မူလက သူတို့နှစ်ဦးစလုံး ဂုဏ်သတင်းမကောင်းကြသဖြင့် သူမကို လက်ထပ်ခြင်းမှာ သူ့အပြစ်ရှိစိတ်ကို ချေဖျက်ရန် နည်းလမ်းတစ်ခုဟု သူတွေးခဲ့သည်။ ကျိုးလျန်ဟွား၏အိမ်ထောင်ရေးအခက်အခဲကို အခွင့်ကောင်းယူပြီး တင်တောင်းငွေတေးကိုဈေးဆစ်ရန် သူမလိုလားခဲ့ပါပေ။ သူမကိုပွင့်လင်းမြင်သာစွာနှင့် ဂုဏ်သိက္ခာရှိရှိ လက်ထပ်ချင်ခဲ့သည်။ သို့သော်လည်း ယွမ်ရန်ရှင်းမှ ၎င်း၏ဆေးပင်စိုက်ခင်းကို ရောင်းချင်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။
ထိုအချိန်၌ သူ့တွင်စုဆောင်းငွေ အကန့်အသတ်သာရှိပြီး ယွမ်ရင်ရှင်း၏စိုက်ခင်းကို ဝယ်လိုက်ပြီးနောက်တွင် လက်ထဲ၌ငွေပြတ်လုနီးပါး ဖြစ်သွားခဲ့သည်။ ထို့ကြောင့် အောင်သွယ်တော်ယိုကို ငှားရမ်းကာ ကျိုးလျန်ဟွားအားတင်တောင်းရန် ငွေမတတ်နိုင်ခဲ့တော့ပေ။ ဆေးပင်များရောင်းရငွေမှ လုံလောက်သော ငွေပမာဏတစ်ခု စုမိသည်ထိစောင့်ပြီးမှသာ တင်တောင်းနိုင်တော့မည့် အခြေအနေဖြစ်သွားတော့သည်။ သို့သော် အရူးမိသားစုမှ သူ့ထက်အရင်လက်ဦးသွားပြီး ကျိုးလျန်ဟွားကို ဦးစွာလာတောင်းရမ်းလိမ့်မည်ဟု သူတစ်ခါမှမမျှော်လင့်ထားခဲ့ချေ။ ကျိုးအိမ်ဟောင်းဘက်မှလည်း ချက်ချင်းပင် သဘောတူလိုက်သေးသည်။ ထိုအချိန်၌ သူဝမ်းနည်းသွားပြီး ပို၍ပင်အပြစ်ရှိစိတ်အား ခံစားခဲ့ရ၏။ ကျိုးလျန်ဟွား သူ့ကို နားလည်မှုလွဲကာ ပွဲ၌ရှိစဉ်က သူကြွားလုံးထုတ်ပြီး သူမအားလှောင်ပြောင်ခဲ့သည်ဟု ထင်သွားမည်ကို သူစိုးရိမ်ခဲ့သည်။
တကယ်တော့ ထိုသို့မဟုတ်ခဲ့ပေ။ နောက်ပိုင်းတွင် ကျိုးလျန်ဟွားမှာ ကျိုးရှန့်တနှင့် ခမ်းနားကြီးကျယ်စွာလက်ထပ်သွားခဲ့ပြီး ကျိုးကွမ်းဖာ၊ ရှစ်ရှီနှင့် ကျိုးရှန်းကျင်းတို့ သူမအပေါ်ကောင်းမွန်စွာ ဆက်ဆံကြသည်ကို မြင်ရသောအခါ၊ ထို့ပြင် သူမ၏ယောက္ခမအိမ်တွင် ဘဝကို ကောင်းမွန်စွာဖြတ်သန်းနေရသည်ကို မြင်ရသောအခါမှ သူ၏ယခင်က အပြစ်ရှိစိတ်များ တဖြည်းဖြည်းလျော့ပါးသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမ အိမ်ထောင်ကျသွားခဲ့ပြီပင်။ နေ့ရက်များ ဤသို့ ကုန်လွန်သွားခဲ့ပြီး မွန်းလွဲပိုင်းတစ်ရက်တွင် ထုံးစံအတိုင်း အစ်မချွန်းမေမြို့သို့ ဆေးပင်များသွားရောင်းရန် ခြင်းတောင်းနှစ်လုံးကို ထမ်းလာသည်ကို သူမြင်တွေ့ခဲ့ရသည်။
နှစ်ပေါင်းများစွာ ကြိုးစားပန်းစားအလုပ်လုပ်ခဲ့ရမှုကြောင့် သူမမျက်နှာမှာ နေလောင်ကာနီရဲနေ၏။ ယခင်က ကျိုးရှန်းဟူနှင့် သူ့သားဖြစ်သူတို့ ကျိုးကျားရွာမှ ထွက်မသွားခင်၌ သူမမှာပြည့်ဖြိုးနေခဲ့သော်လည်း ယခုလအနည်းငယ်အကြာတွင်တော့ သူမသည်တဖြည်းဖြည်း ပိန်ချုံးလာခဲ့သည်။ ဆေးပင်ခြင်းတောင်း နှစ်လုံးမှာ သူမပခုံးပေါ်တွင် အလွန်တရာလေးလံနေပုံရပြီး သူမ၏ပိန်လှီသော ခန္ဓာကိုယ်လေးကို ကျိုးကျသွားစေမည့်အလားပင်။ သူမ မည်မျှပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေရသည်ကိုမြင်ရ၍ သူ့နွားလှည်းပေါ်တွင် ဆေးပင်အချို့တင်ရန် နေရာကျန်သေးသည်ကိုသတိရကာ သူမဘေးနားသို့ နွားလှည်းကိုဖြည်းညင်းစွာ မောင်းသွားပြီး လှမ်းခေါ်လိုက်သည်။
"အစ်မချွန်းမေ ဆေးပင်တွေသွားရောင်းမလို့လား၊ ကျွန်တော်လည်း မြို့ကိုဆေးပင် သွားရောင်းမလို့လေ၊ ကျွန်တော့်လှည်းပေါ်မှာ နေရာနည်းနည်းကျန်သေးတယ်၊ ဆေးပင်တွေ တင်လိုက်ပါ၊ ကျွန်တော်မြို့အထိ အကုန်သယ်သွားပေးမယ်"
ရန်ချွန်းမေ သူခေါ်သံကြား၍လှည့်ကြည့်လိုက်သော်လည်း သူမခြေလှမ်းများမှာတော့ လုံးဝ နှေးကျမသွားခဲ့ပေ။ သူမလမ်းလျှောက်နေစဉ် ပခုံးပေါ်ရှိထမ်းပိုးမှာ ခြေလှမ်းများနှင့်အတူ ယိမ်းနွဲ့နေပြီး သူမ အပြင်းအထန်မောဟိုက်နေခဲ့သည်။ သူမစိုက်ခင်းထဲမှ ဆေးပင်များအတော်အသင့် ကြီးထွားလာခဲ့ပြီဖြစ်ရာ ဤခြင်းတောင်းနှစ်လုံးကိုရောင်းရလျှင် သူမအတွက် ကိုယ်ပိုင်ဝင်ငွေရမည်ဖြစ်ပြီး သူတစ်ပါးစိုက်ခင်းတွင် အလုပ်လုပ်၍ရသော ငွေထက်ပင်ပိုများမည်ဖြစ်သည်။ သို့သော် သူမမှာ နွားလှည်းမငှားနိုင်သေးသဖြင့် မြို့သို့တစ်နာရီကြာလမ်းလျှောက်ကာ ကိုယ်တိုင်ထမ်းသွားရမည် ဖြစ်သည်။ သူမလှည့်ကြည့်ပြီး ပြုံးကာ ပြောလိုက်၏။
"ကျေးဇူးတင်ပေမဲ့ အစ်မမှာဒီဆေးပင် ခြင်းတောင်းနှစ်လုံးပဲရှိတာပါ၊ မြို့ရောက်ရင် အဆင်ပြေသွားမှာ၊ မင်းအလုပ်သာ မင်းဆက်လုပ်ပါ"
ရန်ချွန်းမေ ကျိုးရှန်းလင်၏ကမ်းလှမ်းချက်ကို အလိုအလျောက်ပင်ငြင်းပယ်လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ကျိုးရှန်းဟူနှင့် ကွာရှင်းပြီးကတည်းမှ သူမမှာ ရွာသားများထံမှ အကူအညီများစွာရရှိခဲ့၏။ သို့သော် ယခုအခါတွင် သူမသည် ပိုမိုကြံ့ခိုင်လာစေရန်နှင့် နောင်တစ်ချိန်တွင် အခြားသူများကို ပြန်လည်ကူညီနိုင်ရန် ဆန္ဒရှိနေသည်။ ထို့ကြောင့် မြို့သို့ ဆေးပင်သွားရောင်းခြင်းကဲ့သို့ သူမကိုယ်တိုင်လုပ်နိုင်သော ကိစ္စလေးများအတွက် အခြားသူများကိုဒုက္ခမပေးချင်တော့ပေ။ မမျှော်လင့်ဘဲ ကျိုးရှန်းလင်မှာ နွားလှည်းကိုရပ်လိုက်ပြီး သူမပခုံးပေါ်မှ ထမ်းပိုးအားအတင်းဆွဲယူလိုက်သည်။
"အစ်မချွန်းမေရယ် တစ်ရွာတည်းသားတွေပဲကို ဘာလို့ဒီလောက်တောင် အားနာနေရတာလဲ"
ပြောရင်းဖြင့် ကျိုးရှန်းလင်နွားလှည်း၏ လိုက်ကာကိုမလိုက်သည်။
"အစ်မချွန်းမေ ကြည့်လေ၊ ကျွန်တော် ပြောတာ မှန်တယ်မလား၊ အထဲမှာ ဝါးခြင်းတောင်းနှစ်လုံးစာ နေရာလွတ်မရှိဘူးလား၊ နေရာလွတ်သာမရှိရင် ကျွန်တော် ခေါ်မှာမဟုတ်ဘူး၊ အလွတ်ဖြစ်နေမှတော့ ဘာလို့ ဆေးပင်တွေမတင်ရမှာလဲ"
ထို့နောက် ကျိုးရှန်းလင်သည် ဝါးခြင်းတောင်းများကို လှည်းပေါ်သို့တင်လိုက်လေသည်။
"အစ်မချွန်းမေ တက်လေ၊ မြို့ကိုအတူတူ ဆေးပင်သွားရောင်းကြတာပေါ့"
ကျိုးရှန်းလင် လှည်းညာဘက်ရှိ နေရာလွတ်ကို ပုတ်ပြလိုက်သည်။ နွားလှည်း၏အရှေ့ဘက်တွင် တစ်ဖက်တစ်ချက်စီ၌ လူတစ်ယောက်စီ ထိုင်ရန် နေရာအလုံအလောက်ရှိပြီး အလယ်တွင်ပင် နောက်တစ်ယောက် ထိုင်၍ရသေးသည်။ ရန်ချွန်းမေ လှည်းညာဘက်တွင် ဝင်ထိုင်လိုက်ရာ သူမခြေထောက်များ လွတ်လပ်သွားပြီး တစ်ကိုယ်လုံးလည်း အတော်လေး သက်သာရာရသွားကာ အထူးသဖြင့် ခြေထောက်များမှာ ပို၍သက်သာသွားရ၏။ သူမသည် အသွားအပြန် သူ့လှည်းကိုစီးခဲ့ရသဖြင့် အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ဆေးပင်ရောင်းရသည်မှာ အလွန်လွယ်ကူသက်သာနေခဲ့သည်။ ထို့ကြောင့် ဆေးပင်များရောင်းပြီးနောက် သူ့ကိုကျေးဇူးတင်ရန်အတွက် တစ်ခုခုဝယ်ပေးရန် သူမစဉ်းစားလိုက်၏။ သူမအများကြီး မသုံးရက်သဖြင့် နှစ်ပြားတန်ပဲနီလေးနှင့် ဝက်ဆီ ကောက်ညှင်းမုန့်ကိုဝယ်လိုက်သည်။
"ရှန်းလင် ကျေးဇူးတင်ပါတယ်ကွယ် ရော့ ဒါလေးစားလိုက်"
ရန်ချွန်းမေ ယခုလေးတင်ဝယ်လာသော ပဲနီလေးနှင့်ဝက်ဆီ ကောက်ညှင်းမုန့်များကို ကျိုးရှန်းလင်ထံကမ်းပေးလိုက်သည်။ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသောဆန်မှုန့်များ အထက်အောက်ညှပ်ထားပြီး အလယ်တွင် ပဲနီလေးများပါဝင်ရာ မြင်ရုံဖြင့် အလွန်စားချင်စဖွယ်ကောင်းနေသည်။ ကျိုးရှန်းလင်မှာ ယခုအခါငွေကြေးပြည့်စုံနေပြီဖြစ်သော်လည်း သူကိုယ်သူတော့ချွေတာနေဆဲပင်။ မြို့သို့သွားတိုင်း မရှိမဖြစ်လိုအပ်သည့် အရာများမှလွဲ၍ မည်သည်ကိုမှ မဝယ်တတ်ချေ။ သူ့အဝတ်အစားများမှာ ဟောင်းနွမ်းပြီး အပေါက်များစွာရှိနေလျှင်ပင် သူဆက်ဝတ်နေဆဲဖြစ်သည်။ အခြားသူများသာဆိုလျှင် ထိုအဝတ်ဟောင်းများကို ယခင်ကတည်းက လွှင့်ပစ်လိုက်မည် သို့မဟုတ် အနည်းဆုံးချည်ထည်အသစ်တစ်စုံ ချုပ်ဝတ်လောက်ပြီဖြစ်သည်။ ချည်ထည်မှာ မစျေးကြီးဘဲ တစ်ပေလျှင်လေးပြားသာ ရှိသော်လည်း ကျိုးရှန်းလင်မှာမူ ထိုငွေကို မသုံးရက်ပေ။ မြို့မှသရေစာများဝယ်စားရန်ဆိုသည်မှာ တွေးပင်မတွေးရဲချေ။ ရန်ချွန်းမေ ဝယ်လာပေးသော သရေစာများကိုမြင်သောအခါ ကျိုးရှန်းလင်ရင်ထဲတွင် နွေးထွေးသွားပြီး ငယ်စဉ်က သူ့မိခင် ဝယ်ကျွေးတတ်ခဲ့သည်များကို အမှတ်ရသွားမိသည်။
"အစ်မချွန်းမေပဲ စားလိုက်ပါ၊ ကျွန်တော်က, ကလေးမဟုတ်တော့ပါဘူး၊ ဒါတွေမစားတော့ပါဘူး"
ရန်ချွန်းမေ စိုးရိမ်တကြီးဖြင့်ပြောလိုက်၏။
"ဒါက ကလေးတွေပဲစားရတာလို့ ဘယ်သူပြောလဲ၊ လူကြီးတွေလည်း စားလို့ရတာပဲကို ပူတုန်းလေးစားလိုက်ပါ၊ အရမ်းမွှေးတာပဲ၊ မင်းမှမစားရင် အပြန်ကျမင်းလှည်းကိုကပ်စီးဖို့ ငါဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ"
ကျိုးရှန်းလင်မျက်ဝန်းများတွင် အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
‘ဪ ဒါကြောင့်ကိုး’
သူ ပြုံးလျက်ပြန်ဖြေလိုက်သည်။
"အစ်မချွန်းမေ အရမ်း အားနာမနေပါနဲ့၊ တစ်ရွာတည်းသားတွေပဲ အချင်းချင်း ကူညီတာက သိပ်အရေးကြီးတဲ့ကိစ္စမှ မဟုတ်တာ၊ ရင်ထဲမှာမထားပါနဲ့ အစ်မ တော်တော်ပိန်သွားတာပဲ၊ အစ်မပဲစားလိုက်ပါ"
သူမကျန်းမာရေးကို စိုးရိမ်ပေးနေသည့် သူ့စကားများကို ကြားရသောအခါ ရန်ချွန်းမေဝမ်းနည်းစိတ်တစ်ခု ဝင်လာခဲ့သည်။ ဤကာလအတွင်း ရွာထဲရှိလူများစွာထံမှ အကူအညီများရရှိခဲ့သော်လည်း သူမကိုယ်တိုင်သာသိသော အခက်အခဲ များစွာလည်းရှိခဲ့သည်။ သို့မဟုတ်လျှင် သူမသည် ဤမျှတိုတောင်းသောအချိန်အတွင်း ပေါင်လေးဆယ်ခန့်ပိန်ကျသွားမည်မဟုတ်ပေ။ သူမဝယ်လာသောမုန့်ကို သူတကယ် ငြင်းဆိုနေသည်အားမြင်သောအခါ ရန်ချွန်းမေ စုတ်ပြဲနေသော သူ့အဝတ်အစားများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ရှန်းလင် မင်းအဝတ်အစားတွေကို ငါပြန်ချုပ်ပေးမယ်လေ၊ အိမ်မှာရှိသမျှစုတ်နေတဲ့ အဝတ်တွေအကုန် ငါ့ကိုပေး၊ ငါအိမ်ယူသွားပြီး ဖာပေးမယ်၊ ရှေးစကားတောင် ရှိသေးတယ်မလား ဖာထေးပြီးဝတ်ရင် နောက်ထပ်သုံးနှစ်ခံတယ်တဲ့"
လှည်းမောင်းနေသော ကျိုးရှန်းလင်ထိုစကားကိုကြားသောအခါ အလွန်တရာဝမ်းသာသွားရသည်။
‘ဒါဆို သိပ်ကောင်းတာပေါ့၊ သူ့အဝတ်တွေကို ဖာပေးမယ့်သူရှိလာပြီလေ’
သူ ချက်ချင်းပင်အကြံပြုလိုက်သည်။
"အစ်မချွန်းမေ ကျွန်တော့်ဆီမှာ စုတ်နေတဲ့ အဝတ်တွေအများကြီးရှိတယ်၊ မနက်ဖြန် ဆေးပင်သွားရောင်းရင်လည်း ကျွန်တော့်လှည်းကို ကပ်စီးနော်၊ မစီးရင် ကျွန်တော်အားနာမိလိမ့်မယ်"
ခဏအကြာတွင် သူတို့နှစ်ဦးမှာအတော်လေးရင်းနှီးသွားကြသည်။ ရန်ချွန်းမေတွင် သာမန်မိန်းကလေးများနှင့် မတူသော နူးညံ့သိမ်မွေ့မှုမျိုးရှိ၏။ မည်သည့်အခြေအနေမျိုးတွင်မဆို သူမသည် အမြဲတမ်းတည်ငြိမ်အေးဆေးပြီး ဒေါသထွက်၍မျက်နှာနီမြန်းခြင်းမျိုးမရှိသကဲ့သို့ မည်သူ့ကိုမှလည်းမဆူပူတတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျိုးရှန်းလင်မှ စိတ်ရှုပ်ထွေးပြီး ဝမ်းနည်းနေချိန်များတွင် သူမသည်အမြဲတမ်းအားပေးစကားပြောတတ်ပြီး သူနားမလည်နိုင်သောအရာများကို ကျော်လွှားနိုင်ရန် ခွန်အားများစွာပေးစွမ်းနိုင်ခဲ့သည်။
သူ့မိခင်ရှုရှီမှလွဲ၍ ဤလောကတွင်မည်သည့်အမျိုးသမီးကမှ သူ့အပေါ် ဤမျှမကောင်းခဲ့ဖူးပေ။ ထို့ကြောင့် ကျိုးရှန်းလင်မှာ ရန်ချွန်းမေသူ့အနားတွင် ရှိနေခြင်းဆိုသည့်ခံစားချက်ကို တဖြည်းဖြည်း တန်ဖိုးထားလာခဲ့သည်။ ရန်ချွန်းမေ၏ အလှအပများ မှေးမှိန်သွားပြီး အရွယ်လွန်နေပြီဖြစ်သော်လည်း ကျိုးရှန်းလင်သည် သူမ၏နူးညံ့သိမ်မွေ့သော သဘာဝလေးကိုသာ စွဲလန်းနေခဲ့ပြီး သူမသည်သာ သူရှာဖွေနေသော အမျိုးသမီးဖြစ်ကြောင်း သေချာသွားခဲ့တော့၏။
***