ယန်ကျန်းကျူး ချောင်းချွင်းရှန်း၏ အဆောင်ရည်ကြောင့် သေလုနီးပါးဖြစ်ခဲ့ရပြီးနောက်ပိုင်းတွင် ကျိုးထောင်ဟွား၏အကြံပေးချက်ကို နားထောင်ကာ သူမ၏နူးညံ့သိမ်မွေ့သော ဆွဲဆောင်မှုဖြင့် ခင်ပွန်းဖြစ်သူ ကျိုးရှန်းတဲ့စိတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအခါမှစ၍ ကျိုးရှန်းတဲ့မှာ သူမစကားကိုအကြွင်းမဲ့ နားထောင်သူ ဖြစ်လာခဲ့၏။ ချောင်းချွင်းရှန်းသည်လည်း သားနှင့်ချွေးမဖြစ်သူတို့မှ သူမကိုအဖက်မလုပ်ဘဲ ပစ်ထားမည်ကို ကြောက်ရွံ့သဖြင့် မည်သည့်ယုတ်မာသော အကြံအစည်ကိုမှမကြံရဲတော့ချေ။
သူမ တစ်နေ့တခြား အသက်အရွယ် ကြီးရင့်လာနေပြီဖြစ်ရာ သားနှင့်ချွေးမကသာ သူမအပေါ်မကောင်းလျှင် သူမဘဝ ပြီးသွားပြီပင်။ နောက်ပိုင်းတွင် အသိတစ်ယောက်၏ မိတ်ဆက်ပေးမှု အကူအညီဖြင့် ယန်ကျန်းကျူးသည် ပရဟိတဂေဟာတစ်ခုမှ မောင်နှမနှစ်ယောက်ကို မွေးစားခဲ့သည်။ အစ်မဖြစ်သူမှာ အသက် ၅ နှစ်ရှိပြီဖြစ်ပြီး မောင်လေးမှာ အသက် ၃ နှစ်ဖြစ်သည်။ သူတို့ကို ကျိုးယွဲ့ခယ်နှင့် ကျိုးယွဲ့ကျုံးဟု အမည်ပေးခဲ့ပြီး မောင်နှမနှစ်ဦးစလုံးမှာ အလွန်တရာချောမောလှပကြ၏။
အိမ်တွင် ကလေးများရှိလာသောအခါ ကျိုးရှန်းတဲ့သည် ယန်ကျန်းကျူးအပေါ် ယခင်ကထက်ပို၍ အထူးကြင်နာယုယလာခဲ့သည်။ တစ်နေ့ ရှန်းခိုင်ယန်အသံနတ်ဆိုးနှင့်အတူ မြို့ထဲသို့သွားခဲ့၏။ သူမ ထိုနတ်ဆိုး၏ပခုံးပေါ်တွင် ထိုင်ကာ အောက်ဘက်မှ ဖြတ်သွားဖြတ်လာလုပ်နေသော လူများကိုငေးကြည့်နေခဲ့သည်။ ချင်းရွှေကောင်တီတစ်ခုလုံးတွင် ထိုနတ်ဆိုးထက် အရပ်ပိုရှည်သူတစ်ယောက်မျှမရှိပေ။ ထိုအချိန်၌ ရှန်းခိုင်ယန်သည် အသက် ၁၀ နှစ်ပြည့်ခါစသာရှိသေးပြီး ကလေးရုပ်မပျောက်သေးပေ။
မြို့ထဲတွင် စားသောက်ဆိုင်အသစ်တစ်ဆိုင်ဖွင့်ထားပြီး သူတို့ဆိုင်မှသူဖုန်းစားကြက်ကင်မှာ အလွန်တရာအရသာရှိကြောင်း သတင်းကြားထားသဖြင့် သူမနှင့်ထိုနတ်ဆိုးတို့ သွားစားကြရန်ထွက်လာခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ ဆေးခန်းတစ်ခုရှေ့မှဖြတ်သွားစဉ် ဆေးခန်းထဲမှ ငိုကြွေးသံများကို ရုတ်တရက်ကြားလိုက်ရသည်။ ငိုသံမှာလူသေသွားသည့်အလား ရင်ကွဲမတတ်ဆွေးမြည့်နေလှ၏။
"သမားတော်မာ ကျေးဇူးပြုပြီးသနားပါဦး၊ ငွေဘယ်လောက်လိုလဲဆိုတာသာ ပြောပါ ကျွန်မရှာပေးပါ့မယ်၊ ကျွန်မရဲ့ မြေးလေးကို ကယ်ပါဦးရှင်"
ရှန်းခိုင်ယန် ဆေးခန်းအဝင်ဝတွင် ထိုနတ်ဆိုးကိုရပ်ခိုင်းလိုက်သည်။ သူမ အထဲသို့ လှမ်းကြည့်လိုက်သောအခါ ဆံပင်ဖြူနေသော အသက်ကြီးကြီးအဖွားအိုတစ်ဦးမှ အသက် ၅နှစ်ခန့်ရှိမည့် ကလေးငယ်တစ်ဦးကို ပွေ့ဖက်ထားသည်အားမြင်လိုက်ရသည်။ ကလေးငယ်၏ မျက်နှာမှာ သဘာဝမကျလောက်အောင် ဖြူလျော်နေပြီး မြင်မြင်ချင်းမှာပင် အသက်မပါတော့သကဲ့သို့ဖြစ်နေသည်။ သူ့အသက်ရှူသံမှာလည်း တိမ်ဝင်နေပြီး သေလုမြောပါးဖြစ်နေပုံပင်။ အဖွားအို၏အဝတ်အစားများမှာ အရောင်လွင့်ကာဖာထေးရာများဖြင့် ပြည့်နေပြီး ဆင်းရဲနွမ်းပါးကြောင်း သိသာထင်ရှားနေ၏။ ကြမ်းပြင်ပေါ်တွင် သူမဒူးထောက်ကာ သမားတော်မာကို အကြိမ်ကြိမ်ဦးချတောင်းပန်နေသည်။ သမားတော်မာလည်း မတတ်နိုင်သည့်ဟန်ဖြင့် သက်ပြင်းချကာပြောလိုက်၏။
"အဒေါ်ကြီးရယ် ထပါတော့၊ ကျွန်တော်ကမကူညီချင်လို့ မဟုတ်ပါဘူး၊ တကယ်ကို တခြားနည်းလမ်းမရှိတော့လို့ပါ၊ လေ့အာကိုကယ်ဖို့အတွက် အဒေါ်ကြီးဆယ်တေးတောင် ချေးထားပြီးပြီလေ၊ ဒါပေမဲ့ ဒီဆေးတွေက သူ့အတွက်ဘာမှမထူးခြားလာတဲ့အပြင် သူကပိုပြီးအားနည်းလာတာပဲရှိတယ်၊ အဒေါ်ကြီးလက်လျှော့လိုက်တာ အကောင်းဆုံးပါပဲ၊ လေ့အာရဲ့ နာရေးအတွက် ငွေလေးနည်းနည်းထပ်ချေးလိုက်တာက ပိုပြီးသေချာပါလိမ့်မယ်၊ မဟုတ်ရင်လည်း နောက်ဆုံးရလဒ်က အတူတူဖြစ်နေမှာပါပဲ"
သမားတော်မာ ဆေးကုသလာခဲ့သည်မှာ အနှစ် ၄၀ ရှိပြီဖြစ်ရာ ရောဂါကြီးကြီးမားမားဖြစ်နေသော်လည်း ငွေမရှိသည့်လူနာပေါင်း မရေမတွက်နိုင်အောင်တွေ့ဖူးခဲ့သည်။ သူတို့ကံကြမ္မာအတွက် သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်သလို ခံစားရသည်။ သူအလွန်ဆုံး လုပ်ပေးနိုင်သည်မှာ လူနာကြည့်ခကိုလျှော့ပေးရန်သာဖြစ်ပြီး ဆေးဖိုးကိုတော့ပေးရမည်ဖြစ်သည်။ သို့တိုင်အောင် လေ့အာသည် သူ့ဆေးခန်းတွင် ဆေးများစွာသောက်ခဲ့ပြီးဖြစ်သည်။ အဖွားအိုမှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ပြင်းပြင်းထန်ထန် ရှိုက်ကြီးတငင်ငိုကြွေးနေ၏။
‘သူမ ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ’
လေ့အာကို မြို့ထဲရှိဆေးခန်းတိုင်းသို့ သူမ ခေါ်သွားခဲ့ပြီးဖြစ်ကာ အားလုံးမှာသူမကို လက်လျှော့ရန်သာ အကြံပေးခဲ့ကြသည်ပင်။
"သမားတော်မာ လေ့အာက ကျွန်မတို့ဟူမိသားစုရဲ့ တစ်ဦးတည်းသောသွေးသားလေ၊ ကျွန်မကမုဆိုးမတစ်ယောက်ပါ၊ သားနဲ့ ချွေးမကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ကြတယ်၊ ကျွန်မ အကြွေးတင်မှာကို မကြောက်ပါဘူး၊ ကျွန်မတစ်သက်လုံး အလုပ်လုပ်ပြီးဆပ်ပါ့မယ်၊ ဒါပေမဲ့ လေ့အာလေးသာသေသွားရင် ကျွန်မမှာဘာမျှော်လင့်ချက်တွေ ရှိတော့မှာလဲ၊ ကျွန်မအသက်ရှင်နေရင်တောင် ဆက်ပြီးရှင်သန်နိုင်မှာ မဟုတ်တော့ဘူး"
အဖွားအိုမှာ အသက်ရှူမဝတော့သည်ထိ ငိုကြွေးနေခဲ့သည်။ ကြိုးဆိုသည်မှာလည်း အမြဲတမ်းအပါးဆုံးနေရာမှ ပြတ်တတ်စမြဲပင်မဟုတ်ပါလား။ မည်သူကမှ ဤကိစ္စအတွက် မည်သို့မှမတတ်နိုင်ခဲ့ကြပေ။ သမားတော်မာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဆိုလိုက်သည်။
"ဒါက ကံကြမ္မာအလိုအရပဲဖြစ်မှာပါ"
သမားတော်မာစကားကိုကြားသောအခါ အဖွားအိုမှာ ထိုအချိန်တွင် သူမ၏ကံကြမ္မာကို လက်ခံလိုက်ပုံရသည်။ သူမမြေးလေးကို ပွေ့ချီကာ အိမ်သို့ ပြန်လာခဲ့သည်။ မည်သို့ပင်ဆိုစေ မြေးလေးမှာ အသက်ရှင်နေသေးသည်ဖြစ်ရာ သူမသေမချင်းတော့ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ခြံတံခါးကိုပိတ်ရန် ပြင်လိုက်ချိန်တွင် အပြင်ဘက်၌ မတ်တတ်ရပ်နေသော အရပ်ရှည်ရှည်လူတစ်ယောက်ကို ရုတ်တရက်သတိထားမိလိုက်သည်။ ယခင်က အဖွားအိုမှာ ဝမ်းနည်းပူဆွေးလွန်းသဖြင့် အသံနတ်ဆိုး ရှိနေသည်ကိုသတိမထားမိခဲ့ပေ။ ယခု သူ၏အရပ်ရှည်ရှည်နှင့် တောင့်တင်းခိုင်မာသောပုံစံကို မြင်လိုက်ရသောအခါ သူမကျောချမ်းသွားခဲ့သည်။
"ဘာ ဘာကိစ္စရှိလို့လဲ လူစွမ်းကောင်းကြီး၊ ကျွန်မတို့က ဆင်းရဲပါတယ်၊ ကျွန်မတို့ဆီမှာ ဘာမှမရှိပါဘူး၊ ထမင်းစားတဲ့ ပန်းကန်တွေတောင် ကွဲနေတာပါ၊ လူစွမ်းကောင်းကြီး ကျေးဇူးပြုပြီး သနားသောအားဖြင့်ပြန်သွားပါတော့"
အဖွားအို တောင်းပန်လိုက်သည်။ သူမသည် မြေးလေးနှင့်အတူရှိနေမည့် နောက်ဆုံးအချိန်လေးများကိုသာ တန်ဖိုးထားဖြတ်သန်းချင်တော့သည်။
"သမီးတို့က ဓားပြတိုက်ဖို့လာတာမဟုတ်ပါဘူး၊ အဖွားနဲ့ အဖွားရဲ့မြေးလေးကို ကူညီပေးဖို့လာတာပါ"
အသံနတ်ဆိုး၏ပခုံးပေါ်မှ ကလေးအသံလေးတစ်သံရုတ်တရက် ထွက်ပေါ်လာသည်။ အဖွားအို ချက်ချင်းမော့ကြည့်လိုက်ရာ လှပပြီးချစ်စရာကောင်းသော မိန်းမငယ်လေးကို သတိထားမိလိုက်သည်။ သူမကိုမြင်လိုက်ရချိန်တွင် အဖွားအို၏စိုးရိမ်ကြောက်လန့်မှုများ အတော်လေးလျော့ကျသွားခဲ့၏။
‘ဒီလောက် ငယ်ရွယ်ပြီးချစ်စရာကောင်းတဲ့ ကလေးမလေးက ဘယ်လိုလုပ်လူဆိုးဖြစ်နိုင်မှာလဲ၊ ဒါပေမဲ့ ဒီလိုကလေးငယ်လေးက သူမကိုဘယ်လိုများ ကူညီပေးနိုင်မှာလဲ’
ရှန်းခိုင်ယန်နှင့် အသံနတ်ဆိုးတို့၏အဝတ်အစားများမှာ သေသပ်ကောင်းမွန်နေသည်ကို မြင်သောအခါ အဖွားအို သူတို့ငွေလာပေးသည်ဟုသာ ထင်လိုက်သည်။ သူမ သူတို့ကိုဧည့်ခန်းထဲသို့ခေါ်သွားပြီး ရေတစ်ခွက်စီငှဲ့ပေးကာ ကျေးဇူးတင်စကားဆိုလိုက်၏။
"မိန်းကလေးနဲ့ လူစွမ်းကောင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မလေ့အာကို မြို့ထဲက ဆေးခန်းတော်တော်များများကို ခေါ်သွားခဲ့ပြီးပါပြီ၊ သူတို့အားလုံးကလည်း ကုလို့မရတော့ဘူးလို့ပဲ ပြောကြပါတယ်၊ အခုချိန်မှာ ရှင်တို့ကူညီပေးနိုင်တာဆိုလို့ အခေါင်းဝယ်ဖို့ ငွေလေးလုံလောက်အောင်ပေးတာပဲ ရှိပါတော့တယ်"
ထိုသို့ပြောရင်း အဖွားအိုဝမ်းနည်းစွာဖြင့် မျက်ရည်များကို သုတ်လိုက်သည်။
"လေ့အာလေးသေသွားပြီးရင် ကျွန်မလည်း မကြာခင် သူ့နောက်လိုက်ရတော့မှာပါ"
"မဟုတ်ပါဘူး သမီးဆိုလိုတာက သူ့ကို ကယ်လို့ရသေးတယ်လို့ပြောတာ၊ သွားပြီး ရေတစ်ခွက်နဲ့ တူတစ်စုံယူခဲ့ပါ"
ရှန်းခိုင်ယန် အဖွားအိုကိုညွှန်ကြားလိုက်သည်။ သူမ ပြောပြီးသွားသောအခါ အသံနတ်ဆိုးမှာ အံ့ဩမှင်တက်သွားတော့၏။ ယန်ယန်နှင့် သူသည်နေ့တိုင်းအတူရှိနေပြီး သူမ နေ့စဉ်မည်သည့်အရာများ သင်ယူနေသည်ကို အတိအကျသိသည်။
‘ယန်ယန်က ကုသမှုနဲ့အသက်ကယ်တဲ့ပညာကို ဘယ်တုန်းကသင်သွားလိုက်သလဲဆိုတာ ဘယ်လိုလုပ်မသိလိုက်ရတာလဲ’
အဖွားအိုမှာတော့ အလွန်တရာဝမ်းသာသွားခဲ့သည်။ ရှန်းခိုင်ယန်မှာ အသက် ၁၀ နှစ်အရွယ် ကလေးမလေးသာဖြစ်သေးသည်ကို သူမလုံးဝမေ့သွားခဲ့သည်ထိပင်။ ရှန်းခိုင်ယန် ခိုင်းသည့်အတိုင်း ပစ္စည်းများကို ယူလာပေးပြီးနောက် သူမ မေးလိုက်သည်။
"မိန်းကလေး ရပါပြီ၊ လေ့အာကို ဘယ်လို ကယ်တင်ပေးမှာလဲဟင်"
ထိုအချိန်တွင် ဟူလေ့မှာ အခန်းထဲရှိကုတင်ပေါ်တွင် အိပ်ပျော်နေသည်။ ရှန်းခိုင်ယန် ရေခွက်ကိုကုတင်ဘေးရှိ စားပွဲပေါ်တွင်တင်လိုက်ရာ ထိုလူကြီးရော အဖွားအိုပါ သူမမှ ထိုကလေးကို မည်သို့ကယ်တင်မည်အား သိချင်စိတ်ဖြင့် စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ရှန်းခိုင်ယန် ရေခွက်ထဲသို့ တူနှစ်ချောင်းထည့်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ ရေပြင်မှာ လှိုင်းထသွားပြီး အထဲရှိတူများကို ကွေးကောက်သွားစေသယောင်ထင်ရစေသည်။ ခဏအကြာတွင် ရှန်းခိုင်ယန် ထိုတူများကို မတ်မတ်ရပ်သွားအောင် ပြုလုပ်လိုက်၏။
ရှန်းခိုင်ယန်၏အကြည့်နှင့်အတူ တူများမှာ ဟူလေ့အိပ်ပျော်နေသော ခေါင်းရင်းဘက်သို့ အတိအကျညွှန်ပြလျက်သား ဖြစ်နေသည်။ အသက်သုံးခါရှူချိန်ပင် မပြည့်သေးမီ နှစ်ခြိုက်စွာအိပ်မောကျနေသော ဟူလေ့မျက်တောင်များ ရုတ်တရက် လှုပ်ရှားလာပြီး သူ့မျက်လုံးများပွင့်လာခဲ့၏။ သူ့မျက်လုံးများမှာ ကြည်လင်နေပြီး ယခင်ကဖျားနာနေခဲ့သည့်ပုံစံ လုံးဝမရှိတော့ချေ။
"အဖွား"
ဟူလေ့ခေါ်သံကြောင့် အဖွားအိုမှာ ဝမ်းသာလွန်း၍ တုန်လှုပ်သွားခဲ့သည်။
"လေ့အာ သားလေးနိုးလာပြီလား၊ သားလေး တကယ်သက်သာသွားပြီလား"
အဖွားအို ဟူလေ့ကိုတင်းကျပ်စွာဖက်ထားရင်း သူမပါးပြင်ထက်တွင် မျက်ရည်များ စီးကျနေခဲ့သည်။ ဟူလေ့ သတိလစ်နေခဲ့သည်မှာ ၁၀ ရက်ရှိပြီဖြစ်ပြီး ဆေးရည်အချို့ကိုသာ သောက်ခဲ့ရကာ မည်သည်ကိုမှ မစားရသေးချေ။ ယခုတော့ သူ ဗိုက်ဆာနေပြီဖြစ်သည်။
"အဖွား သားဗိုက်ဆာတယ်၊ ထမင်းစားချင်တယ်"
အဖွားအိုလည်း ဝမ်းသာအားရ ခေါင်းညိတ်ပြပြီး သူ့အတွက်အမြန်သွားချက်ပေးလေသည်။ ဟူလေ့သည် ပြောင်းဆန်ပြုတ် တစ်ပန်းကန်လုံးကို သောက်လိုက်ရသဖြင့် သူ့ဗိုက်လေးလည်း အတော်လေးနေလို့ထိုင်လို့ကောင်းသွားတော့၏။ ဟူလေ့၏ဖြူလျော်နေသော မျက်နှာလေးမှာ တဖြည်းဖြည်း သွေးရောင်လွှမ်းလာပြီး ယခင်ကပြင်းထန်သော ရောဂါဝေဒနာ ခံစားခဲ့ရဖူးသည့်ပုံစံ လုံးဝမရှိတော့သည်ကို အဖွားအို သတိထားမိလိုက်သည်။ သူမ ရှန်းခိုင်ယန်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်ကာ မေးလိုက်၏။
"မိန်းကလေး ကျွန်မရဲ့မြေးလေး သက်သာသွားပြီလားဟင်၊ အဲဒါဘယ်လိုလုပ်လိုက်တာလဲ"
သူမသာမက အသံနတ်ဆိုးပါအံ့အားသင့်သွားခဲ့ရသည်။ ရှန်းခိုင်ယန် အဖွားအိုကို ရှင်းပြလိုက်သည်။
"သူအခု သက်သာသွားပါပြီ၊ သူက ကံကြမ္မာအရ ဘေးအန္တရာယ်တစ်ခုနဲ့ကြုံရဖို့ရှိနေလို့ပါ၊ ဒါပေမဲ့အခု သမီး သူ့ကို အဲဒီဘေးကနေ လွတ်ကင်းအောင်ကူညီပေးလိုက်ပါပြီ၊ အခုကစပြီး သူ့အတွက် အရာရာချောမွေ့သွားပါလိမ့်မယ်"
***