ကျိုးရှန်းလင်ဖခင်မှာ စောစောစီးစီးကွယ်လွန်သွားခဲ့သဖြင့် သူ့တွင် ဖခင်၏ ကွပ်ကဲဆုံးမမှုမရှိခဲ့ပေ။ မိခင်ဖြစ်သူရှုရှီမှာလည်း သူ့ကိုမထိန်းကျောင်းနိုင်ခဲ့ရာ သူသည် အရိုင်းဆန်ဆန်နှင့်ဆိုးသွမ်းစွာ ကြီးပြင်းလာခဲ့၏။ ငယ်စဉ်ကတည်းမှ ဆိုးသွမ်းခဲ့ပြီး အရွယ်ရောက်လာသောအခါတွင် ပို၍ဆိုးလာကာ အချိန်များကို အလဟဿဖြုန်းတီးနေတတ်သည်။ စပါးရိတ်သိမ်းချိန်တွင် သူနှင့် သူ့မိခင်အတွက် စားစရာမလောက်ငှလျှင်ပင် အလုပ်လုပ်ရန်ငြင်းဆန်ခဲ့သည်။
မိသားစုသည် ဆင်းရဲမွဲတေပြီး မိခင်ဖြစ်သူရှုရှီမှာလည်း ကျန်းမာရေးမကောင်းသဖြင့် အမြဲတမ်းဆေးသောက်နေရရာ ရွာထဲရှိ မည်သည့်မိန်းကလေးမှ သူ့ကို စိတ်မဝင်စားကြချေ။ ထို့ကြောင့် သူသည် အသက်ဆယ့်ကိုးနှစ်အရွယ်ထိ လူပျိုကြီးဖြစ်နေဆဲပင်။ ရွာသားများအမြင်တွင်တော့ သူသည် အသုံးမကျသူတစ်ယောက်သာဖြစ်သည်။ ကျိုးရှန်းလင်မှာမူ ဤဘဝကို ကျင့်သားရနေပြီဖြစ်ရာ ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း သူ့ကို တကယ်တမ်းပြောင်းလဲသွားစေခဲ့သည်မှာ နှင်းမုန်တိုင်း ၃ ရက်၊ ၃ ည တိုက်ခတ်ပြီးနောက် အမိုးပြိုကျကာ မိခင်ဖြစ်သူ အအေးဒဏ်ကြောင့် အေးခဲသေဆုံးသွားခဲ့ရသည့်အချိန်ပင် ဖြစ်သည်။ ထိုအခါမှသာ အရိုးကွဲမတတ် နာကျင်မှုနှင့် ဝမ်းနည်းပူဆွေးမှုကို သူ ခံစားလိုက်ရ၏။ ထိုအချိန်မှစ၍ သူသည် လုံးဝတစ်ကောင်ကြွက်ဖြစ်သွားခဲ့သည်သာမက သူ့အိမ်လေးကိုပါ ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
အမိုးပြိုကျသွားသဖြင့် ပြိုပျက်လုနီးပါး အိမ်လေးတစ်လုံးသာ ကျန်ရစ်ခဲ့ရာ အမိုးပြင်ရန်မဆိုထားနှင့် မိခင်ဖြစ်သူကို သင်္ဂြိုဟ်ရန်ပင် သူ့တွင်ငွေမရှိခဲ့ပေ။ ထိုအချိန်က မိခင်၏နာရေးကိစ္စအတွက် ရွာလူကြီး၏အိမ်ကိုပင် အကူအညီတောင်းခဲ့ရသည်။ ရွာသားများ၏ အကူအညီဖြင့်သာအခေါင်းတစ်လုံးဝယ်ကာ မိခင်ကို သင်္ဂြိုဟ်နိုင်ခဲ့ခြင်းပင်။ အလွန်အမင်း နောင်တရနေခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ သူ့မိခင်နှင်းဒဏ်ကြောင့် သေဆုံးသွားခဲ့ရသည်ဆိုသည့် အမှန်တရားကို သူမပြောင်းလဲနိုင်တော့ချေ။ အမှန်စင်စစ်သူ့မိခင်သည် နှင်းဒဏ်ကြောင့်မသေဆုံးခဲ့လျှင်ပင် ၃ ရက်၊ ၃ ည ဆက်တိုက်ကျဆင်းခဲ့သော နှင်းဒဏ်ကြောင့် အေးခဲပြီးသေဆုံးရမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့အိမ်လေးမှာ အိုဟောင်းပြီး လေလုံမိုးလုံမရှိပေ။ အပြင်တွင် လေတိုက်လျှင် အိမ်ထဲသို့လေဝင်လာပြီး အပြင်၌ နှင်းများအသည်းအသန်ကျလျှင် အိမ်ထဲတွင်လည်း နှင်းတဖွဲဖွဲ ကျနေတတ်သည်။ ထို့ပြင် အိမ်တွင်အနွေးဓာတ်ပေးသည့်စနစ် သို့မဟုတ် မီးလင်းဖိုလည်းမရှိသဖြင့် တစ်ခုတည်းသောအနွေးဓာတ်ရရာ အရင်းအမြစ်မှာ စောင်တစ်ထည်သာဖြစ်၏။ သို့သော် နှင်းမကျမီည၌ မိခင်ဖြစ်သူမှ သူ့ကိုစောင်တစ်ထည်ပိုပေးခဲ့သည်။ ဆိုလိုသည်မှာ ထိုအချိန်မှစ၍ မိခင်ဖြစ်သူတွင် ခြုံစရာစောင်တစ်ထည် လျော့သွားခဲ့ခြင်းပင်။
နောက်ပိုင်းနှင်းများ ရပ်သွားသောအခါ ရွာလူကြီးမှ သူ့ကိုအမိုးပြင်ရန် ငွေချေးပေးခဲ့သဖြင့် အနည်းဆုံးတော့ သူ့အတွက် နေစရာနေရာလေးတစ်ခု ရသွားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် မြေများကို စတင်ရှင်းလင်းခဲ့ပြီး စပါးရိတ်သိမ်းပြီးနောက်တွင် ကျိုးထောင်ဟွား၏အကြံပေးချက်ကို နားထောင်ကာ ဂျုံစိုက်ခြင်းကို ရပ်ဆိုင်းလိုက်ပြီး ဆေးပင်များကို ပြောင်းလဲစိုက်ပျိုးခဲ့သည်။ တဖြည်းဖြည်းနှင့် သူငွေစုမိလာပြီး ရွာလူကြီးထံမှ ချေးယူထားသော ငွေများကိုလည်း ပြန်လည်ဆပ်နိုင်ခဲ့သည်။ ဆေးပင်များ စိုက်ပျိုးလာသည်နှင့်အမျှ သူ့စုဆောင်းငွေများလည်း တိုးပွားလာခဲ့ရာ ရွာထဲရှိ အခြားသူများကဲ့သို့ပင် အုတ်အိမ်တစ်လုံးဆောက်လုပ်နိုင်ခဲ့၏။
ကံမကောင်းစွာဖြင့် သူ့မိခင်မှာမရှိတော့ရာ သူတစ်ယောက်တည်းသာအခန်းသုံးခန်းပါသောအိမ်ကြီးထဲတွင် နေထိုင်ရသည်။ အိမ်တွင်အသံလေးများ ထွက်နေစေရန် ကြက်၊ ဘဲ အနည်းငယ်မွေးမြူထားခြင်းမှာမဆိုးလှဟု ရုတ်တရက် သူတွေးမိလိုက်၏။ အနည်းဆုံးတော့ အိမ်ကြီးမှာ အလွန်တရာတိတ်ဆိတ်နေတော့မည် မဟုတ်ချေ။ သို့သော် ကြက်၊ ဘဲများကို အတန်ကြာမွေးမြူပြီးနောက်တွင်လည်း သူအထီးကျန်နေဆဲပင်။ ကြက်ခြံဘေးတွင်ရပ်ကာ ကြက်၊ ဘဲများအစာစားနေသည်ကိုကြည့်ရင်း အနည်းငယ် စိတ်သက်သာရာရသော်လည်း ထိုနေရာမှ ထွက်ခွာပြီး အိမ်ထဲသို့ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အိမ်ကြီးမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေဆဲဖြစ်သည်။
ထို့ကြောင့် ရွာထဲမှကြောင်လေးတစ်ကောင်ကို သူမွေးစားလိုက်၏။ ကြောင်လေးမှာ အစပိုင်းတွင်သတ္တိနည်းပြီး မြွေတစ်ကောင်ကဲ့သို့ နှာမှုတ်သံပေးကာ သူ့ကိုကုတ်ဖဲ့မည့်အလား လက်သည်းများပင်ထုတ်ပြတတ်သည်။ ကြောင်လေးမှ သူ့ကိုကြောက်နေခဲ့ခြင်းမှာ သိသာလှ၏။ ကြောင်လေးမှာ သူ့အပေါ်မယဉ်ပါးသေးသော်လည်း အနည်းဆုံးတော့ အိမ်ထဲတွင် ဟိုဟိုဒီဒီပြေးလွှားနေသည့် သက်ရှိသတ္တဝါလေးတစ်ကောင်ရှိနေပြီ ဖြစ်သည်။ ကြောင်လေး အကြိုက်ဆုံးနေရာမှာ အစားအစာများထားသိုရာ မီးဖိုချောင်ပင် ဖြစ်၏။ အစာရှာရန်အတွက်မီးဖိုပေါ်နှင့် စားပွဲပေါ်သို့အမြဲတက်သွားတတ်သည်။ ကျိုးရှန်းလင်မှာ ထိုသို့သော ကြောင်မျိုးကိုမကြိုက်သဖြင့် သူ့ကိုမိသည်နှင့် တစ်ချက်ရိုက်ကာ ပစ်ထုတ်လိုက်လေ့ရှိသည်။ သို့သော် ကြောင်လေးမှ စားပွဲပေါ်မတက်ဘဲ ကြမ်းပြင်ပေါ်မှာသာနေမည်ဆိုလျှင်တော့ သူ သဘောကျပါ၏။
တစ်ခါတရံတွင် ကြောင်လေးမှ ကလီစာများနှင့် အရိုးများကိုစားနိုင်ရန်အတွက် သူသည်ငါးကိုတကူးတက ဝယ်လာတတ်သည်။ သူငါးဝယ်လာသည့်အချိန်တိုင်းကို ကြောင်လေးမှာသဘောကျနေတတ်၏။ ကြောင်လေးမှာ ငါးနံ့ရသည်နှင့် သူ့ထံအတင်းတိုးဝှေ့ကာ ရူးသွပ်မတတ် အော်ဟစ်နေတတ်သည်။ သို့သော် ထိုအချိန်မျိုးတွင် ခွက်ထဲရှိငါးကို အထူးဂရုစိုက်ရသည်။ သို့မဟုတ်ပါက သူ မျက်ကွယ်ရာတွင် ကြောင်လေးမှငါးတစ်ကောင်ကို ကိုက်ချီကာအမြန်ပြေးသွားတတ်၍ပင်။ ကြောင်လေး၏သေးငယ်သော အရွယ်အစားကို ကြည့်ပြီး အထင်သေး၍မရပေ။ ၎င်းသည် ပေါင်ဝက်ခန့်ရှိသော ငါးတစ်ကောင်ကို အလွယ်တကူကိုက်ချီပြီး ထွက်ပြေးနိုင်သည်။
တစ်ခါက သူငါးခုတ်ရန် ဓားသွားယူဖို့ လှည့်လိုက်စဉ် မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးတစ်ကောင်ကိုကိုက်ချီသွားခဲ့၏။ မည်မျှမြန်ဆန်စွာ ထွက်ပြေးသွားသည်ကို စိတ်ကူးကြည့်ရန်ပင်ခက်ခဲလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အိမ်နောက်ဖေးရှိ ပေါင်းပင်များကြားသို့ ပျောက်ကွယ်သွားရာ ပြန်ရှာရန်အလွန်ခက်ခဲသွားတော့သည်။ ထို့ကြောင့် ထိုအချိန်က သူဝယ်လာသော ငါးနှစ်ကောင်အနက် သူတစ်ကောင်စားပြီး ကြောင်လေးမှ တစ်ကောင်စားလိုက်ရသည်။ ကြောင်လေး ပြန်ရောက်လာချိန်တွင်တော့ ဗိုက်လေးစူနေတော့၏။
ကျိုးရှန်းလင် ကြောင်လေးပြန်ရောက်လာသည်ကိုမြင်သောအခါ အလွန်တရာဒေါသထွက်ပြီး ရိုက်ချင်စိတ်ပေါက်သွားသော်လည်း ၎င်းကိုမြင်လိုက်ရချိန်တွင်တော့ မရိုက်ရက်တော့ချေ။ ကြောင်လေးမှာ အလွန်တရာချစ်စရာကောင်းနေပြီး သူတို့ငါးစားခဲ့ကြချိန်မှာလည်း အချိန်အတန်ကြာခဲ့ပြီပင်။ ထို့ကြောင့် ကြောင်လေးအပေါ် ချစ်ခြင်းနှင့် မုန်းခြင်းကြား လွန်ဆွဲနေရင်း သုံးလဆိုသောအချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး ကြောင်လေးမှာ လက်ဝါးအရွယ်အစားမှ နှစ်ပေခန့်ထိ ကြီးထွားလာခဲ့သည်။ သူသည်ကြောင်လေးကို ရွှမ်ရှီးဟု အမည်ပေးထားပြီး နေ့စဉ် ရွှမ်ရှီးဟု ခေါ်နေတတ်လေ့ရှိ၏။ ထိုအကောင်ပေါက်လေးသည်လည်း ၎င်း၏နာမည်မှန်း သိပုံရသည်။ သူထိုသို့ခေါ်လိုက်တိုင်း ပြန်ထူးတတ်၏။ အသံကြားသည်နှင့် သူ့ကိုအထူးတလည် မော့ကြည့်တတ်ပြီး တမြောင်မြောင်အသံပြုတတ်သည်။
သူ ထမင်းစားတိုင်း ကြောင်လေးသည် သူ့ခြေရင်းတွင်ထိုင်ကာ အစာတောင်းလေ့ရှိ၏။ သူ ဟင်းချက်တိုင်း အထူးသဖြင့် အသားဟင်းသာဆိုလျှင် မီးဖိုနောက်တွင် မီးမွှေးနေခိုက် ကြောင်လေးမှာစားပွဲပေါ်သို့ခိုးတက်၍ အသားတစ်ဖဲ့ခိုးစားရန် အခွင့်အရေး ချောင်းနေတတ်သည်။ အသားတစ်တုံးကိုလုယူရန် အခွင့်အရေးတစ်စက်ကိုမှ လက်လွှတ်မခံချေ။ အကယ်၍ ငါးသာဆိုလျှင်တော့ ကျိုးရှန်းလင် ၎င်းကို ဇလုံတစ်ခုထဲထည့်ပြီး အိုးထဲတွင် ဦးစွာဝှက်ထားရသည်။ သို့မှသာ သူ ပင်ပင်ပန်းပန်းဆေးကြောပြီး အကြေးခွံခွာထားသောငါးကို ကြောင်လေးခိုးမစားနိုင်မည်ဖြစ်သည်။
ဤလိမ္မော်ရောင်ကြောင်လေးမှာ အလွန်တရာလောဘကြီးပြီး အစာခိုးစားရန် အမြဲဝါသနာပါသော်လည်း ကျိုးရှန်းလင် သူ့ကိုလှောင်အိမ်ထဲထည့်ထားရန်အား တစ်ကြိမ်တစ်ခါမှမတွေးခဲ့ဖူးချေ။ ထိုသို့လုပ်လိုက်လျှင် ကြောင်လေးအနေဖြင့် အိမ်ထဲမှာသာနေရမည်ဖြစ်ပြီး အသား သို့မဟုတ် ငါးချက်နေချိန်တွင် မည်သည့်အစာကိုမှ ခိုးမစားနိုင်တော့မည်မှာသေချာသော်လည်း အိမ်တွင် စကားပြောစရာ ဆော့ကစားစရာမရှိဘဲ တစ်ယောက်တည်း ဟင်းချက်ရသည်မှာ သူ့ကိုအထီးကျန်စေမည်ဖြစ်သည်။ ဤအထီးကျန်မှုကို ဖယ်ရှားရန်ခက်ခဲလှရာ အစာခိုးစားတတ်ပြီး ဆော့ကစားတတ်သည့်ကြောင်လေးတစ်ကောင်ရှိနေခြင်းမှာ အနေတော်ပင်ဖြစ်သည်။
နောက်ပိုင်းတွင် လိမ္မော်ရောင်ကြောင်လေးနှင့် အချိန်ဖြုန်းလာရသည်နှင့်အမျှ သူ့အထီးကျန်မှုမှာ တဖြည်းဖြည်း လျော့ပါးလာခဲ့၏။ ဤအချိန်တွင်မှသာ သူ့ပတ်ဝန်းကျင်ရှိလူများ၏ ခံစားချက်များကိုလည်း သတိထားမိလာပြီး ကျိုးလျန်ဟွား၏ဂုဏ်သတင်းမှာလည်း ရွာတွင်းနှင့် ရွာပတ်ဝန်းကျင်တွင် အလွန်ဆိုးရွားနေပြီဖြစ်ရာ သူမအတွက် နောက်အိမ်ထောင်ပြုရန် ခက်ခဲနေပြီဖြစ်ကြောင်းနားလည်လာခဲ့သည်။ ကျိုးအိမ်ဟောင်းတွင်လူများစွာရှိ၍ သူမမှာအိမ်တွင်အထီးကျန်မနေသော်လည်း ကျိုးလျန်ဟွားမှာတော့ အလွန်တရာခံစားနေရလောက်၏။ သူမဂုဏ်သတင်းမှာ ယခင်က သူ၏မိုက်မဲမှုကြောင့်ပျက်စီးခဲ့ရခြင်းပင်။
ကျိုးလျန်ဟွား၏ဂုဏ်သတင်းကို ဖျက်ဆီးရန်အတွက် ရိုးအသောကျိုးရှန့်တကို ကောလာဟလများ တမင်တကာ ဖြန့်ရန် သူသွေးထိုးလှုံ့ဆော်ခဲ့သည်။ လူတစ်ယောက်တွင် ကိုယ်ချင်းစာတရားရှိလာသောအခါ အပြစ်ရှိစိတ်ခံစားရရန် ပို၍လွယ်ကူလာ၏။ ထို့ကြောင့် သူ ကျိုးလျန်ဟွားကို လက်ထပ်ရန်အကြံရလာပြီး သူမကိုအစားထိုး ပြန်လည်ပေးဆပ်ချင်လာသည်။ သူ့တွင် မိဘများ မရှိဘဲ ဆေးပင်စိုက်ခင်းငါးမူသာရှိသော်လည်း လူနှစ်ယောက်ကို ရှာဖွေကျွေးမွေးရန်မှာ ပြဿနာလုံးဝမရှိပေ။ ထို့ကြောင့် ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့၏မင်္ဂလာဆောင်ပွဲတွင် သူသည် အရက်ရှိန်ဖြင့် ရဲတင်းလာကာ ကျိုးလျန်ဟွားကို ထိုစကားများပြောခဲ့ခြင်းပင်။
***