“ ဝုန်း ... ။ ”
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များသည် ရေလှိုင်းများအလား နေရာအနှံ့သို့ ရိုက်ခတ်သွားလေသည်။
ကောင်းကင်တခွင် အမှောင်ကျသွားပြီး ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါနေ တော့သည်။
ဤအခိုက်အတန့်တွင် စုရီသည် အခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ကာ လူသတ်လက်နက်တစ်ခုဖြစ်လာ၏။
“ လူယုတ်မာ ရပ်စမ်း မင်းတကယ်ပဲ အဲဒီအဖိုးကြီးဝေကို သေစေချင်နေတာလား။ ”
ယွင်ယွမ်ထျန်းက မိုးချုံးသံကြီးအလား အော်ဟစ်လိုက်လေသည်။ ဓားစာခံ၏တန်ဖိုးမှာ အသက်ရှင်နေမှသာ ရန်သူကို ခြိမ်းခြောက် နိုင်ခြင်း ဖြစ်၏။
တစ်ဖက်လူသည် ဓားစာခံအသက်ကို ဂရုမစိုက်ပါလျှင် ၎င်းတန်ဖိုးမှာ အသုံးမဝင်ချေ။ ထို့ကြောင့် စုရီတစ်ယောက် ရူးသွပ်သွားမည်ကို အနည်းငယ် စိုးရိမ်လာခဲ့သည်။ စုရီက ရုတ်တရက် ရပ်လိုက်၏။ ထိုမြင်ကွင်းကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၊
“ ကောင်းပြီ ... ငါတို့ယွင်မျိုးနွယ်က တစ်လှမ်းဆုတ်ပေးမယ် မင်းသာဝင်စားခြင်း ဥပဒေကို ပေးမယ်ဆိုရင် ဒီနေ့ကိစ္စကို ဒီမှာတင် အဆုံးသတ်ပေးမယ်။ ”
-ဟု အလျင်အမြန်ကမ်းလှမ်းလိုက်၏။
“ ဒါကို တောက်ဆုတ်ပေးတယ်လို့ ခေါ်တာလား။ ”
လီကျုံးက ဘေးမှနေပြီ မျက်ခုံးပင့်ကာ မေးမြန်းလိုက်၏။ ယွင်ယွမ်ထျန်းတစ်ယောက် အေးစက်စွာဖြင့် လီကျုံးထံလှည့်ကြည့်သည်။
“ လူသေရင် ဘာမှမရှိတော့ဘူး ... လောကသခင်အတွက် ဝင်စားခြင်းဥပဒေက အသက်ထက် ပိုအရေးကြီးလို့နိုင်ပါ့မလား ...
... ပြီးတော့ ဒီနေ့ ငါတို့ဘက်ကလည်း လူတွေ အများကြီးသေခဲ့ရပြီ ဝင်စားခြင်းဥပဒေ တစ်ခုလေးတောင်ရတာနဲ့တင် အများကြီး သည်းခံပေးထားတာပါ။ ”
“ ဟားဟားဟား ... ။ ”
ထိုအဖြေကြောင့် လီကျုံးမှ ဒေါသတကြီး ရယ်လိုက်သည်။ ဤအဖိုးကြီးယွင်ယွမ်ထျန်းမှာ စုရီကို လျော့တွက်နေသေး၏။ စုရီက တည်ငြိမ်စွာ နားထောင်နေသည်။
ယွင်ယွမ်ထျန်းမှ စုရီထံ ပြန်ကြည့်ကာ၊
“ ဘယ်လိုလဲ မင်းဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။ ”
-ဟု မေးမြန်းလိုက်၏။
“ အဖိုးကြီးဝေ အသက်ရှင်နေသရွေ့ ... ပြင်ပမှာရှိနေတဲ့ မင်းရဲ့မျိုးနွယ်စုဝင်တွေအားလုံး အသက်ရှင်မယ် ... ။ ”
စုရီအသံက ဆောင်းလေအလား အေးစက်စွာလွင့်ပျံသွား၏။ ထို့နောက် လေထဲ ခြေတစ်လှမ်းတိုးကာ၊
“ အဖိုးကြီးဝေသာ သေသွားရင်တော့ ... မင်းရဲ့ယွင်မိသားစုဝင် တစ်ယောက်မကျန်ကို ကမ္ဘာအနှံ့ ငါလိုက်သတ်မယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
“ မင်း ... ။ ”
ယွင်ယွမ်ထျန်းတစ်ယောက် ဒေသဖြင့် စကားလုံးများပျောက်ဆုံးသွား၏။ ဤလူသည် မောက်မာလွန်းချေပြီ။ သူ့ကိုကြောက်အောင် ခြောက်ရန် နည်းလမ်းရှိပုံမရချေ။
ထိုစဉ် စုရီသည် ဓားဖြင့် သူ့ကို ခုတ်ပိုင်းလာတော့၏။ ငရဲဘုံကိုးပါးဓားရောင်ဝါ ပါဝင်သော ဝင်စားခြင်းဥပဒေသည် အရှိန်ဖြင့် ကျဆင်းသွားလေသည်။
အဝေးမှ ကြည့်သော် မရဏ ကမ္ဘာကြီးတစ်ခုလုံးဖြင့် ပစ်ပေါက်လိုက်သည့် အလားပေပင်။ ဤသည်မှာ ပြင်းထန်သော ဒေါသကို ပြသနေ၏။
“ နတ်တောင်တန်းဝင်္ကပါကို အသက်သွင်းလိုက်။ ”
ယွင်ယွမ်ထျန်းမှ အော်ဟစ်လိုက်သည်။ ဤအခိုက်တွင် အဖိုးကြီးဝေကို သတ်မိန့်ပေးလို ခဲ့သော်လည်း မျိုးနွယ်တစ်ခုလုံး အသက်များဖြင့် မလဲနိုင်ချေ။ ထို့ကြောင့် ခုခံကာကွယ်ရေးဝင်္ကပါ များစွာကို အသက်သွင်းလိုက်ရသည်။
“ ဘောင်း ... ဘောင်း ... ။ ”
သို့သော် တစ်ချက်တည်းနှင့်ပင် ယွင်မိသားစု၏ အကောင်းဆုံး ကာကွယ်ရေး ဝင်္ကပါများမှာ တစစီ ကြေမွသွားတော့၏။
“ မကောင်းတော့ဘူး ... ။ ”
ယွင်ဟွမ်းထျန်းမှ ထိတ်လန့်စွာဖြင့်၊
“ ငါပေးမယ် ငါပေးမယ် မင်းရပ် ... ။ ”
-ဟု ဆုံးဖြတ်ချက်ချလိုက်ရ၏။
မျိုးနွယ်စုဘိုးဘေးတစ်ဦးအနေဖြင့် ဓားစာခံတစ်ယောက်ကြောင့် တစ်မျိုးနွယ်လုံး အသတ်ခံရမည့်အဖြစ်ကို သူ မလိုလားချေ။
“ သွား ... ။ ”
သို့သော် စုရီသည် မရပ်တန့်ချေ။ သူက နောက်ထပ်ဓားတစ်ချက် ထပ်မံခုတ်ပိုင်းခဲ့၏။ ထိုဓားချက်သည် ယွင်မိသားစု၏ဘိုးဘေးမြေထံ ဖြစ်လေသည်။
ဘိုးဘေးမြေရှိ တားမြစ်အစီအရင်မှာ အသက်ဝင်လာသော်လည်း ထိုဓားချက်အပေါ် မခံယူနိုင်ဘဲပေါက်ကွဲပျက်စီးသွားသည်။
ဘိုးဘေးမြေအတွင်း တံခါးပိတ် ကျင့်ကြံနေသော တုံ့ယွီအဆင့်အဖိုးကြီးများမှာ မသိလိုက်ဘဲ သွေးအိုင်ထဲ လဲကျကုန်တော့၏။
“ မင်း ရပ်စမ်း ... မိစ္ဆာကောင် ဒီအဖိုးကြီးအသက်ကို မလိုချင်ဘူးလား။ ”
ယွင်ဟွမ်းထျန်းက အဖိုးကြီးဝေကို ကိုင်ဆွဲလျက် ချက်ချင်းလေထဲပျံတက်လာပြီး စုရီထံ ပစ်ပေးလိုက်တော့၏။
စုရီက အဖိုးကြီးဝေကို ဖမ်းယူလိုက်ကာ ရပ်တန့်သွားသည်။ ယွင်ယွမ်ထျန်းတစ်ယောက် အားအင်ကုန်ခမ်းသွားသကဲ့သို့ မြေပြင်ပေါ်သို့ ပုံရက်သား ပြန်လည်ပြုတ်ကျသွားတော့၏။
“ မင်း ငါ့ကို သတ်ချင်သတ်ပါ ... ကျန်တဲ့သူတွေကိုတော့ ထပ်ပြီး မထိပါနဲ့တော့ တောင်းပန်ပါတယ်။ ”
သူ့အသွင်က နောင်တကြီးစွာဖြင့် တုန်ရင်နေချေပြီ။
“ မင်းအသက်က ငါ့ဒေါသကို ပြေပျောက်စေဖို့ မလုံလောက်သေးဘူး။ ”
စုရီက ကြင်နာခြင်းမရှိ ပြောကြား လိုက်သည်။ ထို့ကြောင့် မိသားစုခေါင်းဆောင် ယွင်ချန်ဟုန်မှ ရှေ့လှမ်းတက်လာကာ၊
“ လောကသခင် ... ငါတို့ယွင်မိသားစုက ဘာလို့မင်းရဲ့အစေခံကို ဖမ်းဆီးခဲ့သလဲဆိုတာ မသိချင်ဘူးလား ဒါတွေအားလုံးဟာ 'အပ်ချုပ်သမားရဲ့ အကြံအစည်ပါ ...
... သူက မင်း မသေဘဲ လူဝင်စားအဖြစ် ပြန်လာမယ်ဆိုတာကို ပြောပြခဲ့တယ် မင်းရဲ့ အချစ်ဆုံးလူတွေကို ဖမ်းထားရင် ဝင်စားခြင်း လျှို့ဝှက်ချက်ကို ရနိုင်မယ်လို့ ...
... သူပဲ ငါတို့ကိုအကြံပြုသွားတယ် လင်းလန်လျှို့ဝှက်မြေကို တိုက်ခိုက်တုန်းက သူ ရှိနေပါတယ် ... ဒါပေမယ့် မင်းကို ငါတို့က ...
... လင်းလန်နယ်မြေကို ဖျက်ဆီးခဲ့သူလို့ ပြောခဲ့ပေမဲ့ ... သူကိုယ်တိုင်လည်း အဲဒီနေ့က ပါလာတာကို မပြောခဲ့ဘူး မဟုတ်လား။ ”
-ဟု အဖြစ်မှန်ကို ဖွင့်ချလိုက်သည်။ ဤတစ်ကြိမ်တွင် သူ့စကားအတွင်း နာကျည်းမှု အပြည့်ပါရှိနေတော့၏။
“ အပ်ချုပ်သမားပဲလား။ ”
စုရီခမျာ မျက်မှောင်ကြုတ်သွားသည်။ ထိုအမူအရာကြောင့် ယွင်မိသားစုခေါင်းဆောင်မှ အနည်းငယ်သက်သာရာရသွားပြီး၊
“ ဒီအပ်ချုပ်သမား အဘိုးကြီးက ... အမြဲတမ်းအမှောင်ထဲမှာ ပုန်းအောင်းနေတာ မင်းလည်းသူ့ကို သတ်ချင်နေတာကြာပြီလို့ ငါယုံကြည်ပါတယ်။ ”
-ဟု ထပ်မံပြောကြားလိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကာ လေးနက်သော အမူအရာဖြင့်၊
“ ဒါကြောင့် ... သူနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေကို ငါပေးနိုင်ပါတယ်။ ”
- ဟု ကမ်းလှမ်းလိုက်လေသည်။
“ ဆက်ပြောပါ။ ”
စုရီက အေးစက်စွာ ပြော၏။ ယွင်မိသားစုခေါင်းဆောင် ယွင်ချန်ဟုန်က တွေဝေခြင်းမရှိဘဲ၊
“ အဲဒီအဘိုးကြီးက အရမ်းကို ကောက်ကျစ်စဉ်းလဲတယ် သူ့ရဲ့တည်နေရာကို သိတဲ့လူ ဒီလောကမှာ လက်ချိုးရေလို့ရတယ် ဒါပေမဲ့ လေတိုက်ရင် အမှတ်အသားကျန်တယ်၊ ငှက်ပျံရင် အသံကျန်တယ် ကိုယ်တော်ပြေးရင် ကျောင်းကျန်တယ် ...
... ဒီလိုပဲ သူ ငါတို့မျိုးနွယ်နဲ့ ပူးပေါင်းခဲ့တုန်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့ သဲလွန်စအချို့ကို ရယူထားနိုင်ပါတယ်။ ”
သည့်နောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ နတ်အာရုံဖြင့်အချက်အလက်အချို့ ရေးသားပြီးပစ်ပေးလာသည်။
“ ဒီထဲမှာ သဲလွန်စ သုံးခုရှိတယ်။ မင်းကိုယ်တိုင်စုံစမ်းကြည့်ရင် အဲဒီအဘိုးကြီးကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ”
ယနေ့ ဒုက္ခများသည် အပ်ချုပ်သမားမှ သစ္စဖောက်ခြင်းကြောင့် ကြုံရခြင်းဖြစ်ချေသည်။ ထို့ကြောင့် တစ်ဖက်လူကို သူနှင့်အတူ ဆွဲချရန် ဆုံးဖြတ်လိုက်၏။
“ ခွေးအချင်းချင်း ပြန်ကိုက်ကြတာလား။ ”
စုရီက ကျောက်စိမ်းပြားကို ဖမ်းယူပြီး မှတ်ချက်ပေးလိုက်၏။ တစ်ဖက်လူသည် သူ့ကို အသုံးချကာ အပ်ချုပ်သမားကိုရှင်းလိုပုံရသည်။
ယွင်ချန်ဟုန်သည်လည်း စုရီ၏ ခိုင်းနှိုင်းအပေါ် မျက်နှာပျက်ယွင်းသွားတော့၏။ သို့သော် စကားမဆိုခဲ့ချေ။
“ မင်းဘယ်လိုပဲ မြင်မြင်ပါ ... ဒီကိစ္စတွေအတွက် ငါတာဝန်ယူပါတယ် ... ငါ့ရဲ့ ယွင်မိသားစုဝင်တိုင်း ဒီကိစ္စကိုမသိပါဘူး သူတို့ကို အသက်ရှင်ခွင့်ပေးပါ။ ”
စကားဆုံးသည်နှင့် ယွင်ချန်ဟုန် တစ်ယောက် မြေပြင်ပေါ်သို့ ချက်ချင်းဝပ်စင်းပြီး ဦးတိုက်လိုက်တော့သည်။
“ အဖေ ... ။ ”
ဤမြင်ကွင်းသည် သတို့သားဖြစ်သူ အပါအဝင် ယွင်မိသားစုဝင်တိုင်းကို တုန်လှုပ် ဝမ်းနည်းလာစေ၏။
ကြယ်လွင်ပြင်ကို လွှမ်းမိုးထားသော ယွင်မျိုးနွယ်ခေါင်းဆောင်အနေဖြင့် ဤသို့သော အပြုအမူသည် များစွာ နာကျင်စရာပေပင်။ မမျှော်လင့်ထားသော မြင်ကွင်းဖြစ်၏။
စုရီက စကားမဆိုတော့ဘဲ ဒူးထောက်နေသော ယွင်ချန်ဟုန်ထံကြည့်ကာ လက်ဝှေ့ရမ်းလိုက်သည်။ ယွင်ချန်ဟုန်ခမျာ ဦးတိုက်နေသည့် ထိုပုံစံအတိုင်းပင် ဝိညာဉ်ပါ မကျန်အောင် ပျောက်ကွယ်သွားတော့၏။
“ မျိုးနွယ်စုခေါင်းဆောင် ... ။ ”
ကျန်ရှိနေသော ယွင်မျိုးနွယ်စုဝင်များမှာ မျက်ရည်များဖြင့် နာကျင်စွာ အော်ဟစ်ကုန်၏။ အများစုသည် အံကြိတ်လျက် လက်သီးများ ဆုပ်ကာ ခေါင်းငုံသွားကြသည်။
ယနေ့ပြီးနောက် အရှေ့ဘက် ကြယ်လွင်ပြင်ဒေသကြီးရှိ ကာကွယ်သူမျိုးနွယ် ဖြစ်သော ယွင်မိသားစုဟူသည့် ဂုဏ်သိက္ခာမှာ ဆုံးခန်းတိုင်သွားချေပြီ။
မိသားစုခေါင်းဆောင် ယွင်ချန်ဟုန်သည် သူ့အသက်ကိုပေးကာ ယွင်မျိုးနွယ်စုအတွက် အသက်ရှင်ခွင့် ဝယ်ယူပေးသွားခဲ့၏။ စုရီက ယွင်မိသားစုဝင်များထံ ဝေ့ကြည့်ကာ၊
“ မြက်ပင်ဆိုတာ အမြစ်ပါမကျန်အောင် နှုတ်ရတယ် မဟုတ်ရင် နောင်မှာ ဘေးဒုက္ခတွေ သယ်ဆောင်လာနိုင်တယ် ဒါပေမဲ့ စိတ်မပူပါနဲ့ ငါ့အမြင်မှာတော့ အဲဒီလိုပြောကြတဲ့လူတွေဟာ ...
... လုံလောက်အောင် သန်မာမှုမရှိလို့ပဲ မင်းတို့မှာသတ္တိရှိရင် ဘယ်သူမဆိုလာရှာနိုင်ပြီး ငါ့ကိုလက်စားချေနိုင်တယ်။ ”
-ဟု ကြေငြာလိုက်တော့၏။
ဓားသမားတစ်ယောက်သည် ဘဝတစ်လျှောက် တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ရမည်ဖြစ်ရာ ရန်ငြိုးရန်စများမှာ မရေမတွက်နိုင်အောင် ရှိပေလိမ့်မည်။
အကယ်၍ ရန်သူ၏လက်စားချေမှုကို ကြောက်ရွံ့ပြီး လူမျိုးတုံးသတ်ဖြတ်ခြင်းပြုပါက နတ်ဆိုးနှင့် မခြားတော့ချေ။ အလွန်အမင်း စက်ဆုပ်ရွံရှာဖွယ်ပေပင်။
လုံလောက်အောင် သန်မာနေပါက သူတစ်ပါး၏ လက်စားချေမှုကို အဘယ်ကြောင့် ကြောက်ရမည်နည်း။
နောင်တစ်ချိန်တွင် သူသည် နတ်ဝိညာည်လမ်းသို့ တက်လှမ်းမည်ဖြစ်လေရာ ဤမိသားစုမှ ကျန်ရှိနေသူများထဲတွင် မည်သူက လက်စားချေဝံ့မည်ကို သိချင်သေးသည်။
သည့်ပြင် ယနေ့တွင် ယွင်မျိုးနွယ်စု၏ အခြေခံအုတ်မြစ်သည် ပြိုလဲသွားပြီဖြစ်သည်။ သူက ထပ်ပြီး သတ်ဖြတ်နေစရာ မလိုတော့ဘဲ ခွေးသေကိုအကြောင်းပြုလိုသော အင်အားစု အသီးသီး ဝင်ရောက်လာကြပေလိမ့်မည်။
ထို့နောက် စုရီက ယွင်ယွမ်ထျန်းထံ လှည့်ကြည့်ကာ၊
“ ငါ့ကို မြေပြင်ရှင်းလင်းရေးလုပ်ပေးပါ ပြီးတော့ မင်းတို့မိသားစုရဲ့ ရတနာအားလုံးကို သယ်လာခဲ့ပါ။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
ယွင်ယွမ်ထျန်းတစ်ယောက် ဒေါသထွက်သွားပြီး မလှုပ်ချေ။ ယွင်မျိုးနွယ်၏ သက်တမ်းသည် ရှေးခေတ်ကတည်းက တည်ရှိ လာခဲ့သောကြောင့် ကြွယ်ဝမှုမှာ စိတ်ကူး၍ပင် မရနိုင်အောင် များပြားလှသည်။
ထို့သို့သောကြွယ်ဝမှုကို တစ်စုံတစ်ဦးမှ လက်ညှိုးထိုးလာလိမ့်မည်ဟု မထင်ထားချေ။ စုရီက မျက်ခုံးပင့်လျက်၊
“ ငါ ... (၁၅ မိနစ်)အချိန်ပေးမယ်။ ”
ထိုစကားသည် အသက်နှုတ်သည့် အမိန့်တော်အလားပင်။ ယွင်မျိုးနွယ်စုဝင်များမှာ ဒေါသထွက်နေသော်လည်း ရှင်သန်ရန်အတွက် အံကြိတ်လိုက်ရသည်။
“ တစ်ယောက်ယောက် မြေပြင်ရှင်းလင်းရေးလိုက်ပါ ရတနာသိုက်ကို ငါပဲသွားလိုက်မယ်။ ”
အဆုံး၌ ယွင်ယွမ်ထျန်းတစ်ယောက် အလျင်အမြန်ပင် ရတနာများကိုယူဆောင်ရန် လှုပ်ရှားလိုက်တော့သည်။
***