“ ဒါ ... ဒါတွေက ... ။ ”
ကူချန်တစ်ယောက် သူ့ရှေ့တွင် ပေါ်ထွက်လာသော ဆုလာဘ်များထံကြည့်ကာ အံ့အားသင့်လာလေသည်။
“ ဝမ် ... ဝမ် ... ။ ”
လူအုပ်ကြီးသည်လည်း စကားလုံးများ ပျောက်ဆုံးကာ မယုံကြည်နိုင်ဟန်မျက်လုံးများ ပြူးကျယ်ကုန်တော့၏။
“ ဘာ ... ဘာလို့ ဆုလာဘ်တွေက သူ့ရှေ့မှာပဲပေါ်လာရတာလဲ။ ”
ထိုစကားကြောင့် လူအုပ်ကြီးသည် ကူချန် ပတ်ဝန်းကျင်တဝိုက်ရှိ ဆုလာဘ်များ အစီအရီ လွင့်မျောနေသည်ကို ရေတွက်ကြည့်ကုန်၏။
“ (၃၆)စုံလား ... ။ ”
“ ဒါ ... ငါတို့ရမယ့် ဆုလာဒ်တွေ သူ့ဆီကိုရောက်ကုန်ကြတာ မဟုတ်လား ... ။ ”
“ ဘယ်လိုတောင် ... လှည့်စားလိုက်လဲ။ ”
ရုတ်ချည်း ပတ်ဝန်းကျင်တစ်ခုလုံး ဆူပွက်ကုန်သည်။ အဆုံးတွင် တစ်စုံတစ်ဦးမှ အောင့်အည်းသည်းမခံနိုင်တော့ဘဲ သူ့ဓားကို ဆွဲထုတ်ကာ ကူချန်ထံညွှန်ပြလိုက်၏။
“ လူယုတ်မာ ... မင်းဘယ်လို လှည့်ကွက်တွေသုံးလိုက်တာလဲ ငါ့ဆုလာဒ်ကို ပြန်ပေးစမ်း ... မဟုတ်ရင် ငါ ... ။ ”
“ ဝှစ် ... ။ ”
သို့သော် သူ့စကားမဆုံးခင်မှာပင် တစ်ဝက်တစ်ပျက်ဖြင့် ထိုနေရာမှရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
“ ဆူညံသူမှန်သမျှ နှင်ထုတ်ခံရမယ်။ ”
အနားရှိ အခြားသူများသည်လည်း ထိုမြင်ကွင်းကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်ကာ အံကြိတ်လျက် ကိုယ်ရှိန်သပ်တော့၏။
ဤအရာက လူအုပ်ကြီးကို မုန်းတီးမှုများ ပို၍လောင်မြိုက်လာစေ၏။ အဘိုးအိုလန်ဝမ်က လေးနက်သောအမူအရာဖြင့်၊
“ ပြီးခဲ့တဲ့အကြိမ် မင်းတို့ဝင်လာတုန်းကလည်း ဒီလိုပဲလား။ ”
-ဟု နဂါးတောင်ဝှေးနှင့် အဘွားအိုထံ လှမ်းကြည့်ကာ မေးမြန်းလိုက်တော့၏။
“ ဟုတ်တယ် ... ဒီလီကျန့်အကယ်ဒမီရဲ့ ဝင်္ကပါအစီရင်မှာ ပြဿနာတစ်ခုခုရှိပုံရတယ်။ ”
နဂါးတောင်ဝှေးနှင့် အဘွားအိုက အဖိုးကြီးလန်ဝမ်ထံလှည့်ကြည့်ကာ ခေါင်းညိတ် ပြန်ဖြေလေသည်။
“ ဒါဆို သူ ကံကောင်းသွားတာပေါ့။ ”
အဖိုးအိုလန်ဝမ်မှ မှတ်ချက်ပေး၏။ အဖွားအိုက ကူချန်ထံ ပြန်လှည့်ကြည့်သည်။ ယခင်အကြိမ်တွင် ယခုကဲ့သို့ပေပင်။
မဟုတ်သော် ရှန်ရှင်းနယ်ပယ်ရှိ ပုရွတ်ဆိတ်တစ်ကောင်၏ အနိုင်ကျင့်ခြင်းကို သူမတို့ ခံရမည် မဟုတ်ချေ။
“ မိတ်ဆွေ ... ငါတို့ရဲ့ ဆုလာဘ်ကို ပြန်ပေးလိုက်တာ အကောင်းဆုံးပဲ ... မဟုတ်ရင် မင်းကိုဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။ ”
စန်းချန်က အေးစက်သော လေသံဖြင့် အံကြိတ်ကာ ခြိမ်းခြောက်စကားဆို၏။ ကူချန်မှ ထိတ်လန့်ခြင်းမရှိဘဲ ပြုံးပြလိုက်ကာ၊
“ စကားမစပ်... ပြီးခဲ့တဲ့အကြိမ်က အဲဒီလူနဲ့မင်း ဘာဆက်ဖြစ်သွားလဲဆိုတာ ငါ့ကို မဖြေသေးဘူးနော် မေးပါရစေ ... မင်းသူ့ကို ဖမ်းမိလိုက်လား။ ”
-ဟု မေးမြန်းလိုက်သည်။
ဤမေးခွန်းကြောင့် စန်းချန်အပါအဝင် အဖွားကြီးသည်ပင် မျက်နှာပျက်ယွင်းသွား၏။ ထိုအမူအရာကိုမြင်သောအခါ ကူချန်မှ မျက်ခုံးပင့်လိုက်သည်။
“ အဟား ... ငါသိပြီ ... မင်းအဲဒီလူကို မဖမ်းမိခဲ့ဘူး မဟုတ်လား။ ”
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ထိုလူသည် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ အများအပြားကြားမှ ဤသို့အခွင့်အရေးကို ရယူသွားပုံပေပင်။
“ ဟမ့် ... မင်း စမ်းကြည့်ချင်နေတာလား။ ”
စန်းချန်က အသက်ပြင်းပြင်းရှူလျက် သူ့အဖွဲ့ကို အချက်ပြလိုက်သည်။ ဓားပြ(၁၃)ဦး အပြင် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများသည် ကူချန်ထံဝိုင်းရံလာတော့၏။
အထူးသဖြင့် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများ၏မျက်ဝန်း၌ မီးတောက်မတတ် နှမြောတသမှုများ ထင်ဟပ်နေသည်။
ဤသည်မှာ သူတို့၏ဆုလာဘ်များပေပင်။ အဆင့်နိမ့် ဝိညာဉ်လက်နက်ဖြစ်သည့် ဝံပုလွေ ဖြူ စုတ်တံမဆိုနှင့် အဆင့်(၈)ဆေးပြား ဆယ်ပြားဟူသည်ပင် တန်ဖိုးမနည်းချေ။
သို့သော် ဤနေရာ၏ စည်းကမ်းချက်များကြောင့် မိုက်မဲစွာမလှုပ်ရှား ဝံ့တော့ဘဲ ခြောက်လှန့်ရုံသာ တတ်နိုင်ကြ၏။
ကူချန်မှ ပြုံးလျက် စန်းချန်အပါအဝင် လူအုပ်ကြီးထံ ဝေ့ကြည့်ကာ၊
“ ငါတကယ်ပဲ စမ်းကြည့်ချင်ပါတယ်။”
-ဟု ပြန်ဖြေလိုက်တော့သည်။
“ မင်း ... ။ ”
စန်းချန်တစ်ယောက် ဒေါသများ တောက်လောင်လာ၏။ ထိုအချိန်တွင် ကူချန်မှ လက်ဝှေ့ယမ်းလျက် လွင့်မျောနေခဲ့သော ဆုလာဘ်များအားလုံးကို ကြယ်ကမ္ဘာအတွင်း သိမ်းဆည်းလိုက်တော့သည်။
ကောင်းကင်ဘုံမှ ပေးအပ်လာသည့် ဤအခွင့်အရေးကြီးကို မည်သို့သောလူမိုက်က ငြင်းပယ်မည်နည်း။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ရှန်ရှင်းနယ်ပယ်ထိုကျင့်ကြံသူသည်ပင် ဤအရာ အပေါ် စိုးရိမ်ခြင်းမရှိခဲ့ချေ။
ထို့ကြောင့် သူ့ကဲ့သို့ ခရမ်းရောင် နေမင်းနယ်ပယ် တစ်စုံတစ်ယောက်မှ အလျော့ ပေးလိုက်သော် ဟာသဖြစ်ပေလိမ့်မည်။
ဤသည်မှာ လူ(၃၆)ယောက်စာ အဆင့်နိမ့်ဝိညာဉ်လက်နက်(၃၆)ခုနှင့် အဆင့် (၈)ဆေးပြား (၃၆၀)ပေပင်။
တန်ဖိုးအရ အဆင့်နိမ့်ကျန်းချီ ဆေးပြားပေါင်း(၃)သန်းနီးပါးရှိသည်။ အကယ်၍ ဤဆုလာဘ်များကို အခြားသူများရရှိသော် ပြန်လည်ခွဲဝေပေးမည်မဟုတ်ချေ။
“ အား ... လုံးဝ မတရားဘူး။ ”
ကူချန်မှ ဆုလာဘ်များ အားလုံး သိမ်းဆည်းလိုက်သည်ကို မြင်သောအခါတွင် တစ်စုံတစ်ဦးသည် ဆက်မထိန်းနိုင်တော့ဘဲ ခုန်ဝင်တိုက်ခိုက်လာတော့သည်။
“ ဝမ် ... ။ ”
သို့သော် ဤခဏမှာပင် ထိုသူသည် ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်ကာ ပြင်ပသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။
ယင်းကြောင့် လူတိုင်းမှတိုက်ခိုက်လိုသော ဆန္ဒများကိုချိုးနှိမ်ပြီး ကျောက်ရုပ်များအလား အေးခဲကုန်ကြတော့၏။
“ မင်းတကယ် သတ္တိရှိတာပဲ ... ဒီသတ္တိကိုအပြင်ရောက်တဲ့အထိ ဆက်ထိန်းထား နိုင်ပါစေ။ ”
လူတိုင်း၏ မျက်နှာများတွင် စိတ်ပျက် အားငယ်မှုများဖြင့် ပြည့်နှက်ကုန်ကာ အဆုံး၌ အဘိုးအိုလန်ဝမ်သည် သည်းမခံနိုင်တော့ဘဲ ကြိမ်းဝါးလိုက်လေသည်။
ဟိုင်ရှင်းဂိုဏ်းမှ အဘွားအိုသည်လည်း သူမ၏သတ်ဖြတ်လိုသောဆန္ဒကို ဖုံးကွယ်လျက် အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်၏။
ဤမတိုင်မီ သူမသည် တစ်ဖက်လူကို တစ်ကြိမ်စမ်းသပ်ခဲ့၏။ ယင်းကြောင့် လူငယ်၏ ကျင့်ကြံမှုကို အကြမ်းဖျင်းမှန်းဆထားနိုင်သည်။
ဤနေရာမှသည် နောက်တစ်ဆင့်သို့ ရောက်ရှိသွားပါက လူတိုင်းသည်မဟာမိတ်များ မဟုတ်တော့ချေ။ အချင်းချင်း ပြိုင်ဘက်အဖြစ် သတ်မှတ်ပေလိမ့်မည်။
ယခုအချိန်၌ သည်းခံခြင်းသည် အကောင်းဆုံးပေပင်။ ဝတ်ရုံဖြူနှင့် လမ်းပြသူ၏ အကြည့်မှာ ရုတ်တရက် ကူချန်ထံ ကျရောက်လာ၏။ သူက၊
“ အားလုံးပဲ ဆုလာဒ်တွေ လက်ခံပြီးပြီဆိုတော့ ... ဒီစမ်းသပ်မှုမှာ ထူးထူး ခြားခြား စွမ်းဆောင်နိုင်ခဲ့တဲ့ မင်းအတွက် ငါ့မှာ အပိုဆုလာဘ်တစ်ခုရှိတယ် ... အဲဒါကတော့ အဆင့်နိမ့်ဝိညာဉ် ပန်းချီကားတစ်ချပ်ပဲ။ ”
-ဟု ပြောကြားလာသည်။
( ဟမ့် ... ဒီကောင်က အပိုဆုလာဘ်ရသွားတာလား ငါတို့အားလုံး ဆုလက်ခံပြီးပြီလို့ ဘယ်သူပြောလဲ။ )
လူတိုင်းမှ မျက်လုံးပြူးလျက် မကျေနပ်ချက်များကို မြိုသိပ်လိုက်ကြသည်။ ထိုစဉ် ကူချန်ရှေ့၌ ပန်ချီကားတစ်ချပ် ရုတ်ချည်း ပေါ်လာတော့၏။
ဤသည်မှာ ကောင်းကင်မှပေးသော အခွင့်အရေးပေပင်။ ကူချန်က တုန့်ဆိုင်းခြင်းမရှိ ပန်းချီကားကို ဖြန့်ကြည့်လိုက်သည်။ ဗလာ ဖြစ်ချေ၏။
ဆိုလိုသည်မှာ စာသားများ သို့မဟုတ် ရုပ်ပုံတစ်ခုခု မပါရှိချေ။ အဖြူရောင်ကင်းဗတ်စ တစ်ခုပေပင်။ သည့်အတွက် ဆက်မတွေးဘဲ ကြယ်ကမ္ဘာအတွင်း ပစ်ထည့်လိုက်သည်။
မည်သို့ပင် ဆိုစေကာမူ သူ့အတွက် အသုံးမဝင်သော်မှ စာပေပညာရှင်များအတွက် အထောက်အကူ ပြုပေမည်။
စာပေပညာရှင်များသည် ကလောင်တံအသုံးပြု၍ ပန်းချီဆွဲခြင်း၊ ကဗျာ ရေးသားခြင်းများ ပြုလုပ်ကြသည်။
ထိုအခါ အကြင်သူ၏အနုပညာ အနှစ်သာရသည် စာရွက်ပေါ်မှသည် ဝိညာဉ်အဖြစ် လက်တွေ့ဘဝထဲသို့ ထွက်ပေါ်လာတတ်၏။
ယင်းကြောင့် ဝံပုလွေဖြူစုတ်တံနှင့် ဤကင်းဗတ်စသည် စာပေပညာရှင်များအတွက် မရှိမဖြစ် လက်နက်များပေပင်။
“ အခု ဒုတိယ စမ်းသပ်မှု စတင်မှာမို့ ကျေးဇူးပြုပြီး ဝင်ကြပါ။ ”
အဖြူဝတ် လမ်းပြသူက လက်ဝေ့ယမ်းလိုက်ရာ ကြီးမားသော တံခါး တစ်ချပ် ထွက်ပေါ်လာသည်။
ကူချန်က လက်ကိုအင်္ကျီအောက်ဝှက်ကာ ချက်ချင်းပင် တွက်ချက်မှု ပြုလုပ်လိုက်တော့၏။ တွက်ချက်မှုအရ မည်သည့် အန္တရာယ်မျှ မရှိချေ။
ထို့ကြောင့် တစ်ချိန်လုံး သူ့ထံ စူးစိုက်ကာစောင့်ကြည့်နေသော လူအုပ်ကြီးကို လှည့်ကာပြုံးပြလျက် တံခါးကြီးအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
“ သူ့နောက်ကို လိုက် ... ။ ”
သို့မှသာ လူတိုင်းအသက်ဝင်လာဟန် ချက်ချင်း ပြေးဝင်လာကြသည်။ သို့သော် သူတို့ မျှော်လင့်ထားသလို ဖြစ်မလာချေ။
“ ဟမ့် ... ဘယ်ရောက်သွားတာလဲ။ ”
ကူချန်နှင့် သူတို့အားလုံးသည် ခြေတစ်လှမ်းမျှသာကွာခဲ့ခြင်း ဖြစ်သော်လည်း ဝင်ရောက်လိုက်ချိန်တွင် မည်သူမျှ ရှိမနေ ကြတော့ချေ။ ဗလာဖြစ်နေသည်။
ကူချန်သည်ပင် နောက်သို့ ပြန်လှည့်ကြည့်ကာ မည်သူမျှမတွေ့ရသဖြင့် အံ့အားသင့်ကာ ပြုံးလိုက်တော့သည်။
ဤသည်မှာ ကျပန်းပို့ဆောင်ခြင်းပေပင်။ ထို့ကြောင့် စိတ်ချလက်ချ ပတ်ဝန်းကျင်အပေါ် စူးစမ်းရန်ဝေ့ကြည့်လိုက်သည်။
“ ဒါက ... ။ ”
မျက်စိတစ်ဆုံး မြင်သမျှသည် အဖြူရောင်လွင်ပြင်ကြီးတစ်ခုသာ ဖြစ်နေသည်။ ကောင်းကင်နှင့်မြေကြီးပင် အဖြူရောင်ဖြစ်ပြီး အနားသတ်အပေါ် မခွဲခြားနိုင်ချေ။
ခြေဖဝါးအောက်၌ ဖုန်လုံးဝမရှိဘဲ စင်ကြယ်သည့် အဖြူရောင်ကြီးသက်သက်သာ ဖြစ်နေသည်။ ထိုစဉ် အမည်းစက်လေးတစ်ခု အဝေးမှ ထွက်ပေါ်လာ၏။
အဆိုပါအမည်းစက်သည် အလွန်ပင် သေးငယ်သော်လည်း အဖြူရောင်နောက်ခံတွင် ချက်ချင်းသတိပြုမိစေသည်။
“ ဟမ့် ... ပြန့်လာတာလား။ ”
ယင်းကြောင့် ဝိညာဉ်အသိကို ပို့လွှတ်ကြည့်ရာ ရေထဲသို့မှင်တစ်စက်ကျသည့် အလား ပြန့်ကားလာနေကြောင်း သိရှိခဲ့၏။
ထိုအနက်ရောင်သည် မည်းနက်သော သစ်ပင်များ၊ ကျောက်တုံးများ၊ တောင်တန်းနှင့် မြစ်များ၊ ကျောက်ခင်းလမ်းများအဖြစ်သို့ ချက်ချင်း ပြောင်းလဲလာသည်။
အဆုံးတွင် ရွာငယ်လေးတစ်ခု၏ ကောက်ကြောင်းမျိုး တဖြည်းဖြည်းပေါ်လာ၏။ မီးခိုးခေါင်းတိုင်များသည်ပင် အခိုးအငွေ့များ တလူလူလွင့်ပျံလာနေခဲ့သည်။
ထိုမြင်ကွင်းသည် ရှေးရိုးဆန်လှသဖြင့် အံ့အားသင့်သွား၏။ ဤသည်မှာ အဖြူ-အမည်း ကမ္ဘာကြီးတစ်ခုပေပင်။
“ ဒါ ... ပန်းချီကားတစ်ချပ်များလား။ ”
***