ကျိုးလျန်ဟွားနှင့် ကျိုးရှန့်တတို့ သတို့သမီးအခန်းထဲသို့ဝင်သွားပြီးနောက် ခြံဝင်းထဲမှ ရွာသားများ၏ စားသောက်ပျော်ရွှင်နေသော အသံများကို သူမကြားနေရသည်။ လေထုထဲတွင် အစားအသောက်များ၏ မွှေးပျံ့သောရနံ့များဖြင့် ပြည့်နေသော်လည်း ထိုနေ့မနက် နိုးလာကတည်းက သူမသည် မိခင်ဖြစ်သူ၏အလှပြင်ဆင်ပေးခြင်းကိုသာ ခံနေရပြီး မည်သည်ကိုမှ မစားရသေးချေ။ ယခု သူမဗိုက်မှာ ဆာလောင်လွန်း၍မြည်နေပြီဖြစ်သည်။
ယခုအခါ သူမမှာသတို့သမီးဖြစ်နေပြီဖြစ်၍ ကျိုးကျားရွာ၏ ဓလေ့ထုံးစံများအရ သတို့သမီးအခန်းထဲသို့ရောက်ပြီးနောက် သတို့သမီးသည် ကုတင်စွန်းတွင်သာထိုင်နေရမည်ဖြစ်ပြီး ခေါင်းဆောင်းဇာပုဝါကို ကိုယ်တိုင်ဖယ်ရှားခွင့်မရှိပေ။ ရုတ်တရက် သူမ၏ဇာပုဝါအောက်သို့ လက်တစ်ဖက် ဝင်ရောက်လာပြီး လက်ဖဝါးအရွယ်အစားရှိသော ဇီးကိတ်မုန့်တစ်ခုကို ကမ်းပေးလာသည်ကို တွေ့လိုက်ရသည်။
"စားလိုက်လေ"
ကျိုးရှန့်တပြောလိုက်သည်။ ကျိုးလျန်ဟွာ ဇာပုဝါအောက်၌ ခေါင်းငုံ့ထားရာမှ ထိုခဏ၌ သူမရင်ထဲတွင် နွေးထွေးသွားရ၏။
‘ကြည့်ရတာ ဒီအရူးလေးက ထင်သလောက်လည်း မရူးပါလား’
သူမဇီးကိတ်မုန့်ကို ယူပြီး တစ်ကိုက် ကိုက်စားလိုက်ရုံဖြင့် သူမဝမ်းဗိုက်နှင့် တစ်ကိုယ်လုံး များစွာသက်သာသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် မုန့်တစ်ဝက်ခန့်စားပြီးချိန်တွင် သူမရေဆာပြီး နင်လာသလို ခံစားလိုက်ရပြန်၏။ ထိုအခါ လက်ဖက်ရည်ပန်းကန်လုံးလေးတစ်ခု သူမဇာပုဝါအောက်သို့ရောက်ရှိလာသည်။
"ရေသောက်ချင်လို့လား"
ကျိုးရှန့်တ ထပ်မေးလိုက်၏။ ကျိုးလျန်ဟွား လှမ်းယူလိုက်ပြီးပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုရှန့်တ"
ကျိုးရှန့်တ ယခုနှစ်တွင် အသက်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်ကာ ကျိုးလျန်ဟွားထက် နှစ်နှစ် ပိုကြီးသည်။ ကျိုးလျန်ဟွားအသံကိုကြားသောအခါ ကျိုးရှန့်တမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ့ခေါင်းကိုကုတ်လိုက်သည်။ ထို့နောက် သူပြောလိုက်၏။
"မေမေက ပြောတယ်၊ မင်းက ငါ့ဇနီးတဲ့၊ ငါမင်းကို သေချာဂရုစိုက်ရမှာပေါ့"
ဇာပုဝါအောက်တွင် ကျိုးလျန်ဟွား၏အပြုံးများ ပိုမိုနက်ရှိုင်းသွားသည်။ သူသည် ဉာဏ်ရည်မမီသူတစ်ယောက်ဖြစ်နေသော်လည်း သူမကိုဂရုစိုက်မည်ဟု ပြောနေသေးသည်ပင်။ မည်သို့ပင်ဆိုစေ သူ့စကားများကိုကြားပြီးနောက် သူမ, မပျော်ရွှင်ဘဲ မနေနိုင်ခဲ့ပေ။ သူသည် ဉာဏ်ရည်မမီသော်လည်း လူဆိုးတစ်ယောက် မဟုတ်ဘူးဟု သူမခံစားလိုက်ရသည်။
သူမမိခင်နှင့် အဘွားဖြစ်သူတို့၏ အကြံပေးစကားများအတိုင်း သူမ ကျိုးရှန့်တကို သေချာဂရုစိုက်ပြီး လက်ထပ်ပြီးနောက် သူနှင့်အတူ ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းသွားမည် ဖြစ်သည်။ ထိုစဉ်က ကျိုးရှန့်တ၏မိခင်ဖြစ်သူမှာ သူမကို ကတိပေးခဲ့သည်။ အကယ်၍ သူမနှင့် ကျိုးရှန့်တတို့တွင် ကလေးရလာပါက မိသားစုပိုင်ဆိုင်မှုအားလုံးမှာ ထိုကလေး၏အပိုင်သာ ဖြစ်လာမည်ပင်။ သူမနှင့်ကျိုးရှန့်တတို့တွင် ကလေးမရခဲ့လျှင်လည်း ကိစ္စမရှိပေ။ ကျိုးမိသားစု၏ အရာအားလုံး သူမနှင့်ကျိုးရှန့်တတို့ ပိုင်ဆိုင်မည်သာ ဖြစ်သည်။
ကျိုးရှန့်ကျင်း အရွယ်ရောက်လာပြီး သမက်ကို အိမ်ပေါ်ခေါ်တင်လာသည့်အခါ ထို့နောက် ကျိုးရှန့်ကျင်း၏ကလေးများ အရွယ်ရောက်လာသည့်အခါ သူတို့၏ ဈာပနကိစ္စများကိုလည်း တာဝန်ယူစီစဉ်ပေးမည်ဖြစ်သည်။ မိခင်ဖြစ်သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းစဉ်းစားတွေးခေါ်ထားပြီး အစီအစဉ်အားလုံးကို ပြီးပြည့်စုံအောင်လုပ်ဆောင်ထားပြီးဖြစ်သည်။ ရေသောက်ပြီးနောက် ကျိုးလျန်ဟွာ ပန်းကန်လုံးကို ကျိုးရှန့်တထံ ပြန်ပေးကာပြောလိုက်၏။
"အစ်ကိုရှန့်တ ကျွန်မခေါင်းပေါ်က အနီရောင်ဇာပုဝါကို ဖယ်ပေးလို့ရမလား၊ ဒါကြီးဆောင်းထားရတာ သိပ်အဆင်မပြေလို့ပါ၊ ပြီးတော့ထုံးစံအရ အစ်ကိုတစ်ယောက်တည်းပဲ ဒါကိုဖယ်ခွင့်ရှိတာလေ"
ထိုစကားကိုကြားသောအခါ ကျိုးရှန့်တ ဝမ်းသာသွားသည်။ ဇာပုဝါကိုဖယ်ရှားလိုက်သည့် အခိုက်အတန့်တွင် ကျိုးလျန်ဟွားသည် ကျိုးရှန့်တ၏အူကြောင်ကြောင်ဖြင့် ပြုံးရွှင်နေသောမျက်နှာကို မြင်လိုက်ရ၏။ သူမကို စူးစိုက်ကြည့်ရင်း သူပြောလိုက်သည်။
"လျန်ဟွား မင်းကသိပ်လှတာပဲ"
ကျိုးလျန်ဟွား ချက်ချင်းပင် မျက်နှာနီမြန်းသွားပြီး ရှက်သွေးဖြာစွာ ပြုံးလိုက်သည်။ ကျိုးရှန့်တမှာ ယနေ့တွင် အနီရောင်အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး အနည်းငယ် ပြင်ဆင်ထားရာ ကလေးဆန်သော သူ့မျက်နှာအမူအရာကိုသာ လျစ်လျူရှုလိုက်ပါက သူသည်အတော်ပင် ရုပ်ရည်ချောမောသည်ကိုတွေ့ရမည်ပင်။ ထိုအချိန်မှစ၍ ကျိုးလျန်ဟွားနှင့် ကျိုးရှန့်တတို့သည် ဤအတိုင်းပင် နေထိုင်ခဲ့ကြ၏။ သို့သော်လည်း ကျိုးရှန့်တမှာ ကလေးတစ်ယောက်ကဲ့သို့ပင် ဆက်ရှိနေခဲ့သည်။ သူတို့အိပ်ရာတစ်ခုတည်း အတူအိပ်ကြသော်လည်း သူသည် သူမကို ဇနီးတစ်ယောက်ကဲ့သို့မဟုတ်ဘဲ အစ်မ သို့မဟုတ် မိခင်တစ်ယောက်လိုသာဆက်ဆံခဲ့သည်။
သူ့ကို ကလေးတစ်ယောက်အလားပြုံးနေသည်ကို မြင်ရသောအခါ သူနှင့် ကလေးယူရန်တွေးမိသည့် သူမ၏စိတ်မှာ ညစ်ညမ်းနေသကဲ့သို့ မကြာခဏခံစားခဲ့ရ၏။ မျက်စိတစ်မှိတ်အတွင်း လေးနှစ်တာကုန်လွန်သွားခဲ့ပြီး သူမသည် ယခုအခါ အသက်နှစ်ဆယ်ပြည့်ခဲ့ပြီဖြစ်သည်။ ကျိုးကျားရွာတွင် အရာအားလုံး ငြိမ်းချမ်းနေသည်။ ထုံးစံအတိုင်း သူမ သူ့ကို ရွာထဲတွင် လမ်းလျှောက်ထွက်ရန် ခေါ်သွားခဲ့၏။
ကျိုးမိသားစုနှင့် ရှစ်ရှီတို့မှာ သူမကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြသည်။ သူမအနေဖြင့် အိမ်မှုကိစ္စများကို လုပ်ရခဲ၏။ အိမ်တွင် သူမ၏အကြီးမားဆုံးနှင့် အရေးအကြီးဆုံးတာဝန်မှာ ကျိုးရှန့်တ၏ စားသောက်မှုနှင့် သန့်စင်ခန်းသွားသည့် ကိစ္စများကို စီစဉ်ပေးကာ သူဒဏ်ရာမရအောင် သေချာဂရုစိုက်ပေးရန်သာ ဖြစ်သည်။ ရှစ်ရှီမှာလည်း သူမကို မကြာခဏ မုန့်ဖိုးပေးလေ့ရှိရာ သူမသည် ကျိုးရှန့်တကို မြို့ထဲသို့ခေါ်သွားပြီး သရေစာမုန့်များ ဝယ်ကျွေးနိုင်၏။ ယောက္ခမနှင့် ချွေးမကြားတွင်လည်း ပြဿနာမရှိဘဲ ဘဝမှာသက်တောင့်သက်သာရှိကာ လုံးဝမပင်ပန်းခဲ့ပေ။
ကျိုးရှန့်တမှာ အသက်နှစ်ဆယ့်နှစ်နှစ် အရွယ်နှင့်တူသော်လည်း တကယ်တမ်းတွင်မူ သူမထက်အရပ်ပိုရှည်သော အသက်ခြောက်နှစ်အရွယ် ကလေးတစ်ယောက်သာဖြစ်သည်။ သူသည် အလွန် လိမ္မာပြီး သူမပြောသမျှကို နားထောင်၏။ ယခုနှစ်တွင် ကျိုးရှန့်ကျင်းသည်လည်း အသက်ဆယ့်လေးနှစ် ရှိပြီဖြစ်ပြီး နောက်နှစ်ဆိုလျှင် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်ရှိမည်ဖြစ်သည်။ သူမနှင့် ကျိုးရှန့်တတို့တွင် ကလေးရရန် ခက်ခဲနေသည်ကိုမြင်သောအခါ ကျိုးမိသားစုမှ ကျိုးရှန့်ကျင်းနှင့် သူမခင်ပွန်းတို့မှ မွေးဖွားလာမည့် ကလေးများကို ကျိုးမျိုးရိုးအမည်ပေးကာ ကျိုးမိသားစု၏မျိုးဆက်ကို ဆက်ခံစေရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤသို့လုပ်ခြင်းဖြင့် ကျိုးရှန့်တနှင့် ကျိုးလျန်ဟွားတို့ကိုလည်း ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ထိုနှစ်တွင်ပင် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့၏။ ထိုနေ့က ကျိုးလျန်ဟွားမှ ကျိုးရှန့်တကို မြို့ထဲသို့ခေါ်သွားကာ သကြားလုံးအုပ်ထားသော ဟော်သွန်းသီးများဝယ်ကျွေးပြီးနောက် ဆံထိုးများရွေးချယ်ရန် လက်ဝတ်ရတနာဆိုင်သို့ သွားခဲ့သည်။ သူတို့နှစ်ဦး ဆိုင်ထဲမှထွက်လာချိန်တွင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာသောမြင်းလှည်းတစ်စီးမှ ရုတ်တရက် ကွေ့ဝင်လာကာ ကျိုးရှန့်တကိုတိုက်မိပြီး လွင့်စင်သွားစေ၏။
နားကွဲမတတ်ကျယ်လောင်သော အသံကြီးနှင့်အတူ ကျိုးရှန့်တလေထဲသို့ လွင့်စင်သွားသည်ကို ကျိုးလျန်ဟွားမြင်လိုက်ရပြီး သူ့အကြိုက်ဆုံးဟော်သွန်းသီး သကြားလုံးများလည်း မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။ ဟော်သွန်းသီးများထက်ပင် ပို၍ရဲရဲနီနေသောသွေးများ သူ့ခေါင်းမှ စီးကျလာ၏။
"လူသတ်မှုဟေ့"
"လူသေပြီ"
"လူကို တိုက်သတ်သွားပြီဟေ့"
အော်ဟစ်သံများ လေထုထဲတွင် ဖုံးလွှမ်းသွားပြီး ထိတ်လန့်သွားသော ကျိုးလျန်ဟွားမှာ ကျိုးရှန့်တအနားသို့ အပြေးအလွှားသွား၍ သူ့ခန္ဓာကိုယ်ကို ပွေ့ချီရင်း ငိုယိုကာအော်ခေါ်လိုက်သည်။
"အစ်ကိုရှန့်တ သတိထားပါဦး၊ ကျွန်မကို လန့်အောင်မလုပ်ပါနဲ့"
သူမမျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး သူမလုံးဝစိတ်လွတ်ကိုယ်လွတ် ဖြစ်နေခဲ့သည်။ ကျိုးရှန့်တ ယခုကဲ့သို့ မတော်တဆမှုမျိုးကြုံရလိမ့်မည်ဟု သူမ တစ်ခါမှမတွေးကြည့်ဖူးခဲ့ချေ။ မြင်းလှည်းမောင်းသူသည် ကျိုးရှန့်တအခြေအနေကို မြင်သောအခါ သူ့ကို ဆေးခန်းသို့အမြန်ပို့ဆောင်ပေးခဲ့သည်။ ကျိုးလျန်ဟွား တစ်ချိန်လုံး သူ့အနားတွင်သာနေခဲ့ပြီး သမားတော်ကိုကုသနိုင်မလား၊ သူ သတိရလာနိုင်မလားဟု အဆက်မပြတ် မေးမြန်းနေခဲ့၏။ သမားတော်မှာလည်း သူမကိုသေချာသောအဖြေ မပေးနိုင်ခဲ့ပေ။
"ကျွန်တော် သူ့ကိုအရင်ဆုံး အပ်စိုက်ကုသပေးမယ်၊ ပြီးတော့ ဆေးဖော်ဖို့ တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ်၊ သူ့ခေါင်းနောက်ဘက်ကို ဒဏ်ရာရသွားတာ၊ အသက်ရှင်ရင်တောင် အခွင့်အရေးက နည်းပါတယ်၊ တကယ်လို့ အသက်ရှင်လာရင်တောင် သူ့ကိုယ်သူ စောင့်ရှောက်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်"
တကယ်တမ်းတွင်မူ သမားတော်မှာ ဤသို့ဖြစ်သွားပါက အသက်ရှင်နေခြင်းမှာ သေခြင်းထက်ဆိုးရွားသည်ဟု ပြောချင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကျိုးလျန်ဟွား အလွန်အမင်းနှလုံးကွဲကြေနေသည်ကိုမြင်သောအခါ သူ အသံထွက်၍ မပြောရက်တော့ချေ။ ကျိုးလျန်ဟွား ဖြူဖျော့ဖျော့မျက်နှာဖြင့် သူ့အနားတွင်ရပ်နေကာ သမားတော်မှ ကျိုးရှန့်တကို ကုသပေးနေသည်အား စောင့်ကြည့်နေခဲ့သည်။ မြင်းလှည်းသမားမှာမူ အလွန်တရာထိတ်လန့်နေပြီး သမားတော်ကို တတ်နိုင်သမျှအရာအားလုံး လုပ်ပေးရန် တောင်းပန်နေခဲ့သည်။
အကယ်၍ သူသာလူသတ်မိပါက ထောင်ကျရမည်ဖြစ်ပြီး သူ့တွင် ကျွေးမွေးစောင့်ရှောက်ရမည့် မိသားစုကြီး ရှိသေးသည်လေ။ ကျိုးလျန်ဟွားသည် မျက်ရည်များ စီးကျလျက် ထိုနေရာတွင်သာ ရပ်နေခဲ့သည်။ သူမဘဝမှာ အလွန်တရာခါးသီးလွန်းသည်ဟု ခံစားလိုက်ရသည်။ သူမသည် အသက်နှစ်ဆယ်သာရှိသေးပြီး မုဆိုးမတစ်ယောက်ဖြစ်ရတော့မည်။ ထိုအရာ အားလုံးသည် ကံကြမ္မာ၏အပြစ်ပေးမှုပင်ဖြစ်သည်ဟု သူမရုတ်တရက် ခံစားလိုက်ရသည်။ သူမဤဘဝတွင် မကောင်းမှုများစွာ မလုပ်ခဲ့လျှင်ပင် အတိတ်ဘဝ၌ မကောင်းမှုများစွာလုပ်ခဲ့၍သာ ဉာဏ်ရည်မမီသူတစ်ယောက်ကို လက်ထပ်ခဲ့ရပြီး လေးနှစ်အကြာမှာပင် မုဆိုးမဖြစ်ရခြင်း ဖြစ်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ သမားတော်၏ ကြိုးစားအားထုတ်မှုများကြောင့် ကျိုးရှန့်တအသက်ကို ကယ်တင်နိုင်ခဲ့သည်။ ကျိုးလျန်ဟွားနှင့် သမားတော် နှစ်ဦးစလုံး သက်ပြင်းချနိုင်ခဲ့ကြသည်။ သို့သော်လည်း ကျိုးရှန့်တသည် သတိလစ်မေ့မြောသွားခဲ့ပြီး မည်သည့်အချိန်တွင် သတိရလာမည်ကို မသိရပေ။ ကျိုးမိသားစုရောက်ရှိလာပြီး ကျိုးရှန့်တကိုအိမ်သို့ပြန်ခေါ်ကာ ဆေးတိုက်ရင်း ပြုစုစောင့်ရှောက်ရန် ကူညီပေးခဲ့ကြသည်။ ကျိုးလျန်ဟွား ဆယ်ရက်တိတိ ဆေးကြိုပေးပြီး သူ့ကိုဆေးတိုက်ခဲ့သော်လည်း ကျိုးရှန့်တမှာမူ ကုတင်ပေါ်တွင် မည်သည့်လှုပ်ရှားမှုမှမရှိဘဲ လဲလျောင်းနေခဲ့၏။ ရှစ်ရှီမှာ သူမကိုလာတွေ့ပြီး နှစ်သိမ့်စကားပြောခဲ့သည်။
"လျန်ဟွား ဒီတစ်ကြိမ် ရှန့်တကံမကောင်းခဲ့ရင်တောင် ညည်းကငါ့ချွေးမအမြဲဖြစ်နေမှာပါ၊ ညည်းကိုပေးထားတဲ့ ကတိကလည်း အတည်ပဲ၊ တကယ်လို့ ညည်း နောက်အိမ်ထောင်ပြုချင်ရင် ညည်းအတွက် မိဘအိမ်ကပေးတဲ့လက်ဖွဲ့ပစ္စည်းတွေ ငါပြင်ဆင်ပေးပါ့မယ်"
ရှစ်ရှီ၏စကားကို ကြားသောအခါ ကျိုးလျန်ဟွား ချက်ချင်းပင်ငိုချလိုက်မိသည်။ သူမ၏လက်ရှိ မုဆိုးမနာမည်နှင့် သူမ မည်ကဲ့သို့ နောက်အိမ်ထောင်ပြုနိုင်တော့မည်နည်း။
"လျန်ဟွား ညီမလေး"
ထိုစဉ် ကုတင်ပေါ်မှ ကျိုးရှန့်တအသံ ရုတ်တရက် ထွက်ပေါ်လာသည်။
"အမေ လျန်ဟွားကသားဇနီးလေ၊ သူအခြားဘယ်သူ့ကိုမှ လက်ထပ်လို့မရဘူး"
ကျိုးရှန့်တလေသံမှာ ပြတ်သားနေပြီး ယခင်ကလို မိုက်မဲတုံးအမှုများမရှိတော့ချေ။
***