ရှန်ရှင်းနယ်ပယ် တစ်စုံတစ်ယောက်သည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများ မျက်စိအောက်မှ အကျိုးအမြတ်ကို လုယူဝံ့သည်လော။
အဆိုပါရှန်ရှင်း ကျင့်ကြံသူသည် သူနှင့်ဆွေမျိုးတော်စပ်သည့် ကူမိသားစု၏ ဘိုးဘေးကြီး ဖြစ်နိုင်ပေမည်။
ထိုအတွေးက ကူချန်ကို ပြုံးမိစေ၏။ ဤသည်သာ အမှန်ဖြစ်သော် တစ်ဖက်လူ၏ သတ္တိနှင့်ရဲရင့်မှုသည် အံ့ဖွယ်ပေပင်။
“ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေ အများကြီးရှိနေတာတောင် ရှန်ရှင်းနယ်ပယ် တစ်စုံတစ်ယောက်က အသာစီးရသွားတာလား မင်းတို့ဘယ်လိုများ ဒီအကြောင်း လူရှေ့မှာ ထုတ်ပြောဝံ့ကြတာလဲ။ ”
ရုတ်တရက် ကူချန်မှ လှောင်ပြုံးဖြင့် မေးခွန်းထုတ်လိုက်၏။ လူအများအပြားသည် ကူချန်မေးခွန်းကို ထောက်ခံဟန်ဖြင့် ထွက်မသွားသေးဘဲ ရပ်နေခဲ့ကြသည်။
အစောပိုင်းက ထွက်သွားရန် စကားပြောခဲ့သော ခေါင်းပြောင်အမျိုးသားသည် ကူချန်ထံလှည့်ကြည့်ကာ၊
“ မင်းပါးစပ်ပိတ်ထား ... ။ ”
-ဟု အော်ငေါက်လိုက်၏။
ထိုအချင်းအရာသည် မတော်တဆ ထုတ်ပြောမိပြီဖြစ်သောကြောင့် သူတို့ကို ခံစားချက်များ မကောင်းစေတော့ချေ။
အဆုံးတွင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများသည် ပုရွက်ဆိတ်တစ်ကောင်၏ အခွင့်ကောင်းယူခြင်းကို ခံခဲ့ရခြင်းဖြစ်၏။
ခေါင်းပြောင်လူသည် အနက်ရောင်ဝတ်စုံ ဆင်မြန်းထားပြီး လခြမ်းပုံသဏ္ဍန်ဓားနှစ်လက် ကျောတွင်ထိုးသွင်းထား၏။ ကျင့်ကြံမှုမှာ ခရမ်းရောင်နေမင်း နယ်ပယ်ပေပင်။
ရုပ်ရည်အသွင်အပြင်အရ အတော်ပင် ကြည့်ကောင်းကာ ရဲရင့်ပြီးမျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်တတ်သည့် ရက်စက် ကြမ်းကြုတ်မှုမျိုး ခံစားရစေသည်။
သူ့နောက်တွင် အလားတူ ရက်စက်ကြမ်းကြုတ်သော ပုံပန်းသဏ္ဌာန်မျိုး ရှိနေသည့် ကျင့်ကြံသူများစွာရပ်နေကြ၏။ ထိုသူများအတွက်မူ ရှန်ရှင်းနယ်ပယ်နှင့် ယွမ်ဖူနယ်ပယ်တွင်သာရှိသည်။
“ ဟမ့် ... ကန္တာရဓားပြဆယ့်သုံးယောက် ခေါင်းဆောင်စန်းချန်လား။ ”
ထိုစဉ်အေးစက်ပြီး ထက်မြက်သော နှာခေါင်းရှုပ်သံနှင့်အတူ လူရိပ်များအဝေးထံပါးမှ ပျံသန်းလာသည်။
“ ဝှစ် ... ။ ”
များမကြာခင် လူခြောက်ယောက်၏ ပုံရိပ်များသည် နှင်းမုန်တိုင်းကိုဖြတ်ကျော်ကာ ရေခဲပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
သူတို့(၆)ယောက်ကိုမြင်ချိန်တွင် အဖွားအိုအပါအဝင် လူအတော်များများ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားတော့၏။
ဤသည်မှာ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူဦးဆောင်သည့် အင်အားစုကြီးတစ်ခု ပေပင်။ ခေါင်းဆောင်သည် အပြာဝတ် အမျိုးသားတစ်ဦးဖြစ်၏။
ထို့ကြောင့် လက်ရှိတွင် ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူငါးယောက်တိတိ ရှိသွားပြီဖြစ်သည်။
၎င်းတို့မှာ ထိုအနက်ဝတ်အမျိုးသမီး၊ အပြာရောင်ဝတ် ခေါင်းပြောင်၊ နဂါးတောင် ဝှေးကိုင် အပြာရောင်ဝတ်အဘွားကြီးနှင့် ဤအပြင် အခြားနှစ်ယောက်ဖြစ်၏။
ထိုအခြားတစ်ယောက်သည် လူအများဖြင့်ဝေးကွာသောအရပ်တွင် ရပ်နေပြီး အသံမထွက်ဘဲ ရေခဲကွင်းထဲမှအခြေအနေကို စောင့်ကြည့်နေ၏။ တစ်ကိုယ်တော် ဝံပုလွေတစ်ကောင်ပေပင်။
ကျန်တစ်ယောက်သည် တံခါးကြီး၏ ဘယ်ဘက်အရှေ့ဆုံးတွင် နေရာယူထားသော လူသုံးယောက်အဖွဲ့ဖြစ်သည်။
ဆံပင်ဖြူဖြူနှင့် ဓားကိုင်ထားသော အဖိုးကြီးသည် ဦးဆောင်နေပြီး သူ့နောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးရှိ၏။
သို့သော် ခရမ်းရောင်နေမင်းနယ်ပယ်၌ ရှိနေသောသူသည် ဓားကိုင်ဆောင်ထားသော အဘိုးကြီးမဟုတ်ဘဲ သူ့ဘေးမှ အမျိုးသမီး ပေပင်။
“ စိတ်ဝင်စားစရာပဲ။ ”
ကူချန်မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့်ပေါ်လာပြီး သူ့အကြည့်များသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာခဲ့၏။
ချက်ချင်းပင် သူ့မြင်ကွင်းထဲ တောက်ပနေသော ခရမ်းရောင်နေမင်းများကို ပြန့်ကျဲစွာမြင်လိုက်ရသည်။
ကူချန်သည် အသစ်ရောက်လာသော အပြာရောင်ဝတ်ထားသည့် ထိုအဘိုးကြီးကို မသိသော်လည်း ကန္တာရဓားပြ(၁၃)ယောက် အကြောင်း ကြားသိထား၏။
ထိုကန္တာရဓားပြ(၁၃)ယောက်သည် ဤဒေသကြီးတွင် အုပ်စိုးရှင်ဓားပြအဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လှ၏။
သူတို့ခေါင်းဆောင် စန်းချန်ဟူသော ခေါင်းပြောင်ကြီးသည် ခရမ်းရောင်နေမင်း နယ်ပယ်ဖြစ်သည်။
ကျန်အဖွဲ့ဝင်များသည် ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူသုံးဦးနှင့် ချီစုစည်းခြင်းနယ်ပယ် နှောင်းပိုင်းကိုးဦးပါဝင်၏။ ကျယ်ပြောလှသော ကန္တာရကြီးကို အကာအကွယ်အဖြစ် အသုံးပြုလှုပ်ရှားကြသည်။
ကန္တာရနှင့် ထိစပ်နေသော နိုင်ငံနှစ်ဖက်စလုံးရှိမြို့ငယ်များအတွက် အိပ်မက်ဆိုးများပေပင်။ မကြာခဏ ဆိုသလို ဝင်ရောက်စီးနင်းလုယက်တတ်ကြ၏။
ဟိုင်လန်နိုင်ငံနှင့် ဖူစုနိုင်ငံသို့ ဖြတ်သန်းရာတွင် ဤကန္တာရကိုအသုံးပြုပါက သူ့တို့အဖွဲ့ထံတွင် မတန်တဆအခွန်များ ပေးဆောင်ရပေသည်။
ဆိုလိုသည်မှာ ဤသဲကန္တာရ၏ အုပ်စိုးရှင်သည် ဖူစုနှင့်ဟိုင်လန်မင်းဆက်များမှ မဟုတ်ဘဲ ဓားပြများသာဖြစ်ချေပြီ။
သို့သော်ယခုမူ ကန္တာရဓားပြဘုရင်သည် အသစ်ရောက်လာသော လူများထံကြည့်ကာ ရုတ်တရက် မျက်နှာအမူအရာ ပြောင်းသွား၏။
“ မင်းရဲ့လန်မိသားစုကလည်း တစ်ယောက်ယောက် လွှတ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ ”
ခေါင်းပြောင်အမျိုးသားစန်းချန်က တုန့်ပြန်လိုက်သည်။ သူ့စကားကြောင့် လူတိုင်း ထိတ်လန့်လာ၏။
“ လန်မိသားစုလား ... ဒါ ဒါက ဟိုင်လန်မင်းဆက်ရဲ့ ... တော်ဝင်မိသားစုတွေ ဖြစ်နိုင်မလား။ ”
လူအုပ်ကြီးမှ စိတ်လှုပ်ရှားကုန်၏။ ကူချန်သည်သာ မည်သည့်ခံစားချက်မှမပြဘဲ ဆက်လက်စောင့်ကြည့်နေခဲ့သည်။
“ ဟမ့် ... မင်းတို့လိုဓားပြတွေက ငါ့ရဲ့ဟိုင်လန်နယ်စပ်မြို့တွေကို နှစ်ပေါင်းများစွာ ကျူးကျော်လုယက်ခဲ့ကြတယ် ဒီနေ့မင်းတို့ရဲ့ အသက်တွေနဲ့ ပေးဆပ်ရမယ့်အချိန်ပဲ။ ”
အပြာဝတ်အမျိုးသားက အေးစက်စွာ အော်ငေါက်လိုက်သည်။ သို့သော် ကန္တာရဓားပြ ခေါင်းဆောင်ရှန်ချန်က ကြောက်ရွံ့ခြင်းမရှိချေ။ ယင်းအစား အပြာရောင်ဝတ်အမျိုးသားကို ပြန်ကြည့်ပြီး လှောင်ပြောင်လိုက်၏။
“ ဟားဟားဟား ငါ့ကိုထိကြည့်စမ်း ... မင်းကခရမ်းရောင်နေမင်းနယ်ပယ်မှာ ရှိပေမယ့် ငါ့ကိုမသတ်နိုင်ခင်မှာ ငါ့ဓားကကျောက်တံခါးကို အရင်ဖျက်ဆီးပစ်နိုင်တယ်။ ”
“ ချွင် ... ချွင် ... ။ ”
စကားဆုံးသည်နှင့် သူ့ကျောပြင်တွင် ထိုးစိုက်ထားသော ငွေရောင်လခြမ်းဓားနှစ်လက် လေထဲပျံတက်လာပြီး စန်းချန်၏အကြည့်များ ရူးသွပ်လာတော့၏။
အပြာရောင်ဝတ် အမျိုးသားမှ မျက်မှောင်ကြုတ်လျက် စန်းချန်စကား၏ အဓိပ္ပါယ်ကို စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် နဂါးတောင်ဝှေးကိုင် အဘွားကြီးမှ သူတို့စကားဝိုင်းအတွင်းဝင်ရောက် ရှင်းပြလာတော့၏။
“ လန်ဝမ်၊ ငါတို့ရဲ့ မကျေနပ်ချက်တွေကို အထဲရောက်မှပြောကြရအောင် ဒီကျောက်တံခါး တိုက်ခိုက်ခံရရင် ...
... ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ် ဒါဆိုလူတိုင်းအတွက် နှစ်တစ်ရာအခွင့်အရေးက ဆုံးရှုံးရမှာသဘာဝပါပဲ။ ”
သို့မှသာ အပြာရောင်ဝတ်အမျိုးသားမှ ကန္တာရဓားပြခေါင်းဆောင် စန်းချန်စကားကို နားလည်သွားတော့၏။
ထို့ကြောင့် မျက်မှောင်ကြုတ်ကာ ကျောက်တံခါးကြီးထံကြည့်ပြီး ပတ်ဝန်းကျင်ရှိ အခြားသူများထံ ဝေ့ကြည့်လိုက်လေသည်။ လူတိုင်း သူ့ထံစိုက်ကြည့်နေ၏။
လက်ရှိအချိန်တွင် သူ့လန်မိသားစုသည် လူအင်အားအများဆုံးဖြစ်သော်လည်း ဤတံခါး သည်သာ ဖျက်ဆီးခံရပါက လူအုပ်ကြီး၏ ဘုံရန်သူ ဖြစ်ရပေလိမ့်မည်။
လက်သီးနှစ်လုံးနှင့် လက်သီးလေးလုံးကို အနိုင်မယူနိုင်ချေ။ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူလေးဦးသည် သူ့ကိုများစွာ ဒုက္ခပေး နိုင်၏။ ယင်းကြောင့် အသက်ပြင်းပြင်းရှူကာ၊
“ ကောင်းပြီ၊ ခဏတော့ မင်းကို အသက်ရှင်ခွင့်ပေးထားလိုက်မယ် ... ဒါပေမယ့် အထဲရောက်ရင် ပြဿနာကို ကောင်းကောင်း ဖြေရှင်းကြမယ်။ ”
-ဟု ကြိမ်းဝါးလိုက်သည်။ စန်းချန်က ဂရုမစိုက်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့ပြသည်။ လန်ဝမ်ဟူသော အမျိုးသားက နဂါးတောင်ဝှေး ကိုင်ထားသည့် အဘွားအိုဘက်လှည့်ကြည့်ကာ၊
“ မင်းရဲ့ဟိုက်ရှင်းဂိုဏ်း ရောက်လာတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလို့ငါထင်တယ် ဒီနေရာက ငါတို့ဟိုက်လန်နိုင်ငံတော်နဲ့ အနီးဆုံး ဖြစ်တာတောင် မင်းအရင်ရောက်နေတယ်။ ”
-ဟု စုံစမ်းရန် ကြိုးစားလိုက်တော့၏။ အဘွားကြီးက တည်ငြိမ်စွာခေါင်းညိတ်သည်။ သူမသည် ငြင်းဆန်ရန် ဆန္ဒမရှိခဲ့ဘဲ၊
“ မှန်တယ်၊ မင်းအရင်က ... ဒါကို သတိမထားမိဘူးဆိုတော့ ဒီအမွေတွေက မင်းရဲ့ ဟိုက်လန်နိုင်ငံအတွက် မရည်ရွယ်ဘူးလို့ပဲ ဆိုနိုင်ပါတယ် ...
... ဖူစုနိုင်ငံက အဲဒီလူအိုကြီးတောင် သတိမထားမိတာ မင်းမြင်တယ်မဟုတ်လား မဟုတ်ရင် သူရောက်လာမှာသေချာတယ်။ ”
“ အဘွားကြီး ... မင်း မသိလိုက်ပုံပဲ။ ”
အဖွားအိုစကားကြောင့် လန်ဝမ်မှ ရုတ်တရက် အံ့အားသင့်စွာ သူမထံကြည့်သည်။ အဖွားအိုတစ်ယောက် မျက်မှောင်ကြုတ်လျက် ဇဝေဇဝါဖြစ်လာပြီး၊
“ ငါဘာကိုမှ မသိတာလဲ။ ”
-ဟု ပြန်မေးလိုက်၏။
“ ဖူစုနိုင်ငံရဲ့ တော်ဝင်မိသားစုတစ်ခုလုံး ပျောက်ကွယ်သွားပြီ အဲဒီအဖိုးကြီးချင်အေကိုလဲ သတ်ပစ်လိုက်ပြီ။ ”
“ ဘယ်လို ... ။ ”
နဂါးတောင်ဝှေးကိုင် အဖွားအိုခမျာ မျက်လုံးပြူးသွားတော့သည်။ ဤသတင်းသည် မည်မျှ ပြင်းထန်သည်ကို သိရှိလိုက်၏။
နားစွင့်နေသော လူအုပ်ကြီးသည်လည်း အလားတူပေပင်။ တစ်ဖက်တွင်ကူချန်သည်သာ ဘေးတွင်ရပ်လျက် ထိုကိစ္စသူနှင့်မဆိုင်သကဲ့သို့ တည်ငြိမ်စွာစောင့်ကြည့်နေ၏။
အဘွားအိုက လန်ဝမ်ထံ ပြန်ကြည့်ပြီး၊
“ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းသိလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဒါက ကောလာဟလတွေပဲ ငါကြားလိုက်ရတယ် ဒီသတင်းမဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။ ”
“ ရွှီး ... ။ ”
လန်ဝမ် အဖြေကြောင့် အဘွားအိုမှ မေးခွန်းများဆက်မေးရန် ပြင်နေစဉ် ရုတ်တရက် ကျောက်တံခါးထံမှ ထူးခြားမှုများပြလာ၏။
လူတိုင်းလှည့်ကြည့်လိုက်ကြသည်။ တံခါးအတွင်းမှ မှိန်ဖျော့ပါးလွှာသောအလင်း တစ်စ ပေါ်လာခြင်းဖြစ်၏။
ထိုအလင်းသည် မြစိမ်းရောင်ဖြစ်ပြီး အလယ်တွင် ဧရာမလေစုပ်ဝဲကြီးတစ်ခုကို တွင်းတက်ကြီးအလား မြင်နိုင်ချေပြီ။
“ တံခါးပွင့်ပြီ ... ။ ”
လူအများအပြား၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားကြပြီး သူတို့လက်ထဲတွင်ရှိသော အဖြူရောင် အရိုးတံဆိပ်ထံ ငုံ့ကြည့်လိုက်တော့၏။
***