“ ဝူး ...။ ”
စုရီဝိညာဉ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မယုံနိုင်စရာမြင်ကွင်းတစ်ခုကို ချက်ချင်းမြင်လာရတော့သည်။
ဤသည်မှာ ကောင်းကင်နှင့် မြေကြီး ကပ်ဘေးအလင်းရောင်များ ဖုံးလွှမ်းနေသော ဒေသကြီးတစ်ခုပေပင်။
မရေမတွက်နိုင်သော အစွမ်းထက်သည့် ပုဂ္ဂိုလ်များသည် ထိုကပ်ဘေးအတွင်း ပြာကျ နေခဲ့၏။
သူတို့ထဲတွင် ကောင်းကင်ကို တုန်လှုပ်စေနိုင်အောင် ပြိုင်ဘက်ကင်းသော ဓားသမားများလည်း ပါရှိသည်။
သူတို့၏ဓားများ ညွှန်ပြရာနေရာတိုင်း၌ ကြယ်များကြွေကျကာ ကမ္ဘာများတစ်ခုပြီးတစ်ခု ပျက်စီးကုန်တော့သည်။
သို့သော် ထိုကြောက်စရာကောင်းသည့် ဓားသမားများပင် ကပ်ဘေးရောင်ခြည်ကြောင့် ချက်ချင်းပျက်စီးသွားခဲ့ရ၏။
မိုးတိမ်များကို ဖြတ်ကျော်ပြီး ကောင်းကင်ကနေ ပေါက်ကွဲထွက်လာသည့် ပြိုင်ဘက်ကင်း နတ်ဆိုးများလည်း ရှိသည်။
သူတို့သည် လက်ချောင်းတစ်ချက် လှုပ်လိုက်ရုံဖြင့် ကောင်းကင်ကြီး ပြိုကျသွားကာ အရာအားလုံး ညှိုးနွမ်းသွားကုန်၏။
မရေမတွက်နိုင်သော ကမ္ဘာများ မွေးဖွားလာပြီး တာအိုဗုဒ္ဓများ၊ အကန့်အသတ်မရှိသော တာအိုပညာရှင်၊ သတ္တဝါများနှင့် နတ်ဆိုးများ ဤကမ္ဘာပျက်ကပ်တွင် ရှင်သန်ရန် ရုန်းကန်နေကြရလေသည်။
သို့သော် ခြွင်းချက်အနေဖြင့် ကြေးဝါမီးဖိုကြီးတစ်လုံးသည် ကပ်ဘေးကို ခံနိုင်ရည်နေရှိခဲ့၏။
အဆုံး၌ အာကာသအတားအဆီးကို ဖြတ်ကျော်ကာ ကမ္ဘာပျက်ကပ်ကြီးအတွင်းမှ လုံးဝ ပျောက်ကွယ်သွားသည်။
ဤသည်မှာ ဓမ္မအဆုံးခေတ်ဖြစ်၏။ မှောင်မိုက်ပြီး မငြိမ်မသက်ဖြစ်ကာ တန်ခိုးကြီး အင်မော်တယ်များသည် ကပ်ဘေးအောက်၌ ကြယ်များအလား ကြွေကျနေသည်။
ထာဝရတည်ရှိနေနိုင်သည်ဟူသော ဒဏ္ဍာရီလာပုဂ္ဂိုလ် အများအပြားသည်လည်း ကပ်ဘေးကြီးထဲ ဝိညာဉ်များ ကွဲကြွေရ၏။
ထို့ကြောင့် ကြေးဝါမီးဖိုသည် မူလစွမ်းအား ပြင်းစွာပျက်စီးလျက် လုံးဝိုင်းသော ပါးစပ်တွင် အနည်းငယ် ကွဲအက်နေခဲ့သည်။
သို့တိုင် သာမန်အင်မော်တယ် ရတနာဘဏ္ဍာများမှ လက်လှမ်းမမီနိုင်အောင် အစွမ်းထက်နေဆဲပေပင်။
အစွမ်းထက်ဆုံး အင်မော်တယ်များ သေဆုံးနေချိန်တွင် ဤကြေးဝါမီးဖိုငယ်သည် ကပ်ဘေးမှ လွတ်မြောက်နိုင်သည်မှာ မယုံနိုင်စရာကောင်းလွန်းချေပြီ။
“ ကောင်းကင်ဆန္ဒမီးဖိုတဲ့လား ... နာမည်ကတော့ တကယ့်ကို ထည်ဝါလှချေရဲ့။ ”
စုရီက တကိုယ်တည်း ရေရွတ်လိုက်၏။ သူ့နတ်အာရုံဖြင့် ထိုမီးဖိုအတွင်းရှိ လျှို့ဝှက်ချက် အချို့ကို မြင်နိုင်ခဲ့ချေပြီ။
ဤမီးဖို၏ အကြီးမားဆုံးသော စွမ်းဆောင်ရည်မှာ ခပ်သိမ်းသောအရာများစွာမှ ဝိညာဉ်နှင့်အသက်ဓာတ် စွမ်းအားကို ထုတ်ယူနိုင်ခြင်းဖြစ်၏။
သည့်နောက် နတ်ဘုရားဆေးဖက်ဝင် အပင်များနှင့် ပေါင်းစပ်သန့်စင်ပေးနိုင်ခြင်းပင် ဖြစ်သည်။
ထို့အပြင် နတ်ဘုရား လက်နက်များ သွန်းလုပ်ခြင်းနှင့် ရန်သူကိုတိုက်ခိုက်ရာ၌လည်း ကြောက်မက်ဖွယ် စွမ်းအားများထုတ်ပေးနိုင်၏။
အရက်စက်ဆုံး နည်းလမ်းမှာ ရန်သူကို မီးဖိုအတွင်းထည့်ပြီး ပြာအဖြစ်အရှင်လတ်လတ် လောင်ကျွမ်းပစ်နိုင်ခြင်းပေပင်။
အရာရာကို ချေဖျက် သန့်စင်နိုင်စွမ်း ရှိသည်ဟု ဆိုရပေမည်။ သို့သော် နှမြောစရာ ကောင်းသည်မှာ ဤမီးဖို၏မူလကို မမြင်နိုင်တော့ခြင်းပေပင်။
မူလရင်းမြစ်သည် ပြင်းစွာပျက်စီးပြီး ပြီူပြည့်စုံသောပုံသဏ္ဌာန် မရှိတော့ချေ။
“ နောက်တစ်ကြိမ် စာရင်းကိုင်ရင်နဲ့ တွေ့တဲ့အခါ ဒီမီးဖိုအကြောင်းကို မေးရမယ်။ ”
စုရီက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ ဓမ္မအဆုံးခေတ်ကာလတွင် ထိုစာရင်းကိုင်သည် သေမျိုးကမ္ဘာသို့ လာရောက်ခိုလှုံခဲ့ပုံရ၏။
သည့်နောက် အချိန်ဆွဲမနေတော့ဘဲ နယ်ပယ်ဘုရင်အဆင့် ဆေးပင်အချို့ထုတ်ယူပြီး မီးဖိုအစွမ်းကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။
ကြေးမီးဖိုအဝသည် လက်ဝါးခန့်သာ ရှိသော်လည်း အတွင်း၌မူ သီးခြားကမ္ဘာသဖွယ် ကျယ်ပြောလှ၏။
“ ဝူး ... ။ ”
ဆေးပင်ပေါင်း တစ်ရာကျော်ကို ထည့်သွင်းလိုက်ပြီးအကြာခင် မီးဖိုအတွင်းမှ ခရမ်းရောင်းအလင်းတန်းများ ပျံထွက်လာကာ ထူးဆန်းသည့် ရူရ်များ ဝဲပျံတက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးပင်ပေါင်းတစ်ရာကျော် အရည်ပျော်သွားပြီး ဆေးရနံ့များ သင်းပျံ့လာတော့၏။
“ ဝမ် ... ။ ”
များမကြာခင် ကြည်လင်တောက်ပသော နတ်ဘုရား ဆေးလုံးကိုးလုံး ထွက်ပေါ်လာ၏။ တစ်ဆက်တည်းမှာပင် မီးဖိုမှ ခရမ်းရောင် အလင်းတန်းတစ်ခုသည် လက်ညှိုးပုံသဏ္ဌာန် ဖြစ်ပေါ်လာ၏။ ထို့နောက် ဆေးလုံးလေးလုံးကို တို့ထိလိုက်ရာ ချက်ချင်း ပျောက်ကွယ် သွားတော့သည်။
“ တန်ဖိုးပေးချေရတာလား။ ”
ကျန်ရှိနေသော ဆေးလုံးငါးလုံးမှာမူ စုရီရှေ့မှောက်တွင် ဝဲပျံနေ၏။ စုရီခမျာ ခဏမျှ ဆွံ့အသွားသည်။
ဤမီးဖိုတွင် ဝိညာဉ်မရှိသော်ငြားလည်း အသိဉာဏ်မြင့်မားလှ၏။ တန်ကြေးတစ်ခုကိုပင် တောင်းဆိုရမည်ကို သိနေချေပြီ။
ယခင်က ပြင်းစွာ ဒဏ်ရာရထားသဖြင့် ၎င်း၏မူလရင်းမြစ်ကို ကုသရန်အတွက် ဆေးဝါး အချို့ လိုနေပုံရ၏။
“ ဟမ့် ... ဒါက နည်းပါးတဲ့ တန်ကြေးလေးတစ်ခုပါပဲ ... ဒီလိုမျိုးအဆင့်မြင့် ဆေးလုံးတွေကိုသာရမယ်ဆိုရင် တကယ် ထိုက်တန်ပါပေတယ်။ ”
ထို့နောက် ဆေးလုံးတစ်လုံးကို ယူကာ စစ်ဆေးကြည့်လိုက်၏။ ခဏအကြာတွင် စုရီမှာ အံ့အားသင့်သွားရလေသည်။
အဘယ့်ကြောင့်ဆိုသော် ဤဆေးလုံး၏ အရည်အသွေးမှာ အလွန်မြင့်မားသောကြောင့် ဖြစ်၏။ ဤဆေးပင်တစ်ရာကို ထိပ်တန်းဆေးဝါး ပညာရှင်များဖြင့် ဖော်စပ်ခိုင်းလျှင်ပင် ထိုအဆင့် ဆေးမျိုးမရနိုင်ချေ။
အရေးအကြီးဆုံးမှာ ဆေးမီးဖို၏ ဆေးဖော်စပ်မှုအရှိန်ဖြစ်၏။ အံ့မခန်းပေပင်။ မျက်စိတစ်မှိတ်အတွင်း အမှားအယွင်းမရှိ ပြီးပြည့်စုံလှသော ဆေးလုံးများကို ဖော်စပ်ပေးနိုင်သည်။
“ တကယ် မဆိုးဘူး။”
ယင်းသည် လူသားဆေးပညာရှင်များကို အရှက်ရစေမည့် နှုန်းထားပင် ဖြစ်သည်။ စုရီက နောက်ထပ် ဆေးဘက်ဝင်အပင် (၅၀)ခန့် ထပ်မံထည့်သွင်းလိုက်ပြန်၏။
ကြေးဝါမီးဖိုသည် တုန်ခါသွားပြီး ခရမ်းရောင်အလင်းများ ပိုမိုတောက်ပလာသည်။ ၎င်းမှ အလွန်ကျေနပ် အားရနေဟန်တူ၏။
“ ဒီဆေးမီးဖိုက ဆေးဘက်ဝင်အပင်တွေရဲ့ တန်ဖိုးကို တကယ်သိပုံရတယ် ... ။ ”
နာရီဝက်အကြာတွင် မီးဖိုအတွင်းမှ အရုဏ်ဦးအလင်းရောင်ကဲ့သို့ တောက်ပသော ဆေးလုံးကိုးလုံး ထွက်ပေါ်လာသည်။
ထိုဆေးများမှ ထွက်ပေါ်လာသော ဆေးရနံ့များသည် ချွေးပေါက်များကိုပွင့်စေကာ စွမ်းအားများ နိုးကြားလာစေ၏။
“ ဝမ် ဝမ် ဝမ် ... ။ ”
ယခုတစ်ကြိမ်တွင် ခရမ်းရောင် အလင်းလက်ညှိုးလေးသည် ဆေးလုံးလေးလုံး တို့ထိရန် ပြင်လိုက်သော်လည်း ခေတ္တမျှ တွေဝေ သွားပြီးတောက် သုံးလုံးကိုသာ ထိလိုက်၏။
စုရီတစ်ယောက် မျက်လုံးများ လင်းလက်လာကာ ကျန်ရှိခဲ့သောခြောက်လုံးကို သိမ်းဆည်းလိုက်သည်။
သူ့စိတ်ထဲတွင် ကြေးဝါမီးဖိုသည် လူတစ်ယောက်ကဲ့သို့ ဆေးလုံးတစ်လုံးကို သူ့ထံပစ်ပေးကာ၊
“ ဒါ မင်းအတွက် ဆုလာဘ်ပဲ။ ”
-ဟု ပြောနေသကဲ့သို့ ခံစားလိုက်ရ၏။ မည်သို့ပင်ဆိုစေကာမူ ဆေးမီးဖိုလေးတစ်လုံးနှင့် ပြိုင်ပြီး တွယ်ဖက်နေမည်မဟုတ်သောကြောင့် ပြုံးမိသွားလေသည်။
“ နှမြောစရာပဲ ... ငါ့လက်ထဲမှာ နတ်ဝိညာဉ်အဆင့်ဆေးပင်တွေ မရှိသေးဘူး မဟုတ်ရင် ... ဘယ်လိုဆေးလုံးမျိုးတွေ ထွက်လာမလဲ သိချင်သား။ ”
စုရီမှ အချိန်ဆွဲမနေတော့ဘဲ ဆေးဘက်ဝင်အပင်များ ဆက်၍ပစ်ထည့်ကာ ဆေးဝါးများ ဆက်လက် ဖော်စပ်နေခဲ့သည်။
လက်ရှိ သူ၏ ချမ်းသာကြွယ်ဝမှုသည် ကမ္ဘာပေါ်ရှိ မည်သည့်အင်အားကြီးဂိုဏ်းများနှင့် မဆို ယှဉ်နိုင်ချေပြီ။ ထို့ကြောင့် ခဏချင်းမှာပင် ဆေးပုလင်းများ စားပွဲပေါ်၌ စုပုံလာတော့၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ၏။ စုရီတစ်ယောက် ဆေးဖော်စပ်ခြင်းကိုရပ်နားကာ ကျင့်ကြံမှုကို စတင်လိုက်သည်မှာ (၁၅)ရက် တိုင်သွားပြီဖြစ်သည်။
ယနေ့တွင် ခမ်းနားထည်ဝါလှသော တာအိုအလင်းများ ရေတံခွန်ကဲ့သို့ သူ့အပေါ် စီးကျလာတော့၏။
ခန္ဓာကိုယ်အတွင်းရှိ ဒါန်တမ်သည် ဖြည်းညှင်းစွာလည်ပတ်ပြီး နေ၊ လ၊ ကြယ်နှင့် မြစ်များ၏ ပုံရိပ်များ ဝိုးတဝါးပြသလေသည်။
ကြည်လင်တောက်ပသော ရွှေရောင်ဆေးလုံးများသည် သူ့ရှေ့၌ကြယ်ပွင့် အလား ဝဲပျံနေကြတော့၏။
၎င်းတို့ထံမှ ဆေးစွမ်းအင်များသည် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေကြကာ သူ၏ သွေးကြောများနှင့် အတွင်းအင်္ဂါအသီးသီးထံ သန့်စင်ပေးနေ၏။
တုံ့ယွီအဆင့် နက်နဲမှုကို ရှေးဘဝ မှတ်ဉာဏ်များကြောင့် ကောင်းစွာနားလည်ပြီး ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် အဆင့် ချိုးဖြတ်ရာတွင် အတွေ့အကြုံမကင်းချေ။
ဆယ်ရက်မျှ ထပ်မံကုန်လွန်ပြီးနောက် တုံ့ယွီအဆင့် ဆေးဝါးများစွာ၏ အကူအညီဖြင့် အလယ်အလတ်အဆင့်သို့ သဘာဝအတိုင်း တက်လှမ်းလာနိုင်ခဲ့သည်။
သူသည် ကာလတလျှောက် အုတ်မြစ်ခိုင်မာစေရန် ကျင့်ကြံမှုအရှိန်ကို တမင် ဖိနှိမ်ထားခြင်းဖြစ်သည်။
ပန်းပွင့်ချိန်တန်သော် လိပ်ပြာများ အလိုလိုရောက်ရှိလာသကဲ့သို့ အချိန်တန်သော် အလိုအလျောက် အဆင့်ချိုးဖြတ်ရန် ရည်ရွယ်ထားချေ၏။
ဤနည်းဖြင့် နောက်ထပ် လဝက်ခန့် ထပ်မံကုန်လွန်လာပြီး တုံ့ယွီအလယ်အလတ် အဆင့် ကျင့်ကြံမှုမှာ ခန္ဓာကိုယ်အတွင်း ဆူပွက် လာပြန်၏။
နတ်အလင်းများ ချွေးပေါက်များမှ ပေါက်ကြားလျက် ကောင်းကင်ဘုံတေးသံကဲ့သို့ အသံအချို့ ပဲ့တင်ထပ်လာတော့သည်။
“ တုံ့ယွီ နှောင်းပိုင်းအဆင့်။ ”
သူ့ခန္ဓာကိုယ်တစ်ခုလုံး နတ်ဘုရားနှင်းရည်ကို သောက်သုံးလိုက်ရ သကဲ့သို့ ချက်ချင်းပေါ့ပါးလန်းဆန်းသွား၏။
အသွေး၊ အသား၊ အရေပြားနှင့် စိတ်ဝိညာဉ်တို့သည် လျင်မြန်စွာ ပြောင်းလဲလာ နေခဲ့သည်။ ဤနည်းဖြင့် နောက်ထပ် (၁၅)ရက် ကုန်လွန်သွားချေပြီ။
စုရီနေရာထိုင်ရာ အခန်းအတွင်း ဆေးရနံ့နှင့်နတ်အလင်းများ တဖြည်းဖြည်း မှေးမှိန်လာတော့၏။
“ တစ်လမပြည့်ခင် အဆင့်ငယ်နှစ်ဆင့် ဆက်တိုက်တက်လှမ်းနိုင်တယ်ဆိုတာ ဆေးမီးဖို ဘယ်လောက် အသုံးဝင်လဲ မြင်သာနေပြီ။”
အဆုံး၌ စုရီတစ်ယောက် မျက်လုံးများဖွင့်လျက် ကြေးဝါမီးဖိုလေးထံသို့ ရွှင်မြူးစွာငုံ့ကြည့်လိုက်၏။
ဤမီးဖိုလေးကိုသာ ငရဲဘုံကိုးပါးဓားမှ ဝါးမြိုပစ်ခဲ့သော် လက်ရှိအခွင့်အရေးများအပေါ် သူ ဆုံးရှုံးသွားနိုင်ပေမည်။
သို့သော် တန်ကြေးအနေဖြင့် အဖိုးတန် ဆေးဖက်ဝင်အပင်များသည် (၇၀)ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားရတော့၏။
“ နတ်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်ဖို့ ဘယ်လိုဆေးဝါးမျိုးတွေနဲ့ အရင်းအမြစ်တွေ လိုနိုင်ဦးမလဲ ငါမသိတော့ဘူး။ ”
စုရီမှ ညည်းတွားလိုက်၏။ နောက်ထပ် နှစ်လခန့် ကြာသော် ကောင်းကင်ဘုံနယ်ပယ် နိယာမများမှာ ဤလောကအတွင်းသို့ ပြန်လည် ဝင်ရောက်လာတော့မည်ဖြစ်သည်။
ထိုအခါမှသာ နတ်ဝိညာဉ်အဆင့် အရင်းအမြစ်များစုဆောင်းပြီး တက်လှမ်းရန် အခွင့်အရေးကိုရှာဖွေနိုင်ပေမည်။
အတွေးများ ရုတ်သိမ်းလျက် ကုလားထိုင်ထုတ်ယူကာ သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။ နှစ်လတာ တံခါးပိတ် ကျင့်ကြံပြီးနောက် ပြေလျော့မှုလိုချေပြီ။
“ လက်ရှိ ... ငါ့ရဲ့တုံ့ယွီအဆင့် ကျင့်ကြံမှုနဲ့ဆိုရင် ... ဥပဒေစဉ်းမျဉ်းတိုင်းအပေါ် အထွတ်အထိပ်အထိ နားလည်သွားသင့်ပြီ ...
... ဒါပေမဲ့ ... ငါ ဘယ်လောက်တောင် သန်မာလာပြီလဲဆိုတာကိုတော့ မသိနိုင်တာ နှမျောစရာပါပဲ။ ”
***