အရိုးဖြူတံဆိပ်သည် စူးရှသော အလင်းတန်းများ ရုတ်ချည်း ထုတ်လွှတ်လာ၏။ ရောက်ရှိနေသူ လူအများစုသည်လည်း သူတို့၏ အရိုးဖြူတံဆိပ်များကို ချက်ချင်း ထုတ်ယူ ကြည့်လိုက်ကြသည်။
ထိုတံဆိပ်များမှ အလင်းရောင်သည် ကျောက်တံခါးကြီးနှင့် အပြန်အလှန် ရောင်ပြန် ဟပ်နေသယောင်ပေပင်။
သို့သော် လူတိုင်းသည် ထိုသို့သော အရိုးဖြူတံဆိပ်များရှိနေကြသည် မဟုတ်ချေ။ ခရမ်းရောင်နေမင်းနယ်ပယ် (၅)ဦးနှင့် ယွမ်ဖူ နယ်ပယ်ကျင့်ကြံသူ အချို့တွင်သာ အရိုးဖြူ တံဆိပ်များ ပိုင်ဆိုင်ထား၏။
တံဆိပ်ရှိသူများက ကျောက်တံခါးထံ စိတ်လှုပ်ရှားစွာ မော့ကြည့်စဉ် တံဆိပ်မရှိသူများ သည်လည်း သူတို့ထံသို့ လောဘများဖြင့် ကြည့်လာကြတော့သည်။
ကူချန်သည်ပင် အကြည့်အချို့ကို လက်ခံရရှိခဲ့၏။ ရုတ်တရက် ကျောက်တံခါးနှင့် နီးကပ်စွာရှိနေသော အရိုးဖြူတံဆိပ်ပိုင်ရှင်တွင် အလင်းစက်ဝန်းတစ်ခု ပေါ်လာသည်။
“ ရွှီး ... ။ ”
ထိုအလင်းစက်ဝန်းသည် ပူဖောင်းတစ်လုံးကဲ့သို့ သူ့အဖွဲ့သားများအပေါ် သိုင်းခြုံကာ ကျောက်တံခါးထံဆွဲယူသွား၏။
“ အတူတူ ရပ်ကြ ... ။ ”
ထိုမြင်ကွင်းကြောင့် အခြားသော အရိုးဖြူတံဆိပ်ကိုင် တစ်စုံတစ်ယောက်သည် လေသံနှိမ့်၍ သူ့အဖွဲ့ထံပြောကြားလိုက်သည်။
တစ်ဆက်တည်းမှာပင် သူ့အရိုးဖြူတံဆိပ်သည် အလင်းစက်ဝိုင်းအဖြစ် ပြောင်းလဲပြီး အခြားသူများကိုလွှမ်းခြုံလာ၏။
“ အားလုံးလာခဲ့ ... ။ ”
ဤနည်းဖြင့် လန်မိသားစုမှလန်ဝမ်၊ နဂါးတောင်ဝှေးကိုင် အဘွားအိုနှင့် ကန္တာရဓားပြ စန်းချန်တို့သည်လည်း အလင်းစက်ဝန်းများဖြင့် လေထဲမျောပါသွားကြ၏။
“ ဟမ့် ... ။ ”
ဤမြင်ကွင်းက လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲဖြစ်လာစေသည်။ ရုတ်တရက် ကူချန်၏နောက်ကျောဘက်မှ လေခွင်းသံနှင့် အတူ ရွှေဝါရောင်အလင်းဖြင့် ဓားတစ်လက် ပျံသန်းလာ၏။
ယင်းကြောင့် ကူချန်တစ်ယောက် မျက်ဝန်းများအေးစက်သွားကာ ချက်ချင်းပင် လှည့်ကြည့်လိုက်လေသည်။
ထိုရွှေဝါရောင်ဓားပျံသည် လေထုအလယ် ရပ်တန့်အေးခဲသွားပြီးနောက် လက်မဝက်မျှပင် ရှေ့ဆက်မတိုးနိုင်ဖြစ်သွား၏။
“ ဘယ်လိုဖြစ်နိုင်မှာလဲ ... ငါ့ရဲ့ထက်မြက်လှတဲ့ ရွှေပျံလွှားဓားပျံက ဘာလို့ ရှေ့မတိုးတော့တာလဲ။ ”
မနီးမဝေးတွင် ထိုဓားဖြင့် တိုက်ခိုက်ခဲ့သည့်လူသည် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး ထိတ်လန့်တကြား အာမေဋိတ်သံထွက်ပေါ်လာ၏။
“ ခရစ် ... ။ ”
ကူချန်မှ ပြန်မဖြေချေ။ တစ်ဖက်လူကို စိုက်ကြည့်လိုက်၏။ အတွေးတစ်ချက်တည်းဖြင့် ရပ်တန့်နေသောဓားပျံသည် တဖြည်းဖြည်း အက်ကွဲကြေမွှသွားတော့သည်။
တစ်ဆက်တည်းမှာပင် လေထုထဲတွင် နက်မှောင်သောရေစက်ပေါင်း ထောင်နှင့်ချီ၍ ပေါ်ထွက်လာ၏။
ထိုအနက်ရောင် ရေစက်များသည် နှင်းပွင့်များကြားတွင် ပုလဲနက်များအလား လှပစွာ တောက်ပနေသည်။
“ သွား ... ။ ”
ကူချန်မှ ခပ်တိုးတိုးအမိန့်ပေးကာ တစ်ဖက်လူကိုလျစ်လျူရှုပြီး ကျောက်တံခါးထံ ပြန်လှည့်ကြည့်လိုက်တော့၏။ သူ့လက်ထဲရှိ အရိုးဖြူတံဆိပ်သည် သူ့ကိုခေါ်ယူနေချေပြီ။
“ ရွှပ် ... ။ ”
“ မကောင်းတော့ဘူး ... ။ ”
အနက်ရောင် ရေစက်များဖြင့် ပစ်ခတ်ခံလိုက်ရသော် လုပ်ကြံသူတစ်ယောက် ကြောက်လန့်တလား အော်ဟစ်လိုက်၏။
“ အသက်ဝင် ... ။ ”
လုပ်ကြံသူမှ ဝိညာဉ်စွမ်းအင်ကို အလင်းဒိုင်းအဖြစ် ချက်ချင်းခံယူလိုက်တော့၏။
“ ဘန်း ... ။ ”
“ ဘန်း ... ဘန်း ... ။ ”
အနက်ရောင် ရေစက် ထောင်ပေါင်းများစွာသည် မိုးရွာချလိုက်သည့် အလား အလင်းဒိုင်းပေါ် ကျရောက်လာ၏။
ထိုအသံသည် ငှက်ပျောရွက်ပေါ် မိုးပေါက်ကျသံကဲ့သို့ တဖုန်းဖုန်းနှင့် မြည်ဟည်း နေချေပြီ။
လုပ်ကြံသူခမျာ အံကြိတ်၍ ခံယူနေသော်လည်း ရေစက်တစ်စက်ချင်းစီသည် တောင်တစ်လုံးအလား လေးလံလှသဖြင့် နွမ်းနယ်လာတော့၏။
“ ငါ့ကို ကယ်ပါ။ ”
“ စွပ် ... စွပ် ... စွပ် ... ။ ”
“ အား ... ။ ”
သို့သော် မည်သူမျှ ဆန္ဒမရှိချေ။ မိုးရေစက်များသည် အဆက်မပြတ်တိုးဝင်နေပြီး အလင်းဒိုင်းကိုဖြတ်ကျော်ကာ သူ့ခန္ဓာကိုယ်ကို အသားပုံအဖြစ် ပြောင်းလဲပစ်လိုက်တော့၏။
“ ဘယ်လောက် ရက်စက်လဲ။ ”
ဤမြင်ကွင်းကြောင့် ကူချန်ထံမှ တံဆိပ်ကိုလုယူလိုသော အခြားနှစ်ယောက်မှာ ချက်ချင်းတုန့်ဆိုင်းသွားကြသည်။
အစောပိုင်းက သူတို့နှစ်ယောက် ခြေတစ်လှမ်း နောက်ကျခဲ့သည်မှာ ကံကောင်း သွားချေပြီ။ မဟုတ်သော်။
“ ငါတို့ နောက်ကျသွားကံကောင်းတယ် မဟုတ်ရင် အသားပုံဖြစ်သွားမှာ သေချာတယ်။ ”
“ ဒီကောင်လေးက ရုပ်ချောပေမယ့် ရက်စက်လွန်းတယ် ... သူ ခရမ်းရောင်နေမင်း နယ်ပယ် ကျင့်ကြံသူပဲဖြစ်ရမယ် အထဲမှာ သူ့ကိုလုံးဝ ရန်မစမိစေနဲ့။ ”
ထိတ်လန့်မှုများနှင့်အတူ နှစ်ယောက်သား သက်ပြင်းချလိုက်၏။ သည့်နောက် အချင်းချင်း ပြန်ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုလိုက်ကြသည်။
“ ညီအစ်ကို ... ငါတို့နှစ်ယောက် အတူတူသွားမလား။ ”
“ သဘာဝပါပဲ။ ”
ပထမလူမှ အကြံပြုသည်။ ဒုတိယလူသည်လည်း ငြင်းဆန်ခြင်းမရှိချေ။ ချက်ချင်းသဘောတူလိုက်၏။
ထိုအချိန်တွင် ကူချန်၏ခန္ဓာကိုယ်ကို အလင်းစက်ဝိုင်းလွှမ်းခြုံလျက် ကျောက်တံခါးထံ သယ်ဆောင်သွားလေသည်။
ကျောက်တံခါး အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ရပ်များ ချက်ချင်းပင် ထွက်ပေါ်လာ၏။
အရိုးဖြူတံဆိပ်များသည် လူတိုင်းတွင် ရှိနေသည်မဟုတ်သောကြောင့် အခွင့်အရေးကို လုယူရန် ကြိုးစားကုန်ကြသည်မှာ သဘာဝပေပင်။
တစ်ကိုယ်တော် ကျင့်ကြံသူများပင် အချင်းချင်းပူးပေါင်းကာ တံဆိပ်ပိုင်ရှင်များကို သတ်ရန် ပူးပေါင်းလိုက်ကြ၏။
“ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက အဲဒီရှန်ရှင်းနယ်ပယ်ကျင့်ကြံသူက တကယ့်ကို ပါးနပ်ခဲ့တာပဲ ... ဒီလိုရုန်းရင်းဆန်ခတ် အခြေအနေမျိုးကနေ လွတ်မြောက်နိုင်တာ မယုံနိုင်စရာပဲ။ ”
ပတ်ဝန်းကျင်ရှိ ရှုပ်ထွေးနေသော ထိုမြင်ကွင်းများထံပြန်လှည့်ကြည့်ကာ ကူချန်မှ ချီးကျူးရေရွတ်လိုက်သည်။
အကယ်၍ တစ်ဖက်လူသည်သာ ကူမိသားစုမှ ဘိုးဘေးဆိုသော် မိသားစုအတွင်း၌ များစွာ အသုံးဝင်လာနိုင်ပေမည်။
ထိုသူသည် ရဲစွမ်းသတ္တိရှိပြီး ဗျူဟာများ ပိုင်နိုင်ချေ၏။ သို့သော် မျှော်လင့်ချက် မရှိချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် နှစ်ပေါင်းတစ်ရာတိုင်အောင် ပျောက်ကွယ်နေခဲ့ သဖြင့် သေဆုံးသွားနိုင်ချေရှိ၏။
ထို့နောက် ကူချန်၏အာရုံသည် ကျောက်တံခါးကြီးအတွင်း ဖြတ်သန်းရာသို့ ပြန်လည်ရောက်ရှိလာသည်။ ဤတံခါးသည် တည်နေရာရွေ့ပြောင်း အစီရင်များကဲ့သို့ မူးဝေခြင်း မရှိခဲ့ချေ။
မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့မှ ကမ္ဘာကြီးသည် လုံးဝပြောင်းလဲသွားခြင်းသာ ဖြစ်လေသည်။ အတွင်းရှိ မြင်ကွင်းများသည် အနည်းငယ် တုန်လှုပ်စရာပေပင်။
ကောင်းကင်သည် မြစိမ်းရောင်ဖြစ်ပြီး နေကို မမြင်ရဘဲ မည်သည့်အရပ်မှလာသည် မသိသော အလင်းရောင်များသာ ရှိနေသည်။
ထူးခြားမှုအနေဖြင့် မြစိမ်းရောင် ကောင်းကင်တွင် အက်ကွဲကြောင်းကြီးတစ်ခု နက်မှောင်စွာတည်ရှိနေခြင်းဖြစ်သည်။
၎င်းသည် ကောင်းကင်ကို အတင်းအဓမ္မ ဆွဲဖြဲထားသည်နှင့်တူ၏။ ထိုသို့ကောင်းကင်ကြီး အောက်၌ တောင်ကိုမှီ၍ဆောက်လုပ်ထားသော အဆောက်အဦးများစွာ ရှိနေသည်။ သို့သော် အားလုံးပျက်စီးနေချေပြီ။
ထိုအဆောက်အဦး ဧရိယာကြီးသည် မိုးကုပ်စက်ဝိုင်းတဆုံးရှည်လျားလှပြီး ယခင်က မည်မျှစည်ကားခဲ့မည်ကို ခန့်မှန်းနိုင်မည်။
ထို့ပြင် အဆောက်အဦးများကြား အဆုံးမရှိဟုထင်ရစေသော ချောက်နက်ကြီး တစ်ခုသည်လည်း ရှိနေပြန်သည်။
ထိုချောက်နက်ကြီးသည် ကောင်းကင် အက်ကွဲကြောင်းနှင့်အပြိုင် မိုင်ပေါင်းများစွာတိုင် ရှည်လျားနေသည်။
ကူချန်တစ်ယောက် အဆိုပါချောက်နက်ကြီးထံ ငေးကြည့်လျက် တစ်စုံတစ်ရာကို ချက်ချင်းသတိရသွားကာ မျက်ခုံးပင့်လိုက်တော့သည်။
“ ဒါ ... ဓားရည်ရွယ်ချက် ... ။ ”
***