စုရီက လေထဲတွင်ရပ်လျက်ဖြင့် ယွင်ချန်ဟုန်ပေးခဲ့သော ကျောက်စိမ်းပြားကို ဖတ်ရှုလိုက်သည်။
ဦးစွာ ‘နတ်ဘုရားချုပ်နှောင်ခြင်း’ တံဆိပ်တစ်ခုကိုဖွင့်ရမည့် လျှို့ဝှက်နည်းစနစ် တစ်ခု မှတ်တမ်း တင်ထားသည်။
ဆိုလိုသည်မှာ အဖိုးကြီးဝေကို ဤနည်းစနစ်ဖြင့် ကျောက်စိမ်းတံဆိပ်အတွင်း ပိတ်လှောင်ထားပုံရသည်။
အကယ်၍ ပြင်ပအင်အားသုံးကာ အတင်းအဓမ္မဖျက်ဆီးပါက အဘိုးကြီးဝေ့၏ ခန္ဓာနှင့်ဝိညာဉ်မှာ သေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် နတ်ဘုရားပိတ်လှောင်ခြင်း တံဆိပ် အသုံးပြုခြင်းဖြင့် အဖိုးကြီးဝေကို အန္တရာယ်ကင်းစွာ ထုတ်ယူနိုင်ပေမည်။
ဒုတိယအကြောင်းအရာသည် အပ်ချုပ်သမားအဖိုးကြီးကိုရှာဖွေရန် သဲလွန်စ သုံးခု ပေးထားခြင်းဖြစ်၏။
ပထမသဲလွန်စသည် ဝေရှန်း ပြောခဲ့သလိုပေပင်၊ ပင်လယ်လေးပါး မျှော်စင်မှ စာရင်းကိုင်ကို ရှာရန်ဖြစ်သည်။
ဒုတိယသည် တာအို ရှေးဟောင်း ကာကွယ်သူဝမ်မျိုးနွယ်စုမှ ဝမ်ယုန်ဖြစ်သည်။ ယွင်ချန်ဟုန်၏ အဆိုအရ အပ်ချုပ်သမားသည် အမိန့်များထုတ်ပြန်ရာတွင် ထိုဝမ်ယုန်ထံမှ လာခြင်းဖြစ်သည်။
တတိယသဲလွန်စသည် လူသတ် အဖွဲ့အစည်းဖြစ်သော ‘ပြီးပြည့်စုံခြင်း’ အဖွဲ့ကြီး အကြောင်း ပေပင်။ ထိုအဖွဲ့သည် နှစ်ပေါင်း (၃) သောင်းကျော် သက်တမ်းရှိကာ အပ်ချုပ်သမား ကိုယ်တိုင်တည်ထောင်ခဲ့ပြီး ခေါင်းဆောင်ကို ‘ဓားငှားသူ’ဟု ခေါ်သည်။
ယင်းသည် အပ်ချုပ်သမား၏ တိုက်ရိုက်တပည့် ဖြစ်နိုင်ခြေရှိ၏။ ထိုအဖွဲ့သည် ‘မင်ကျိုးပြည်နယ်’အတွင်း၌ တည်ရှိသည်။
စုရီက စဉ်းစားသွား၏။ ယွင်ချန်ဟုန်ထံမှ သဲလွန်စများရရှိသော်လည်း အပ်ချုပ်သမားမှာ အလွန်ပါးနပ်သဖြင့် များစွာ မမျှော်လင့်ချေ။
ယခုယွင်မျိုးနွယ်၏ အခြေအနေအပေါ် ကြားသိသွားပါက ဤသဲလွန်စများအားလုံးကို ဖြတ်တောက်ပြီး ပုန်းအောင်းသွားနိုင်မည်။
သို့သော် တစ်ဖက်တွင် အပ်ချုပ်သမား၏ မျက်လုံးနှင့် လက်တံများကိုသာ ဖြတ်တောက် နိုင်ပါက တစ်ဖက်လူသည် အပြင်လောကနှင့် အဆက်ပြတ်သွားပေလိမ့်မည်။ ဤနည်းဖြင့် ပြင်ပသို့ ထွက်လာနိုင်၏။
“ စီနီယာစု ... ။ ”
ထိုစဉ် လီကျုံးသည် စုရီအနားပေါ်လာပြီး အင်မော်တယ်ဓားခန်းမ၏ အကြီးအကဲတစ်ဦး ဖြစ်သော ရွှမ်ချိုင်ကျိ၏ ဦးခေါင်းကို ဆက်သ လာသည်။
“ ကျေးဇူးတင်ပါတယ်။ ”
စုရီမှ အသိအမှတ်ပြုရန် ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ်ယွင်ယွမ်ထျန်း တစ်ယောက် ကျင့်ကြံမှုအရင်းအမြစ်များနှင့် မြေပြင်ရှင်းလင်းရေးမှ ရရှိသော သုံ့ပန်းပစ္စည်းများအပ်နှံလာ၏။
“ စီနီယာစု ငါကူညီပါရစေ။ ”
လီကျုံးက စုရီအစား ထိုပစ္စည်းများကို လက်ခံယူပြီး စစ်ဆေးပေးသည်။ စစ်ဆေးနေစဉ် သူ့အသွင်မှာ မယုံနိုင်ဖွယ်အံ့အားသင့်သွားရ၏။
“ တကယ်ပဲ မင်းရဲ့ ယွင်မိသားစုက ကြွယ်ဝလွန်းတာပဲ။ ”
သူ့စကားကြောင့် ယွင်ချန်ဟုန်မှ နှလုံးသွေးများယိုစီးကျလာ၏။ ဤသည်မှာ ယွင် မိသားစု၏ အုတ်မြစ်ကြီးပေပင်။
ဤသည်မှာ သိုလှောင်ရတနာ (၁၆)ပါးဖြင့်ထည့်ယူလာသော နတ်ဆေးပင်များ၊ အဖိုးတန်သတ္တုများနှင့် တိမ်ပေါ်ပျံသန်းခြင်း အဆင့် ရတနာများစွာ ပါဝင်နေချေသည်။
ထို့ပြင် တားမြစ်တံဆိပ်တစ်ခုဖြင့် အဖိုးကြီးဝေကိုပိတ်ထားသော ကျောက်စိမ်းပြား တစ်ချပ်သည်လည်း ပါရှိ၏။
ယွင်မျိုးနွယ်သည် နှစ်ပေါင်းများစွာ အင်မော်တယ် အပျက်အစီးနယ်မြေများထံသို့ သွားရောက် တူးဖော်စုဆောင်းထားခြင်းပေပင်။
ခဏအကြာတွင် လီကျုံးက နတ်အာရုံရုပ်သိမ်းပြီး စုရီထံကမ်းပေးလိုက်၏။
“ တာအိုစု ... ဒီယွင်မိသားစုဝင်တွေမှာ လျှို့ဝှက်ရည်ရွယ်ချက်တွေ မရှိပါဘူး သိုလှောင် ရတနာ ဆယ့်ခြောက်ခုထဲမှာ ယွမ်မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုအားလုံးပါဝင်ပါတယ်။ ”
စုရီက ရတနာများကို လက်ခံယူပြီး ‘ကျေးဇူးတင်ပါတယ်’-ဟု ပြောကြားလိုက်၏။ ထို့နောက် လီကျုံးဦးခေါင်းပေါ် လက်လှမ်းကာ၊
“ မခုခံနဲ့ ... ။ ”
-ဟု ဆိုလျက် ဝင်စားခြင်း ဥပဒေကို အသက်သွင်းလိုက်သည်။ လီကျုံးတစ်ယောက် ထိတ်လန့်သွားသော်လည်း ပြောသည့်အတိုင်း မခုခံခဲ့ချေ။
များမကြာခင် သူ့ခန္ဓာကိုယ်အတွင်းမှ နှစ်ပေါင်းများစွာ နှိပ်စက်နေသော ကျိန်စာများ တွန့်လိမ်လျက် စုရီလက်ထဲသို့ ပါလာ၏။
ကြောက်မက်ဖွယ်ကောင်းပြီး တားမြစ်ရောင်ဝါများ ရောနှောနေသော မီးခိုးရောင် ကြိုးမျှင်များဖြစ်သည်။
၎င်းတို့သည် စုရီလက်ဖဝါးထဲတွင် တစ်လက်မချင်းစီ ကွဲအက်ပျောက်ကွယ်သွားပြီး ဖုန်မှုန်များအဖြစ် လွင့်စင်ကုန်၏။
လီကျုံးတစ်ယောက် အနည်းငယ်မျှ အံ့အားသင့်နေရာမှ များစွာသောပျော်ရွှင်မှုများ ဝင်ရောက်လာတော့သည်။ စိတ်လှုပ်ရှားမှု ပြင်းစွာဖြင့် ချက်ချင်းဦးညွှတ်ပြီး၊
“ ဒီအဖိုးကြီးအသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် တာအိုစု ... ။ ”
-ဟု ရိုသေစွာပြောကြားလိုက်၏။
ရှေးဦးခေတ်က နတ်ဆိုးကြီးကိုးပါးတွင် ပါဝင်ခဲ့သော ဤနတ်ဆိုးအိုကြီးသည် ယခုအခါ၌ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေချေပြီ။
ယနေ့သည် သူ့အတွက် အသစ်တဖန် ပြန်လည်မွေးဖွားခြင်းပေပင်။ စုရီမှ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး လက်ဝှေ့ရမ်းကာ၊
“ ကျေးဇူးတင်စရာ မလိုပါဘူး ငါ့အတွက် တစ်ခုလောက် ကူညီပေးပါ အပြင်လောကကို သတင်းစကား တစ်ခု ပါးပေးပါ ...
... ငါ အပ်ချုပ်သမားကို လိုချင်တယ် ဘယ်သူမဆို သူ့ရဲ့ပုန်းအောင်းတဲ့ အရပ်ဒေသကို သဲလွန်စပေးနိုင်ရင် သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ကျိန်စာတွေကို ဖယ်ရှားပေးမယ်။ ”
-ဟု ပြောကြားလိုက်၏။
“ စိတ်ချနေပါ တာအိုစု။ ”
လီကျုံးက ချက်ချင်းပင် သဘောတူလိုက်သည်။ သေလွန်ဝိညာဉ်များ အတွက် ကျိန်စာများပြေပျောက်ရန်ထက် အရေးကြီးသည့်အရာ မရှိချေ။
ဤသတင်းသည်သာ ပြန့်ပွားသွားပါက လူတိုင်းသည် အပ်ချုပ်သမားကို အသည်းအသန် ရှာဖွေကြပေလိမ့်မည်။ ထိုစဉ် စုရီသည် လေထဲ လျှောက်လှမ်းကာ ထွက်ခွာသွားတော့၏။
ယွင်မျိုးနွယ်စုဝင်များသည် ပျက်စီးယို့ယွင်းသွားသော နတ်တောင်ကြီးထံ ငေးကြည့်ကာ ဝမ်းနည်းနေကြလေသည်။
ယနေ့သည် ယွင်မိသားစုခေါင်းဆောင်၏ ဒုတိယသားအတွက် မင်္ဂလာနေ့ဖြစ်သော်လည်း ယွင်မိသားစုအတွက်မူ ကံမကောင်းခဲ့ချေ။
စုရီသည် ဓားတစ်လက်ဖြင့် ရွှေရောင်နတ်တောင်၏ ဂုဏ်သတင်းအပေါ် ဖျက်စီးပစ်လိုက်ပြီဖြစ်၏။
တာအို ရှေးဟောင်း ကာကွယ်သူ မျိုးနွယ်စုဖြစ်သော ယွင်မျိုးနွယ်သည် ယနေ့မှ စကာ လူအများ လှောင်ရယ်စရာများ ဖြစ်ကုန်ကြရချေပြီ။
သည့်ပြင် အင်မော်တယ် ဓားဂိုဏ်းမှ ခရမ်းရောင်ကောင်းကင်ဓားနှင့် ဝေချန်ဖူအပေါ် သတ်ပစ်ပြီး ယွင်မျိုးနွယ်၏ နတ်ဝိညာဉ်အဆင့် အဖိုးကြီးများကို ရှင်းလင်းခဲ့သည်။
အဆုံးတွင် ယွင်မျိုးနွယ်စုခေါင်းဆောင် ယွင်ချန်ဟုန်မှ မျိုးနွယ်စု၏ ရှင်သန်ခွင့်အတွက် မြေပြင်တွင် ဒူးထောက်ဝပ်တွားကာ အသက်ဖြင့် အပြစ်ပေးဆပ်ခဲ့ရလေသည်။
ခရမ်းရောင် တိမ်တောင် တိုက်ပွဲကြီး မပြီးခင်မှာပင် ဤသတင်းသည်သာ ထပ်မံ၍ ထွက်ပေါ်လာပါက လောကကြီးတစ်ခုလုံး ပွက်လောရိုက်ကုန်ပေတော့မည်။
အင်မော်တယ် ဓားခန်းမ။ ကျက်သရေခန်းမကြီးအတွင်း ခရမ်းရောင်ဝတ် အမျိုးသားတစ်ဦးသည် လူးလားခေါက်တုံ လျှောက်လှမ်းနေသည်။
“ ယွင်မျိုးနွယ်ရဲ့နောက်ကွယ်မှာ ငါတို့ အင်မော်တယ်ဓားဂိုဏ်းရှိနေတာ လောကကြီး တစ်ခုလုံးသိတယ် အခုတော့ အကြီးအကဲ ဝေ့ချန်ဖူနဲ့ ရွှမ်ချိုင်ကျိကို အဲဒီလူက တကယ်သတ်ဝံ့တာလား။ ”
အဆိုးဆုံးမှာ ဂိုဏ်း၏ ရတနာဖြစ်သော ခရမ်းရောင်ကောင်းကင်ဓား ပျက်စီးသွားခြင်းပင် ဖြစ်သည်။
“ ဂိုဏ်းချုပ် .. ဒါကို လက်စားမချေရင် ငါတို့ဂိုဏ်းဟာ လူရယ်စရာ ဖြစ်သွားလိမ့်မယ်။ ”
တစ်စုံတစ်ဦးမှ အကြံပြု၏။ သို့သော် ထိုအမျိုးသားက မျက်မှောင်ကြုတ်လိုက်ကာ ပြန်လှည့်ကြည့်ပြီး၊
“ မင်းတို့ သွားသေမလို့လား။ ”
-ဟု အော်ဟစ်လိုက်သည်။ လူတိုင်း တုန်ရင်ကုန်၏။ ခရမ်းရောင်ဝတ်ထိုအမျိုးသားမှ အဝေးသို့ မျှော်ကြည့်ကာ၊
“ အပြင်လောကမှာ ကောင်းကင် စည်းမျဉ်းတွေကြောင့် ပေါင်းစည်းခြင်းအဆင့် ရှိသူတွေဟာ သူတို့ခွန်အားရဲ့ (၄၀)ရာခိုင်နှုန်းပဲ ထုတ်သုံးနိုင်တယ် ...
... အဲဒီစုရီမှာ ငါတို့ကို နှိမ်နင်းနိုင်တဲ့ ဝင်စားခြင်းဥပဒေအပြင် တခြားဝှက်ဖဲတွေ ရှိနေသေးတယ် ... သုံးလစောင့်ပါ ...
... သုံးလအတွင်း ကမ္ဘာ့စည်းမျဉ်းတွေ လျော့ရဲလာတဲ့အချိန် တခြားအင်အားစုတွေနဲ့ ပူးပေါင်းပြီး ရန်ကြွေးကိုပေးဆပ်ခိုင်းမယ်။ ”
-ဟု အမိန့်ချလိုက်တော့သည်။ လူတိုင်း တိတ်ဆိတ်ကုန်ပြီး အခန်းထဲမှ ထွက်ခွာသွားကြ ချေပြီ။ ခရမ်းရောင်ဝတ် အမျိုးသားသည်သာ အံကြိတ်လျက် ကျန်ရစ်ခဲ့၏။
တစ်ချိန်တည်းမှာပင် လီကျုံးသည်လည်း နတ်သမီးမိုချင်းချောင်ရှေ့ ပြန်လည်ရောက်ရှိ နေချေပြီ။
“ သူ ... တကယ်ပဲ မင်းရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာတွေကို ဖယ်ရှားပေးလိုက်တာလား ဒီလောက် လွယ်သလား။ ”
ယောကျ်ားလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော မိုချင်းချောင်မှ အံ့ဩလွန်း၍ မျက်လုံးများဝိုင်းနေခဲ့သည်။ လီကျုံးမှ ဝမ်းသာအားရဖြင့်၊
“ မှန်ပါတယ် မိန်းကလေးမို ... ဒီအဖိုးကြီးတောင် အခုထိ မယုံနိုင်သေးပါဘူး။ ”
-ဟု ပြန်ဖြေသည်။
“ ဟားဟားဟား ... ။ ”
မိုချင်းချောင်မှ ရယ်မောလိုက်၏။
“ ဒါဟာ မင်းရဲ့ ကံကောင်းခြင်းပဲ ဘာပဲဖြစ်ဖြစ် အဲဒီစုရီနဲ့မိတ်ဖွဲ့ဖို့မခက်ဘူးဆိုတာ သချောသွားပြီ။ ”
ထို့ကြောင့် မိုချင်းချောင်မှ စုရီကို ကူညီရန် ဆုံးဖြတ်လိုက်တော့သည်။
“ အဖိုးကြီးလီ ... စုရီရှာခိုင်းထားတဲ့ အပ်ချုပ်သမားသတင်းစုံစမ်းပါ ... ဘယ်သူမဆို ဒီသတင်းပေးနိုင်ရင် ကျိန်စာဖြေခွင့်ရလိမ့်မယ် ဒါ့ပြင် နတ်ဝိညာဉ်အဆင့် လက်နက်တစ်ခုကို ဆုလာဘ်အဖြစ် ငါထုတ်ပေးမယ်။ ”
“ နတ်ဝိညာဉ်အဆင့် လက်နက်လား။ ”
လီကျုံးတစ်ယောက် မျက်ခုံးပင့်သွား၏။ ဤသည်မှာ စုရီကိုကူညီရန် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုကြီးပေပင်။
***