်၏။
"ဆိုတော့ မင်း ဒီကိုပြန်ရောက်လာတာပေါ့"
ရှန်းမင် ကျိုးထောင်ဟွားကို ရုတ်တရက် တင်းကြပ်စွာဖက်ထားလိုက်သည်။ တစ်နေ့သောအချိန်မှစပြီး သူ့ဘေးနားရှိ လူနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း သူခံစားမိခဲ့သည်။ ရုပ်ရည်သွင်ပြင်မှာ အတူတူပင်ဖြစ်သော်လည်း သူမ၏ဝိညာဉ် ပျောက်ဆုံးသွားသကဲ့သို့ ခံစားခဲ့ရသည်။ အခြားသူများကို သူပြောပြခဲ့ရာ လူတိုင်းမှာ သူမသည် ကျိုးထောင်ဟွားပင်ဖြစ်သည်ဟု ပြောခဲ့ကြသော်လည်း သူမ, မဟုတ်ကြောင်း သူတစ်ယောက်တည်းသာ သေချာပေါက်သိနေခဲ့သည်။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ ဆယ့်သုံးထပ်မှဆင်းလာချိန်တွင် သူတို့နှစ်ဦး ရင်းနှီးကျွမ်းဝင်စွာ လက်ချင်းတွဲထားသည်ကို ကုမ္ပဏီရှိလူတိုင်းမြင်တွေ့လိုက်ကြသည်။ ချက်ချင်းပင် ကုမ္ပဏီတစ်ခုလုံး၌ အတင်းအဖျင်းစကားများ ဆူပွက်သွားတော့၏။
'သူတို့က ချစ်သူတွေ မဟုတ်ပါဘူးလို့ ဘယ်သူပြောခဲ့တာလဲ’
‘အဲဒီကောင်မလေးက စီအီးအိုရှန်းရဲ့ ချစ်သူမဟုတ်ပါဘူးလို့ ဘယ်သူပြောတာလဲ’
‘စီအီးအိုရှန်းရဲ့မျက်လုံးတွေက အဲဒီကောင်မလေးဆီမှာပဲ ကပ်နေတာကို သူတို့သတိမထားမိကြဘူးလား။ အပြင်လူတွေတောင်မှ သူတို့ဆီကထွက်နေတဲ့ အချစ်နံ့တွေကို အဝေးကနေတောင် ခံစားလို့ရတယ်’
ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။ ရှန်းမင် သူမကမ္ဘာထဲသို့ရောက်လာလိမ့်မည်ဟု သူမတစ်ခါမှမတွေးကြည့်ဖူးခဲ့ပေ။ နှစ်ဆယ့်တစ်ရာစုဆိုသည်မှာ ခံစားစံစားစရာများစွာရှိသည့် အချိန်အခါဖြစ်ပြီး ဘဝသည် အလွန်လှပ၏။ သူမ အထီးကျန်တော့မည် မဟုတ်ပေ။ ကျန်ရှိနေသော ဘဝတစ်လျှောက်လုံး သူနှင့်အတူ ဖြတ်သန်းရမည်ဆိုပါက သူမကို အတိုင်းမသိ ပျော်ရွှင်စေလိမ့်မည်။
ကျိုးထောင်ဟွား ကားမောင်းရင်း ပြတင်းပေါက်ကိုဖွင့်ကာ ညနေခင်းလေညင်းကို ဝင်ရောက်ခွင့်ပြုလိုက်ရာ နေဝင်ဆည်းဆာ၏ အလင်းရောင်မှ သူမမျက်နှာပေါ်သို့ ကျရောက်လာသည်။ မကြာမီမှာပင် ကားလေးသည် ပင်လယ်ကမ်းစပ်၌ရပ်တန့်သွား၏။ သူတို့နှစ်ဦး ကားကိုမှီလျက် ပင်လယ်ပြင်ကို မျက်နှာမူကာ နေဝင်ဆည်းဆာကို အတူတကွ ကြည့်ရှုနေကြသည်။ ကျိုးထောင်ဟွား ရှန်းမင်ပခုံးပေါ်သို့ ခေါင်းလေးကို ညင်သာစွာမှီတင်လိုက်သည်။
"အစ်ကိုရှန်းမင် အစ်ကို ဒီမှာရှိနေလို့ ညီမ သိပ်ပျော်တာပဲ"
နာရီအနည်းငယ်အကြာတွင်တော့ ရှန်းမင်သည် ဤကမ္ဘာ၏မှတ်ဉာဏ်များနှင့် အပြည့်အဝ ပေါင်းစပ်သွားပြီဖြစ်သည်။ ကျိုးထောင်ဟွားမေးစေ့လေးကို သူကိုင်ကာ သူမခေါင်းထက်သို့ နမ်းရှိုက်လိုက်၏။
"ထောင်ဟွား ကိုယ်တို့မနက်ဖြန် လက်ထပ်မှတ်ပုံတင်ရုံးကိုသွားကြရအောင်"
***