ကျိုးရှန့်အန်းသည် ကျိုးထောင်ဟွားထက် တစ်နှစ်ပိုကြီးပြီး သူတို့မိသားစုမှာ ကျိုးထောင်ဟွားတို့အိမ်နှင့် ကပ်လျက်တွင်နေထိုင်ကြသည်။ ငယ်စဉ်က လူကြီးများ အလုပ်ရှုပ်နေချိန်တွင် သူတို့နှင့်အတူ ရွာထဲမှ အခြားကလေးများ စုပေါင်း၍ ကစားလေ့ရှိကြသည်။ ကျိုးထောင်ဟွားနောက်သို့အမြဲတစေ လိုက်ပါရသည်ကို သူနှစ်သက်၏။ သူမရွှံ့ဖြင့်ကစားလျှင် သူတိတ်တဆိတ် နောက်မှလိုက်သည်။ သူမတောပန်းလေးများ လိုက်ရှာလျှင် သူလည်း လိုက်လံခူးဆွတ်ကာ လက်တစ်ဆုပ်စာရလာတတ်၏။
သို့သော် ကျိုးထောင်ဟွာကိုပေးရန်မူ ရှက်ရွံ့နေသဖြင့် ထိုပန်းစည်းကိုအိမ်သို့သာ ပြန်ယူလာခဲ့မိသည်။ သူ့မိခင်မှာ အလုပ်ရှုပ်နေသဖြင့် သူ့လက်ထဲမှတောပန်းလေးများကို မည်သူမှသတိမထားမိကြချေ။ ထို့ကြောင့် သူသည်ထိုပန်းလေးများကို ကြက်စာကျွေးသည့် ခြင်းထဲသို့သာပစ်ထည့်လိုက်ပြီး ကြက်များကို စားစေခဲ့သည်။ ဤသို့ဖြင့် သူနှင့် ကျိုးထောင်ဟွားတို့ တဖြည်းဖြည်းအရွယ်ရောက်လာကြပြီး ယောက်ျားနှင့် မိန်းမကြားရှိ ခြားနားချက်များကို သူစတင်နားလည်လာခဲ့သည်။ ချမ်ရှီနှင့် ကျိုးအာ့ရှုတို့သည် ကျိုးထောင်ဟွာကို အလွန်တရာအလိုလိုက်ကြပြီး သူမအားမြို့ပေါ်တက်ကာ အလုပ်လုပ်ခြင်း သို့မဟုတ် ပညာသင်ယူခြင်းမျိုးမလုပ်စေလိုကြပေ။
သို့သော် သူသည် ယောက်ျားတစ်ယောက်ဖြစ်ရာ နောင်တစ်ချိန်တွင် မိသားစုကို တာဝန်ယူရမည့်သူဖြစ်၏။ ထို့ကြောင့် ငွေရှာရန်လိုအပ်သဖြင့် သူ့မိခင်မှ သူ့ကိုဝက်သတ်သည့်ပညာသင်ယူရန် မြို့သို့ပို့လိုက်သည်။ ဝက်သတ်သမားတစ်ယောက်အနေဖြင့် ဝင်ငွေရှာပြီး မိသားစုကို ထောက်ပံ့နိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ ကျိုးကျားရွာ၏စိုက်ပျိုးရေးထွက်နှုန်းမှာ အလွန်နည်းပါးလှသဖြင့် နှစ်ကုန်ပိုင်းတွင်ရရှိသည့် ရိတ်သိမ်းမှုမှာ မိသားစုတစ်ခုကို ကျွေးမွေးရန်ပင် မနည်းရုန်းကန်ရသောကြောင့်ဖြစ်သည်။
အသက်ဆယ့်နှစ်နှစ်အရွယ်တွင် ပညာသင်ယူရန် ထွက်ခွာသွားခဲ့ပြီး အသက်ဆယ့်ငါးနှစ်တွင် အိမ်သို့ပြန်ရောက်လာသည့်အခါ ရွာထဲတွင်မြေရိုင်းများခုတ်ထွင်၍ ဆေးပင်များစိုက်ပျိုးနေကြသည်ကိုတွေ့လိုက်ရသည်။ ထိုအရာအားလုံးမှာ လူတိုင်းကိုမြေရိုင်းခုတ်ထွင်နည်းနှင့် စိုက်ပျိုးနည်းများကို သင်ကြားပေးခဲ့သည့် ညီမထောင်ဟွားကြောင့်ပင် ဖြစ်သည်။
သို့သော် ထိုစဉ်ကဆေးပင်စိုက်ခင်းများတွင် ပိုးမွှားများစွာကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် ညီမထောင်ဟွားမှ ထိုအရာများမှာ အင်းစက်မိစ္ဆာများ ဖြစ်ကြောင်းသိရှိသွားခဲ့သည်။ ညီမထောင်ဟွား ထိုမိစ္ဆာများကိုနှိမ်နင်းပေးပြီးနောက် သူလည်းသတိလစ်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ညီမထောင်ဟွားရှိနေသဖြင့် သူပြန်လည်နိုးထလာနိုင်ခဲ့၏။ သူ့ဇာတာအရ သူသည်သတ်ဖြတ်ခြင်းလုပ်ငန်းနှင့် မသင့်တော်ကြောင်းသိလိုက်ရသည်။ ဝက်သတ်ပညာကို သုံးနှစ်တိုင်တိုင်သင်ယူခဲ့ပြီး ပညာစုံတော့မည့်အချိန်ရောက်မှ ဤအကြောင်းကို သူသိလိုက်ရခြင်းပင်။ သုံးနှစ်တာ သတ်ဖြတ်ခဲ့မှုကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် သွေးအငွေ့အသက်များစွာ စုပုံနေခဲ့ပြီး ထိုအရာများကပင် သူ့ကိုသေလုနီးပါးဖြစ်စေခဲ့ခြင်းဖြစ်သည်။ ညီမထောင်ဟွားမှ ထိုသွေးနတ်ဆိုးအငွေ့အသက်များကို ဖယ်ရှားပေးခဲ့၍သာ သူအသက်ဆက်ရှင်ခွင့်ရခဲ့ခြင်းပင်။ သို့မဟုတ်ပါက အဘိုးရှန့်ဖျင်ပြောသကဲ့သို့ပင် သူ့မိဘများမှာ သူ့အတွက် ခေါင်းတလားပြင်ထားရပေလိမ့်မည်။
ထိုအချိန်မှစ၍ ညီမထောင်ဟွားသည် သူ့နှလုံးသားထဲတွင် ပို၍အရေးပါလာခဲ့သည်။ အစ်မထောင်ဟွားမှာ အသက်ဆယ့်လေးနှစ်ရှိပြီဖြစ်ကာ နောက်နှစ်တွင် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်တော့မည်ကိုသိသဖြင့် သူမကို သူအမြန်ဆုံး လက်ထပ်ယူချင်နေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ရှန်းမင်မှ သူ့ထက်ပို၍ လျင်မြန်စွာလက်ဦးသွားခဲ့၏။ ကံကောင်းသည်မှာ ကျိုးမိသားစုမှ ရှန်းမင်၏ကမ်းလှမ်းမှုကို သဘောမတူခဲ့ခြင်းပင်။ သို့သော် သူ့မိခင်ကို ကျိုးထောင်ဟွားအတွက် စေ့စပ်ကမ်းလှမ်းခိုင်းသည့်အခါတွင် ရှန်းမင်သည် ပထမအကြိမ် ငြင်းပယ်ခံရသော်လည်း နောက်တစ်နေ့တွင် လက်မလျှော့ဘဲထပ်မံကြိုးစားလာခဲ့ပြန်သည်။ နောက်တစ်နေ့တွင် အောင်သွယ်တော်ယိုကိုလွှတ်ကာ ကျိုးမိသားစုထံ ထပ်မံကမ်းလှမ်းခဲ့ပြီး ဤတစ်ကြိမ်တွင်မူ အောင်မြင်သွားခဲ့၏။ ဤသည်က သူ့ကိုအလွန်တရာဒေါသထွက်စေခဲ့သည်။
သို့သော် ယင်းမှာညီမထောင်ဟွား၏အိမ်ထောင်ရေးဖြစ်ပြီး သူမကိုယ်တိုင်သဘောတူထားသူဖြစ်ကြောင်း ကြားသိရသဖြင့် သူ မည်မျှပင်မကျေမနပ်ဖြင့် ဝမ်းနည်းစေကာမူ ညီမထောင်ဟွား၏မင်္ဂလာပွဲကို မဖျက်ဆီးခဲ့ပေ။ ထိုအချိန်မှစ၍ သူသည် အမြဲတစေ စိတ်မချမ်းမမြေ့ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် ကျိုးရှင်းဟွာမှ ရှန်းမင်အပေါ် စိတ်ဝင်စားကြောင်း ဖွင့်ပြောသည်ကို သူတွေ့လိုက်ရသဖြင့် ညီမထောင်ဟွားနှင့် ရှန်းမင်တို့ကြားတွင် နားလည်မှုလွဲမည်ကို သူအထူးစိုးရိမ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကျိုးရှင်းဟွာသည် ခရိုင်မြို့မှ သခင်လေးလန်နှင့် မကြာမီစေ့စပ်သွားခဲ့ပြီး ရှန်းမင်ကဲ့သို့ တောသားတစ်ယောက်ကို လှည့်မကြည့်တော့ပေ။
အမှန်စင်စစ် နောက်ပိုင်းတွင် ကျိုးရှင်းဟွာ ရှန်းမင်ကိုကြည့်သည့်အခါတိုင်း အထင်အမြင်သေးသော အကြည့်များဖြင့်သာကြည့်ပြီး လုံးဝအရေးမလုပ်တော့ချေ။ သို့သော်လည်း နောက်ပိုင်းတွင် ကျိုးရှင်းဟွာ၏အိမ်ထောင်ရေးမှာ သခင်လေးလန် ပေးအပ်ခဲ့သော အချစ်အထိမ်းအမှတ်ပစ္စည်းကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ရသည့်ထိဖြစ်ခဲ့ရကာ စေ့စပ်မှုကို ဖျက်သိမ်းလိုက်ရသည်။ တစ်နှစ်အကြာတွင် သူနှင့် ကျိုးရှင်းဟွာတို့ ပတ်သက်မှုရှိလာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
ကျိုးရှင်းဟွာကို သူအမြင်ကြည်လာခဲ့ပြီး ကျိုးရှင်းဟွာလည်း သူ့ကို ယခင်ကကဲ့သို့ အထင်မသေးတော့ချေ။ လူများမှာ ပြောင်းလဲသွားနိုင်သည်ဟု ထင်ရသည်။ သိသာထင်ရှားသည်မှာ ကျိုးရှင်းဟွာသည် ယခင်ကအနည်းငယ် မာနကြီးသော်လည်း သူမမည်သည့်အချိန်တွင် ပြောင်းလဲသွားသနည်းဆိုလျှင် လန်မိသားစု၏ပရိယာယ်ကို သိရှိသွားပြီး သူမကိုယ်သူမ သာမန်တောရွာမှ မိန်းကလေးတစ်ယောက်သာဖြစ်ကြောင်း သိရှိသွားချိန်၌ ဖြစ်နိုင်ပေသည်။ ကျိုးရှင်းဟွာ၏ အိမ်ထောင်ရေးအား စီစဉ်ပြီးနောက် ရွာကိုပိတ်ဆို့ထားစဉ်ကာလဖြစ်သဖြင့် ကျိုးရှန်းလင်နှင့် ရန်ချွန်းမေတို့ကဲ့သို့ ရိုးရှင်းသောမင်္ဂလာပွဲသာ ကျင်းပရမည်ဟု သူတို့ထင်ခဲ့ကြသည်။ မထင်မှတ်ဘဲ ကျိုးကျားရွာ၏ပိတ်ဆို့မှုကို မကြာမီ ပြန်လည်ဖွင့်ပေးခဲ့သဖြင့် သူတို့ခမ်းနားစည်ကားသော မင်္ဂလာပွဲကြီးကိုကျင်းပနိုင်ခဲ့၏။
ကျိုးရှင်းဟွာမှာ အလှအပကြိုက်တတ်ပြီး ငွေလက်ကောက်နှင့် ဆံထိုးများကို ဝတ်ဆင်လိုကာ လှပသောနှုတ်ခမ်းနီများ ဆိုးလိုသည်ကို သူသိသဖြင့် ရွာပြန်ဖွင့်သည်နှင့်တစ်ပြိုင်နက် သူမအတွက် သွားရောက်ဝယ်ယူပေးခဲ့သည်။ သူမ သဘောကျမည်ကိုသိသဖြင့် မင်္ဂလာပွဲမတိုင်ခင်ကတည်းက ထိုပစ္စည်းများကို သူမထံပို့ပေးခဲ့၏။ သူတို့မင်္ဂလာဆောင်နေ့တွင် ကျိုးရှင်းဟွာ သူမ၏ဇာပုဝါအောက်၌ သူဝယ်ပေးထားသော ငွေဆံထိုးနှင့် လက်ကောက်ကိုဝတ်ဆင်ထားခဲ့သည်။
မင်္ဂလာဆောင်ပြီးနောက် ကျိုးရှင်းဟွာ အလွန်တရာပျော်ရွှင်နေခဲ့သည်။ ကျိုးရှန့်အန်းမှာ မိသားစုတွင်တစ်ဦးတည်းသော သားဖြစ်သဖြင့် မိသားစုပိုင်ဆိုင်မှု အားလုံးမှာ သူ့အတွက်သာပင်။ ထို့ပြင် ဒေါ်လေးကျိန့်မှာလည်း နားလည်မှုရှိသူဖြစ်ပြီး ကျိုးကွမ်ခွင်းမှာလည်း လုံ့လဝီရိယရှိကာ အိမ်တွင်းအိမ်ပြင် အလုပ်ကိစ္စအားလုံးကို စီမံပေးသည်။ ကောင်းမွန်သော ယောက္ခမများနှင့် ခင်ပွန်းကောင်းကို ရရှိထားသဖြင့် ကျိုးရှင်းဟွာ အလွန်တရာပျော်ရွှင်ရ၏။ ဤမျှ ကောင်းမွန်သော မိသားစုကိုရရှိထားသည်ဖြစ်၍ သူမ မည်သည်ကိုထပ်တောင်းဆိုစရာလိုဦးမည်နည်း။ ကြီးကျယ်သောချမ်းသာကြွယ်ဝမှုများကို မတောင့်တတော့ဘဲ အေးချမ်းသောဘဝလေးကိုသာရောင့်ရဲစွာဖြင့် သူမဖြတ်သန်းလိုတော့သည်။
ယခင်က ညီမထောင်ဟွားကို ကျော်တက်ချင်ခဲ့သည့် လက်တွေ့မကျသော ရည်မှန်းချက်များမှာလည်း မတွေးဝံ့စရာပင်။ သူမသည် သာမန်ရွာသူတစ်ယောက်သာဖြစ်သည်။ ထို့အပြင် ကျိုးကျားရွာမှာလည်း မဆင်းရဲပေ။ ထိုရွာရှိ မည်သည့်အိမ်ထောင်စုမဆို အခြားရွာမှ အချမ်းသာဆုံးသူထက်ပင် ပို၍ချမ်းသာကြွယ်ဝနိုင်သည်။ နောက်တစ်နှစ်တွင် သူမကိုယ်ဝန်ရလာခဲ့ပြီး အိမ်၌အဖိုးတန်ရတနာတစ်ခုကဲ့သို့ ပြုစုယုယခြင်းခံရသည်။ သူမမိသားစုဝင်များမှ သူမကို အစစအရာရာဂရုစိုက်ကြသဖြင့် သူမ ကိုယ်တိုင် မည်သည်ကိုမှပင်လုပ်ရန်မလိုတော့ချေ။
အရာအားလုံးကို ကျိုးရှန့်အန်းနှင့် ယောက္ခမများမှ စီမံပေးကြပြီး သူမတာဝန်မှာ စားသောက်ရန်နှင့် အိပ်စက်ရန်သာဖြစ်သည်။ ထမင်းစားပြီးတိုင်းလည်း ကျိုးရှန့်အန်းမှ သူမကိုလမ်းလျှောက်လိုက်ပေးလေ့ရှိ၏။ ကိုယ်ဝန်ကို ဂရုစိုက်ပြီး သူမကိုယ်သူမ ကျန်းမာအောင် နေထိုင်ခြင်းမှာ သူမ၏အဓိက တာဝန်ဖြစ်လာသည်။ နောက်ဆုံးတွင် ကိုယ်ဝန်ဆယ်လပြည့်သောအခါ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့၏။
အစ်ကိုရှန့်အန်း ညီမထောင်ဟွားထံမှ နာကျင်မှုပျောက် အဆောင်နှစ်ခုကို ကြိုတင်ဝယ်ယူထားခဲ့သည်။ တစ်ခုတည်းနှင့်မလောက်မည်ကို စိုးရိမ်သဖြင့် နှစ်ခုပင် ဝယ်ထားခြင်းပင်။ ထို့ကြောင့် မွေးဖွားခြင်းလုပ်ငန်းစဉ်တစ်ခုလုံးတွင် သူမ မည်သည့်နာကျင်မှုကိုမှမခံစားခဲ့ရပေ။ ဝမ်းဆွဲသည်၏ ညွှန်ကြားချက်အတိုင်း အားစိုက်ရုံသာလိုအပ်သည်။ ဤသို့ဖြင့် သူမမည်သည့်ဝေဒနာမှမခံစားရဘဲ ချစ်စရာကောင်းသောသမီးလေးနှင့် ဆုံတွေ့ခွင့်ရခဲ့သည်။ ကလေးမလေးမှာ အလွန်တရာကျန်းမာပြီး မွေးစတွင် ခြောက်ပေါင်နှင့်ရှစ်အောင်စခန့်ရှိရာ ယင်းမှာ တကယ်ကိုရှားပါးသည့် ကောင်းချီးတစ်ခုပင်ဖြစ်သည်။
သမီးမွေးသည်ဟုဆို၍ သူမယောက္ခမများမှာ သူမကိုလျစ်လျူရှုခြင်း သို့မဟုတ် မနှစ်သက်ခြင်းမျိုးမရှိခဲ့ဘဲ တစ်မိသားစုလုံးမှ သူမအားအဖိုးတန်ရတနာတစ်ခုကဲ့သို့ ဆက်ဆံခဲ့ကြသည်။ မီးဖွားပြီး နားနေချိန်အတွင်းတွင်လည်း ယောက္ခမဖြစ်သူက ကလေးကိုအမြဲတစေ ကူညီပြုစုပေးသဖြင့် သူမ ကောင်းစွာနားနေနိုင်ခဲ့ပြီး အရသာရှိသောအစားအစာများကိုလည်း အမြဲပြင်ဆင်ပေးခဲ့ရာ ကျိုးရှင်းဟွာ အလွန်ပင်စိတ်လှုပ်ရှားကြည်နူးခဲ့ရသည်။
ကျိုးရှန့်အန်းမှာမိသားစုတွင် တစ်ဦးတည်းသောသားဖြစ်သဖြင့် ကျိုးမိသားစုအနေနှင့် မြေးယောက်ျားလေးကို အလွန်အမင်း လိုလားနေမည်အား သူမသိသည်။ ထို့ကြောင့် သူမကျန်းမာရေး ပြန်ကောင်းလာသည်နှင့် ကျိုးရှန့်အန်းအတွက် သားယောက်ျားလေးတစ်ယောက် မွေးဖွားပေးနိုင်ရန် မျှော်လင့်နေမိ၏။ မထင်မှတ်ဘဲ သူမယောက္ခမဖြစ်သူမှာ ထိုအတွေးကို တစ်ချက်တည်းနှင့် ရိပ်မိသွားခဲ့သည်။
"ရှင်းဟွာ သမီးရဲ့ကျန်းမာရေး ပြန်ကောင်းဖို့ကိုပဲ အာရုံစိုက်ပါ၊ ကလေးရဖို့အတွက်လည်း အလောမကြီးပါနဲ့ဦး၊ တစ်ခါတလေ ကံတရားအတိုင်းပဲ ဖြစ်လာမှာပါ၊ နောက်ကျရင် သမက်တစ်ယောက်လောက်ရှာလိုက်လို့လည်း ရတာပဲလေ"
ကျိန့်ရှီပြောလိုက်သည်။
***