အဖွားစွင်း၏နာမည်ရင်းမှာ စွင်းကျောက်တိဖြစ်သည်။ သူမသည် မိသားစုတွင် အကြီးဆုံးသမီးဖြစ်ပြီး သူမမိဘများမှာ သားယောက်ျားလေးကိုသာ အလွန်အမင်း လိုချင်တောင့်တခဲ့ကြသဖြင့် သူမကိုကျောက်တိဟု အမည်ပေးခဲ့ကြခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဒုတိယမြောက်ရင်သွေးမှာလည်း သမီးမိန်းကလေးပင်ဖြစ်လာပြန်ရာ သူမကိုလိုင်တိဟုအမည်ပေးခဲ့ကြသည်။ နောက်ဆုံးတတိယမြောက်ကျမှသာ သားယောက်ျားလေးထွန်းကားခဲ့တော့၏။ မိသားစု၏ သားဦးစားပေး အယူအဆကြောင့် သူမနှင့် သူမ၏ဒုတိယညီမတို့မှာ မိဘများ၏မျက်နှာသာပေးမှုကို တစ်ခါမှမရရှိခဲ့ဘဲ မောင်ဖြစ်သူထက်အရာရာ လျော့နည်းစွာသာရရှိခဲ့ကြသည်။
သူမ အိမ်ထောင်ကျသွားပြီးသည့်တိုင်အောင်ပင် သူမစိတ်ထဲတွင် သားယောက်ျားလေးလိုချင်သည့်အစွဲမှာ ကျန်ရစ်နေဆဲဖြစ်သည်။ သို့သော် ကံတရားမှာ သူမအပေါ် ကြင်နာခဲ့ပြီး ပထမဆုံးကိုယ်ဝန်ကတည်းမှ သားယောက်ျားလေးများကို သုံးယောက်တိတိ ဆက်တိုက်မွေးဖွားစေခဲ့၏။
ဤအချက်ကပင် သူမကိုယောက္ခမအိမ်တွင်ရော တစ်ရွာလုံးတွင်ပါ အလွန်အမင်း အရှိန်အဝါရှိပြီး လေးစားခြင်းခံရသူ ဖြစ်လာစေခဲ့သည်။ သို့သော် သူမသားသုံးယောက်ဖြစ်သော တချန်း၊ အာ့ရှုနှင့် စန်းရှီတို့နှင့် ပတ်သက်၍ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို သူမသတိထားမိသည်။ သားကြီးတချန်းကိုမွေးစက သူမအချစ်ဆုံးဖြစ်သည်။ ဒုတိယသားအာ့ရှုမွေးလာသောအခါတွင်မူ သူမသိပ်မချစ်တော့ဘဲ သူမမေတ္တာမှာ သားကြီးဆီမှာသာအများဆုံး ရှိနေခဲ့သည်။ တတိယသားစန်းရှီ မွေးလာချိန်တွင်မူ သူမသည် သူ့ကို အလွန်အမင်းအလိုလိုက် အချစ်ပိုခဲ့ပြီး ဒုတိယသားကိုတော့ လုံးဝကိုမချစ်နိုင်ခဲ့ပေ။
နောင်တွင် ဒုတိယသားအိမ်ထောင်ကျသောအခါမှသာ သူမအဘယ်ကြောင့် သူ့ကို မချစ်သည်ကို နားလည်သွားခဲ့သည်။ ဤဒုတိယသားမှာ သူမကိုစိတ်အနှောင့်အယှက်ပေးရန် လူဖြစ်လာခြင်းပင်။ မြေခွေးမ ချန်ဟုန်ယန်နှင့် လက်ထပ်ပြီးနောက်တွင် သူသည် မိခင်ဖြစ်သူကို လုံးဝလျစ်လျူရှုခဲ့သည့်အပြင် သားသုံးယောက်အနက် ကျိုးအာ့ရှုတစ်ယောက်သာ သားယောက်ျားလေးမထွန်းကားခဲ့ပေ။ သူမ ကျိုးအာ့ရှုကို ချန်ဟုန်ယန်နှင့် ကွာရှင်းစေပြီး သားမွေးပေးနိုင်မည့်သူနှင့် ပြန်ပေးစားချင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဤသားမှာသူမကိုအာခံကာ ထိုမြေခွေးမနှင့် မကွာရှင်းနိုင်ဘဲ အိမ်ခွဲနေရန်သာရွေးချယ်ခဲ့သည်။
သူမ ငယ်စဉ်ကတည်းမှ ကျိုးအာ့ရှုကို မနှစ်မြို့ခဲ့သည်မှာ အထင်အရှားပင်။ အိမ်ခွဲသွားပြီး အရာရာကိုလက်လွှတ်လိုက်ရပြီးနောက် သူသည်ခွင့်လွှတ်မှု လာတောင်းလိမ့်မည်ဟု သူမထင်ခဲ့သော်လည်း ထိုလင်မယားမှာ ခက်ခဲသောဘဝကို ရုန်းကန်ရင်း ဇွဲဖြင့်ရှင်သန်ခဲ့ကြသည်။ ကျိုးထောင်ဟွား ပြင်းပြင်းထန်ထန်ဖျားနာပြီး ဆေးကုရန် ဆယ်တေးလိုအပ်လာမှသာ ကျိုးအာ့ရှုမှာ နည်းလမ်းမရှိတော့ဘဲ အိမ်ဟောင်းသို့ငွေလာချေးခဲ့ခြင်းဖြစ်သည်။
သို့သော် သူမငွေမချေးဘဲ ငြင်းဆန်နေဆဲ ဖြစ်သည်။ သူမအမြင်တွင် သမီးမိန်းကလေးကို ပြုစုပျိုးထောင်ခြင်းမှာ ငွေကိုကျင်းထဲပစ်ချနေသကဲ့သို့ဖြစ်ပြီး ဆေးကုခမှာ ဆယ်တေးကုန်သော်လည်း အိမ်ထောင်ချပေးလျှင် တင်တောင်းငွေသည်ငါးတေးသာ ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမငွေမချေးပေးခဲ့ခြင်းပင်။
သို့သော် နှစ်အနည်းငယ်အကြာကျိုးထောင်ဟွား အသက် ၁၄ နှစ် အရွယ်တွင် သူမသည် ကျိုးထောင်ဟွားကို သခင်ကြီးလီ၏ကိုယ်လုပ်တော်အဖြစ်ပို့ရန် ယုတ်မာသောအကြံစည်ကို ကြံစည်ခဲ့ရာမှ အရာရာ ပြောင်းလဲသွားခဲ့သည်။ ကျိုးထောင်ဟွားသည် နတ်ဆိုးများကိုမြင်နိုင်စွမ်းရှိလာသည်သာမက သူမ၊ စန်းရှီ နှင့် ကျိုးမိသားစုအိမ်တော်တစ်ခုလုံးမှာ ကံဆိုးမှုများနှင့် စတင်ကြုံတွေ့ခဲ့ရ၏။ သူမအတိတ်မှ မကောင်းမှုများကြောင့်ပင် ဤနတ်ဆိုးများ သူမနောက်သို့အရူးအမူး လိုက်နေကြခြင်းဖြစ်နိုင်သည်။
ကျိုးထောင်ဟွား အခြားသူများကို နတ်ဆိုးနှင်ပေးလျှင် နှစ်တေးသာယူသော်လည်း ကျိုးအိမ်တော်ကိုမူဆယ်တေးတောင်းဆိုခဲ့သည်။ အစပိုင်းတွင် အကြွေးစာချုပ်ဖြင့် ကပ်သီးကပ်သတ် လုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထောင်ဟွားမှ အကြွေးဟောင်းမဆပ်လျှင် လုံးဝကုမပေးတော့ဟုငြင်းဆန်ခဲ့သည်။ မတတ်သာသည့်အဆုံး ကျိုးထောင်ဟွား ညွှန်ကြားသည့်အတိုင်း အကြွေးဟောင်းများ အကုန်ဆပ်ခဲ့ရပြီး တစ်ကြိမ်လျှင် ဆယ်တေးဆိုသည့် ဈေးနှုန်းကိုလည်း လက်ခံခဲ့ရသည်။ ထိုကလေးမမှာ တကယ်ကိုအညှိုးကြီးလှ၏။
နောက်ပိုင်းတွင် ကျိုးကျားရွာ၌ ကာကွယ်ရေးအစီအမံများ တပ်ဆင်လိုက်ပြီးနောက် အခြေအနေများ ကောင်းမွန်လာခဲ့ပြီး သူမသည် ရွာထဲတွင်ရှိနေစဉ် နတ်ဆိုးများ၏အနှောင့်အယှက် မခံရတော့ပေ။ သို့သော် ရွာပြင်ထွက်လိုက်သည်နှင့် သူမနားမလည်နိုင်သော ဝေဒနာများ စွဲကပ်လာတတ်ပြီး တစ်နေ့ ခေါင်းကိုက်လိုက် တစ်နေ့ခြေထောက်နာလိုက်နှင့် ဘဝမှာအလွန်ပင်ပန်းလှသည်။ တစ်ခါတရံတွင် အိပ်မက်ဆိုးများပင် မကြာခဏမက်တတ်၏။
သူမမိသားစုဘဝမှာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာခဲ့ပြီး အုတ်အိမ်ဆောက်နိုင်ကာ နွားလှည်းဝယ်နိုင်ခဲ့သကဲ့သို့ နေ့စဉ်ပုံမှန်ဝင်ငွေလည်း ရှိလာသည်။ သို့သော် ဘဝကပြည့်စုံလာသော်လည်း သူမကျန်းမာရေးမှာ အမြဲတမ်းယိုယွင်းနေပြီး လုံးဝ ပြန်မကောင်းနိုင်တော့ပေ။ အဖွားစွင်း တစ်ခါတရံတွင် ဤအရာမှာဝဋ်လည်နေခြင်းလားဟု တွေးတောမိတတ်သည်။ ထို့ကြောင့် ကောင်းမှုကုသိုလ်များစတင်ပြုလုပ်ခြင်းက အခြေအနေကိုပြောင်းလဲနိုင်မလားဟု သူမစဉ်းစားခဲ့၏။
‘ဘာပဲဖြစ်ဖြစ် ကောင်းမှုပြုရင် ကံကောင်းခြင်းများ ရလာသင့်သည် မဟုတ်ပါလား’
အဖွားစွန်း တိတ်တဆိတ်ဆုတောင်းခဲ့သော်လည်း သူမသည်ကောင်းမှုပြုရာတွင် အလွန်ဝန်တိုသူဖြစ်ရာ ပြောင်းလဲမှုမှာတော့ များစွာမရှိလှပေ။ ထို့ပြင် ကျန်းချွေ့အာမှ ထိုနှစ်ဖေဖော်ဝါရီလတွင် သားဖြစ်သူ ကျိုးကျန်းကိုမွေးဖွားခဲ့သည်။ သူသည် ကျိုးထောင်ဟွား၏သမီးဖြစ်သူ ရှန်းခိုင်ယန်ထက် နှစ်လပိုကြီးသည်။ လမ်းစလျှောက်တတ်သည့် အချိန်မှစ၍ ဤကလေးမှာ ရှန်းမိသားစုအိမ်သို့ ပြေးသွားရန် အလွန်ဝါသနာပါ၏။ သူပထမဆုံး စတတ်သည့်စကားမှာ "ဖေဖေ" "မေမေ" ပြီးလျှင် "ညီမလေး"ဆိုသည့် စကားပင် ဖြစ်သည်။ သူ့ထံ၌ ကောင်းနိုးရာရာလေးများရှိလျှင် ညီမဖြစ်သူရှန်းခိုင်ယန်ကို အမြဲသတိရတတ်သည်။ နောက်ပိုင်းတွင် ရွာထဲရှိအဒေါ်ကြီးများမှ သူသည် ရှန်းခိုင်ယန်၏အရိပ်လေးဖြစ်သည်ဟု နောက်ပြောင်ကြတော့၏။
ကျန်းချွေ့အာ၏ညီမလေး ကျန်းကျူးအာသည်လည်း လင်ကောင်းတစ်ယောက်ကို ရွေးချယ်တတ်သူဖြစ်သည်။ ကျိုးကျားရွာကို ပိတ်ထားခဲ့စဉ်အတွင်း ရွာသားများစွာမှာ အချင်းချင်းလက်ထပ်ခဲ့ကြသည်ဟုဆိုကြ၏။ ထိုနှစ်တွင် သူမ အသက် ၁၅နှစ်ရှိပြီး နောက်တစ်နှစ်တွင် ၁၆ နှစ်ပြည့်တော့မည်ဖြစ်သည်။ သူမမိဘများမှ စိုးရိမ်တကြီးဖြင့် အောင်သွယ်ငှားကာ လက်ထပ်ပေးရန်ကြိုးစားသော်လည်း သူမငြင်းဆန်နေခဲ့သည်။
ကျန်းမိသားစုမှာ သူမမည်သည့်အရာများ ဖြစ်နေသည်ကို မသိသော်လည်း သူမ အသည်းအသန် ငြင်းနေသဖြင့် အတင်းအကျပ်မလုပ်ခဲ့ကြပေ။ သူမ အိမ်ထောင်မပြုတော့ဟု ထင်နေခဲ့ကြသော်လည်း မမျှော်လင့်ဘဲ ကျိုးကျားရွာ ပြန်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် ထိုနေရာသို့ ချက်ချင်းပြေးသွားခဲ့သည်။ ကျန်းလင်မယားမှာ လုံးဝကို အံ့အားသင့်သွားရ၏။ နောက်မှသိလိုက်ရသည်မှာ သူမသည် ကျိုးကျားရွာတွင်သာ ကောင်းမွန်သော လက်တွဲဖော်ကို ရှာတွေ့ထားပြီးသားဖြစ်နေခြင်းပင်။ ထိုအခါမှသာ ဤမိန်းကလေးမှာ အလွန်ပါးနပ်ပြီး သူမအတွက် အသင့်တော်ဆုံးလက်တွဲဖော်ကို ကိုယ်တိုင်ရှာဖွေထားခဲ့သည်ကို မိဘများ သိလိုက်ရတော့သည်။
ကျိုးကျားရွာတွင် အချမ်းသာဆုံးသူပင်လျှင် ကျိုးရှန်းယုံတို့မိသားစုနှင့် မယှဉ်နိုင်ပေ။ ထို့အပြင် ကျိုးရှန်းယုံမှာ တစ်ဦးတည်းသောသားဖြစ်ပြီး အိမ်နှင့်မြေယာအားလုံးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ကံကောင်းသည်မှာ ကျိုးရှန်းယုံသည် သူမထက်တစ်နှစ်ငယ်သဖြင့် အခြားမိန်းကလေးများမှ ဦးအောင်မဆွဲသွားနိုင်ခြင်းပင်ဖြစ်သည်။ ကျိုးရှန်းယုံမှာ အသက် ၁၅ နှစ်သာရှိသေးပြီး အလွန်တရာရိုးအသူဖြစ်ရာ ကျန်းကျူးအာ၏ဝန်ခံစကားများအောက်တွင် ချက်ချင်းပင် စိတ်ညှို့ခံလိုက်ရသကဲ့သို့ သူမအပေါ် အရူးအမူးဖြစ်သွားခဲ့တော့သည်။ နောက်ဆုံးတွင် ကျန်းကျူးအာသည် ကျိုးအိမ်ဟောင်းမှာပင် နေထိုင်ကာ ကျိုးရှန်းယုံကို တစ်ချက်တည်းနှင့် သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့၏။
ဇွဲရှိမှုကြောင့်ပင် ကျန်းကျူးအာမှာ ကျိုးရှန်းယုံ၏မိသားစုအား သူမကိုတင်တောင်းရန် အောင်မြင်စွာဖျောင်းဖျနိုင်ခဲ့သည်။ ကျန်းကျူးအာမှာ ကျိုးရှန်းယုံစရိုက်ကိုသိ၏။ သူသည် အတိတ်တွင် ဆိုးသွမ်းခဲ့သော်လည်း ဗီဇမှာတော့မဆိုးလှပေ။ ယခု သူ အသက် ၁၅နှစ်ရှိပြီဖြစ်ရာ လူလားမြောက်ပြီး သိတတ်လာပြီဖြစ်သဖြင့် သူမမျက်လုံးထဲတွင်တော့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာမည့်သူပင်။
ကျိုးကျားရွာသို့ အောင်မြင်စွာ အိမ်ထောင်ပြုဝင်နိုင်ခဲ့ပြီးနောက် ကျန်းကျူးအာမှာ နောက်ဆုံးတော့ စိတ်အေးသွားခဲ့ရသည်။ သူမ၏တစ်သက်တာစားဝတ်နေရေးအတွက် စိုးရိမ်စရာမလိုတော့ပြီပင်။ ထို့ပြင် သူမ၏အစ်မနှင့် တူဖြစ်သူတို့မှာလည်း ရွာထဲမှာပင်ရှိနေသဖြင့် ခဏခဏသွားလည်နိုင်သလို ညီမထောင်ဟွားလည်း ထိုနေရာမှာရှိနေသည်လေ။ နှစ်နှစ်အကြာတွင် သမီးလေးတစ်ယောက်ကို သူမမွေးဖွားခဲ့သည်။ ထိုကလေးမှာ ရွာထဲရှိရွယ်တူများထဲတွင် နောက်ဆုံးမှ မွေးသည့်ကလေးဖြစ်၏။ ထို့ကြောင့် ရွာထဲရှိကလေးတစ်သိုက် ဆော့ကစားကြသည့်အခါတိုင်း ကျန်းကျူးအာ၏သမီးလေးမှာ အမြဲတမ်း နောက်ဆုံးမှ ပြေးရသူဖြစ်နေတတ်သည်။
ထိုမိန်းကလေးငယ်လေးမှာ အခြားသူများကိုမမှီသော်လည်း ပင်ကိုယ်ဗီဇအတိုင်းသွားလေးများပေါ်အောင်ပြုံးကာ သူတို့နောက်သို့ အားတက်သရောလိုက်နေတတ်၏။ ကျိုးရှန်းယုံမှာ သူ့သမီးလေးကို ချိုးကျူးဟု အမည်ပေးခဲ့ပြီး ဤသည်မှာ မိခင်ဖြစ်သူ၏အမည်ထဲမှ ကျူးဆိုသည့် စာလုံးလေးကိုယူကာ အမည်ပေးထားခြင်းပင်။
***