ကျယ်ပြောလှသော ဆွတ်ဆွတ်ဖြူနေသည့် လောကကြီးထဲတွင် မှင်ရောင်တစ်ခုတည်းသာ အရောင်အဖြစ်တည်ရှိနေသည်။
အဆုံးမဲ့ဖြူဖွေးနေသော ဟင်းလင်းပြင်ကြီးကြောင့် ကောင်းကင်နှင့် မြေကြီး နယ်နိမိတ်မျဉ်းကို ခွဲခြား၍မရနိုင်ချေ။
အဖြူရောင် နယ်နိမိတ်မျဉ်းသည် မျက်စိရှေ့မှောက်တွင် ရှိနေသယောင် ထင်မှတ် ရစေကာ တစ်ဖက်တွင်လည်း မိုးကုပ်စက်ဝိုင်းသို့ ဝေးကွာသွားသယောင် ခံစားရစေ၏။
ကူချန်မှ လက်ကိုဆန့်ထုတ်ကာ ရှေ့သို့စမ်းတဝါးဝါး ထိတွေ့ကြည့်သော်လည်း နောက်ဆုံးတွင် မည်သည့်အရာကိုမျှ မထိတွေ့မိခဲ့ချေ။
ထို့ကြောင့် ဝိညာဉ်အသိထုတ်လွှတ်ကာ ပတ်ဝန်းကျင်ထံ စစ်ဆေးကြည့်မိ၏။ သို့သော် ဝိညာဉ်အသိမှာ ကန့်သတ်ခံထားရချေပြီ။
ယင်းသည် အလွန်ကျဉ်းမြောင်းသော ဧရိယာလေးအတွင်း၌သာ ပိတ်လှောင်ခံထားရ ကြောင်းကို နားလည်လိုက်သည်။
“ ဒါက တကယ်ပဲ အဖြူ-အမည်း ပန်းချီကားတစ်ချပ်လား။ ”
စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဤကျယ်ပြောလှသော အဖြူရောင်ကမ္ဘာကြီးထဲတွင် သူ့ရှေ့မှောက်ရှိ မှင်ရောင်ရွာကလေး တစ်ရွာသည်သာ သက်ဝင်လှုပ်ရှားနေ၏။
ဤသည်မှာ မှော်ဆန်သော ပန်းချီကားတစ်ချပ်ပင်လော။ သို့တည်းမဟုတ် အစီအရင် တစ်ခုပင်လော။ လက်ဖဝါးဖြန့်ကာ တွက်ချက်မှုပြုလုပ်သော်လည်း အဖြေမရချေ။
ယင်းကြောင့် ခြေဖဝါးအောက်ခြေမှ မြေပြင်ထံငုံ့ကိုင်းကာ ထိတွေ့ကြည့်လိုက်သည်။ ဖြူဖွေးနေသောမြေပြင်သည် အေးစက်သော ခံစားချက်သာပေးစွမ်း၏။
ပုံမှန်အတိုင်းဆိုက အောက်ခြေမရှိသော အဖြူရောင်ဟင်းလင်းပြင်အဖြစ်သာ မြင်နိုင်ပြီး ထိတွေ့ကြည့်မှသာလျှင် တည်ရှိနေကြောင်း ခံစားလိုက်ရခြင်းပေပင်။
အထိအတွေ့သည် စိုစွတ်နေသော မြေဆီလွှာတစ်ခုမဟုတ်ဘဲ အေးစက်လွန်းသည့် သံတုံးကြီးအလား ထင်မှားစေ၏။
ခဏမျှစဉ်းစားပြီးနောက် အနက်ရောင် ကျောက်ခင်းလမ်းကလေးအတိုင်း ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
ရွာနှင့်နီးကပ်လာသည်ချိန်တွင် ပတ်ဝန်းကျင်ရှုခင်းများမှာ တဖြည်းဖြည်းချင်း ပြောင်းလဲနေတော့၏။
ဤလောကသည် မွေးဖွားကာစ ကမ္ဘာသစ်တစ်ခုကဲ့သို့ သန့်ရှင်းစင်ကြယ်နေပြီး အပြစ်အနာအဆာ ကင်းမဲ့နေချေပြီ။
ဆိုလိုသည်မှာ သူ လျှောက်လှမ်း လာသည်နှင့်အမျှ မှင်ရောင်သည် အနည်းငယ်မျှ အခြားသောရောင်များ စွန်းထင်းလာတော့၏။
ဥပမာအားဖြင့် လမ်းဘေးရှိ ကျောက်တုံးများသည် စိမ်းပြာရောင်သန်းလာပြီး ရွာကောက်ကြောင်းမှာ စိမ်းညှို့ခြင်းပေပင်။
သည့်နောက် အဝေးမှ အသစ်တဖန် ထပ်မံထွက်ပေါ်လာသော မိုးမခပင်စိမ်းများကို မြင်တွေ့လာရပြန်၏။
မိုးမခပင်များအနောက်တွင် ဝါကျင့်ကျင့်ခြံစည်းရိုးများ၊ အိမ်ခေါင်မိုးများ စသည့် အရောင်များ ထင်ရှားလာ၏။
မြစ်ကမ်းပါးတစ်လျှောက်တွင်လည်း ပန်းရောင်သန်းနေသော အစက်အပြောက်များ အဖြစ် မက်မွန်ပင်များ ဖြစ်ပေါ်လာသည်။
ဤသည်မှာ တစ်စုံတစ်ဦးမှ ပန်းချီကားအတွင်း၌ လိုအပ်သောရှုခင်းများကို လိုက်ပါရေးဆွဲပေးနေခြင်းဖြင့်တူ၏။
အကယ်၍သာ ဤကမ္ဘာကြီးသည် ပန်းချီကားတစ်ချပ်ထဲတွင် ရောက်ရှိနေသည် ဆိုသော် အဆိုပါပန်းချီကားအတွင်းရှိအချိန်မှာ ဆောင်းဦးပေါက်(နွေဦး)ရာသီ ဖြစ်ပေမည်။
ရွာထိပ်သို့ ချဉ်းကပ်လာသည်နှင့် အသံများကို တဖြည်းဖြည်းခြင်းကြားလာရ၏။ အသံများမှာ အနည်းငယ်ဆူညံနေပြီး ရှုပ်ထွေးနေသည်။
အသေအချာ နားစွင့်ကြည့်မှသာ စကားပြောရယ်မောသံများ၊ ရိုးရာတူရိယာ တီးမှုတ်သံများ၊ ခွေးဟောင်သံများနှင့် ကြက်တွန်သံများဖြစ်ကြောင်း ထင်ရှားလာ၏။
အဆိုပါအသံများအရ အလွန်စည်ကားပြီး ပွဲတော်တစ်ခုကဲ့သို့ ဖြစ်နေ၏။ ရွာအတွင်း၌ ပျော်ရွှင်ဖွယ် အခမ်းအနားတစ်ခု ကျင်းပနေပုံပေပင်။
ကူချန်က ရွာဝင်လမ်းအတိုင်း ဖြည်းညှင်းစွာဖြင့် လျှောက်လှမ်းလာခဲ့သည်။ ဤနေရာရှိ အိမ်များအားလုံးသည် ဖြူဖွေးသော နံရံများဖြစ်ပြီး အနားသတ်များကို အနက်ရောင် မျဉ်းများဖြင့် ရေးဆွဲထား၏။
ရိုးရှင်းပြီး အကြမ်းထည်ဆန်သော ကောက်ကြောင်းပေပင်။ သို့သော် အလွန်အမင်း သက်ဝင်လှုပ်ရှားလွန်းချေ၏။ လမ်းဆုံတစ်ခု အရောက်တါင် မြင်ကွင်းသည် ရုတ်ချည်း ဟင်းလင်းပြင်ကြီးဖြစ်သွားသည်။
ဤသည်မှာ ရွာအလယ်ရှိ စုဝေးရာကွင်းပြင်ကျယ်တစ်ခု ဖြစ်ပုံရချေ၏။ ကွင်းပြင်အလယ်၌ မြင့်မားသောကုက္ကိုပင်ကြီး တစ်ပင်ရှိနေသည်။
ထိုကုက္ကိုပင်ကြီး၏ ခြေရင်းတွင် ပျော်ရွှင်ဖွယ်စားသောက်ပွဲတစ်ပွဲ ကျင်းပနေခြင်း ဖြစ်သည်။ လူအများအပြားသည် စကားပြော ရယ်မောနေကြပြီး ခွက်ချင်းတိုက်ကာ သောက်စားနေ၏။
အချို့မှာမူ အရသာရှိသော အစားအစာများနှင့် ဟင်းလျာများ တင်ဆောင် ထားသည့် ဗန်းများကို သယ်ဆောင်၍ တည်ခင်း ပေးနေကြသည်။
အိမ်များတွင် လူတစ်ဦးတစ်ယောက်မျှ မရှိခဲ့သည်မှာ ဤနေရာသို့ရောက်ရှိနေခြင်းပင်။ ကုက္ကိုပင်ကြီး၏အောက်၌ အနီရောင်ဖဲကြိုးများ ချိတ်ဆွဲထားသည်။
ထိုအနီရောင် ဖဲကြိုးများသည် အဖြူနှင့်အမည်း ကမ္ဘာကြီးအတွင်း အလွန်ပင် သိသာထင်ရှားနေချေ၏။
မြေပြင်တွင် လူအနည်းငယ်သည် ခေါင်းငုံ့လျက် နှစ်ထပ်ကျူပင်တူရိယာများကို တီးမှုတ်နေကြသည်။ (နှစ်ထပ်ကျူပင်တူရိယာ -suona - နှဲရှည်များ)
ကူချန်ကို မြင်ချိန်၌ ခေါင်းငုံ့ပြီး နှစ်ထပ်ကျူပင်တူရိယာများ တီးမှုတ်နေသူများမှ ရုတ်ချည်း ရပ်တန့်သွားသည်။ အခြားသော အသံများသည်လည်း တဖြည်းဖြည်း တိတ်ဆိတ်သွားတော့၏။
ပတ်ဝန်းကျင်တစ်ခုလုံး ဗလာကျင်းသွားသည့်အလား သေမင်းတမန်မျှ ငြိမ်သက်သွားခြင်းပေပင်။ ယင်းသည် အချိန်များ ရပ်တန့်သွားသည်နှင့်တူ၏။
လူတိုင်းက ဗလာမျက်ဝန်းများဖြင့် ကူချန်ထံစိုက်ကြည့်နေသည်။ စူးစမ်းလိုခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိချေ။ ယင်းသည် အကြည့်ခံရသူကို မသက်မသာဖြစ်စေ၏။
“ ဟား ဟား ဟား ... ။ ”
ခဏအကြာတွင် ကျယ်လောင်သော ရယ်မောသံကြီး တစ်သံ ထွက်ပေါ်လာသည်။ ရပ်တန့်နေမှုများသည် အဆုံးတွင် ပြန်လည် အသက်ဝင်လာတော့၏။
“ ..... ။”
နှစ်ထပ်ကျူပင်တူရိယာ တီးမှုတ်သံများသည်လည်း အလွန်အမင်း မြူးကြွစွာလာခဲ့သည်။
ဤတစ်ကြိမ်ဂီတသည် ပျော်ရွှင်ဖွယ်ရာ ကောင်းပြီး စိတ်လှုပ်ရှားရင်ခုန်လာစေသည်။ လူအများသည် စကားပြောရယ်မောခြင်းနှင့် ခွက်ချင်းတိုက်ခြင်းများကို ဆက်လက် ပြုလုပ်နေကြ၏။
သို့သော် သူတို့၏မျက်လုံးများမှာမူ ကူချန်ရှိရာဘက်သို့ စူးစမ်းစွာခိုးကြည့်နေကြဆဲ ဖြစ်ချေသည်။ ကလေးအချို့သည် သည်းမခံနိုင် တော့သဖြင့် သူ့ကို စူးစမ်းရန်အတွက် ခုန်ပေါက်ပြေးလွှားလာကြသည်။
“ ဟားဟားဟား ... အဝေးကနေ မိတ်ဆွေလေးရောက်လာတာဟာ တကယ်ကို ပျော်စရာကောင်းပါတယ်။ ”
ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် လူအုပ်ကြားမှလှမ်းထွက်လာပြီး လက်ဝှေ့ရမ်း အရိုအသေပြုလာသည်။ ထို့နောက် ပြုံးပြလျက်၊
“ ငါက ဒီရွာရဲ့ရွာလူကြီးပဲ ... ဒီနေ့ ငါတို့ရွာမှာ မင်္ဂလာပွဲတစ်ခုရှိတယ် သခင်လေး မင်းရောက်လာတာ အချိန်ကိုက်ပဲ။ ”
- ဟု ပြောကြားလာ၏။
ရွာလူကြီးအဖိုးအိုသည် ရိုးရှင်းသော အဝတ်အစားများဝတ်ဆင်ထားပြီး ပြုံးရွှင်လျက် မျက်နှာမှာ အနည်းငယ် နီမြန်းနေသည်။ အရက် အချို့သောက်သုံးထားပုံရချေပြီ။
ယင်းသည် သာမန်ဆန်ကာ လူသားတစ်ယောက်နှင့် မည်သို့မျှ ခြားနားခြင်း မရှိချေ။
သို့သော် ရွာလူကြီးအပါအဝင် ရွာရှိလူတိုင်းသည် ပါးလွှာသောအရေပြားသာ ရှိနေသကဲ့သို့ အမြဲတမ်းပျက်စီးလွယ်သည့် ခံစားချက်မျိုးပေးစွမ်းနေ၏။
“ ဒီနေရာကို မတော်တဆ ရောက်လာမိတာပါ ခွင့်လွှတ်ပေးပါ။ ”
ကူချန်မှ လက်ဝှေ့ရမ်းကာ ပြန်လည်နှုတ်ဆက်လိုက်သည်။ ရွာလူကြီးက အားရပါးရ ရယ်မောလိုက်ပြီး၊
“ ငါတို့ရွာကို ဧည့်သည်လာတာ ရှားလွန်းပါတယ် ဒါကြောင့် ငါတို့ကမိတ်ဆွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် စိတ်ဆိုးစရာ အကြောင်းမရှိပါဘူး ... လာပါ ထိုင်ပါဦး။ ”
-ဟု ဖိတ်ခေါ်၏။
တစ်ဆက်တည်းမှာပင် ကူချန်လက်ကိုဆွဲကာ လွတ်နေသောထိုင်ခုံတွင် ထိုင်စေလိုက်၏။ ကူချန်တစ်ယောက် အဖိုးအို လက်မှ ထိတွေ့မှုကို ခံစားလိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်။
ဤသည်မှာ အလွန်ပင် စစ်မှန်သော လူသားတစ်ယောက်အလား ခံစားရစေ၏။ ထိုစဉ် ကြင်နာတတ်သော အဘွားအိုတစ်ဦးက သူ့ထဲ တူတစ်စုံ ကမ်းပေးလာသည်။ ကူချန်မှ ပြုံးလျက် လက်ခံလိုက်ပြီး၊
“ ကျေးဇူးတင်ပါတယ်။ ”
-ဟု ဆိုလိုက်တော့၏။
သည့်နောက် သူ့ရှေ့စားပွဲဝိုင်းတွင် ထိုင်နေသောလူအုပ်ထံ ကြည့်လိုက်တော့သည်။ တစ်ဖက်လူများသည် ဉာဏ်ရည်ရှိပုံရပြီး သူ့ကို စူးစမ်းစွာ ကြည့်နေကြ၏။ အသက်လတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးက၊
“ မင်းသားလေးက အပြင်လောကနေ လာတာလား။ ”
-ဟု စတင်မေးမြန်းလာသည်။
အပြင်လောကဟူသော ထိုအသုံးအနှုန်းကြောင့် ကူချန်တစ်ယောက် မျက်ခုံးပင့်လိုက်သည်။ ဤသည်မှာ ရွာအပြင်ကို ဆိုလိုသည်လော။ သို့မဟုတ် ဤနယ်မြေ၏ အပြင်ကိုဆိုလိုခြင်းသည်လော။
ကူချန်မှ ခေါင်းညိတ်ရုံသာ ပြုလုပ်နိုင်လိုက်သည်။ ထိုတုန့်ပြန်မှုကြောင့် အခြားသူတစ်ဦးက၊
“ ဒါက အံ့သြစရာပဲ ... ငါလည်း ရွာရဲ့အပြင်ဘက်ကို တစ်ခါမှ မရောက်ဖူးဘူး။ ”
-ဟု ပြောကြားလာ၏။ ဤအခိုက်တွင် ရွာလူကြီးက နှာခေါင်းရှုံ့လိုက်ပြီး၊
“ ဟမ့် ... ရွာထဲမှာ အလုံခြုံဆုံးပဲ ... အပြင်မှာစစ်ပွဲတွေနဲ့ သေးလွှမ်းတဲ့ဖြစ်ရပ်တွေ ပြည့်နေတယ် ဘယ်နေရာမှ ဒီရွာလောက် မလုံခြုံတော့ဘူး။ ”
- ဟု ခြိမ်းခြောက်လိုက်၏။
“ ဟုတ်တယ် ... ဟုတ်တယ် ရွာလူကြီးပြောတာ မှန်ပါတယ်။ ”
အခြားသူများက ရွာလူကြီးကို မငြင်းဆန်ဝံ့သောကြောင့် ခေါင်းညိတ်လျက်ဖြင့် ချက်ချင်း သဘောတူလိုက်ကြသည်။
ရွာလူကြီးက အနည်းငယ် မကျေမနပ်ဖြစ်နေသေးဟန်ဖြင့် ကူချန်ထံ လှည့်ကြည့်ကာ၊
“ သခင်လေး ... အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သူတို့ကို ပြောပြ ပေးလိုက်ပါဦး။ ”
- ဟု အတည်ပြုချက် တောင်းဆိုသည်။
“ ရွာလူကြီးမင်း ပြောသလိုပါပဲ အပြင်မှာ တကယ်ပဲ မငြိမ်းချမ်းပါဘူး။ ”
ကူချန်မှ ပြုံးလျက် အလိုက်သင့် ပြောကြားလိုက်၏။ သက်လတ်ပိုင်းအရွယ် အမျိုးသားခမျာ ခေါင်းကုတ်လျက်၊
“ တကယ်ပဲ ဒီလိုဖြစ်နေတာလား ... အပြင်လောကကြီးမှာ ဒီလောက်အန္တရာယ်များ နေတယ်ဆိုရင် သခင်လေးရော ဘာလို့ ငါတို့ မက်မွန်ရွာမှာပဲ မနေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ဒါက ... ။ ”
ကူချန်တစ်ယောက် နှလုံးသားထဲ ဒိန်းခနဲအချက်ပေးသံ မြည်လာလေ၏။ ခဏမျှ မျက်မှောင်ကြုတ်လျက် တွန့်ဆုတ်နေပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်တော့သည်။
“ ကောင်းပြီ ... ။ ”
***