အသံနတ်ဆိုးမှာ မူလကသံချောင်းတစ်ချောင်းသာဖြစ်၏။ သံဆိုသည်မှာ အလွန်တရာတန်ဖိုးရှိပြီး အဖိုးတန်သောအရာဖြစ်သော်လည်း သတိလက်လွတ်နိုင်သောလူအချို့မှ သူ့ကိုထောင့်တစ်နေရာတွင်ပစ်ထားခဲ့ပြီး မေ့လျော့နေခဲ့ကြသည်။ နောက်ပိုင်းတွင် အခြားအမှိုက်သရိုက်ပစ္စည်းအမျိုးမျိုးအောက်၌ ဖုံးလွှမ်းသွားခဲ့ပြီး ပန်းပဲဆရာအိမ်ပြောင်းသွားသည့်တိုင်အောင် စွန့်ပစ်ထားသော အိမ်ဟောင်းပျက်ကြီးထဲတွင် မြုပ်နှံခြင်း ခံခဲ့ရလေ၏။
ထိုမှတစ်ဆင့် လေဒဏ်မိုးဒဏ်များကို အဖော်ပြုကာ လွင့်ပါးလာခဲ့ပြီး နောက်ဆုံးတွင် ကျိုးကျားရွာအနီးရှိ တောင်ကုန်းပေါ်သို့ ရောက်ရှိလာခဲ့သည်။ မူလကမြေကြီးထဲတွင်မြုပ်နေရင်း ကောင်းကင်နှင့် မြေကြီး၏အဆီအနှစ်များကိုသာ မှီဝဲနေခဲ့သော်လည်း တောင်ပေါ်ရှိအခြားသောနတ်ဆိုးများ မည်မျှစွမ်းအားကြီးသည်ကို သူမြင်တွေ့ခဲ့ရသည်။ အဖြူရောင်အမွေးပွဘောလုံးလေးများအုပ်စုမှာ ကိုယ်ပိုင်ခန္ဓာကိုယ်များရှိကြပြီး တောင်တစ်ခုလုံးတွင် လွတ်လပ်စွာသွားလာနေကြသည်ကိုမြင်ရသည်မှာ သူ့အဖို့အားမကျဘဲမနေနိုင်ခဲ့ချေ။ ထို့ကြောင့် သူသည်လည်း အဆင့်အတန်းများ အမြန်တိုးတက်ပြီး သန်မာလာစေရန်မျှော်လင့်ခဲ့မိသည်။
ထိုစဉ် ကျိုးလျန်ဟွားသူ့အနားမှဖြတ်သွားခဲ့သည်။ သူမကိုယ်ပေါ်တွင် အလွန်ပြင်းထန်သော မကောင်းဆိုးဝါး အငွေ့အသက်များရှိနေသည်မှာ ဆွဲဆောင်မှုရှိလှသဖြင့် သူမကိုယ်ထဲမှ ထိုအငွေ့အသက်များကို စုပ်ယူလိုစိတ် ပြင်းပြလာခဲ့သည်။ သူစုပ်ယူလိုက်ပြီးနောက်တွင် ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာမြင့်မားလာခဲ့၏။ သို့သော်လည်း ကျိုးလျန်ဟွားကိုယ်ထဲမှ ထိုမကောင်းဆိုးဝါးစွမ်းအင်များမှာ စုပ်ယူလိုက်သော်လည်း လျော့နည်းမသွားဘဲ ပို၍ပင်တိုးပွားလာသည်ကို သူတွေ့လိုက်ရသည်။ သူမအတွင်းရှိ ထိုစွမ်းအင်များမှာမကုန်ခန်းနိုင်သကဲ့သို့ရှိနေသဖြင့် ဤပြဿနာမှာ သူ့စွမ်းအင်ပြဿနာအတွက် အမြဲတမ်းဖြေရှင်းနိုင်သည်ဟု ဆုံးဖြတ်လိုက်ပြီး သူမကိုယ်ထဲသို့ဝင်ရောက်ကာ ထိုစွမ်းအင်များကိုအခြေချ၍စုပ်ယူခဲ့သည်။
သို့သော် သူခေတ္တခဏဝင်ရောက်ခိုလှုံလိုက်ခြင်းမှာ ကျိုးလျန်ဟွားကိုလုံးဝ ပြောင်းလဲသွားစေပြီး ရန်လိုငြင်းခုံတတ်သူတစ်ဦးဖြစ်သွားစေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိချေ။ နောက်ဆုံးတွင် သူမ၏အလွန်အမင်းရန်လိုမှုများကြောင့် တာအိုဆရာမလေးရှေ့တွင် သူ့တည်ရှိမှုမှာပေါ်ပေါက်သွားခဲ့ပြီး အနှိမ်နင်းခံလိုက်ရသည်။ ထိုတာအိုဆရာမလေး ကျိုးထောင်ဟွားမှ သူ့ကိုလူသားပုံသဏ္ဌာန်အဖြစ် အတင်းအကျပ်ဖော်ထုတ်စေခဲ့ပြီး ထိုအချိန်မှစ၍ သူမအိမ်တွင် အလုပ်ကြမ်းများကို လုပ်ကိုင်ခဲ့ရသည်။ နောက်ဆုံးတွင် သူသည် ရွာသူရွာသားများအတွက် မြေရိုင်းများခုတ်ထွင်ပေးရသည့် တာအိုဆရာမလေး၏ငွေရှာပေးရာ လက်နက်တစ်ခုဖြစ်လာခဲ့၏။
ထိုတာအိုဆရာမလေးမှာ ငွေကိုနှစ်သက်သော်လည်း စိတ်ထားကောင်းသူတစ်ဦး ဖြစ်သည်။ သူမနောက်သို့ လိုက်ပါလာပြီးမှသာ သူမည်မျှ အသုံးဝင်ကြောင်း ကိုယ်တိုင် သိရှိလာခဲ့သည်။ မြင့်မားသန်စွမ်းသော သူ့ခန္ဓာကိုယ်ကြောင့် သာမန်မိုးသီးမုန်တိုင်းနှင့် နှင်းများမှာ သူ့ကို မည်သို့မှမလုပ်နိုင်ချေ။ ထိုနတ်သမီးလေးအား ကာကွယ်ရသည်ကို အလွန်တရာနှစ်သက်ပြီး သူမကိုပခုံးပေါ်တွင် လက်တစ်ဖက်ဖြင့်ပွေ့တင်ထားကာ အေးစက်သော နှင်းများရန်မှ ကာကွယ်ပေးလေ့ရှိသည်။ မိုးရွာသည့်အခါ သို့မဟုတ် မိုးသီးကြွေသည့် အခါများတွင်လည်း သူမကိုထီးမိုးပေးကာ စောင့်ရှောက်ပေးတတ်၏။ အချုပ်အားဖြင့်ဆိုရသော် တာအိုဆရာမလေးကို ကာကွယ်ပေးရခြင်းမှာ သူ့အတွက်ပျော်ရွှင်စရာပင်ဖြစ်သည်။
ထို့နောက် တာအိုဆရာမလေးမှ သူ့ကိုလူတစ်ပိုင်းနတ်ဆိုးဘဝမှ ပြီးပြည့်စုံသော လူသားပုံသဏ္ဌာန်ဖြစ်လာစေရန် ကူညီပေးခဲ့သည်။ ထူးခြားသော သူ့ခန္ဓာကိုယ်မှာ အရပ်ခုနစ်ပေခွဲခန့်ထိမြင့်မားလာခဲ့ပြီး အနည်းငယ် အရပ်ရှည်လွန်းသကဲ့သို့ဖြစ်နေ၏။ နောက်ပိုင်းတွင် တာအိုဆရာမလေး၌ သမီးလေးတစ်ယောက်ရလာခဲ့ပြီး သူသည် ရှန်းခိုင်ယန်နှင့်အတူ နေ့တိုင်း ဆော့ကစားရင်း အချိန်ကုန်ဆုံးခဲ့သည်။ ကလေးကိုပြုစုစောင့်ရှောက်ရမည့် အလှည့်ရောက်သည့်အခါ သူအလွန် ပျော်ရွှင်မိ၏။ ကံကောင်းထောက်မစွာဖြင့် သူ့အရပ်မှာ အလွန်ရှည်လျားသဖြင့် ယန်ယန်လေးသည် သူ့ကိုအလွန်တရာခင်မင်ပြီး သူ့ပခုံးပေါ်တွင် ခွစီးရသည်ကိုသဘောကျလှသည်။
ထို့ကြောင့် သူသည် သူမကိုယ်လုံးလေးကို ထိန်းပေးကာ ပခုံးပေါ်တင်၍ ရွာလမ်းများ၊ လယ်ကွင်းများနှင့် တောင်ကုန်းများပေါ်တွင် လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်းများပြုလုပ်ပေးခဲ့သည်။ ဤသို့ဖြင့် နေ့ရက်များကုန်လွန်ခဲ့ပြီး ယန်ယန်လေးအသက်ကြီးလာသည့်တိုင်အောင် သူမသည် သူနှင့်အတူဆော့ကစားရသည်ကို နှစ်သက်နေဆဲပင် ဖြစ်သည်။ ထိုမိန်းကလေးငယ်မှာ အသက်ဆယ်နှစ်ထိ သူ့ပခုံးပေါ်တွင်ခွစီးခဲ့ပြီး နောက်ပိုင်းတွင်လည်း ပခုံးပေါ်တွင်သာထိုင်လေ့ရှိ၏။ သို့သော်လည်း ပိုးဖလံနတ်ဆိုးမှာမူ ယန်ယန်လေး၏အာရုံစိုက်မှုကို သူ့ထံမှအမြဲလုယူရန် ကြိုးစားတတ်သည်။ သူမ၏သေးငယ်သော ခန္ဓာကိုယ်ကို အထင်မသေးပါနှင့်။ သူမသည်ပျံသန်းနိုင်သလို ယန်ယန်လေးမှာလည်း ငယ်ရွယ်ပြီးကစားချင်စိတ်အပြည့်ဖြင့်အရွယ်ဖြစ်၍ ပိုးဖလံနတ်ဆိုးမှမြှူဆွယ်သည့်အခါတိုင်း သူမနောက်သို့ ပါသွားတတ်သည်။
သူ့မှာတော့လိုလားတောင့်တသော အကြည့်များဖြင့်သာကြည့်နေနိုင်ပြီး သူကိုယ်တိုင်မှာ ပိုးဖလံနတ်ဆိုးမဟုတ်သဖြင့် သူမကဲ့သို့အတောင်ပံမရှိသည်ကို ဝမ်းနည်းနေမိ၏။ ခရုနတ်ဆိုးမှာမူ သူ့အဖြစ်ကိုမြင်သောအခါ သနားသွားပြီး သူ့ပခုံးကို ပုတ်ကာ ဤသို့နှစ်သိမ့်လိုက်သည်။
"စိတ်မကောင်းမဖြစ်ပါနဲ့၊ ယန်ယန်က မင်းကို အချစ်ဆုံးပါ၊ သူမကခဏတဖြုတ်ပျံသန်းချင်ရုံပဲလေ၊ မြေကြီးပေါ် ပြန်ဆင်းလာတာနဲ့ မင်းပခုံးပေါ်မှာပြန်စီးဖို့ သူမ တောင်းဆိုမှာအသေအချာပဲ"
နောက်ပိုင်းတွင် ကျိုးထောင်ဟွား အခြားသောကျင့်ကြံခြင်းအမြုတေများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ခရုနတ်ဆိုးမှာလည်း ပြီးပြည့်စုံသော လူသားပုံသဏ္ဌာန်အဖြစ် တိုးတက်လာခဲ့ကာ အလွန်ချောမောသော လူငယ်လေးတစ်ဦးဖြစ်လာခဲ့သည်။ ချောမောသော သူ့ရုပ်ရည်ကြောင့် ရှန်းခိုင်ယန်လည်း သူ့ကိုအလွန်နှစ်သက်နေတော့၏။ ယန်ယန်လေးမှ သူ့ကို သဘောကျရသော နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ သူသည်မြူနှင်းများကို ဖန်တီးပေးနိုင်သောကြောင့် ဖြစ်သည်။ သူမအလိုရှိသလောက် ထူထပ်သည့် မြူနှင်းထုကို သူဖန်တီးပေးနိုင်၏။
ထို့ပြင် သူမသည် အခြားနေရာများမှရောက်လာသော မင်းသားများ၊ သူဌေးသားများနှင့် တူတူပုန်းတမ်းကစားသည့်အခါ ထိုမြူနှင်းများကို အသုံးချလေ့ရှိသည်။ လိုက်ရှာရမည့် သူအလှည့်သို့ သူမရောက်တိုင်း လူတိုင်းကိုမိအောင်ဖမ်းနိုင်ရန်အတွက် သူ့ကိုမျက်လှည့်ပြခိုင်းပြီး အကူအညီတောင်းတတ်သေး၏။ မိခင်မှိုနတ်ဆိုးလည်း သူတို့ကစားပွဲ၌ ပါဝင်လာခဲ့သည်။ သူမသည် ကလေးများပုန်းရန် ဒါမှမဟုတ် ခုန်ပေါက်ကစား၍ရနိုင်ရန် မှိုအတားအဆီးလေးများကို ဖန်တီးပေးလေ့ရှိ၏။ ရှန်းခိုင်ယန်မှာ သူမနာမည်အတိုင်းပင် အမြဲတစေပြုံးရွှင်နေတတ်သူသာဖြစ်သည်။ သူမသည် မိဘများ၊ အဘိုးအဘွားများ၏မေတ္တာများမှသာမက ကျိုးကျားရွာ၌ အခြေချနေထိုင်ကြသောနတ်ဆိုးများနှင့် အခြားဒေသမှ ကစားဖော်ကစားဖက်များ၏ ဝန်းရံမှုကိုလည်းရရှိထား၏။
ထို့ပြင် ကျိုးကျားရွာမှ သူမငယ်သူငယ်ချင်းများလည်း ရှိသေးသည်။ သူမဘဝမှာ မည်သည့်ပူပင်ကြောင့်ကြမှုမှမရှိဘဲ အစားကောင်းစား၍ ကောင်းကောင်းအိပ်ပြီး ပျော်ပျော်ရွှင်ရွှင် ကစားရင်းကုန်လွန်ခဲ့ရ၏။ သူမမိသားစုမှာ မြင်းလှည်းများ၊ ပန်းထိုးအလုပ်ရုံ၊ ဆေးပင်စိုက်ခင်းတို့ဖြင့် ငွေကြေးများလည်း ပြည့်စုံစွာရှိနေသည်။ သူမအတွက် မည်သည်ကိုမှ စိုးရိမ်စရာမရှိဘဲ ပျော်ရွှင်စွာ အရွယ်ရောက်လာရန်သာလိုအပ်သည်။ သူမသည် အလွန်တရာလူချစ်လူခင်ပေါများပုံရပြီး ကစားဖော်များအားလုံးမှာလည်း သူမအား သဘောကျကာအလိုလိုက်ကြသည်။ သူမမိဘများဆန္ဒအတိုင်း စာပေများကိုလည်းကြိုးစားသင်ယူခဲ့သည်။ နောင်တစ်ချိန်တွင် အရာရှိရာထူးဂုဏ်ထူးများ မရနိုင်စေကာမူ စာပေသင်ကြားခြင်းမှ အကျိုးကျေးဇူးများစွာ ရှိသည်ပင်။
သူမမိဘများမှ သူမအားကိုယ်ခံပညာသင်ပေးရန် ဆရာတစ်ယောက်ပင် ငှားရမ်းပေးထားပါသေးသည်။ ထို့ကြောင့် မနက်နိုးလာသည်နှင့်တစ်ပြိုင်နက် မနက်စာမစားမီနာရီဝက်ခန့် ကိုယ်ခံပညာလေ့ကျင့်လေ့ရှိ၏။ သူမသည် အသက်ငယ်သေးသော်လည်း တကယ်တမ်းတွင်မူ ရွယ်တူများထက် ပိုမိုသန်စွမ်းပြီး ကိုယ်ခံပညာကျွမ်းကျင်လှသည်။ နောက်ဆုံးတွင် သူမ အသက်ဆယ့်လေးနှစ်ပြည့်သည့်အခါ ကစားဖော်များ၏မိသားစုဝင်များမှ သူမမိဘများထံသို့ အိမ်ထောင်ရေးကမ်းလှမ်းရန် ရောက်ရှိလာကြ၏။
အခြားဒေသများမှရောက်လာသည့် မင်းသားများနှင့် သူဌေးသားများဆယ်ယောက်လုံးမှာ ရုပ်ရည်ချောမောကြပြီး သူမအပေါ် အလွန်တရာကောင်းမွန်စွာ ဆက်ဆံကြသူများဖြစ်ကြသည်။ သူတို့သည် သဘောကောင်းကြသကဲ့သို့ စာပေပညာရပ်ပိုင်းတွင်လည်း အလွန် ထက်မြက်ကြသူများပင်။ အချို့မှာ သူမ အရွယ်ရောက်လာမည့်အချိန်ကို အသက်ဆယ်နှစ်ကတည်းမှ အသက်နှစ်ဆယ့်လေးနှစ်ထိ စောင့်ဆိုင်းနေခဲ့ကြခြင်းပင်။ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့မှ သူမသဘောထားကို မေးမြန်းလာကြ၏။
"ယန်ယန် သမီးသဘောကျတဲ့သူရှိလား၊ ရှိရင် အမေတို့ဆီပြောပြပါဦး"
ဧည့်ခန်းဆောင်အတွင်းရှိ လူအားလုံး သူမအဖြေကို စောင့်ဆိုင်းရင်းကြည့်နေကြသည်။ ရှန်းခိုင်ယန်မှာ သူမသာ တစ်စုံတစ်ယောက်ကိုရွေးချယ်လိုက်ပါက သူမမိဘများကဲ့သို့ ထိုသူနှင့်ဇနီးမောင်နှံအဖြစ် အတူတကွပေါင်းသင်းနေထိုင်ရမည်ကိုနားလည်ထား၏။ သူမသည် ထိုသူအားလုံးနှင့် ရင်းနှီးသောဆက်ဆံရေးရှိသော်လည်း သူမနှလုံးသားထဲတွင်မူ သူတို့ကိုမောင်နှမအရင်းအချာကဲ့သို့သာ သံယောဇဉ်ရှိပြီး ချစ်သူရည်းစားကဲ့သို့ ခံစားချက်မျိုး လုံးဝမရှိခဲ့ချေ။ ဧည့်ခန်းဆောင်အတွင်းရှိ အမျိုးသားဆယ်ယောက်လုံး ရှန်းခိုင်ယန်၏ဝေခွဲမရဖြစ်နေသော ကြည်လင်သည့်မျက်ဝန်းများကို ကြည့်ရင်း စိတ်မကောင်းဖြစ်ရသလို တစ်ဖက်တွင်လည်း စိတ်သက်သာရာရသွားကြ၏။ ယန်ယန်လေးမှာ လောလောဆယ် မည်သူ့ကိုမှချစ်ကြိုက်နေခြင်းမရှိသေးသဖြင့် သူတို့အားလုံး၌ အခွင့်အရေးရှိနေသေးသည်ပင်။
သူတို့သာဆက်ကြိုးစားနေမည်ဆိုပါက ယန်ယန်လေး သူတို့ထဲမှ တစ်ယောက်ယောက်ကို ချစ်လာနိုင်သည်လေ။ ရှန်းခိုင်ယန် ထိုအမျိုးသားဆယ်ယောက်ကို တစ်ချက်ကြည့်လိုက်ရာ သူတို့အတွေးများကို သူမအကဲခတ်မိ၏။ သူမမိခင်မှာ ကျိုးထောင်ဟွားဖြစ်နေသောကြောင့်သာ သူတို့အားလုံး သူမကို လက်ထပ်ချင်နေကြခြင်းဖြစ်သည်။ သို့သော် ထိုအချက်ကိုဖယ်ထားလျှင်လည်း ထိုအစ်ကိုဆယ်ယောက်စလုံးမှာ သူမအပေါ် အလွန်ကောင်းကြပြီး တစ်ယောက်စီမှာ ကိုယ်ပိုင်အားသာချက်လေးများ ရှိကြ၏။ အစ်ကိုများအဖြစ်နှင့်သာ ရှိနေခြင်းမှာ ပိုကောင်းပါလိမ့်မည်။
သူမခင်ပွန်းလောင်းအတွက်မူ သူမထပ်မံ စဉ်းစားရဦးမည်ဖြစ်သည်။ သူမဖခင်ကဲ့သို့ မိခင်အပေါ်ကိုအလွန်အမင်းချစ်မြတ်နိုးပြီး မိသားစုအပေါ် တာဝန်ကျေကာသစ္စာရှိသော သူမျိုးကိုသာသူမ ရှာဖွေလိုသည်။
***