သစ်မြစ်ဆုံများနောက်တွင် အဖြူရောင် အမွေးပွဘောလုံးလေးများရှိနေကြ၏။ သူတို့ခန္ဓာကိုယ်သေးသေးလေးများ သစ်မြစ်များနောက်၌ ရပ်နေကြသည်မှာ စားချင်စဖွယ် မုန့်လုံးလေးများနှင့်ပင်တူနေသေးသည်။ သူတို့၌ လုံးဝန်းနက်မှောင်သည့် မျက်လုံးအစက်လေးနှစ်စက်နှင့် ကွေးညွတ်နေသောပါးစပ်လေးများပါရှိ၍ ကြည့်ရသည်မှာ အလွန်ပင်ချစ်စရာကောင်းလှ၏။ ဤကမ္ဘာပေါ်တွင် သူတို့အသက်ရှင်ခဲ့သည်မှာ မည်မျှကြာပြီကို သူတို့ကိုယ်တိုင်ပင်မသိကြတော့ချေ။
နေ့စဉ်ရက်ဆက် တောင်ပတ်လည်တွင် လှည့်လည်သွားလာရင်း တောင်ပေါ်မှ တိရစ္ဆာန်များနှင့် တောင်အောက်မှ ကျိုးကျားရွာသားများကို စောင့်ကြည့်နေခဲ့ကြ၏။ ဤသို့ဖြင့် ပျင်းရိငြီးငွေ့စရာကောင်းသောနေ့ရက်များ ကုန်လွန်ခဲ့ရသည်။ နောက်ပိုင်း ကျိုးကျားရွာသားများ ထင်းခုတ်ရန် ဒါမှမဟုတ် တောဟင်းသီးဟင်းရွက်တူးရန် တောင်ပေါ်တက်လာခါနီးအချိန်၌ သူတို့်သည်ဝံပုလွေအူသံများကို လိုက်တုပတတ်လာကြ၏။ ထိုအခါ တကယ့်ဝံပုလွေများရောက်လာတတ်ပြီး ရွာသားများကို သေမတတ် ကြောက်လန့်အောင်လုပ်နိုင်ခဲ့ကြသည်။
နောက်ဆုံးတော့ သူတို့အတွက်ပျော်စရာတစ်ခု ရှာတွေ့သွားသကဲ့သို့ပင်။ အနည်းဆုံး သူတို့၏ပျင်းရိမှုကို ဖြေဖျောက်ရန် နည်းလမ်းတစ်ခုရသွားကြသည်။ သို့သော် ကျိုးကျားရွာသားများမှာ အတော်လေးပါးနပ်ကြပုံရ၏။ သူတို့မှတောင်ပေါ်တက်သည်ကို တဖြည်းဖြည်းရပ်နားလိုက်ကြသဖြင့် နတ်ဆိုးလေးများ၏ပျော်ရွှင်မှုများလည်း ပျောက်ကွယ်သွားရသည်။ ဤသို့ဖြင့် နှစ်ပေါင်း ခုနစ်ဆယ် ရှစ်ဆယ်လောက်ကြာသည်ထိ မည်သူမှရောက်မလာတော့ဘဲ ဤနတ်ဆိုးလေးများ၏ဘဝမှာ ယခင်ကကဲ့သို့ပင် ခြောက်ကပ်ကပ်ပြန်ဖြစ်သွားခဲ့သည်။
တစ်နေ့၌ ကျိုးကျားရွာမှမိန်းကလေးတစ်ယောက် တောင်ခြေနားကို ရဲရဲဝံ့ဝံ့ ချဉ်းကပ်လာခဲ့၍ သူတို့အတွက် အခွင့်အရေးတစ်ခုရလာ၏။ ထို့ကြောင့် သူတို့အားလုံး ဝံပုလွေအူသံများကို တုပလိုက်ကြရာ တောင်ပေါ်မှဝံပုလွေများရောက်လာကြသည်။
‘ဟီးဟီး’
သို့သော်မထင်မှတ်ဘဲ မုဆိုးတစ်ယောက် ပေါ်လာပြီး ဝံပုလွေများကို ပစ်သတ်ကာ ထိုမိန်းကလေးအား ကယ်တင်သွားခဲ့၏။
‘ဒါတင်မကသေးပါဘူး၊ သူတို့လည်း ကံဆိုးမိုးမှောင်ကျပြီး အဲဒီကျိုးထောင်ဟွားဆိုတဲ့မိန်းကလေးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်လေ’
သူမသည် သူတို့ကိုခြိမ်းခြောက်ပြီး နောက်နောင်ဝံပုလွေအူသံများအား မတုပရန်နှင့် သူမသွားချင်သည့် နေရာများကို လမ်းပြပေးရန် အကြိမ်ကြိမ်ခိုင်းစေခဲ့သည်။ သို့သော် တဖြည်းဖြည်း သူတို့ဤအလုပ်၌ ပျော်မွေ့လာကြ၏။ ရွာသားများထင်းခုတ်ခြင်း၊ ဆေးမြစ်ရှာခြင်းနှင့်ဟင်းသီးဟင်းရွက်ရိုင်းခူးခြင်းကဲ့သို့ အလုပ်များလုပ်ရန် တောင်ပေါ်တက်လာသောအခါ သူတို့လည်းနောက်မှလိုက်သွားတတ်ကြသည်။ ကျိုးကျားရွာ၌ သူမမှလွဲ၍ ကျန်လူများ သူတို့ကိုမမြင်ရခြင်းကြောင့် ရွာသားများ၏လုပ်ဆောင်ချက်များကို သူတို့စိတ်ကြိုက်လိုက်တုပနေခဲ့ကြသည်။ တောင်ပေါ်တွင် ရွာသားများ များစွာရှိနေကြသဖြင့် ထိုအဖြူရောင်နတ်ဆိုးလေးများမှာ လူတစ်ယောက်ချင်းစီ၏နောက်ကို တစ်ဦးချင်းကပ်လိုက်သွားပြီး အတူတူဆော့ကစားနေခဲ့ကြ၏။
ရာသီသွေးပုဝါဆိုသည်မှာ ဟိုးအရင်ခေတ်၌ သူဌေးသူကြွယ်များကဲ့သို့ ကြွယ်ဝချမ်းသာသော မိသားစုတစ်ခုမှ သုံးစွဲခဲ့သည့် ရာသီသွေးခံအဝတ်စတစ်ခု ဖြစ်သည်။ နောက်ပိုင်းတွင် ထိုအဝတ်ကို စွန့်ပစ်လိုက်ကြ၏။ လေဒဏ်၊ မိုးဒဏ်များကိုခံခဲ့ရပြီး မြေကြီးအောက်၌နှစ်ပေါင်းများစွာမြုပ်နှံခံခဲ့ရကာ နောက်ပိုင်းတွင် မိုးရေနှင့်အတူပြန်လည်ပေါ်ထွက်လာခဲ့သည်။ ယခုဆိုလျှင် ထိုအဝတ်မှာ အနီရောင်အပိုင်းအစတစ်ခုအဖြစ်ရှိနေသေးသော်လည်း သူမအရောင်မှာအရင်ကကဲ့သို့ တောက်ပခြင်းမရှိတော့ဘဲ ပန်းရောင်သမ်းကာ အရောင်လွင့်ပြယ်နေပြီပင်။ ထို့နောက် လေပြင်းတစ်ချက်ကြောင့် အဝတ်ပိုင်းလေးလွင့်ပါသွားပြီး လမ်းဘေးတစ်နေရာတွင် ရောက်နေခဲ့၏။ ယခုနှစ်ပေါင်းရာနှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုအဝတ်မှာ နတ်ဆိုးတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီး ရာသီသွေးခံပဝါထဲ၌ပုန်းအောင်းရင်း ပတ်ဝန်းကျင်မှ အရာအားလုံးကို စပ်စုကြည့်ရှုနေခဲ့သည်။
သို့သော် ရုတ်တရက်ဆိုသလို သူမအဖမ်းခံလိုက်ရသည်။ ထိုလူမှာ အဝတ်စတစ်ခုလုံးကိုနှစ်ပိုင်းဖြတ်ပြီး ဘောင်းဘီတစ်ထည်အဖြစ်ချုပ်လုပ်ကာ ထိုနတ်ဆိုးရှိသော အဝတ်စအားဝတ်ဆင်ခဲ့သည်။ ယင်းမှာ သူမအတွက် အလွန်တရာရွံရှာဖွယ်ကောင်းလှသည်။ နှစ်ပေါင်းတစ်ရာတိုင်တိုင် သူမမှာကိုယ့်ဘဝကို ကိုယ်မပိုင်ဘဲ သူတစ်ပါး၏ရာသီသွေးခံပဝါအဖြစ် အတင်းအကျပ်နေထိုင်ခဲ့ရ၏။ နောက်ထပ်နှစ်ပေါင်း တစ်ရာအကြာ၌လည်း အသက်ငါးဆယ်အရွယ် မိန်းမကြီးတစ်ယောက်၏ဘောင်းဘီ ဖြစ်လာလိမ့်ဦးမည်ဟု အိမ်မက်ပင်မမက်ခဲ့ဖူးပေ။ သူမ အလွန်ဒေါသထွက်မိသည်။
ထိုမိန်းမကြီးကို သင်ခန်းစာတစ်ခုပေးရမည်ပင်။ ရာသီသွေးခံပဝါဘဝမှ နတ်ဆိုးအဖြစ်ပြောင်းလဲလာခြင်းဖြစ်၍ မိန်းမကြီးကိုရာသီသွေးပြန်ပေါ်စေပြီး ဗိုက်အောင့်ဝေဒနာကို ခံစားရစေရန်လုပ်ပေးလိုက်သည်။ သို့သော် ထိုမိန်းမကြီးကို နှိပ်စက်သည်မှာ သိပ်မကြာလိုက်ချေ။ လူသားမိန်းကလေးတစ်ဦး၏ ဖမ်းဆီးခြင်းခံလိုက်ရသောအခါ သူမလွတ်လပ်ခွင့်များမှာ ချက်ချင်းပင်ဆုံးရှုံးသွားရသည်။ လူသားပုံသဏ္ဌာန်အဖြစ် အတင်းအကျပ် ပြောင်းလဲခိုင်းခြင်းခံရ၍ သူမတွင် လွတ်လပ်မှုဟူ၍လုံးဝမရှိတော့ပေ။
ထိုမိန်းကလေးမှာ သူမ၏ပန်းထိုးကျွမ်းကျင်မှုကိုပင် ရှာဖွေတွေ့ရှိသွားပြီး လက်ကိုင်ပဝါများ၊ ပိုက်ဆံအိတ်များနှင့် အခြားပစ္စည်းများကို ပန်းထိုးခိုင်းကာ ရောင်းချပြီး မိသားစုအတွက် ငွေရှာခိုင်းတော့သည်။ မိသားစုအတွက် ငွေရှာပေးရုံသာမက ပန်းထိုးအလုပ်ရုံ၌ ဆရာမအဖြစ် လုပ်ကိုင်ရင်း ရွာသားအားလုံးကို ပန်းထိုးနည်း သင်ပေးခဲ့ရသေး၏။ သို့သော် ကျိုးထောင်ဟွားနောက် လိုက်ခြင်းမှာ အကျိုးကျေးဇူးများလည်း ရရှိခဲ့သည်။ ဥပမာအားဖြင့် ကျိုးထောင်ဟွားမှ သူမကို ကျင့်ကြံခြင်းအမြုတေလေးများပေးတတ်ခြင်းကြောင့် နှစ်ပေါင်းရာချီ နတ်ဆိုးဘဝမှ ပြီးပြည့်စုံသောလူသားပုံသဏ္ဌာန် နတ်ဆိုးတစ်ကောင်အဖြစ် ကျင့်ကြံနိုင်ခဲ့သည်။
တစ်နေ့၌ မိမိကိုယ်ကိုသာမန်လူသားတစ်ယောက်နှင့် လုံးဝတူသောပြီးပြည့်စုံသည့် လူသားပုံသဏ္ဌာန်အဖြစ် တိုးတက်လာလိမ့်မည်ဟု သူမတစ်ခါမှအိမ်မက်မမက်ခဲ့ဖူးပေ။ စွမ်းအားကြီးမားသော တာအိုဆရာများပင်လျှင် သူမရုပ်သွင်ကိုကြည့်ပြီး ရာသီသွေးမိစ္ဆာမှန်းခွဲခြားသိမြင်ရန် ခဲယဉ်းလှသည်။ သူမဘက်မှ ကျင့်ကြံခြင်းစွမ်းအားများ ထုတ်ဖော်လိုက်မှသာလျှင် သူမ၏မတူညီသည့် အငွေ့အသက်ကို ခံစားမိကြ၏။
ဒူးရင်းသီးနတ်ဆိုးမလေးမှာတော့ တစ်ချိန်က တောင်စောင်းမှာရှိသည့် ဒူးရင်းသီးအကြီးကြီးတစ်လုံးဖြစ်ခဲ့သည်ကို ကောင်းစွာမှတ်မိနေသေးသည်။ သစ်ပင်ပေါ်တွင် နှစ်ပေါင်းများစွာတွဲလောင်းခိုနေရင်း တဖြည်းဖြည်းနှင့် အသိစိတ်ဝင်လာခဲ့ခြင်းပင်။ ဤတောင်သည် ငှက်များ၊ ဝံပုလွေများ၊ တောဝက်များ၊ ယုန်များနှင့် တောကြက်များသာရှိသည်ဖြစ်၍ အလွန်ဘေးကင်း၏။ သူမ၏ပြင်းထန်သော အနံ့ဆိုးကြောင့်လည်းဖြစ်နိုင်သည်။ တောင်တစ်ခုလုံး၌ရှိသော မည်သည့်တိရစ္ဆာန်မှ သူမကိုစားရန်မဝံ့ရဲကြချေ။
ဤသို့ဖြင့် နွေဦးမှဆောင်းဦးထိ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်တွဲလောင်းခိုနေရင်း နောက်ဆုံးတွင် အမြွှာတစ်ခုတည်းရှိသည့် ဒူးရင်းသီးဘဝမှ အမြွှာဆယ်ခုရှိသော ဒူးရင်းသီးအကြီးကြီးအဖြစ် ပြောင်းလဲလာခဲ့၏။ သို့သော်ငြား သူမကျင့်ကြံခြင်းအဆင့်မှာ နိမ့်ပါးနေသေးသည်။ တစ်နေ့၌ အမြွှာပေါင်း တစ်ရာထိရှိလာပြီး ဤတောင်ပေါ်တွင် အင်အားအကြီးဆုံးနတ်ဆိုးဖြစ်လာရန် သူမမျှော်လင့်ခဲ့သည်။ တောင်ပေါ်တွင် အခြားနတ်ဆိုးများစွာရှိနေသည်ကိုလည်း သူမအာရုံခံမိနေ၏။
‘နံပါတ်တစ် မဖြစ်ချင်ဘူးဆိုတဲ့စကားက အလကားပဲ’
ထို့ကြောင့် နံပါတ်တစ်ဖြစ်လာရန် သန္နိဋ္ဌာန်ချထားခဲ့သော်ငြား အမြွှာဆယ်ခုသာရှိသေးသည့်အချိန်၌ ကလေးမလေးတစ်ယောက်၏အစားခံရလိမ့်မည်ဟု အိမ်မက်ပင်မမက်ဖူးခဲ့ချေ။
"ဒီလောက်နှစ်ပေါင်းများစွာကြာတဲ့ထိ ဘယ်သူမှမလာတဲ့ တောင်ကုန်းတွေဆီကို အခုမှ ဘာလို့လူတွေရောက်လာတာလဲ၊ ပြီးတော့ ဒီလောက်နံစော်နေတဲ့ ဒူးရင်းသီးကိုတောင် စားချင်တဲ့သူရှိနေသေးတယ်လား"
ဒူးရင်းသီးနတ်ဆိုးမှာ ဒေါသထွက်နေသော်လည်း မည်သို့မှမတတ်နိုင်ပေ။ အားနည်းနေသေးသည့်အချိန်တွင် မည်သည့်အရာအားလုပ်နိုင်မည်နည်း။ သို့သော် ဤကလေးမလေးမှ သူမအား စားလိုက်ပြီဖြစ်ရာ ဤအတိုင်းလွှတ်ပေးမည်မဟုတ်ချေ။
အနံ့နဲ့သေအောင်လုပ်ပစ်ရမယ်။
ထို့ကြောင့် ထိုကလေးမလေးထံမှ မနက်ကနေညထိ အနံ့ဆိုးများထွက်ပေါ်နေစေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအနံ့မှာ မိလ္လာကျင်းထက်ပင်ပိုနံလာပြီး အနံ့မှာပိုပိုပြီးပြင်းထန်လာခဲ့၏။
’သူမရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးခဲ့မှတော့ အေးအေးဆေးဆေး နေချင်သေးတာလား၊ လုံးဝ မရစေရဘူး’
ဒူးရင်းသီးနတ်ဆိုး၏ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူမဒေါသများကို ဖောက်ထုတ်နေစဉ်မှာပင် မထင်မှတ်ဘဲ သူမ၏ကံကြမ္မာရန်သူနှင့် ဆုံတွေ့ခဲ့၏။ သေးငယ်သော ကျိုးကျားရွာ၌ သူမရှိနေသည်ကို တစ်ယောက်ယောက်မှ တကယ်ပင်ရှာတွေ့သွားပြီး ကျိုးရှန်းရှန့်ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည်။
ဒူးရင်းသီးပုံစံပန်းထိုးထားသော ရွှေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ရွှေရောင်ဒူးရင်းသီးခွံမှထွင်းထုထားသည့် သရဖူကိုဆောင်းထား၏။ ရှည်လျားနက်မှောင်သော သူမဆံနွယ်များမှာကျောပြင်ပေါ်၌ ဝဲကျနေပြီး လေထဲတွင် တလှုပ်လှုပ်ဖြစ်နေသည့် ဒူးရင်းပန်းလေးတစ်ပွင့်မှ ပြင်းထန်သောအနံ့ဆိုးများကို ထုတ်လွှတ်နေသည်။ ဖမ်းဆီးခံရပြီးနောက် လူသားပုံသဏ္ဌာန်အဖြစ် အတင်းအကျပ်ပြောင်းလဲခိုင်းခြင်း ခံလိုက်ရသည်။ ထိုအချိန်မှစ၍ ကျိုးထောင်ဟွားအနားတွင်သာ သူမနေထိုင်ခဲ့ရ၏။
သို့သော် သူမအံ့သြသွားရသည်မှာ ကျိုးထောင်ဟွားအိမ်၌ သူမထက်ကျင့်ကြံခြင်းအဆင့်မြင့်သော နတ်ဆိုးတစ်ကောင်ရှိနေခြင်းပင်။ ထိုသူမှာ ရာသီသွေးမိစ္ဆာပင် ဖြစ်သည်။ ရာသီသွေးမိစ္ဆာဖြစ်သော ထိုအမျိုးသမီးမှာ ခဲနေသည့်သွေးအရောင်နှင့်တူသော သွေးနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ထူးဆန်းသည့် အငွေ့အသက်များအား ထုတ်လွှတ်နေ၏။ သူမခေါင်းပေါ်တွင် အနီရောင်နှင့် အဖြူရောင်ပန်းလေးများဖြင့် ရက်လုပ်ထားသည့် သရဖူတစ်ခုရှိနေပြီး ပခုံးပေါ်တွင် ပုဝါဖြူတစ်ထည်ကိုခြုံထားသည်။ ထိုပန်းလေးများမှာ သွေးထဲမှယခုလေးတင် ပွင့်လန်းလာသကဲ့သို့ပင် အရောင်များမှာ အလွန်တရာတောက်ပနေ၏။
သူမမျက်နှာသည် စက္ကူကဲ့သို့ဖြူဖျော့နေပြီး မည်သည့်အရောင်မှမရှိချေ။ ပါးပြင်များမှာ ချိုင့်ဝင်နေပြီး မျက်လုံးတစ်ဝိုက်တွင် အမည်းကွင်းများရှိနေကာ သူမအကြည့်များသည် အေးစက်ပြီးအသက်မဲ့နေသကဲ့သို့ ခံစားရစေသည်။ သူမနှုတ်ခမ်းများမှာ ထူးထူးခြားခြားအနီပုပ်ရောင်ဖြစ်နေပြီး လက်သည်းများသည်လည်း ချိတ်များကဲ့သို့ ထက်မြက်နေကာ တစ်ကိုယ်လုံးမှာ ငရဲပြည်မှတက်လာသကဲ့သို့ အေးစက်စက်နှင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထို့ကြောင့်ပင် သူမဖမ်းဆီးခံလိုက်ရသည်မှာ ရှက်စရာကိစ္စ မဟုတ်တော့ပေ။
***