စုရီက စာရင်းကိုင်ကို လေးနက်စွာစိုက်ကြည့်လျက်၊
“ မင်းကို ငါမယုံဘူး။ ”
-ဟု ပြောကြားလိုက်သည်။
စာရင်းကိုင်ခမျာ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွား၏။ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် စုရီမှ ဆက်ပြောသည်။
“ ဒါပေမဲ့ မင်းကို ငါ့ဘေးမှာ ထားဖို့တော့ စိတ်ကူးရှိပါတယ်။ ”
“ ဒါက ... ။ ”
ဤဆုံးဖြတ်ချက်သည် စာရင်းကိုင်ကို ရှုပ်ထွေးသွားစေကာ မည်သည့်အရာဆိုလိုမှန်း နားမလည်နိုင်ဖြစ်သွားစေ၏။ မယုံကြည်သော် အဘယ့်ကြောင့် ဘေးတွင်ထားမည်နည်း။
“ ငါ အပ်ချုပ်သမားကို သတ်ချင်တယ် မင်းကသူ့ရဲ့ လူတစ်ယောက်ဖြစ်ခဲ့တာဆိုတော့ မင်းကိုငါ့နားမှာထားတာဟာ ငါ့အတွက် ငါးစာ တစ်ခုအဖြစ် အသုံးဝင်ပါတယ်။ ”
သို့မှသာ စာရင်းကိုင်တစ်ယောက် စိတ်သက်သာရာရသွား၏။ ငါးစာဖြစ်ရသော်မှ တစ်ဖက်လူ၏ အကာအကွယ်အောက်တွင် ရှိနေရန်သာ အရေးကြီးချေပြီ။
“ မင်း ... ပင်လယ်လေးပါးမျှော်စင်ကို ချုပ်ကိုင်နိုင်တုန်းလား။ ”
စုရီမှမေးသည်။
“ ဟုတ်ပါတယ်။ ”
စာရင်းကိုင်မှ မဆိုင်းမတွ ပြန်ဖြေ၏။
“ ပင်လယ်လေးပါးမျှော်စင်ရဲ့ ကြီးကြပ်သူတွေအားလုံးဟာ ငါကိုယ်တိုင်ပြုစု ပျိုးထောင်ပေးခဲ့တဲ့ လက်အောက် ငယ်သားတွေပဲ ...
... သူတို့အားလုံးဟာ ငါ့အတွက် စီးပွားရေးလုပ်ပေးရုံတင်မကဘဲ သတင်း အချက်အလက်တွေကိုလည်း စုဆောင်း ပေးကြပါတယ် ...
... ပြီးတော့ ငါ အပ်ချုပ်သမားအတွက် အလုပ်လုပ်ပေးနေမှန်း မသိကြဘူး သူတို့ ငါ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ”
စုရီမှ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး၊
“ ကောင်းပြီ၊ နောက်နောင် မင်းပဲ ပင်လယ်လေးပါးမျှော်စင်ကို ဆက်အုပ်ချုပ်ပါ။ ”
“ စိတ်ချပါ သခင်လေး ... နောက်နောင် သခင်လေးခိုင်းသမျှအသက်ပေးပြီး ဆောင်ရွက် ပေးပါ့မယ်။ ”
ထို့နောက် ကျောက်စိမ်းသေတ္တာကို မြှောက်၍ ထပ်မံကမ်းပေးကာ၊
“ ဒီရတနာကို လက်ခံပေးပါဦး။ ”
-ဟု ပေးအပ်လာပြန်သည်။ စုရီက သေတ္တာကိုယူလိုက်သော်လည်း ဖွင့်မကြည့်ဘဲ မေးမြန်း၏။
“ ဒီထဲက ဘာရတနာပါလဲ။ ”
“ အဲဒါက ရှေးဟောင်း ကြေးညိုမီးဖိုတစ်လုံးပါ လက်တစ်ဝါးစာပဲရှိပြီး သံချေးတွေတက်နေပါတယ် ... ဒါက သာမန်လို့ ထင်ရပေမဲ့ ...
... သူ့ထဲမှာ မြူခိုးတွေလို နတ်အလင်းတွေ ထွက်လာတတ်ပြီး စိတ်ဝိညာဉ်ကြည်လင်စေတဲ့ ဆေးရနံ့တွေလည်း ထွက်လာပါတယ် ...
... နောက်ပြီး သူမှာအသိဉာဏ်ရှိတယ် အဆင့်မြင့်ဆေးဘက်ဝင်အပင်တွေ ထည့်လိုက် ရုံနဲ့ ဘာမှလုပ်စရာမလိုဘဲ အကောင်းဆုံး ဆေးဝါးတွေ ပြန်ထုတ်ပေးပါတယ် ...
... တစ်ခါက အဲဒီဆေးလုံးတစ်လုံးကို လေလံတင်ရောင်းချကြည့်တာ ကောင်းကင် နီးပါး မြင့်မားတဲ့ ဈေးနှုန်းတွေ ရခဲ့ဖူးတယ်
... ဒါပေမဲ့ ငါ့ရဲ့အမြင်က နိမ့်ပါးတာမို့ ဒီရတနာရဲ့ လျှို့ဝှက်ချက်တွေနဲ့ မူလကိုတော့ မမြင်နိုင်ခဲ့ပါဘူး။ ”
စုရီမှ စိတ်ဝင်စားသွားသည်။ ထို့ကြောင့် ဖွင့်ကြည့်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် ငရဲဘုံကိုးပါးဓားကိုသတိရသွားကာ လက်လျှော့လိုက်ရ၏။
အကယ်၍သာ ဤရတနာကို ငရဲဘုံကိုးပါးဓားမှသည် မျက်စိကျသွားသော် ခွေးစားသွားသည့် အသားတုံးကဲ့သို့ ပြန်ရ နိုင်တော့မည် မဟုတ်ချေ။
“ နောက်မှပဲ ငါ အေးအေးဆေးဆေး စစ်ဆေးကြည့်တော့မယ် ... လာ မင်းအတွက် လုပ်စရာတစ်ခုရှိတယ် ငါ့အတွက် ကျင့်ကြံဖို့ နေရာတစ်ခုရှာပေးပါ။ ”
“ စိတ်ချပါ သခင်လေး ငါ့ရဲ့ ပင်လယ်လေးပါးမျှော်စင်မှာ ကျင့်ကြံဖို့အတွက် အကောင်းဆုံးနေရာတစ်ခုရှိပါတယ်။ ”
စုရီက သူ့အတွက် ဆိတ်ငြိမ်ပြီး အေးချမ်းသောနေရာတစ်ခု တောင်းဆိုလိုက်၏။ စာရင်းကိုင်မှ ပင်လယ်လေးပါးမျှော်စင်နှင့် မလှမ်းမကမ်းရှိ တောင်ထိပ်တစ်ခုပေါ် နေရာချပေးလာတော့သည်။
အခန်းထဲတွင် စုရီသည် အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့ပြီး အဆုံး၌ ကျောက်စိမ်းသေတ္တာပေါ်မှတံဆိပ်ကို ဖြည်းဖြည်းချင်း ဖွင့်ချလိုက်တော့၏။
“ ဝမ် ... ။ ”
ရုတ်ချည်း တောက်ပသော အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး နတ်ဘုရားရောင်ဝါများ ပျံ့နှံ့သွားသည်။
တစ်ဆက်တည်းမှာပင် ဝှီးခနဲ မြည်သံနှင့်အတူ လက်ဖဝါးအရွယ် ကြေးဝါမီးဖို တစ်လုံးလေထဲ မြင့်တက်လာ၏။
၎င်း၏ကိုယ်ထည်တစ်ခုလုံးသည် ဟောင်းနွမ်းပြီး အနီရောင်အစက်အပြောက်များ ဖုံးအုပ်နေသည်။
အောက်ခြေတွင် ခြေထောက်သုံးချောင်း ပါရှိနေပြီး ပါးစပ်ဝမှ ခရမ်းရောင်အလင်းမြူများ စိမ့်ထွက်နေတော့၏။
ဤရတနာသည် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး ဝိညာဉ်စွမ်းအားများနှင့် ပြည့်နှက်နေချေပြီ။
“ ဖရူး ... ။ ”
၎င်းပေါ်လာသည်နှင့် တဖျပ်ဖျပ် ခတ်နေသော အတောင်ပံတစ်စုံဘေးနှစ်ဖက်မှ ပေါက်ထွက်လာပြီး လျှပ်စီးအလားထွက်ပြေး၏။
“ ဝှစ် ... ။ ”
စုရီမှ လက်ဖဝါးကိုလေထဲဖိလိုက်သည်။ ကျင့်ရွှမ်ဥပဒေစည်းမျဉ်းများ ပိုက်ကွန်သဖွယ် ထွက်ပေါ်လာပြီး ကြေးဝါမီးဖို၏ ထွက်ပေါက် လမ်းကြောင်းကို လုံးဝပိတ်ဆို့လိုက်၏။
“ ဝရူး ... ။ ”
ကြေးဝါမီးဖိုခမျာ ထိတ်လန့်တုန်လှုပ်သွား ပြီးနောက် သူ့ခန္ဓာကိုယ်သည် အလင်းရောင်များ ပေါက်ကွဲလျက် အဟုန်ကိုမြှင့်တင်လိုက်၏။
“ ဘန်း ... ဘန်း ... ။ ”
ကျင့်ရွှမ်ဥပဒေစည်းမျဉ်းများ ပြင်းစွာလှုပ်ရှားလာပြီး ထိုအရှိန်အဟုန်ကြောင့် ကွဲကြေလုနီးပါးတုန်ရီလာခဲ့သည်။
ကျင့်ရွှမ်ဥပဒေကို ထိန်းချုပ်ထားသော စုရီသည်ပင် အသက်ရှူမဝတော့ဘဲ အခန်းထဲမှ ကြေးဝါမီးဖိုကို ထွက်မသွားစေရန် အစွမ်းကုန် ကြိုးစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ဝမ်းသာ ရွှင်မြူးလာခဲ့သည်။ ဤသည်မှာ စစ်မှန်သော ရတနာပေပင်။ ဝိညာဉ်အသိတစ်ခုတည်းဖြင့်ပင် အခြားရတနာများထက် များစွာသာလွန်၏။
“ ဟမ့် ... ။ ”
သို့သော် စုရီ မျက်နှာအမူအရာသည် ရုတ်ချည်း အနည်းငယ် ပြောင်းလဲသွားသည်။ အဘယ့်ကြောင့်ဆိုသော် ကြေးဝါမီးဖိုကြီးထဲမှ တောက်ပသော ခရမ်းရောင်တာအိုရူရ်များ ထွက်ပေါ်လာခြင်းဖြစ်၏။
ထိုတာအိုရူရ်သည် ခမ်းနားထည်ဝါပြီး ဥပဒေနိယာမများပါရှိကာ ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားသည်။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
ကျင့်ရွှမ်နိယာမဖြင့် ရက်လုပ်ထားသော လေဟာနယ်ပိုက်ကွန်ကြီးသည် အလွယ်တကူ ကွဲထွက်သွားတော့၏။
ယင်းသည်အဆုံး မဟုတ်သေးဘဲ အရှိန်အဟုန်ဖြင့် သူ့ကိုဆက်လက်တိုးဝင်လာ လေသည်။
“ မကောင်းတော့ဘူး။ ”
စုရီတစ်ယောက် နှလုံးသားသည် တစ်ဒိတ်ဒိတ်ခုန်သွားပြီး ငရဲဘုံကိုးပါးဓားမှာ နိုးထလာခဲ့၏။ ၎င်းက ကြေးဝါမီးဖိုကို မြင်ချိန်၌ အစားအစာမြင်သည့်အလား တုန်ခါလာသည်။
စုရီမှ တုံ့ပြန်နိုင်ခြင်း မပြုမီမှာပင် ခရမ်းရောင်ဓားအလင်းသည် ပြိုကွဲသွားပြီး ကြေးဝါမီးဖိုထဲ ပြန်ပြေးဝင်သွားတော့၏။
“ ဘရူး ... ။ ”
တစ်ဆက်တည်းမှာပင် ကြေးဝါမီးဖိုသည် အန္တရာယ်ကိုခံစားမိပြီး ပြင်းထန်စွာတုန်ခါလျက် လျှပ်စီးအလား စုရီလက်ချောင်းများအတွင်း ပြေးဝင်လာခဲ့သည်။
၎င်းသည် ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီး ထွက်ပြေးရန်ပင်မဝံတော့ဘဲ ဆန္ဒအလျောက် အသိအမှတ်ပြုရန် ကြိုးစားလာခြင်းဖြစ်၏။
ဤသည်မှာ စုရီအတွက် လုံးဝ မမျှော်လင့်သော အခြေအနေဖြစ်သည်။ စုရီမှ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကြေးဝါမီးဖိုကို ရင်ခွင်ထဲဖက်ထားလိုက်ရ၏။
ထိုမြင်ကွင်းသည် မိခင်ကြက်မကြီးမှ ကြက်ပေါက်စလေးများကို ကာကွယ်ပေးနေ သကဲ့သို့ ပေပင်။ ထိုအချိန်တွင် ငရဲဘုံကိုးပါး ဓားမှာ လေထုအလယ် ထွက်ပေါ်လာ၏။
စုရီက သူ့ရင်ခွင်ထဲရှိ ကြေးဝါမီးဖိုသည် ပြင်းထန်စွာတုန်ခါလာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။
ဝံပုလွေကြီးတစ်ကောင်၏ ပစ်မှတ်ထားခံရသော ယုန်လေးတစ်ကောင် အလား သနားစရာကောင်းနေ၏။
စုရီမှ အသက်ပြင်းပြင်းရှူလျက် ငရဲဘုံကိုးပါးဓားပုံရိပ်ထံ စိုက်ကြည့်လိုက်သည်။ ထိုဓားသည် သူ့စကားကို နားလည်သည်ဖြစ်စေ မနားလည်သည်ဖြစ်စေ တောင်းပန်လိုက်၏။
“ မင်းငါ့ကို မျက်နှာသာ တစ်ကြိမ် ပေးနိုင်မလား။ ”
သို့သော် ငရဲဘုံကိုးပါးဓားသည် စုရီစကားကိုမကြားဟန်ဖြင့် ကြေးဝါမီးဖိုအပေါ် လွှတ်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ချေ။
“ မင်း အရင်တုန်းက ... ငါ့ရဲ့ ရတနာသုံးခုတောင်စားခဲ့ပြီးပြီ ဒီတစ်ကြိမ်တော့ ငါမပေးနိုင်ဘူး။ ”
ထိုတုန့်ပြန်မှုကြောင့် စုရီက မျက်မှောင်ကြုတ်ကာ ငြင်းဆန်၏။ နတ်ဆိုး ကပ်ဘေးလှံတံနှင့် ခရမ်းရောင်ကောင်းကင် ဓားတို့သည် ထိပ်တန်းရတနာများပေပင်။ အတွေးဖြင့်ပင် သူ့နှလုံးသားကြေကွဲရ၏။
လေထုအလယ်ရှိ ငရဲဘုံကိုးပါးဓားသည် အလျှော့ပေးရန်ဆန္ဒမရှိဘဲ ခေါင်းမာနေခဲ့သည်။ ယင်းက စုရီကို ခေါင်းကိုက်လာစေ၏။
သူ့တွင် ပြိုင်ဘက်ကင်း တာအိုများ ပိုင်ဆိုင်ထားသော်လည်း ငရဲဘုံကိုးပါးဓားကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ရတနာတစ်ပါးကို ရင်ဆိုင်ရာတွင် အကူအညီမဲ့နေချေပြီ။
“ စိတ်မပူပါနဲ့ ... မင်းအရင်က မင်းရဲ့စွမ်းအင်တွေ အများကြီး သုံးစွဲခဲ့ရတာမို့ ပြန်ဖြည့်တင်းဖို့ လိုအပ်နေတယ်ဆိုတာ ငါသိပါတယ် ...
... အနာဂါတ်မှာ မင်းအတွက် ရတနာတွေ ထပ်စုဆောင်းပေးမယ်လို့ ... ငါကတိပေးပါတယ် ဒီရတနာကတော့ ငါ့အတွက် အသုံးဝင်တယ်၊ မင်းကိုစားခွင့်မပြုနိုင်ဘူး ... ။ ”
အခန်းအတွင်း စုရီ၏အဆက်မပြတ် တီးတိုးပြောဆိုနေသော အသံများသည်သာလျှင် ပဲ့တင်ထပ်နေ၏။
ဤမြင်ကွင်းသည် အခြားသူများအတွက် ရယ်စရာကောင်းပေမည်။ သို့သော်စုရီသည် ယင်းကိုဂရုမစိုက်နိုင်ချေ။
စာရင်းကိုင်၏ စကားအရ ဤကြေးဝါမီးဖိုသည် အလွန်အစွမ်းထက်ကာ အဆင့်မြင့်ဆေးပြားများကို သန့်စင်နိုင်၏။
ထိုသို့သောရတနာကို ပိုင်ဆိုင်ထားပါက အနာဂတ်တွင် ဆေးဝါးများအတွက် စိုးရိမ်စရာ မလိုတော့ချေ။ ဆေးဘက်ဝင်အပင်များသာ ရှာဖွေရပေမည်။
“ ကောင်းပြီ ... ငါရှင်းရှင်းပဲပြောမယ် ဒီမီးဖိုက ငါကာကွယ်မှုအောက်မှာ ရှိတယ်။ ”
လေထုအလယ် ခေါင်းမာစွာ ငြိမ်သက်နေသော ငရဲဘုံကိုးပါးဓားထံသို့ စုရီမှ ပြတ်သားစွာ ကြေငြာလိုက်သည်။
သို့မှသာလျှင် ငရဲဘုံကိုးပါးဓားသည် အလင်းများဖြာထွက်လျက် ပျောက်ကွယ်သွား တော့၏။ စုရီတစ်ယောက် သက်ပြင်းခိုးချ လိုက်ရသည်။
ထိုအဖြစ်အပျက်သည် အနာဂတ်၌ ထူးခြားသောရတနာရရှိသော် အရာအားလုံးကို စွန့်စားရန် ဆန္ဒရှိနေသရွေ့ စားသုံးခံခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်၏။
“ ဒါပေမယ့် ငါလွန်လွန်ကြူးကြူး လုပ်လို့မရဘူး ဘာကြောင့်မှန်းမသိ ဒီဓားက စားဖို့လိုအပ်နေတယ် အနာဂတ်မှာ ငါကြိုက်တဲ့ ရတနာတစ်ခုသာရခဲ့ရင် ငါတို့နှစ်ယောက် ခွဲခြမ်းစိတ်ဖြာရလိမ့်မယ်။ ”
စုရီမှ ရေရွတ်လိုက်၏။ ထိုအချိန်ထိ ကြေးဝါမီးဖိုသည် သူ့လက်ထဲတွင်တဆက်ဆက် တုန်ယင်နေဆဲပေပင်။ ထိုအခွင့်အရေးကိုယူကာ စုရီမှ အတွင်းသို့ စစ်ဆေးကြည့်လိုက်၏။
ကြေးမီးဖိုသည် ဟောင်းနွမ်းပြီး ကျေးလက်ဆန်ကာ သံချေးများတက်နေသည်။ ပါးစပ်ပေါက်သည် တစ်ပေါက်သာပါရှိလျက် မိုးကြိုးပစ်ခံရသောကြောင့် မီးလောင် ဒဏ်ရာများ ကျန်ရှိနေခဲ့၏။
အသွင်အပြင်အရ ထူးခြားသော လက္ခဏာမျိုးမရှိသော်လည်း အတွင်း၌မြူခိုးများ လှည့်ပတ်နေသည့် ခရမ်းရောင်နယ်မြေတစ်ခု ရှိနေသည်။
နတ်အာရုံဖြင့် ထိုနေရာလွတ်ကို စစ်ဆေးကြည့်သောအခါတွင် ဆန်းကြယ်သည့် စွမ်းအားတစ်ခုမှ ချက်ချင်းဟန့်တားလာ၏။
“ ငါ ကြည့်ပါရစေ။ ”
စုရီမှ အလျော့မပေးဘဲ ကြေးဝါမီးဖိုကို ပုတ်ကာ ငရဲဘုံကိုးပါးဓား၏ ရောင်ဝါတစ်ခုအား နတ်အာရုံထဲသွန်းလောင်းလိုက်သည်။ ချက်ချင်း ကြေးဝါမီးဖိုမှ ထိတ်လန့်တကြား ခုခံမှုကို ဖြေလျော့ပေးလာတော့၏။
“ ဝူး ... ။ ”
***