ဟူမိသားစုအိမ်မှ ထွက်လာသောအခါ အဖွားအိုနှင့် ဟူလေ့တို့ ရှန်းခိုင်ယန်ကို အတူတူလိုက်ပို့ကြသည်။ ခပ်လှမ်းလှမ်း ရောက်သောအခါ အသံနတ်ဆိုးမှ ရှန်းခိုင်ယန်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ယန်ယန် ဟူလေ့ကဘာဖြစ်တာလဲ၊ ငါက ဘာလို့ ဘာမှမမြင်ရတာလဲ"
အသံနတ်ဆိုးမှာ နတ်ဆိုးတစ်ကောင်ဖြစ်သောကြောင့် ဟူလေ့ထံတွင် နတ်ဆိုး သို့မဟုတ် မကောင်းဆိုးဝါးစွမ်းအင် ရှိနေလျှင် သူသတိမထားမိစရာ အကြောင်းမရှိပေ။ သို့သော် ရှန်းခိုင်ယန်မှာတော့ သတိထားမိရုံသာမက ဟူလေ့ကိုပင်ကုသပေးခဲ့သေးသည်။
ရှန်းခိုင်ယန် သူ့ပခုံးပေါ်တွင်ထိုင်ကာ ခြေထောက်လေးများကိုလွှဲရင်း အလွန်တရာပျော်ရွှင်နေပုံရသည်။
"ဦးလေးကြီး သမီးလည်းဘာလို့လဲတော့ မသိဘူး၊ ဒါပေမဲ့ သမီးမြင်နေရတယ်၊ အဲဒီအရာက မကောင်းဆိုးဝါးစွမ်းအင်တွေနဲ့မတူဘူး၊ သူ့မှာအရောင်မရှိဘူး၊ ဒါပေမဲ့ သူတို့မှာသီးသန့်သင်္ကေတလေးတွေရှိတယ်"
ရှန်းခိုင်ယန် ရှင်းပြလိုက်သည်။ သူမမိဘများမှာ နတ်ဆိုးများကိုမြင်နိုင်စွမ်းရှိပြီး ဦးလေးများနှင့် အဒေါ်များသည်လည်း နတ်ဆိုးများဖြစ်ကြောင်းသိထားသည်။ ငယ်စဉ်ကတည်းမှ သူတို့နှင့်အတူ နေထိုင်လာခဲ့၍လား သို့မဟုတ် မွေးရာပါ, ပါလာခဲ့ခြင်းလားတော့ မသိသော်လည်း သူမသည် မွေးကတည်းမှ ထိုအရာများကိုမြင်နိုင်စွမ်းရှိနေပုံရ၏။
မည်သို့ပင်ဆိုစေ ဤလောကတွင် နတ်ဆိုးများနှင့် မိစ္ဆာများအပြင် သာမန်လူများမမြင်နိုင်သော်လည်း တကယ်တမ်းတည်ရှိနေသည့် နောက်ထပ်ဖြစ်တည်မှုတစ်မျိုး ရှိသေးကြောင်း သူမရှာဖွေတွေ့ရှိခဲ့ပုံရသည်။ ထိုအရာကို အသံနတ်ဆိုးပင်မမြင်နိုင်ပေ။ ရှန်းခိုင်ယန်မှာ နားမလည်နိုင်သော်လည်း အသေးစိတ်ဆက်မတွေးတော့ချေ။
ဟူလေ့ကို ကယ်တင်လိုက်ခြင်းကြောင့် ရုတ်တရက် ရွှေရောင်ကုသိုလ်ရောင်ဝါတစ်ခု သူမကိုလွှမ်းခြုံသွားသည်ကိုပင် သူမသတိမထားမိလိုက်ပေ။ အိမ်ပြန်ရောက်သောအခါ ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့ ချက်ချင်းပင်သတိထားမိလိုက်ကြသည်။ ယနေ့ ယန်ယန် ကောင်းမှုကုသိုလ်တစ်ခုလုပ်လာခဲ့သည်ဟုသာ သူတို့ထင်လိုက်သော်လည်း ထိုရွှေရောင် ကုသိုလ်ရောင်ဝါမှာ ပုံမှန်ထက်ထူးကဲစွာ တောက်ပနေသည်ကိုလည်း ခံစားမိကြသည်။ ပုံမှန်အားဖြင့် ဤမျှ တောက်ပသောရောင်ဝါမျိုးမှာ အသက်တစ်ချောင်းကို ကယ်တင်ခြင်းမျိုးတွင်သာဖြစ်ပေါ်လေ့ရှိ၏။
သူတို့နှစ်ဦး ရှန်းခိုင်ယန်နှင့် အတူပါသွားသော အသံနတ်ဆိုးကိုမေးမြန်းလိုက်ရာ တကယ်ပင် ရှန်းခိုင်ယန်သည် ရေခွက်ထဲတွင် တူနှစ်ချောင်းကို မတ်မတ်ရပ်စေခြင်းဖြင့် ၅ နှစ်အရွယ်ကလေးတစ်ယောက်ကို ကယ်တင်ခဲ့ကြောင်းသိလိုက်ရသည်။ ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့ အချင်းချင်းကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏မျက်ဝန်းများတွင် အံ့ဩမှုများကို မြင်တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်လုံး တစ်စုံတစ်ခုကိုတွေးမိသွားကြသည်မှာ ထင်ရှားသည်။ ကျိုးထောင်ဟွားတီးတိုး ရေရွတ်လိုက်၏။
"အဲ့ဒါများလား"
နောက်တစ်နေ့တွင် ထိုလင်မယားသည် ဦးလေးကြီးနှင့်အတူ ဟူလေ့အိမ်သို့သွားခဲ့ကြသည်။ သူတို့ ထို ၅နှစ်အရွယ် ကလေးငယ်ကို အဝေးမှလှမ်းကြည့်လိုက်ကြသည်။ ထင်သည့်အတိုင်းပင် ထိုကလေး၏ကံကြမ္မာမှာ ပြောင်းလဲသွားခဲ့ပြီပင်။ မူလက သူသည် အသက် ၅နှစ်တွင် သေဆုံးမည့်ကံကြမ္မာရှိသော်လည်း ယခုအခါ အသက် ၅၀ထိနေရမည့် ကံကြမ္မာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လင်မယားနှစ်ယောက်လုံး အလွန်တရာအံ့အားသင့်သွားကြ၏။
‘ဒါဆို ဒါက ယန်ယန်ပြောင်းလဲပေးလိုက်တဲ့ ကံကြမ္မာပေါ့’
ဤအရာမှာ လူတိုင်းအတွက်နတ်ဆိုးနှင်ပေးခြင်းထက် များစွာပို၍ခက်ခဲလှသည်။ သူတစ်ပါး၏ ကံကြမ္မာကို ပြောင်းလဲပေးခြင်းသည် ရှန်းခိုင်ယန်၏ကိုယ်ပိုင်ကံကြမ္မာကို ထိခိုက်စေပြီး သူမသက်တမ်းကိုပင် တိုသွားစေမည်ကို ထိုလင်မယား စိုးရိမ်သွားကြ၏။ သို့သော် အိမ်ပြန်ရောက်သောအခါ ယန်ယန့်ထံတွင် လုံးဝထိခိုက်မှုမရှိကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအခါမှသာ လင်မယားနှစ်ယောက်၏စိုးရိမ်ပူပန်မှုများ ပြေပျောက်သွားတော့သည်။ ကျိုးထောင်ဟွား ရှန်းမင်ကိုတီးတိုးပြောလိုက်၏။
"ညီမတို့ရဲ့ယန်ယန်က သာမန်မဟုတ်ဘူးနဲ့ တူတယ်၊ နောင်ကျရင် ညီမထက်တောင် သာသွားနိုင်တယ်"
သူမသည် နတ်ဆိုးများစွာကိုဖမ်းဆီးပြီး ကျိုးကျားရွာတွင် မွေးမြူထားခဲ့သည်။ ယန်ယန်ကရော နောင်တစ်ချိန်တွင် မည်သို့သော နတ်ဆိုးမျိုးများကိုမွေးမြူလာမည်နည်းဟု သူတို့တွေးတောနေမိကြသည်။ ထို့နောက် ရှန်းမင် ရှန်းခိုင်ယန်ကို ကြည့်လိုက်ပြီး သူမအငွေ့အသက်မှာ တစ်နည်းနည်းဖြင့် ရင်းနှီးနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ မြေအောက်ကမ္ဘာတွင် သူမကိုမြင်ဖူးခဲ့သလိုမျိုးပင်။
သို့သော် သူအလွန်အမင်း တွေးပူနေခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ယန်ယန်မှာ သူ့ကလေးဖြစ်ရာ သူမတွင်မြေအောက်ကမ္ဘာ၏ အငွေ့အသက်များ ပါဝင်နေခြင်းကလည်း ယုတ္တိတန်ပုံရသည်။ တစ်နေ့တွင် ရှန်းခိုင်ယန် ရုတ်တရက်ပြောလာ၏။
"ဖေဖေ မေမေ သမီးခရီးထွက်ချင်တယ်"
ရှန်းခိုင်ယန် ကျိုးကျားရွာတွင်ကြီးပြင်းလာခဲ့သည်မှာ ၁၀နှစ်ရှိပြီဖြစ်ပြီး သူမ အဝေးဆုံးရောက်ဖူးသည်မှာ ချင်းရွှေကောင်တီသာဖြစ်သည်။ ဖူအန်းခရိုင်ကိုပင် သူမတစ်ခါမှ မရောက်ဖူးချေ။ ယခင်က သူမ၏ကစားဖော်သူငယ်ချင်း ၁၀ယောက်မှ မြို့တော်နှင့်အခြားမြို့ကြီးများမှလာကြသည်ဟု ပြောသည်ကိုကြားဖူးသော်လည်း သူမများစွာစိတ်ဝင်စားမှု မရှိခဲ့ပေ။
သို့သော် ဟူလေ့နှင့်တွေ့ဆုံပြီးကတည်းမှ သူမနှလုံးသားတစ်နေရာမှာ ပွင့်ဟသွားသကဲ့သို့ခံစားရပြီး အပြင်လောကသို့ ထွက်၍ လေ့လာစူးစမ်းချင်စိတ်များဖြစ်ပေါ်လာခဲ့သည်။ တရှားနိုင်ငံတော်ကြီးမှာ အလွန်တရာကျယ်ဝန်းလှ၏။ ပြင်ပကမ္ဘာတွင် သူမရှာဖွေတွေ့ရှိရန် စောင့်ဆိုင်းနေသော ထူးဆန်းအံ့ဩဖွယ်ရာများစွာရှိနေနိုင်သည်ပင်။ ထို့ပြင်ကျိုးကျားရွာ အပြင်ဘက်ရှိ ကမ္ဘာကြီးကိုလည်း သူမသိချင်နေမိသည်။ ကျိုးထောင်ဟွား မျက်မှောင်အသာကြုတ်သွားသည်။ ဤကလေးမလေးမှာ အသက် ၁၀နှစ်သာရှိသေးသည်ဖြစ်၍ ကလေးသာရှိသေးသည်ပင်။
‘ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုလုပ်အပြင်ထွက်လို့ဖြစ်မှာလဲ’
သူမ အလိုလိုငြင်းဆန်မိလိုက်သည်။
"မရဘူး သမီးကအရမ်းငယ်သေးတယ်"
ရှန်းမင် ရှန်းခိုင်ယန်ကိုစိုးရိမ်တကြီး ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် မိခင်ဖြစ်သူစကားကိုကြားသောအခါ ကလေးမလေး၏မျက်နှာသည် ချက်ချင်းညှိုးကျသွားပြီးဝမ်းနည်းကာ စိတ်မကောင်းဖြစ်သွားပုံပင်။ ၎င်းကိုမြင်၍ ရှန်းမင်မှာ ရင်ကွဲမတတ်ဖြစ်ရသည်။ ကျိုးထောင်ဟွားကို သူတီးတိုးပြောလိုက်၏။
"ယန်ယန် သွားချင်တယ်ဆိုရင်လည်း သွားပါစေကွာ"
"ဒါပေမဲ့ သူကငယ်သေးတယ်လေ၊ ပြီးတော့ မိန်းကလေး၊ သူ့ကိုတစ်ခုခုဖြစ်သွားရင် ညီမတို့....."
ကျိုးထောင်ဟွား တကယ်စိုးရိမ်နေသည်မှာ ရှန်းခိုင်ယန်လေး အပြင်လောကတွင် လူဆိုးများနှင့်တွေ့မည်ကိုပင်ဖြစ်သည်။ ကျိုးကျားရွာ သို့မဟုတ် ချင်းရွှေကောင်တီ၌ဆိုလျှင် ဤမျှကျယ်သောနေရာမှာပင် လူအများစုမှာ အချင်းချင်းသိကြသဖြင့် ယန်ယန် မည်သည့်နေရာတွင် သွားဆော့စေကာမူ အန္တရာယ်မရှိနိုင်ပေ။ သို့သော် ချင်းရွှေကောင်တီအပြင်ဆိုလျှင်တော့ တခြားစီဖြစ်သွားပြီပင်။ ရှန်းမင် သူမအတွေးများကိုနားလည်သော်လည်း ရှန်းခိုင်ယန်ကိုမငြင်းရက်သကဲ့သို့ သူမဝမ်းနည်းနေသည်ကိုလည်း မကြည့်ရက်ပေ။
"မိန်းမ ကိုယ်တို့အိမ်မှာနတ်ဆိုးတွေ အများကြီးရှိတယ်လေ၊ ကောင်းကင်မှာ ပျံတဲ့ကောင်တွေရော၊ မြေကြီးပေါ်ပြေးတဲ့ကောင်တွေရောပေါ့၊ ယန်ယန်ကို သူတို့ထဲက နည်းနည်းလောက်ထည့်ပေးလိုက်ပေါ့၊ သူတို့သာကာကွယ်ပေးထားရင် ယန်ယန် ဘယ်လိုလုပ်အန္တရာယ်နဲ့ ကြုံနိုင်မှာလဲ၊ အရင်ဆုံး ကောင်းကင်ပေါ်ပျံနိုင်တဲ့ခူယားကောင်နတ်ဆိုးလေးကောင် ထည့်ပေးလိုက်မယ်၊ ပြီးရင် ရာသီသွေးမိစ္ဆာ၊ ဒူးရင်းနတ်ဆိုး၊ အသံနတ်ဆိုး၊ ခရုနတ်ဆိုး နဲ့ မိခင်မှိုနတ်ဆိုးတို့လည်းရှိသေးတာပဲ၊ အသံနတ်ဆိုးကိုတော့ ထည့်ပေးလိုက်သင့်တယ်၊ သူတို့သာပါသွားရင် မင်းလည်းစိတ်ချလို့ရပါပြီ"
ရှန်းမင်ပြောနေစဉ်မှာပင် ရှန်းခိုင်ယန်၏မျက်နှာပေါ်တွင် အပြုံးများ တဖြည်းဖြည်း ပွင့်လန်းလာပြီး သဘောတူကြောင်း ခေါင်းညိတ်ပြသည်။ ထို့ပြင် သူမဘေးနားရှိ ရာသီသွေးမိစ္ဆာနှင့် အခြားနတ်ဆိုးများထံ အားကိုးတကြီး မျက်စိမှိတ်ပြကာ သူမဘက်မှကူပြောပေးရန်အချက်ပြလိုက်၏။ လင်းရှောင်ယွဲ့ ဝင်ပြောလိုက်သည်။
"သခင်မကျိုး ကျွန်မတို့အားလုံးက လူစင်စစ်အသွင်ဖန်ဆင်းနိုင်ကြပါတယ်၊ ယန်ယန်နောက်ကို ကျွန်မတို့လိုက်သွားရင် ဘယ်သူမှထူးခြားချက်ကို သတိထားမိမှာ မဟုတ်ပါဘူး၊ ပြီးတော့ ကျွန်မတို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်စွမ်းရည်တွေ ရှိကြတော့ ယန်ယန်ကိုသေချာပေါက် ကာကွယ်ပေးနိုင်ပါတယ်၊ စိတ်မပူပါနဲ့ ကျွန်မတို့အသက်ပေးပြီးတော့ကို ယန်ယန်ကို ကာကွယ်ပေးသွားမှာပါ"
အခြားဝိညာဉ်များလည်း သူမစကားကို ထောက်ခံကြသည်။ ကျိုးထောင်ဟွား ထိုအနှောင့်အယှက်ပေးတတ်သောကလေးတစ်သိုက်ကို လှမ်းကြည့်လိုက်၏။ သူတို့၏ကိုယ်ပိုင်စွမ်းရည်များကို သူမအသိဆုံးဖြစ်ရာ သူမ၏စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် လျော့ပါးသွားခဲ့သည်။ သူတို့စကားပြောနေစဉ်မှာပင် ယန်ယန်၏ ကလေးဘဝ သူငယ်ချင်း ၁၀ယောက်ကလည်း ဝင်ပြောကြ၏။ တရှားမင်းဆက်၏ ၁၂ယောက်မြောက် မင်းသားလေးမှ ပြောလိုက်သည်။
"အဒေါ်ကျိုး စိတ်မပူပါနဲ့၊ ယန်ယန်အပြင်ထွက်ရင် ကျွန်တော်သေချာပေါက်ကာကွယ်ပေးမှာပါ၊ မြို့တော်ကိုရောက်တာနဲ့ ကျွန်တော် သူမကိုမြို့အနှံ့လိုက်ပို့ပေးပြီး ပျော်စရာနေရာတစ်ခုမှ မလွတ်စေရပါဘူး"
၁၂ယောက်မြောက်မင်းသားလေးပြောပြီးသည်နှင့် လုံအန်းရှိချန်မိသားစုမှ ကိုးယောက်မြောက်သခင်လေးလည်း ချက်ချင်းဝင်ပြောလာသည်။
"အဒေါ်ကျိုး ယန်ယန်သာ လုံအန်းကိုရောက်လာရင် အားလုံးကိုကျွန်တော် တာဝန်ယူပါတယ်"
"ကျွန်တော်လည်း အတူတူပဲ"
"ကျွန်တော်ရောပဲ"
အခြား ၈ယောက်မှာလည်း အပြိုင်အဆိုင် အာမခံနေကြသည်။ သူတို့ကျိုးကျားရွာတွင် ၁၀ နှစ်တိုင်တိုင်နေထိုင်ခဲ့ကြပြီး ယခုအခါတွင်တော့ ယန်ယန်မှာ သူတို့၏ဇာတိမြို့များသို့သွားရမည့် အလှည့် ရောက်လာပြီဖြစ်သည်။
‘တကယ်လို့များ ယန်ယန်ကသာ သူတို့ ကြီးပြင်းလာတဲ့နေရာလေးကို သဘောကျပြီး အဲဒီမှာပဲ အပြီးနေသွားချင်ရင်ရော’
ထို ၁၀ယောက်ကိုကြည့်ရင်း ကျိုးထောင်ဟွား နောက်ဆုံးတော့စိတ်သက်သာရာရသွားသည်။ သူမ ရှန်းခိုင်ယန်ကိုမှာကြားလိုက်၏။
"ဘေးကင်းကြောင်း ဖေဖေနဲ့ မေမေ ပြီးတော့ အဘိုးအဘွားတွေသိရအောင် အိမ်ကို စာခဏခဏရေးဖို့မမေ့နဲ့နော်"
ကျိုးထောင်ဟွား နောက်ဆုံးတော့ သဘောတူလိုက်ပြီဖြစ်၍ ရှန်းခိုင်ယန် အလွန်တရာဝမ်းသာသွားရသည်။ နောက်ဆုံးတော့ သူမခရီးထွက်၍ရပြီပင်။
"ဟုတ်ကဲ့ပါ မေမေ"
ရှန်းခိုင်ယန် ကျိုးထောင်ဟွားလက်မောင်းကို ချစ်ခင်တွယ်တာဟန်ဖြင့်ဖက်တွယ်ထားလိုက်တော့သည်။
~~~ ပြီးပါပြီ ~~~
***