စုရီသည် လီကျုံး၏စိတ်ထဲတွင် မည်သည့်အရာများ တွေးနေသည်ကို တစ်ချက် ကြည့်ရုံနှင့်သိနိုင်သည်။ ထို့ကြောင့် သူက၊
“ ငါ ... ယွင်မျိုးနွယ်စုနဲ့ စာရင်းရှင်းစရာ ရှိနေတယ် ... မင်းက အကြောင်းစုံကို မသိဘူး ဒါကြောင့် ... ။ ”
သို့သော် လီကျုံးမှ အလျင်အမြန်ပင်၊
“ စိတ်ချပါ တာအိုမိတ်ဆွေ ... ဒီအဖိုးကြီးက အခြေအနေကို ခွဲခြားသိမြင်နိုင်ပါတယ် စိတ်တိုင်းကျ ဆက်လုပ်ပါ။ ”
-ဟု အမြန်စကားဖြတ်ပြောလိုက်သည်။
ဤစကားကြောင့် ယွင်ချန်ဟုန်နှင့် ယွင်မျိုးနွယ်ဝင်များမှာနှလုံးများ လေးလံကုန် တော့၏။ ဤလီကျုံးဆိုသူသည် သူတို့အပေါ် ကူညီတော့မည် မဟုတ်ကြောင်း သေချာချေပြီ။
ထိုအချိန်တွင် စုရီ၏အကြည့်က လော့ရှောင်ယွမ်ထံသို့ ရောက်ရှိသွားလေသည်။ လော့ရှောင်ယွမ်ခမျာ ကျောရိုးတလျှောက် စိမ့်တက်လာပြီး၊
“ မင်း ... မင်း ဘာလုပ်မလို့လဲ။ ”
-ဟု တုန်တုန်ယင်ယင် မေးမြန်းလိုက်၏။
“ မင်းကို အရင်ဆုံး ငရဲပို့ပေးမလို့။ ”
စုရီက တည်ငြိမ်စွာ ပြန်ဖြေသည်။ တစ်ဆက်တည်းမှာပင် ဓားအလင်းတစ်ချက် လျှပ်ခနဲပေါ်လာပြီး ကောင်းကင်ပေါ် ပျံတက် သွားလေသည်။
ထိုနောက်ဓားအလင်းသည် ရေတံခွန်ကြီးအလား လော့ရှောင်ယွမ်ပေါ်သို့ ပြန်လည်ပြိုကျသွားတော့၏။
ဤဓားရောင်ဝါ ရေတံခွန်တွင် နက်မှောင်ပြီးဆန်းကြယ်လှသော ဝင်စားခြင်း ဥပဒေ အပြည့်အစုံ ပါရှိနေသည်။
လော့ရှောင်ယွမ် တစ်ယောက် ထိတ်လန့်သွားကာ သူ့လက်နက်ကို ချက်ချင်း ထုတ်ယူလိုက်တော့၏။
“ အသက်ဝင် ... ။ ”
ကိုးထပ် မျှော်စင်တစ်ခု ပေါ်လာပြီး နတ်ဘုရားအလင်းတန်းများ ဖြာကျလာကာ သူ့ ပတ်ပတ်လည်တွင် ကမ္ဘာငယ်လေးများသကဲ့သို့ အလင်းတံတိုင်းများပေါ်လာခဲ့သည်။
ဤသည်မှာ ကမ္ဘာကိုးလွှာမျှော်စင်ပင် ဖြစ်၏။ ကြည့်နေသူများအဖို့ လော့ရှောင်ယွမ် ဟူသည် ကမ္ဘာကိုးခုခြားနေသကဲ့သို့ပေပင်။
သို့သော် စုရီ၏ခွန်အားသည် သာမန် မဟုတ်ချေ။ ခရမ်းရောင်တိမ်တောင် တိုက်ပွဲ၌ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို သူ တစ်ဦးတည်း အနိုင်ယူခဲ့၏။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲ သံကြီးများနှင့်အတူ သံသရာအလင်းတန်းများ ပါဝင်သည့် ဓားမိုးရေစက်များက တံတိုင်းကြီးကို အမှုန့်ကြိတ်ပစ်လိုက်တော့သည်။
“ မလုပ်နဲ့ ... ။ ”
တစ်ဆက်တည်းမှာပင် ကမ္ဘာကိုးလွှာ မျှော်စင်သည်လည်း အပိုင်းပိုင်းကွဲအက်သွားပြီး ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်ပါ မကျန် ချေမှုန်းခံလိုက်ရ၏။ အနီးအနားရှိ အခြားသော ရှေးဟောင်းအင်အားစုမှ ကျင့်ကြံသူများခမျာ ချက်ချင်း အမြန်ဆုတ်ခွာကုန်ကြသည်။
အေးစိမ့်သောချွေးစေးများ ထွက်ပေါ်ပြီး သူတို့ကဲ့သို့ သေလွန်ဝိညာဉ်အိုကြီးများအတွက် ဝင်စားခြင်းဥပဒေသည် အကြောက်ဆုံး စွမ်းအားပေပင်။
သဘာဝတရားကြီး၏ ရန်သူဖြစ်ကာ မည်သို့မျှ ခုခံနိုင်စွမ်းပင် မရှိချေ။ အထူးသဖြင့် ယဲ့ယွင်ယွမ်မှာ တစ်ကိုယ်လုံး တုန်ရင်နေပြီး ကြောက်လန့်နေခဲ့၏။
သူသည်သာ စောစောက စကားဝင်ပြောခဲ့သော် လော့ရှောင်ယွမ်ကဲ့သို့ပင် အသတ်ခံရမည်ကို သိရှိလိုက်သည်။
“ ဝင်စားသူ ... မင်း ငါ့ယွင်မျိုးနွယ်စုကို ဘာထင်နေလဲ။ ”
ထိုမြင်ကွင်းကြောင့် ယွင်ချန်ဟုန်ခမျာ ဒေါသများထွက်လာခဲ့ပြီး မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားချေပြီ။
တစ်စုံတစ်ဦးသည် သူ့ရှေ့၌ ယွင်မိသားစုဧည့်သည်ကို သတ်ဖြတ်ခြင်းမှာ လူပုံအလယ်တွင် ပါးရိုက်လိုက်ခြင်းမည်၏။ သို့သော် စုရီသည် ထိုအရာကို ဂရုမစိုက်ဘဲ သူ့ထံကြည့်လျက် တည်ငြိမ်စွာဖြင့်၊
“ တခြားလူတွေအတွက်တော့ ... ဒီနေရာကနဂါးခံတွင်း၊ ကျားအသိုက်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ငါ့အတွက်တော့ လူသူမရှိတဲ့ ကွင်းပြင်ကြီးပါပဲ။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်သည်။
လူတိုင်း မှင်သပ်သွားကြ၏။ ဤသည်မှာ လူသူဆိတ်သုဉ်းသော ကွင်းပြင်ကြီးပင်လော။ သူတို့အားလုံးသည် လူများ မဟုတ်၍လော။
“ လူသူမရှိတဲ့ ကွင်းပြင်တဲ့လား ... ဟားဟားဟား ... ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ် ... မင်းက ငါမျိုးရိုးကို တကယ်ပဲ အထင်သေးနေတာကိုး။ ”
ထိုစဉ်အဝေးမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။ ထိတ်လန့်ဖွယ်ကောင်းသော ရောင်ဝါများဖြန့်လျက် လူအချို့လျင်မြန်စွာ ပျံသန်းလာနေကြသည်။
အရေအတွက်အားဖြင့် လူပေါင်း(၂၀) ကျော်ရှိပြီး အားလုံးမှာ ကောင်းကင်ဘုံနယ်ပယ် အဆင့် ကျင့်ကြံသူများပေပင်။
ဦးဆောင်လာသူသည် ငွေရောင်ဝတ်စုံ ဆင်မြန်းထားပြီး ဆံပင်ဖြူဖြူနှင့် လူငယ်အသွင် အဖိုးကြီးဖြစ်လေသည်။
“ တတိယ ဘိုးဘေး ... ။ ”
ထိုသူကိုမြင်သည်နှင့် ယွင်ချန်ဟုန်က ရွှင်မြူးသွား၏။ ဤသည်မှာ ယွင်မျိုးနွယ်စု၏ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ပါးပေပင်။ သူ့ အမည်မှာ ယွင်ဟွမ်ထျန်းဖြစ်၏။
တစ်ချိန်တည်းမှာပင် ယဲ့ယွင်ယွမ် သည်လည်း စိတ်သက်သာရရသွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် ယွင်ဟွမ်ထျန်းဘေး၌ သူတို့ဂိုဏ်းမှ စီနီယာကြီးနှစ်ဦးဖြစ်သည့် ဝေချန်ဖူနှင့် ရွမ်ချိုင်ကျိတို့ကို မြင်တွေ့ လိုက်ရသောကြောင့်ပေပင်။
ဤသို့ ယွင်မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများနှင့်အတူ အင်မော်တယ်ဓားခန်းမ အဖွဲ့ဝင်အချို့ ရောက်ရှိလာသဖြင့် လေထုသည် ချက်ချင်းပြောင်းလဲသွားချေပြီ။
ဧည့်သည်တော်များအားလုံးသည် ကြောက်လန့်တုန်ရီနေပြီး မခန့်မှန်းနိုင်သော တိုက်ပွဲကြီးဖြစ်လာတော့မည်ကို သိရှိလာ၏။
စုရီမှာမူ ထိုရောက်ရှိလာသူအားလုံးကို လုံးဝအရေးမစိုက်တော့ဘဲ ယွမ်ချန်ဟုန်ထံသာ စိုက်ကြည့်လျက်၊
“ ငါစကားကို သုံးကြိမ်ထက် ပိုမပြောဘူး ... ဒါနောက်ဆုံးအကြိမ်ပဲ ... ပြောပါ အဖိုးကြီးဝေ ဘယ်မှာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ရုတ်တရက် လေထုသည် လေးလံလာသောကြောင့် ဧည့်သည်တစ်ဦးက တုန်တုန်ရင်ရင်ဖြင့်၊
“ လောကသခင် ငါတို့ကို အရင် ထွက်ခွာခွင့်ပြုနိုင်မလား။ ”
-ဟု မေးမြန်းလာ၏။ စုရီက ခေါင်းညိတ်ပြကာ၊
“ မသက်ဆိုင်တဲ့ လူတွေ ထွက်သွားနိုင်တယ်။ ”
-ဟု ခွင့်ပြုလိုက်သည်။
ဤသည်ကို ကြည့်ပြီး ယွင်မျိုးနွယ်စုဝင်များသည် ပို၍ဒေါသထွက်သွား တော့၏။ ထိုဧည့်သည်တော်များသည် မိမိတို့ နယ်မြေတွင် စုရီထံမှ ခွင့်ပြုချက် တောင်းခံ နေခြင်းမှာ အရှက်ရစရာဖြစ်သည်။
ဤသတင်းသည်သာ ပြင်ပသို့ ပျံ့နှံ့သွားခဲ့သော် ယွင်မျိုးနွယ်စုသိက္ခာသည် လုံးဝကျဆင်းသွားပေမည်။
“ အားလုံးပဲ မလောကြပါနဲ့ ... တိုက်ပွဲထဲပါဝင်မှာ စိုးရိမ်နေရင် အဝေးကနေ စောင့်ကြည့်နေလို့လည်းရပါတယ် ပြဿနာတွေ ပြီးရင် ငါတို့မင်္ဂလာပွဲကို ပြန်စပါ့မယ်။ ”
လူငယ်အသွင်ဖြင့် ယွင်ဟွမ်ထျန်းက နှစ်သိမ့်အားပေးလိုက်သည်။ ထို့နောက် သူက လီကျုံးထံလှည့်ကြည့်ကာ၊
“ မိတ်ဆွေလီ ... မင်းရဲ့ ရပ်တည်ချက်က နတ်သမီးမိုချင်းချောင်သဘောထားကို တကယ် ကိုယ်စားပြုလား။ ”
-ဟု အတည်ပြုချက် ရယူလိုက်၏။ လီကျုံးမှသက်ပြင်းချလိုက်ကာ၊
“ အားလုံးပဲ ... ကျုပ် စကားတစ်ခွန်း ပြောပါရစေ ... အဲဒီအဖိုးကြီးဝေဆိုတဲ့လူကသာ တကယ်ပဲ ခင်ဗျားတို့လက်ထဲမှာ ရှိနေရင် လွှတ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ ”
“ ဟမ့် ... အဖိုးကြီးလီကျုံး ... မင်းရဲ့သဘောထားက ဒီလိုဆိုနေမှတော့ ဒီနေ့ မင်းဘာမှပြောနေစရာ မလိုတော့ဘူး ပါးစပ်ပိတ်ထားပါ။ ”
ဝေချန်ဖူက ဝင်ရောက် အော်ငေါက် လိုက်သည်။ လီကျုံးမှ စကားဆက်မပြောဘဲ နှုတ်ဆိတ်သွား၏။ စုရီနှင့် ထိပ်တိုက်တွေ့ခြင်း ဟူသည် ဦးခေါင်းနှင့် ကျောက်ဆောင်ကို ဝင်ဆောင့်နေသကဲ့သို့ ဖြစ်ချေမည်။
“ ဟားဟားဟား ... ။ ”
ယွင်မိသားစုခေါင်းဆောင် ယွင်ချန်ဟုန်က ရုတ်ချည်း အေးစက်စွာ ရယ်မောလိုက်ပြီး၊
“ ကောင်းပြီ ... အဲဒီအဖိုးကြီးဝေဆိုတဲ့ ခြေကျိုးကြီး ငါတို့လက်ထဲမှာရှိတာမှန်ပါတယ် သူ့ကိုလိုချင်ရင် ဝင်စားခြင်းလျှို့ဝှက်ချက်ပေးပါ ငါတို့အခုချက်ချင်း လွှတ်ပေးမယ်။ ”
-ဟု ဝန်ခံလိုက်တော့၏။ ဘိုးဘေးနှင့် အကူအညီများ ရောက်ရှိလာပြီဖြစ်သောကြောင့် ဆက်လက်ဖုံးကွယ်ထားရန် ဆန္ဒမရှိချေ။
သူ့စကားသည် ပတ်ဝန်းကျင်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။ အမှန်တရားမှာ ပေါ်ထွက်လာချေပြီ။ စုရီက ဝိုင်အိုးထဲမှ လက်ကျန်ကို မော့သောက်လျက်၊
“ ကောင်းပြီ ... အချိန်စေ့ပြီ ... ဒီနေ့ယွင်မျိုးနွယ်စုဆိုတာ ကမ္ဘာကြီးပေါ်ကနေ လုံးဝပျောက်ကွယ်ရလိမ့်မယ်။ ”
-ဟု ဆိုကာ ကောင်းကင်ပေါ် ပျံတက်လိုက်တော့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဓားရောင်ဝါများ ချက်ချင်းထွက်ပေါ်လာ၏။
“ ဟားဟားဟား ... မင်း တကယ် သေချင်နေတာပဲ ... မင်းပြန်ရောက်လာပြီလို့ သတင်းကြားတည်းက ငါတို့တွေ ဒီအတိုင်းပဲ မပြင်ဆင်ထားဘူးလို့ ထင်နေတာလား ... ။”
ယွင်ဟွမ်းထျန်းက အားရပါးရ ရယ်မောလျက် ညာလက်ကို လေထဲသို့ မြောက်ပြကာ၊
-ဟု အမိန့်ပေးလိုက်သည်။
“ ဝူး ... ။ ”
ရုတ်တရက် ရွှေရောင်နတ်တောင်ကြီး တစ်ခုလုံးတုန်ခါသွားပြီး နတ်အလင်းများ ကောင်းကင်ပေါ် ပျံတက်လာချေပြီ။
“ ချွင် ... ချွင် ... ။ ”
တဆက်တည်းမှာပင် လေထုအလယ် ဓား(၃၆)လက်ဖြစ်ပေါ်လာပြီး သတ်ဖြတ်ခြင်း ရောင်ဝါများ ထုတ်ဖော်လာ၏။ ဤသည်မှာ တိုက်ပွဲဝင် ဓားအစီရင်တစ်ခုပေပင်။
စုရီကိုဗဟိုပြုကာ လေဟာနယ်ကို ချက်ချင်းပိတ်ဆို့ပစ်လိုက်သည်။ လီကျုံးပင်လျှင် ထိုမြင်ကွင်းကြောင့် စိုးရိပ်သွားခဲ့၏။
“ ကောင်းကင် အင်မော်တယ်ဓားအစီရင်လား ... ။ ”
ဤသည်မှာ အင်မော်တယ်ဓားခန်းမ၏ အစွမ်းထက်သော အစီအရင်များအနက် တစ်ခု ဖြစ်သည်။ အထဲတွင်ပိတ်မိသော် မည်သည့် နယ်ပယ်ဘုရင်မဆို ရှင်ရန် လမ်းစမရှိချေ။ နတ်ဝိညာဉ်အတွက်ပင် အန္တရာယ်ရှိချေ၏။
***