“ စိတ်ဝင်စားစရာပဲ ... ။ ”
စုရီတစ်ယောက် အသိစိတ်ပင်လယ် အတွင်း၌ ရေရွတ်လိုက်သည်။ သတ္တမမြောက် ဘဝဖြင့် ပေါင်းစပ်ပြီးနောက်တွင် ရှန့်မူ၏ ခံစားချက်များသည် သူ့စိတ်အခြေအနေကို လွှမ်းမိုးလာနေ၏။
၎င်းကို ငြင်းပယ်ရန် သို့မဟုတ် ဖြတ်တောက်ရန် မဖြစ်နိုင်ချေ။ အကြောင်းမှာ သူနှင့် ရှန်မူသည် တစ်ဦးတည်း ဖြစ်နေ သောကြောင့်ပေပင်။
“ ဒါက ငါ့ရဲ့နှလုံးသားမိစ္ဆာပဲ ... နောင်တစ်ချိန်မှာ ရွှယ်လျူကို သတ်တဲ့နေ့ဟာ ဒီမိစ္ဆာကို အမြစ်ဖြတ်နိုင်တဲ့ နေ့ ဖြစ်ရမယ်။ ”
သူသည် ယခင် လောကသခင်နှင့် ပေါင်းစပ်ခဲ့ဖူးသည့် အတွေ့အကြုံများရှိသဖြင့် ရှန့်မူဘဝကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်နေပြီဖြစ်သည်။
ဤနှလုံးသားမိစ္ဆာသည် အချိန်မရွေး စိတ်ဆန္ဒကို လွှမ်းမိုးလာနိုင်သော်ငြားလည်း တန်ဖိုးရှိသော စမ်းသပ်မှုတစ်ခုဖြစ်၏။
ထို့နောက် ရှန့်မူ၏ ကျင့်ကြံမှု မှတ်တမ်းများထဲ ပြန်လည်စိစစ်ကြည့်ကာ ဓားတာအို နားလည်မှုများကို မိမိကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
သည့်ပြင် မှတ်ဉာဏ်ထဲတွင် အလွန်တန်ဖိုးရှိသော ရှေးဟောင်းကျမ်းစာများ၊ တာအိုကျမ်းများနှင့် ဗဟုသုတများစွာကိုလည်း ပေါင်းစပ်ပါဝင်နေတော့၏။
ထိုကြောင့် အရာများစွာကို နားလည်လာခဲ့သည်။ နတ်ဆိုးခေတ်ကြီးသည် လက်ရှိခေတ်နှင့် ယှဉ်တွဲတည်ရှိနေသော အခြား အာကာသ-အချိန်တစ်ခုဖြစ်၏။ အပြိုင် စကြာဝဠာ တစ်ခုပေပင်။
အချိန်ကာလသည် မြစ်တစ်စင်းဖြစ်ပြီး နတ်ဆိုးခေတ်နှင့် လက်ရှိခေတ်သည် ထိုမြစ်မှ ခွဲထွက်နေသော မြစ်လက်တက်နှစ်ခုပေပင်။
နတ်ဆိုးခေတ်တွင် အင်အား အကောင်းဆုံးသော ကျင့်ကြံမှုတာအိုသည် မိစ္ဆာတာအို ဖြစ်သည်။ သို့သော် လက်ရှိခေတ် မိစ္ဆာတာအိုနှင့်မတူဘဲ ထိုခေတ်၏ ယဉ်ကျေးမှု တစ်ခုအဖြစ်ပင် ထွန်းကားနေချေပြီ။
တစ်ချိန်က ရွှမ်ဟွမ်ကြယ်စင်စု၌ တွေ့ရှိခဲ့သော နတ်ဆိုးခေတ်မှချင်ချုံရှသည် အချိန်မြစ်ကို ဖြတ်ကျော်ပြီး ရောက်ရှိ လာသူပေပင်။
ရှန့်မူ မှတ်ဉာဏ်ထဲတွင် အချိန်မြစ်ကို ဖြတ်ကျော်နိုင်သူများသည် အထွတ်အထပ်ရှိ ပထမတန်းစား အင်မော်တယ်များဖြစ်သည်။ သို့မဟုတ် တားမြစ်အင်မော်တယ် လက်နက် အစွမ်းဖြင့် ဖြတ်ကျော်ရပေမည်။
ဆိုလိုသည်မှာ ချင်ချုံရှနှင့် နတ်သမီး ရွှယ်လျူဟူသည် စစ်မှန်သောအင်မော်တယ်များ ဖြစ်နိုင်လေသည်။ သို့သော် ကံကောင်းသည်မှာ အချိန်မြစ်၏ အခြားတစ်ဖက်မှနေပြီး ဖြတ်ကျော်လာနိုင်ခြင်း မရှိကြချေ။
အထူးသဖြင့် နတ်သမီးရွှယ်လျူဖြစ်သည်။ သူမသည် အပ်ချုပ်သမားကြီးကိုသာ အကူအညီ တောင်းနေရခြင်းပေပင်။
“ ဝှစ် ... ။ ”
ထိုအတွေးသည် စုရီကို တစ်စုံတစ်ရာ သတိရလာစေလျက် လက်ဝှေ့ယမ်းလိုက်ကာ ကျောက်စိမ်းတံဆိပ်တစ်ခု ထုတ်ယူခဲ့၏။
ဤသည်မှာ အပ်ချုပ်သည် အဖိုးကြီး ပေးအပ်ခဲ့သောအဖြေများ ပါဝင်သည့် တံဆိပ် ဖြစ်သည်။ ချက်ချင်းပင် နတ်အာရုံဖြင့် ဖတ်ရှုကြည့်လိုက်၏။
အပ်ချုပ်သမားသည် မေးခွန်းသုံးခုကို ဖြေကြားပေးထားသည်။ ပထမဆုံး အဖြေသည် လင်းလန်နယ်မြေကို ဖျက်ဆီးသူများသည် ယွင် မျိုးရိုးဖြစ်သည်။
ဤသည်မှာ သူ့အတွက် လုံးဝ မမျှော်လင့်ထားသော အဖြေပေပင်။ တာအို ရှေးဟောင်းကာကွယ်သူ မျိုးနွယ်စု(၆)ခုအနက် ထိုယွင်မျိုးနွယ်သည် ပြင်ပနှင့် ဆက်သွယ်မှု အနည်းဆုံးဖြစ်သည်။
ခရမ်းရောင်တိမ်တောင် တိုက်ပွဲသို့ပင် သူတို့၏မိသားစုဝင်များကို စေလွှတ်လာခြင်း မရှိကြချေ။
ကောလာဟလများအရ သူတို့သည် စစ်မှန်သောအင်မော်တယ် သားစဉ်မြေးဆက် ဖြစ်ကြသဖြင့် မောက်မာလှသည်။ ယခင်က သူနှင့်မည်သည့်ရန်ငြိုးမျှ မရှိခဲ့ချေ။
ဒုတိယအဖြေသည် အဖိုးကြီးဝေဖြစ်၏။ အဖိုးကြီးဝေကို ဖမ်းဆီးခေါ်ဆောင်သွားသူမှာ ထိုယွင်မျိုးနွယ်ပင် ဖြစ်နေသည်။
တတိယအဖြေမှာ နတ်သမီးရွှယ်ရှနှင့် အပ်ချုပ်သမားအကြား ပတ်သတ်မှုဖြစ်ချေ၏။ ထိုအဖိုးကြီးသည် ရွှယ်လျူ၏ ဦးလေးပေပင်။
ဤအချက်မှာ စုရီကို အံ့အားသင့် သွားစေသည်။ ဆိုလိုသည်မှာ အပ်ချုပ်သမား သည်လည်း နတ်ဆိုးခေတ်မှ လာသူပေပင်။
“ ဒီအဖိုးကြီး အချိန်မြစ်ကို ဖြတ်ကျော်လာနိုင်တာလား ... မေ့လိုက်ပါ ... အဲ့ဒီမြေခွေးအိုကြီးကို ဖမ်းမိတဲ့နေ့ကျရင် အဖြေတွေ ပေါ်လာမှာပဲ ...
... လောလောဆယ်တော့ ယွင်မျိုးနွယ်စုဆီကို တစ်ခေါက်လောက်သွားဖို့ လိုအပ်လာပုံရတယ်။ ”
စုရီ၏ မျက်လုံးများတွင် အေးစက်သော အကြည့်များ ပေါ်ထွက်လာ၏။ နောက်တစ်နေ့ နံနက်တွင် စုရီသည် အပ်ချုပ်သမားကိုရှာဖွေရန် နည်းလမ်းရှိ-မရှိ မေးမြန်းလိုက်သည်။
ဝေရှန်းမှ ခေါင်းခါလျက်၊
“ ဒါက ခက်လိမ့်မယ် ... ဒါပေမယ့် ပင်လယ်လေးပါးမျှော်စင်ကနေ စုံစမ်းရင်တော့ သဲလွန်စအချို့ရနိုင်မယ်။ ”
-ဟု ပြန်ဖြေသည်။
စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ ထိုပင်လယ်လေးပါးမျှော်စင်သည် ကြယ်လွင်ပြင် အနှံအပြားတွင် ဖြန့်ကျက်ထားနိုင်သော ကုန်သွယ်ရေးအင်အားစုကြီးပေပင်။
“ အဲဒီမျှော်စင်ရဲ့ နောက်ကွယ်က ပိုင်ရှင်က စာရင်းကိုင်ဆိုတဲ့လူပဲ သူနဲ့အပ်ချုပ်သမားကြီးက မိတ်ဆွေတွေ ဖြစ်ပုံရတယ်။ ”
“ ကောင်းပြီ ... ယွင်မျိုးနွယ်စုဆီက အပြန်ကျရင် အဲ့ဒီစာရင်းကိုင်ဆီကို ဝင်ပြီးတော့ စကားပြောကြည့်ရအောင်။ ”
စုရီမှ ဆုံးဖြတ်လိုက်၏။ တစ်ဖက်လူကို ရှာရန်အချိန်တန်ချေပြီ။ မဟုတ်သော် အဆုံးမဲ့ ဒုက္ခများကို ထပ်မံဖြေရှင်းနေရပေဦးမည်။
“ သခင်လေး ယွင်မိသားစုဆီ ဘာသွားလုပ်မှာလဲ။ ”
ဝေရှန်းတစ်ယောက် အံ့အားသင့်သွား၏။ စုရီကလက်ကာပြကာ၊
“ ငါပြန်လာရင် ပြောပြမယ် မင်းဆီမှာပဲစောင့်နေ ... ။ ”
-ဟု ဆိုလျက် လှမ်းထွက်သွားလေသည်။
“ သခင်စု ... ရှေးခေတ် အင်အားစုတစ်ခုဖြစ်တဲ့ အင်မော်တယ် ဓားခန်းမက ... ယွင်မိသားစုရဲ့ နောက်ကွယ်မှာရှိနေတယ် ...
... သူတို့ကို ရှေးခေတ်တုန်းကဆိုရင် ဓားသမားတွေအတွက် မြင့်မြတ်မြေတစ်ခုအဖြစ် သတ်မှတ်ကြတယ် သူတို့မှာ အင်မော်တယ် ဓားနတ်ဘုရားတွေ အများကြီး မွေးထုတ် ပေးနိုင်ခဲ့တယ် သတိထားပါ။ ”
လီပေ့ရှန်မှ အော်ဟစ်သတိပေးလိုက်၏။ သို့သော် စုရီပုံရိပ်မှာ တိမ်ပင်လယ်အတွင်းလုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။
ရွှေရောင်နတ်ဘုရားတောင်တန်း။ ဤသည်မှာ ယွင်မျိုးနွယ်၏ နေထိုင်ရာအုတ်မြစ် ဖြစ်သည်။ ထိပ်တန်း ကျင့်ကြံမှုနယ်မြေ တစ်ခုပေပင်။
ယနေ့တွင် ယွင်မျိုးနွယ်စုအတွင်း၌ မင်္ဂလာပွဲတစ်ခုကျင်းပနေခဲ့သဖြင့် အလွန်ပင် စည်ကားသိုက်မြုက်နေသည်။
သတို့သားသည် ယွင်မျိုးနွယ်စု ခေါင်းဆောင်၏ ဒုတိယသား ယွင်ချောင်ဖုန်း ဖြစ်ပြီး သတို့သမီးသည် အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စုမှ ဖန်လင်ကျိဖြစ်သည်။
ရှေးဟောင်း ယွင်မျိုးနွယ်စု၏ ထျန်းလော့နန်းတော်အတွင်း၌ အဆင့်အတန်း မြင့်မားသော ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်လာကြ၏။
ကျင့်ကြံမှုအနိမ့်ဆုံးသူသည်ပင် ကွေ့ယီအဆင့်နယ်ပယ်ဘုရင်ဖြစ်ပြီး အများစုမှာ တုံ့ယွီအထွတ်အထိပ်များပေပင်။
ထိုအထဲတွင် အင်မော်တယ်ဓားခန်းမှ ဂုဏ်သရေရှိ သေလွန်ဝိညာဉ်ကြီးများပါဝင်၏။ အချို့သည် သေဆုံးပြီးမှ ပြန်နိုးထလာသော ဝိညာဉ်များပေပင်။
အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူ ယဲ့ယွင်ယွမ်သည် အင်မ်ောတယ်တစ်ပါးအလား ရောင်ဝါများ လွှမ်းခြုံထားပြီး လူအများ၏ ရိုသေသမှုကို လက်ခံရရှိနေရသည်။ လူတိုင်း လွန်ခဲ့သောသုံးရက်က တိုက်ပွဲအကြောင်း ဆွေးနွေးနေ၏။
“ ငါ့အထင်တော့ ... ရှ၊ ကျိုးနဲ့ ကျန်းမျိုးနွယ်စုဝင် အဖိုးကြီးတွေလာတော့မယ် မထင်ဘူး။ ”
တစ်စုံတစ်ဦးမှ ဆိုသည်။ ထိုမျိုးနွယ်စု သုံးခု၏ အဖိုးကြီးများသည် တိုက်ပွဲအတွင်းတွင် အသတ်ခံခဲ့ရပြီး အရှက်တကွဲ ဖြစ်ခဲ့ရ၏။ ထို့ကြောင့် မည်သူမဆို ဤပွဲသို့လာရန် စိတ်ကူးရှိနေမည် မဟုတ်ချေ။
“ ဒီတိုက်ပွဲပြီးတော့ လောကသခင် ဝင်စားသူရဲ့ဂုဏ်သတင်းက အထွတ်အထိပ်ကို ရောက်ရှိလာပြီ ... အခုဘယ်နေရာသွားသွား သူ့အကြောင်းပဲ ပြောနေကြတယ်။ ”
လူအများက သက်ပြင်းချလျက် ဆိုလေသည်။ သို့သော် အင်မော်တယ်ဓားခန်းမ အဖွဲ့ခေါင်းဆောင် ယဲ့ယွင်ယွမ်မှ လူအုပ်ကြီးထံ ဝေ့ကြည့်ပြီး တည်ငြိမ်စွာဖြင့်၊
“ အခုက စည်းမျဉ်းတွေ ပြောင်းလဲမှု အစပဲရှိသေးပါတယ် မကြာခင်ကောင်းကင်ဘုံ အဆင့် ကျွမ်းကျင်သူတွေအများကြီး နိုးထလာကြလိမ့်မယ် ... ။ ”
ထိုစကားကြောင့် ခန်းမအတွင်းရှိ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားကုန်ကြလေသည်။ အင်မော်တယ်များ နိုးထလာခြင်းသည် လက်ရှိ လေကကြီးကို အင်မော်တယ်ခေတ်သို့ ရောက်ရှိစေခြင်းပေပင်။
“ အဲ့ဒီ ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူတွေက ခေတ်တစ်ခေတ်ကိုစိုးမိုး နိုင်ကြတဲ့ ပါရမီရှင်တွေပဲ ... နယ်ပယ်ဘုရင် တစ်ပါးကို လက်နဲ့ထိရုံနဲ့ ဖြေရှင်းနိုင်တယ်။ ”
ယဲ့ယွင်ယွမ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားလိုက်သည်။ ထိုစဉ် ယွင်မျိုးနွယ်စု၏ ခေါင်းဆောင် ယွင်ချန်ဟုန် ရောက်ရှိလာ၏။
သူသည်လည်း မကြာသေးခင်ကမှ နတ်ဝိညာဉ်နယ်ပယ်ကို တက်လှမ်းထားနိုင်သူ တစ်ဦးပေပင်။
“ အားလုံးပဲ အားမနာကြပါနဲ့ ... ဒီနေ့ပွဲအတွက် နတ်သမီးမိုချင်းချောင်ကိုလည်း ငါတို့ဖိတ်ကြားထားပါတယ် ... သူမကိုယ်စား တစ်စုံတစ်ယောက်ကို စေလွှတ်ထားပါတယ် ... အဲဒီပုဂ္ဂိုလ်ရောက်တာနဲ့ ပွဲစကြမယ်။ ”
ယွင်ချန်ဟုန်မှ ဂုဏ်ယူစွာ ကြေငြာလိုက်သည်။ နတ်မော်တယ်မျိုးဆက် မိုချင်းချောင်နှင့် အဆက်အသွယ် ရထားသည်ကို သိရှိသည့်အခါ အားလုံးသည် ယွင်မျိုးနွယ်စု၏ အထောက်အပံ့အပေါ် အထင်ကြီးကုန်၏။
ထိုစဉ် ရွှေရောင်နတ်တောင်ကြီး၏ ရင်ပြင်တစ်နေရာတွင် ဧည့်သည်တစ်ထောင်ခန့် စုရုံးနေကြသည်။ ရှေ့ဆုံးတွင် သတို့သားနှင့် သတို့သမီးသည် အခမ်းအနားကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။
မျိုးနွယ်စုခေါင်းဆောင် ယွင်ချန်ဟုန်နှင့် အရေးကြီး ပုဂ္ဂိုလ်များခန်းမအတွင်းမှထွက်ကာ အခမ်းအနားအတွက် စတင်ပြင်ဆင်ကြ၏။
“ အဖေ၊ အခမ်းအနား စလို့ရပြီလား။ ”
ထိုမြင်ကွင်းကြောင့် သတို့သားမှ မေးသည်။
“ ဟားဟားဟား ... ဘာတွေ အလျင်လိုနေတာလဲ ... အရေးကြီးတဲ့ ဧည့်သည် တစ်ယောက်ကို စောင့်ရဦးမယ်။ ”
ယွင်ချန်ဟုန်က ရယ်မောလျက် ပြန်ဖြေလာသည်။ သို့သော်စကားဆုံးသည်နှင့် တောင်တံခါးထံပါးမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာ၏။
“ ဟမ့် ... ဒီနေ့လိုနေ့မျိုးမှာ ဘယ်သူက ပြဿနာရှာဝံ့တာလဲ။ ”
ဧည့်သည်တော်များမှာ အံ့အားသင့်သွားသည်။ ယွင်ချန်ဟုန်မှ မျက်မှောင်ကြုတ်လျက်၊
“ သွားကြည့်စမ်း ... ။ ”
-ဟု အမိန့်ပေးလိုက်ရာ အစေခံတစ်ဦး ပြေးထွက်သွားသည်။ ထို့နောက် ယွင်ချန်ဟုန်မှ ခွက်ကို မြှောက်လျက်၊
“ အားလုံးပဲ ... ဒီနေ့ဟာ ငါ့သားရဲ့ မင်္ဂလာနေ့ပါ အခမ်းအနားမစခင် အားလုံးကို တစ်ခွက်လောက် ဂုဏ်ပြုပါရစေ။ ”
- ဟု ဆိုကာ အရက်သောက်ရန် ပြင်လိုက်တော့၏။ လူတိုင်း သူနှင့်အတူ ခွက်ကို မြှောက်လိုက်ကြသည်။
“ မျိုးနွယ်စုခေါင်းဆောင် ... မကောင်းတော့ဘူး လောကသခင်ဝင်စားသူက တောင်တံခါးကိုချိုးဖျက်ပြီး ဝင်လာနေပြီ။ ”
သို့သော် ထိုအချိန်မှာပင် ထွက်ခွာသွားသောအစေခံသည် ထိတ်လန့်စွာ အော်ဟစ်လျက် အဝေးမှပြေးလာလေသည်။
“ လောကသခင် ဝင်စားသူလား။ ”
လူတိုင်း မိုးကြိုးပစ်ခံရသကဲ့သို့ နှလုံးသားများတုန်လှုပ်ကုန်၏။ တစ်ဖက်လူမှ မည်သည့်အတွက်ကြောင့် လာနေသည်ကို မသိသေးသော်လည်း ကောင်းသောအရာ မဟုတ်မှန်း နားလည်ထားလေသည်။
ယွင်ချန်ဟုန်၏ မျက်နှာသည်ပင် ပျက်ယွင်းသွား၏။ သူ့ဘေးမှ ယဲ့ယွင်ယွမ်ခမျာ မျက်မှောင်ကြုတ်သွားလေသည်။
“ ငါ ယွင်မျိုးနွယ်အတွက်ဂုဏ်ပြုဖို့ ရောက်လာတာ ... ဒါဆိုဘာလို့မင်းလိုအစေခံက မကောင်းတော့ဘူးလို့ အော်ဟစ်နေရတာလဲ။ ”
ရုတ်တရက် တည်ငြိမ်ပေါ့ပါးလှသော မေးမြန်းသံနှင့်အတူ ထိုအစေခံမှာကျောပြင်သို့ ကန်ကျောက်ခံလိုက်ရပြီး အရှိန်ဖြင့် လွင့်စင် သွားလေသည်။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
လမ်းကြောင်းတလျှောက် စားပွဲနှင့်ကုလားထိုင်များ ပျက်စီးလျက် နံရိုးများ ကျိုးကျေကုန်ကာ ယွင်ချန်ဟုန်ရှေ့သို့ပြုတ်ကျ ရပ်တန့်သွားချေပြီ။
“ အဟွတ် ... အဟွတ် ... ။ ”
***