အခန်း ၁၀၄၅ -
ဆဋ္ဌမမြောက် နတ်သံကြိုးနိုးထခြင်း။
ကွေ့ယီအဆင့်၌ပင် စုရီ၏ခွန်အားသည် လောကသခင်ကွမ်ကျိုးကို ကျော်လွန်ပြီးဖြစ်၏။ ရှန့်မူထက်ပင် အဆပေါင်းများစွာ သာလွန်နေချေပြီ။
ယခုအခါတွင် တုံ့ယွီနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤလောကကြီးအတွင်းမှ နယ်ပယ်ဘုရင်များသည် သူ့ပြိုင်ဘက် မဟုတ်တော့ချေ။
နတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ အတွက်မူ အစွမ်းသတ္တိများသည် ကွဲပြားသဖြင့် နှိုင်းယှဉ်ကြည့်ရန် ခက်ခဲနေသည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ် နတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းလာကြသော ကျင့်ကြံသူများမှာ အားနည်းကြသည်မှာ သဘာဝပေပင်။
ထိုသူများကို ရင်ဆိုင်ရန် တစ်ချိန်က ငရဲဘုံကိုးပါးဓားရောင်ဝါဖြင့်သာ ကြိုးစားနိုင် ချေပြီ။ ယခုမူ ကျင့်ကြံမှုသက်သက်ဖြင့် တစ်ချက်တည်း သတ်နိုင်ပြီ ဖြစ်သည်။
တစ်ဖက်တွင် ရှေးခေတ် သေလွန်ဝိညာဉ်များသည် လောကနိယာမ၏ ကန့်သတ်မှုကို ခံထားရသဖြင့် စစ်မှန်သော ခွန်အားများ မပြသနိုင်သေးချေ။ ထို့ကြောင့် အားနည်းနေခြင်းသာဖြစ်၏။
“ ဟမ့် ... ။ ”
သည်စဉ် ရုတ်တရက် တစ်စုံတစ်ရာကို သတိရလာကာ မျက်မှောင်ကြုတ်ပြီး အသိစိတ် ပင်လယ်အတွင်း ဝင်ရောက်လာခဲ့သည်။
အကန့်အသတ်မဲ့ အသိစိတ် ပင်လယ်အတွင်း၌ လွင့်မျောနေသော ငရဲဘုံ ကိုးပါးဓားထံ စိုက်ကြည့်လိုက်၏။
လွန်ခဲ့သောလဝက်ခန့်က ကျင့်ကြံမှု တည်ငြိမ်အောင်ပြုလုပ်နေစဉ် ဤဓားပေါ်ရှိ ဆဋ္ဌမမြောက်နတ်သံကြိုးမှ တုန်ခါမှုတစ်ခု ပြသကာ ငြိမ်သက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းနတ်သံကြိုးထံ စိုက်ကြည့်ကာ၊
“ မင်းရဲ့ အသိစိတ်နိုးထနေပြီဆိုတာ ငါသိတယ် ထွက်လာပြီး စကားပြောပါ။ ”
-ဟု ဖိတ်ခေါ်လိုက်သည်။
“ ချွင် ... ချွင်... ။ ”
အသိစိတ်ပင်လယ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နတ်သံကြိုးသံများ မြည်ဟည်းလာတော့၏။
အဆုံးတွင် ကြောက်မက်ဖွယ် ရောင်ဝါအချို့ပွင့်ထွက်လာကာ ဆဋ္ဌမမြောက် နတ်သံကြိုးလှုပ်ခတ်လာခဲ့သည်။
စုရီ၏ဇာတိဓမ္မဝိညာဉ်သည်ပင် ပြင်းစွာသောနာကျင်မှုကို ခံစားလိုက်ရတော့၏။ ဤသည်မှာ သူ၏ ဆဋ္ဌမမြောက်ဘဝပေပင်။ ထိုစဉ်က များစွာအစွမ်းထက်ခဲ့ပုံရသည်။
“ အရမ်း အစွမ်းထက်တယ်။ ”
သည်မျှ ကြွင်းကျန်ရစ်သောဝိညာဉ် အပိုင်းအစလေးတစ်ခုသည် ကြောက်မက်ဖွယ် ဖိအားမျိုးပေးစွမ်းနိုင်နေ၏။
“ ဝူး ... ။ ”
“ ချွင် ချွင် ... ။ ”
ရုတ်တရက် ငရဲဘုံကိုးပါးဓားသည် နိုးကြားလာကာ အလင်းများထုတ်လွှတ်လျက် ထိုနတ်သံကြိုးကို ပြန်လည်ဖိနှိပ်လိုက်သည်။ သို့အခါမှသာလျှင် နတ်သံကြိုးအတွင်းမှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။
“ အခု မင်းမြင်တဲ့အတိုင်းပဲ ... အချိန်မတန်သေးဘူး ဒီကျိန်စာသင့်ဓားက ငါ့ကို အပြင်ထွက်ခွင့်မပေးဘူး ဖြစ်နေတယ်။ ”
ထိုအသံသည် အလွန်အမင်း တည်ငြိမ်အေးစက်နေပြီး အာဏာရှင်ဆန်လှ၏။ ဓားတစ်လက်ကဲ့သို့ နှလုံးသားကို တိုက်ရိုက် ထိုးဖောက်နိုင်စွမ်းရှိနေသည်။
“ ငါ ထင်တဲ့အတိုင်းပဲ... မင်း တကယ် နိုးထနေတာပဲ။ ”
စုရီမှ ခေါင်းညိတ်လိုက်၏။
“ ဘာလဲ ... ငါ့ရဲ့တာအိုဝိညာဉ်ကို မင်းဝါးမြိုချင်လို့လား အမှန်အတိုင်းပြောရရင် မင်းလိုအားနည်းတဲ့ လူမျိုးနဲ့ငါ စကား မပြောဖြစ်တာကြာနေပြီ ...
... မင်းက ကောင်းကင်ဘုံကိုတောင် ခြေမချရသေးဘူး ... ပုရွက်ဆိတ်တစ်ကောင်နဲ့ ဘာများခြားလို့လဲ။ ”
ဆဋ္ဌမနတ်သံကြိုးမှ အသံတွင် လှောင်ပြောင်မှုများ ပါဝင်လာ၏။ စုရီမှ တုန့်ပြန် ရယ်မောလိုက်သည်။
“ ဟားဟားဟား မင်းက တာအိုအမှတ်အသားလေးတစ်ခုပါ ငါကတော့ ဒီဓားကိုထိန်းချုပ်နေတဲ့လူပဲ တစ်နေ့ကျရင် မင်းကိုငါ သေချာပေါက် ဝါးမြိုပစ်မှာပါ ...
... မင်းက ငါ့ရဲ့အတိတ်ဖြစ်ပြီး ... ငါကတော့မင်းရဲ့ပစ္စုပ္ပန်ပဲ ... အနာဂတ်မှာလည်း ငါပဲကျန်ရစ်ပြီး မင်းပျောက်ကွယ်သွားရမယ်။ ”
စုရီစကားကြောင့် ဆဋ္ဌမမြောက် နတ်သံကြိုးမှ နှာခေါင်းရှုံ့လိုက်လေသည်။
“ မင်း မှားနေပြီ ... ငါ ဒီမှာ တာအိုအမှတ်အသားထားခဲ့တာက တစ်နေ့မှာ ပြန်လည်ရှင်သန်ဖို့ပဲ ... ငါ့ရဲ့ဆန္ဒဝိညာဉ်က မင်းကိုအစားထိုးလိမ့်မယ်။ ”
ဤတစ်ကြိမ်တွင် စုရီသည် မျက်မှောင်ကြုတ်သွားရ၏။ မျှော်လင့်ထားသည့် အတိုင်းပေပင်။ အတိတ်ဘဝ အားလုံးသည် လောကသခင်ကွမ်ကျူးနှင့် ရှန်မူတို့ကဲ့သို့ သဘောမကောင်းကြချေ။
ဤဆဋ္ဌမမြောက် ဘဝသည် အလွန်မာနကြီးပြီး သူ့နေရာကို အစားထိုးရန် ဝန်မလေးသူ ဖြစ်နေ၏။
“ အဟား ... မင်း ကြောက်သွားပြီလား။ ”
ဆဋ္ဌမမြောက်နတ်သံကြိုးက လှောင်ရယ်ရယ်သည်။
“ မင်းဒီလောက် သတ္တိနည်းနေရင် ကောင်းကင်ကို ဘယ်လိုများ မင်းဓားနဲ့ညွှန်မလဲ နတ်ဘုရားတွေကိုကော ဘယ်လိုများ ကျော်ဖြတ်နိုင်မလဲ။ ”
ဤတစ်ကြိမ်တွင် စုရီသည် မျက်ခုံးပင့်လျက်၊
“ မင်း ... နယ်ပယ်ဘုရင်မှာတုန်းက ဘယ်လောက် အစွမ်းထက်ခဲ့လဲ။ ”
-ဟု မေးမြန်းလိုက်၏။ ဆဋ္ဌမမြောက် နတ်သံကြိုးက တုန့်ဆိုင်းခြင်းမရှိဘဲ၊
“ ငါဟာ နယ်ပယ်ဘုရင်အဆင့်မှာ ပြိုင်ဘက်ကင်းခဲ့တဲ့သူပဲ ငါ့ကိုပခုံးချင်းယှဉ်နိုင်သူ တစ်ယောက်မှ မရှိခဲ့ဘူး။ ”
-ဟု ဝင့်ကြွားစွာပြောကြားလိုက်၏။
“ ဟုတ်လား ငါကတော့ မင်းနဲ့မတူဘူး ထုံရှောက်အဆင့်မှာတင် ကွေ့ယွီအဆင့်ဆီက ကျင့်ကြံသူတွေကို သတ်နိုင်ပြီ ...
... အခုတုံ့ယွီ နောက်ဆုံးအဆင့်ကို ရောက်နေပြီဆိုတော့ ဘယ်လောက်သန်မာမလဲ ငါကိုယ်တိုင်တောင် မသိသေးဘူး ... မင်းရဲ့ အဲဒီတုန်းကခွန်အားနဲ့ ငါ့ခွန်အားကို နှိုင်းယှဉ် ကြည့်ပါဦး။ ”
ဤတစ်ကြိမ်တွင် ဆဋ္ဌမမြောက် နတ်သံကြိုးသည် တိတ်ဆိတ်သွားခဲ့တော့၏။ အချိန်အတော်ကြာသည်အထိ အသံမပြုချေ။ ယင်းသည် စုရီကို မယှဉ်နိုင်ကြောင်း ဝန်ခံရာရောက်ချေ၏။
“ မင်းတကယ် ပြောတာလား။ ”
နောက်ဆုံးတွင် ဆဋ္ဌမမြောက် နတ်သံကြိုးအသံက ပြန်လည်ထွက်ပေါ်လာ၏။ စုရီမှ ပြုံးသည်။
“ ငါက မင်းကိုဖိနှိမ်ဖို့အတွက်နဲ့ လိမ်ညာနေမယ့်သူ မဟုတ်ဘူး ရတနာတွေကို မသုံးဘဲ ကျင့်ကြံမှုသက်သက်နဲ့တင် နယ်ပယ် ဖြတ်ကျော်ပြီးသတ်နိုင်တယ် ... မင်းကော အဲဒီလိုလုပ်နိုင်ခဲ့လား။ ”
ဤတစ်ကြိမ်တွင်လည်း ဆဋ္ဌမမြောက် နတ်သံကြိုးသည် ထပ်မံတိတ်ဆိတ်သွားပြန်၏။ သူသည် စုရီ၏ အစွမ်းကိုလက်ခံလိုသော်လည်း အလျှော့မပေးလိုသေးချေ။
“ ကောင်းပြီ ... မင်း လိမ်မပြောဘူးဆိုရင်တော့ နယ်ပယ်ဘုရင်မှာ မင်းကို မမီခဲ့တာဝန်ခံတယ် ဒါပေမယ့် ...
... ကိစ္စမရှိဘူး ငါ့ရဲ့တာအိုအမှတ်အသား အပြည့်အဝနိုးထလာတဲ့နေ့မှာ မင်းကိုဝါးမျိုပြီး အစားထိုးပစ်နိုင်ပါတယ် အဲဒီအခါ မင်းရဲ့အခြေခံ အုတ်မြစ်နဲ့၊ ပါရမီတွေဟာ အားလုံးငါ့အပိုင် ဖြစ်လာလိမ့်မယ်။ ”
“ အိမ်မက်မက်မနေနဲ့ ... မင်းငါ့ကို ဘယ်တော့မှ အစားထိုးနိုင်တော့မှာ မဟုတ်ဘူး ငါ့မှာ မင်းတို့တွေတစ်ယောက်မှ မရရှိခဲ့တဲ့ ဝင်စားခြင်း ဥပဒေရှိတယ် ငါသာ သတ်သေ လိုက်ရင် ...
... နောက်ထပ် ဘဝတစ်ခုကို ကူးပြောင်းသွားရုံပဲ မင်းကတော့ အဲဒီဓားမှာ တာအိုအမှတ်အသား အဖြစ်နဲ့ပဲ ဆက်လက် ကျန်ရစ်နေမှာ ပြီးတော့ ...
... ငါဟာ အတိတ်ဘဝတွေရဲ့ တာအိုအမှတ်အသားတွေကို တစ်ခုပြီးတစ်ခု ပေါင်းစပ်ထားနိုင်တယ်၊ မင်းကော ... မင်း အသက်ရှင်စဉ်တုန်းက ဒီလိုပေါင်းစပ်ထား နိုင်ခဲ့လို့လား။ ”
“ ငါ အသက်ရှင်စဉ်တုန်းက ဒီဓားမှာနတ်သံကြိုး ငါးချောင်းပဲရှိသေးတယ် ငါ အကြိမ်ကြိမ်ပေါင်းစပ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး ... ။ ”
ဆဋ္ဌမမြောက် နတ်သံကြိုးမှ ပြန်ဖြေသည်။ စုရီက ခေါင်းညိတ်တော့၏။
“ အဲဒါကြောင့်ပဲ ငါက မင်းတို့ထက် သာတယ်ဆိုတာကို မင်းလက်ခံသင့်တယ် ငါ့မှာ မင်းတို့ မပိုင်ဆိုင်ခဲ့တဲ့ ဥပဒေနိယာမတွေရှိတယ် ဒါဆိုမင်းဟာ ငါ့ကိုဘယ်လိုများတိုက်ခိုက်ပြီး အစားထိုးနိုင်မှာလဲ။ ”
စုရီမေးခွန်းသည် ဆဋ္ဌမမြောက် နတ်သံကြိုးကို ထိုးနှက်လိုက်သကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွားစေ၏။
စုရီနှင့် စကားပြောစဉ်ကာလအတွင်း သူသည် အကြိမ်ပေါင်းမည်မျှတိတ်ဆိတ်သွားခဲ့ ရသည်ကို သူကိုယ်တိုင်ပင် မမှတ်မိတော့ချေ။ စုရီကို ပြန်လည်ချေပလိုသော်လည်း မတတ်နိုင် ဖြစ်လာခဲ့သည်။
“ မင်း ... အသက်ရှင်စဉ်တုန်းက ဘယ်လောက်ပဲ သန်မာခဲ့ပါစေ... အဲဒါတွေက အတိတ်ဖြစ်သွားပြီ အခုမင်းဟာ အမှတ်အသား တစ်ခုအတွင်းက ကြွင်းကျန်နေတဲ့ အသိစိတ်လေးတစ်ခုပဲ ...
... ငါကတော့ မင်းဖြတ်သန်းခဲ့တဲ့ နယ်ပယ်တိုင်းမှာ မင်းထက်သာလွန်နိုင်ခဲ့သလို၊ တစ်နေ့မှာ မင်းရဲ့ အထွတ်အထိပ် ကျင့်ကြံမှုကိုလည်း ကျော်ဖြတ်ပြမယ်။ ”
စကားဆုံးသည်နှင့် စုရီက အသိစိတ် ပင်လယ်အတွင်းမှ ပြန်လည်ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
“ ဟားဟားဟား ငါနားလည်ပြီ ... မင်းဒီလိုတွေပြောနေတာက အားနည်းနေလို့ပဲ မင်းငါ့ကိုကြောက်နေလို့ ငါ့ရဲ့စိတ်ဝိညာဉ်ကို အားပျော့သွားအောင် လုပ်နေတာပဲ။ ”
သို့သော်ဆဋ္ဌမမြောက် နတ်သံကြိုးက ရယ်မောလျက် ရုတ်တရက် ပြောကြားလာ၏။ စုရီတစ်ယောက် မျက်ခုံးများ မြင့်တက်သွားပြီး လှည့်မကြည့်ခဲ့ချေ။
“ အချိန်တန်လို့ မင်း ငါ့ရဲ့ တာအိုအမှတ်အသားနဲ့ ပေါင်းစပ်တဲ့အခါ ငါ ဘာမှခုခံမှာ မဟုတ်ဘူး ဒါပေမဲ့ ငါ့ရဲ့အသိစိတ်နဲ့ မင်းရဲ့ နှလုံးသားကို ငါ တိုက်ခိုက်မယ်။ ”
ဆဋ္ဌမမြောက် နတ်သံကြိုး ဆက်လက်အော်ဟစ်လာသည်။ စုရီမှ ခဏရပ်မျှ လိုက်တော့၏။ ယင်းကြောင့် တစ်ဖက်လူမှ စိတ်လှုပ်ရှားလာကာ၊
“ မင်းကို ငါဖြစ်လာအောင် အစားထိုးပစ်လိုက်မယ် အဲဒီအခါ ငါတို့ထဲက ဘယ်သူ ပိုသန်မာသလဲဆိုတာ သိရမယ်။ ”
-ဟု စကားကို အဆုံးသတ်လိုက်၏။
“ စိတ်ဝင်စားစရာပဲ ... ။ ”
စုရီက ပြန်လှည့်ကြည့်ကာ၊
“ ငါ ဘဝနှစ်ခုနဲ့ ပေါင်းစပ်ပြီးပြီ ... ၊ သူတို့တွေအားလုံး ငါ့ကိုဘာမှမလုပ်နိုင်ခဲ့ဘူး မင်းတတ်နိုင်မလားဆိုတာ ... ငါလည်း တကယ်သိချင်ပါတယ်။ ”
-ဟု ပြောကြားလျက် ထွက်ခွာလာခဲ့တော့၏။
***