ထောင်ပေါင်းများစွာသော မျက်လုံးများအောက်တွင် ပုံရိပ်တစ်ရိပ် တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။
ထိုပုံရိပ်သူသည် ကျောက်စိမ်းရောင် ဝတ်လုံဆင်မြန်းလျက် ကိုယ်ဟန်အနေအထား မားမားမတ်မတ် ရှိနေချေပြီ။
လက်တစ်ဖက်ကို နောက်ပို့ထားပြီး ကျန်လက်တစ်ဖက်တွင် အရက်အိုးကိုင်ကာ လျှောက်လှမ်းလာပုံသည် ပန်းခြံထဲ ရောက်နေသကဲ့သို့ပေပင်။
ဖြာကျနေသော နေရောင်ခြည်သည် သူ၏သာလွန်မြတ်မြတ်လှသော ပုံရိပ်ပေါ်သို့ ကျရောက်နေပြီး အေးချမ်းတည်ငြိမ်သည့် အရှိန်အဝါကို ပိုမိုပေါ်လွင်စေ၏။
ဤသည်မှာ စုရီဖြစ်သည်။ သူ့အရည်အချင်းအရ ရှေးဟောင်း ကာကွယ်သူ ယွင်မျိုးနွယ်စုထံ တိတ်တဆိတ် ခိုးဝင်ရန် မခဲယဉ်းလှချေ။
သို့သော် ထိုသို့မလုပ်ခဲ့ဘဲ အားလုံး၏ ရှေ့မှောက်၌ပေါ်ပေါ်ထင်ထင်ပင် လျှောက်လှမ်း လာခဲ့သည်။
သူ့ကို မြင်လိုက်သည်နှင့် ယွင်မျိုးနွယ်မှ ကျင့်ကြံသူတစ်စုသည် တားဆီးရန် ရှေ့သို့ ပြေးတက်လာကြ၏။
“ အားလုံး ဖယ်ပေးလိုက်ကြ ... ။ ”
မျိုးနွယ်စုခေါင်းဆောင် ယွင်ချန်ဟုန်က အမိန့်ပေးလိုက်သည်။ ထိုအခါမှသာ လူတိုင်း ဘေးသို့ ဖယ်ပေးလိုက်ကြ၏။
ယနေ့သည် ယွင်မျိုးနွယ်စု၏ မင်္ဂလာနေ့ထူးနေ့မြတ်ဖြစ်သည်။ သို့သော် တစ်ဖက်လူသည် ဖိတ်ကြားခြင်းမခံရဘဲ တောင်တံခါးကို အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်လာနေ၏။
“ ဟားဟားဟား ... ။ ”
သို့သော် ယွင်ချန်ဟုန်ကမူ အားရပါးရ ရယ်မောလိုက်ပြီး၊
“ လောကသခင် ကိုယ်တိုင် ကြွရောက်လာတာဟာ ငါ့လိုအဖိုးကြီးအတွက် တကယ့်ကိုဝမ်းသာစရာပါပဲ လစ်ဟင်းသွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ”
-ဟု နှုတ်ဆက်လိုက်သည်။ ဤသို့ သဘောထားကြီးမှုနှင့် တည်ငြိမ်မှုကို မြင်ရချိန်၌ လူတိုင်း အံ့ဩသွားကြ၏။
ရန်သူကိုပြုံး၍ ကြိုဆိုနိုင်သည်မှာ သာမန်လူတို့များတတ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
သို့သော် လူတိုင်းကို အံ့အားသင့် သွားစေသည်မှာ စုရီသည် ယွမ်ချန်ဟုန်ကို လုံးဝ အလေးမထားခြင်းပေပင်။
ယင်းအစား သူကန်ထုတ်လိုက်သော မြေပြင်ပေါ်လဲကျနေသည့် အစေခံအိုကြီးကို လှမ်းကြည့်ကာ၊
“ ငါ့ကို ရှင်းပြစမ်းပါဦး ... မင်းပါးစပ်က မကောင်းတော့ဘူးဆိုတာ ဘာကို ပြောတာလဲ။ ”
-ဟု ထပ်မေးလိုက်သည်။
အစေခံအိုကြီးမှာ တစ်ကိုယ်လုံး တုန်ရင်နေပြီး အကူအညီတောင်းခံလိုက်သော မျက်လုံးများဖြင့် ခေါင်းဆောင်ယွင်ချန်ဟုန်ကို ပြန်မော့ကြည့်၏။
ထိုမြင်ကွင်းကြောင့် ယွင်ချန်ဟုန် မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ ယွင်မိသားစု နယ်မြေ၌ သူ့ကို တစ်စုံတစ်ဦးမှ လျစ်လျူရှုနေသည်လော။ ဤသည်မှာ လူပုံ အလယ်တွင် ပါးရိုက်ခြင်းမည်ချေပြီ။
သို့သော် ယွင်ချန်ဟုန်သည် အံကြိတ်လျက် အောင့်အည်းသည်းခံကာ အသက်ပြင်းပြင်းရှူ လိုက်တော့သည်။ ထို့နောက်၊
“ ငါ့ရဲ့ လက်အောက်ငယ်သားက မိုက်မဲလွန်းတဲ့အတွက် မိတ်ဆွေကို စော်ကားမိ ခဲ့ရင် တာအိုကွမ်ကျူးအနေနဲ့ စိတ်ထဲမထားဖို့ တောင်းပန်ချင်ပါတယ်။ ”
-ဟု ဝင်ရောက်ပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် လော့ရှောင်ယွမ်မှလည်း၊
“ ကျော်ကြားလှတဲ့ ... စီနီယာကွမ်ကျူးလို လူတစ်ယောက်က အစေခံတစ်ယောက်ကိုတော့ ရန်ငြိုးမထားလောက်ဘူး မဟုတ်လား။ ”
-ဟု လှောင်ပြောင် ပြောဆိုလာ၏။
လေထုသည် ရုတ်ချည်း လေးလံ ထိုင်းမှိုင်းကာ ဖိအားများဖြင့် ပြည့်နှက်သွား လေသည်။ မူလက ပျော်ရွှင်စရာကောင်းသော ဧည့်ခံပွဲသည် ရေခဲတောင်ကြီး ပြိုကျလာ သကဲ့သို့ ခံစားရချေ၏။
“ ခွေးတစ်ကောင်က လမ်းပိတ်နေရင် ဘယ်လိုလုပ် လွှတ်ပေးလို့ ရမှာလဲ။ ”
စုရီမှ ပြန်ဖြေသည်။ ယွင်ချန်ဟုန် တစ်ယောက်ဒေါသကြောင့် မျက်နှာအရောင် ပြောင်းသွားပြီး၊
“ လောကသခင် ... မင်းက ဂုဏ်ပြုဖို့ လာတာဆိုရင်တော့ ငါတို့ယွင်မျိုးနွယ်အတွက် ဂုဏ်ယူစရာပဲ ဒါပေမဲ့ ... အဲဒီလိုမဟုတ်ဘူး ဆိုရင်တော့ ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောစေချင်ပါတယ်။ ”
-ဟု အလေးအနက် ဆိုလိုက်သည်။ စုရီမှ ပို၍အေးစက်လာပြီး သူ့ထံလှည့်ကြည့်ကာ၊
“ ကောင်းပြီ ... မင်း အဖိုးကြီးဝေကို လွှတ်ပေးပါ ... ငါတရားခံကိုပဲ သတ်မယ် မင်းရဲ့ မျိုးနွယ်စုကိုတော့ ချန်ထားပေးမယ် အဲဒီလိုမှ မဟုတ်ရင်တော့ ... ဒီကနေ့ မင်္ဂလာပွဲဟာ ယွင်မျိုးနွယ်ရဲ့နာရေးနေ့ ဖြစ်သွားမယ်။ ”
-ဟုပြောကြားလိုက်သည်။
ထိုစကားကြောင့် လူတိုင်း ရှုပ်ထွေးကုန်သည်။ ဤစုရီသည် ယနေ့တွင် ယွင်မျိုးနွယ်စုကို အမြစ်ဖြတ်သုတ်သင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း မြင်သာချေ၏။
“ အဲဒီ အဖိုးကြီးဝေဆိုတာ ဘယ်သူလဲ။ ”
တစ်ဖက်တွင် ဧည့်သည်တော်များ သည်သာမက ယွင်မျိုးနွယ်စုဝင်များစွာတို့ပင် နားမလည်နိုင်ဖြစ်ကုန်၏။ ထို့ကြောင့် လူတိုင်း အကြည့်များသည် ယွင်ချန်ဟုန်ထံသို့ ကျရောက်သွားလေသည်။
ယွင်ချန်ဟုန်က မျက်မှောင်ကြုတ်လျက်၊
“ အဖိုးကြီးဝေလား ... အရင်က တာအိုကွမ်ကျူးဘေးမှာ အမြဲတမ်းလိုက်ပါခဲ့တဲ့ အစေခံအိုကြီးကိုပြောတာလား သူ့ကို ငါသိပေမယ့် သူနဲ့ ငါတို့ယွင်မျိုးနွယ် ဘာပတ်သက်မှု ရှိလို့လဲ။ ”
-ဟု ပြန်မေးသည်။
“ ဒါဆို ... ငါက ဒီကို အပျင်းအပြေ လူလာတောင်းလိမ့်မယ်လို့ မင်းထင်နေတာလား အဲဒီတုန်းက လင်းလန်လျှို့ဝှက်မြေကို မင်းတို့ ကျူးကျော်ခဲ့တဲ့ ကိစ္စတွေအားလုံးကို အပ်ချုပ်သမားက ပြောပြပြီးပြီ ...
... ဆက်ပြီး ဟန်ဆောင်နေဦးမယ် ဆိုရင်တော့ ... ဒီနေ့ မင်းရဲ့ယွင်မျိုးနွယ်တွေကို ကမ္ဘာပေါ်ကနေ အပြီးတိုင် ငါဖယ်ရှားပစ်မယ်။ ”
စကားလုံးတိုင်းမှာ လည်ပင်းကို ဓားနှင့်ထောက်ထားသကဲ့သို့ စူးရှလွန်းလှသဖြင့် လူတိုင်းကျောချမ်းသွားကြသည်။ အင်မော်တယ် ဓားခန်းမမှ လော့ရှောင်ယွမ်ကမူ သည်းမခံ နိုင်တော့ဘဲ၊
“ ဒီကိုလာပြီး ယွင်မျိုးနွယ်စုကို ခြိမ်းခြောက်တာလား ခရမ်းရောင်တိမ်တောင် တိုက်ပွဲမှာ အနိုင်ရရုံနဲ့ ... မင်းကိုယ်မင်း တကယ် ပြိုင်ဘက်ကင်းနေပြီထင်နေလား ... ဟမ့်။ ”
-ဟု အော်ဟစ်လိုက်သည်။ ဤတစ်ကြိမ်တွင် စုရီသည် လော့ရှောင်ယွမ်ထံ လှည့်ကြည့်လိုက် ပြီးနောက်၊
“ မင်းက ယွင်မျိုးနွယ်စုအတွက် ရှေ့ထွက်ချင်တာလား။ ”
-ဟု မေးမြန်းခဲ့၏။ လော့ရှောင်ယွမ်က၊
“ ေဒီမှာရှိတဲ့ လူတွေအားလုံးဟာ ဖိတ်ကြားခံရတဲ့ ဧည့်သည်တာ်တွေပဲ မင်းဒီမှာ ဒီလိုမျိုးလာရမ်းကားနေတာကို ဘယ်သူကများ လက်ပိုက်ကြည့်နေမှာလဲ။ ”
-ဟု ဆိုကာ လူအုပ်ကြီးကို ဆွဲထည့်လိုက်တော့သည်။ ထိုစကားကြောင့် ဧည့်သည်များမှာ မျက်နှာပျက်သွားကြ၏။
“ မိတ်ဆွေ ... ဒီနေ့က ယွင်မျိုးနွယ်ရဲ့ မင်္ဂလာနေ့ပါ မင်းကိုမဖိတ်ဘဲ ဒီကိုလာပြီးတော့ အခုလိုရမ်းကားနေတာက နည်းနည်းတော့ လွန်တယ်လို့မထင်ဘူးလား ...
... ငါမင်းကို စကားတစ်ခွန်းလောက် အကြံပေးပါရစေ ... ကိစ္စကိုဖြေရှင်းချင်ရင်တော့ ဒေါသကိုလျှော့ပါ အဲဒီအဖိုးကြီးဝေဆိုတဲ့လူက ဒီမှာရှိ၊မရှိ ငါ မသိပေမယ့် ...
... ဓားစာခံဖြစ်နေတဲ့ လူတစ်ယောက်ဟာ အချိန်မရွေး အသက်အန္တရာယ်ကိုကြုံရနိုင်တယ် ဆိုတာကို မင်း သိထားသင့်တယ်။ ”
သူ့စကားများသည် အေးဆေး တည်ငြိမ်သော်လည်းအတွင်း၌ ခြိမ်းခြောက်မှု အရိပ်အမြွက်ကိန်းအောင်းနေသည်။
“ မင်းက ဘယ်သူလဲ။ ”
စုရီက လှည့်ကြည့်ကာ မေးလိုက်၏။ ယဲ့ယွင်ယွမ်မှ ပြုံးလိုက်ပြီး၊
“ ငါက ယဲ့ယွင်ယွမ်ပါ ... အင်မော်တယ်ဓားနန်းတော်ကပဲ။ ”
-ဟု ပြန်လည် ဖြေကြားလာသည်။
ပုံမှန်အားဖြင့် သူ့နောက်ခံကို ပြောကြားလိုက်သည်နှင့် မည်သည့် ပြဿနာ မဆို ပြေလည်သွားတတ်သည်။
အကြောင်းမှာ အင်မော်တယ် ဓားခန်းမဟူသည် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်လာနေသောကြောင့်ပေပင်။
“ မကြားဖူးဘူး။”
သို့သော် စုရီက ခေါင်းခါရမ်းလိုက်၏။ ယဲ့ယွင်ယွမ်၏အပြုံးများ ချက်ချင်း အေးခဲသွား တော့သည်။ စုရီမှ၊
“ မင်း ... မသေချင်ရင် ပါးစပ်ပိတ်ထား ... မဟုတ်ရင် မင်းကိုအရင်ဆုံးငရဲပို့ပေးဖို့ ဝန်လေး နေမှာ မဟုတ်ဘူး ... ။ ”
-ဟု ဆိုကာ လော့ရှောင်ယွမ်ကို လှည့်ကြည့်ပြီး၊
“ မင်းလည်း အတူတူပဲ။ ”
-ဟု ထပ်လောင်းပြောကြားလိုက်၏။ လော့ရှောင်ယွမ်နှင့် ယဲ့ယွင်ယွမ်တို့နှစ်ဦးစလုံး ဒေါသကြောင့် တုန်ရီသွားကြသည်။
သို့သော် သူတို့သည် မိုက်မဲစွာ တုန့်ပြန်ခြင်းမပြုချေ။ တစ်ဖက်လူသည် လွန်ခဲ့သောသုံးရက်က တိုက်ပွဲတွင် အမှန်ပင် တုန်လှုပ်စရာကောင်းခဲ့၏။
“ ကဲ ... မင်း ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်ပြီ။ ”
စုရီက ယွင်ချန်ဟုန်ကို ပြန်ကြည့်ကာ ပြောကြားလိုက်သည်။ ထိုစဉ်တောင်တံခါးဝဆီမှ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာ၏။
“ ယွင်မျိုးနွယ်စုနယ်မြေကိုလာပြီး ပြဿနာရှာဝံ့တဲ့လူက ဘယ်လောက်တောင် သတ္တိရှိတဲ့ လူလဲဆိုတာ ငါတစ်ချက် ကြည့်ပါရစေဦး။ ”
ထိုအသံနှင့်အတူ ပုံရိပ်တစ်ရိပ်သည် လျှပ်စီးပြက်သည့်အလား တောင်ထိပ်သို့ ပျံသန်း ဝင်ရောက်လာသည်။
ဝတ်စုံရှည်ကြီးကို ဆင်မြန်းထားသော နတ်ဘုရားတစ်ပါးကဲ့သို့ ကျက်သရေရှိနေသည့် အဖိုးအိုတစ်ဦးပေပင်။
တစ်ဖက်လူကို မြင်သည်နှင့် ယွင်ချန်ဟုန်က ဝမ်းသာအားရဖြင့်၊
“ စီနီယာလီကျုံး ... ကြိုဆိုဖို့ ပျက်ကွက်သွားတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ”
-ဟု နှုတ်ဆက်လိုက်လေသည်။
လီကျုံးဆိုသည်မှာ ရှေးခေတ်တွင် အစွမ်းထက်ဆုံး ‘နတ်ဆိုးဘုရင်(၉)ပါးထဲမှ တစ်ပါးဖြစ်ပြီး နတ်သမီးမိုချင်းချောင်၏ အစေခံလည်း ဖြစ်သည်။
သူရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ လော့ရှောင်ယွမ်မှ စိတ်လှုပ်ရှားစွာဖြင့်၊
“ စီနီယာလီကျုံး ... အဲဒီစုမျိုးရိုးနဲ့ ကောင်လေးပဲ ... ဒီကောင်လေးကအရမ်းကို မောက်မာပြီး ယွင်မျိုးနွယ်ကိုဖျက်ဆီးမယ်လို့ ခြိမ်းခြောက်နေတယ်။ ”
-ဟု ပြောကြားလိုက်သည်။ သို့သော် လော့ရှောင်ယွမ်သည် ထိုသို့ပြောပြီးသည်နှင့် တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိ လာတော့၏။
စီနီယာလီကျုံးသည် စုရီကိုမြင်သည်နှင့် မယုံကြည်နိုင်လောက်သော အရာတစ်ခုအား တွေ့မြင်လိုက်ရသကဲ့သို့ အေးခဲသွားသည်။
“ ဘာလို့ မင်းကနေရာတိုင်းမှာ ပေါ်လာနေရတာလဲ။ ”
စုရီက မျက်မှောင်ကြုတ်လျက် အလိုမကျဟန်ဖြင့် မေးမြန်းလိုက်၏။ သို့မှသာ လီကျုံးသည် အိပ်မက်မှ နိုးထလာသကဲ့သို့ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး၊
“ ဒါက တာအိုစုဖြစ်နေလိမ့်မယ်လို့ ... ဒီအဖိုးကြီးတကယ်သိခဲ့ပါဘူး ... အခြေအနေကို မသိဘဲစော်ကားမိတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ”
-ဟု ချက်ချင်း တောင်းပန်လာသည်။
ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးတွင် အပ်ကျသံမကြားရအောင်ပင် တိတ်ဆိတ်သွားတော့၏။
တောင်ဖြိုမိစ္ဆာဘုရင် လီကျုံးသည် ဤမျှရိုသေစွာ တောင်းပန်နေသည့်အပေါ် သူတို့ နားမလည်နိုင်ချေ။
တစ်ဖက်တွင် လီကျုံးအတွက်မူ စုရီစိတ်ကျေနပ်မှု ရရှိစေရန်အတွက် ဦးစားပေး ဆန္ဒရှိနေပြီး ယွင်မျိုးနွယ်စုကိုလျစ်လျူရှုရန် ဝန်မလေးချေ။
အဘယ့်ကြောင့်ဆိုသော် သူခန္ဓာကိုယ်အတွင်းမှ ကျိန်စာကိုချေဖြတ်ရန် ဤကမ္ဘာကြီးတွင် စုရီတစ်ယောက်တည်းသာ စွမ်းဆောင်နိုင်ချေမည်။
***