“မင်းတို့... ဘာလုပ်ချင်တာလဲ”
သမ္မတ ဝါယန်မန်က ဤလူစုမှာ အစောကြီးကတည်းက သူ့ကို ဖမ်းဆီးရန် ကြံစည်ထားကြောင်း သဘောပေါက်သွားကာ သူ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူက ချက်ချင်း အော်ဟစ်လိုက်သည်။
“အစောင့်တွေ… အစောင့်တွေ ဘယ်မှာလဲ။ ပုန်ကန်နေကြပြီ”
သို့သော် တံခါးဝတွင် တပ်စွဲထားသော အစောင့်များက သူ့ကို လျစ်လျူရှုထားကြပြီး အရာရှိများ၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့လည်း ရှုံးနိမ့်ရန် သေချာနေသော ဤစစ်ပွဲကို ဆက်လက် မဆင်နွှဲလိုတော့ကြောင်း ရှင်းလင်းနေသည်။
“မင်းတို့က ကျဲခယ် အဖွဲ့ကို ငြိမ်းချမ်းရေးအတွက် တောင်းပန်ရဲတယ်ပေါ့။ မင်းတို့ နောင်တရလိမ့်မယ်။ မင်းတို့ သေချာပေါက် နောင်တရလိမ့်မယ်”
သမ္မတ ဝါယန်မန်သည် သူ့ဆီသို့ ချဉ်းကပ်လာသော လူများကို ကြည့်ကာ ဆက်တိုက် နောက်ဆုတ်သွားရင်း နောက်ဆုံးတွင် ထောင့်သို့ ကပ်သွားကာ နောက်ဆုတ်စရာ နေရာမရှိတော့ချေ။
“မင်းကို အသက်ရှင်ခွင့် ပေးထားတာကမှ ငါတို့ အကြီးအကျယ် နောင်တရမယ့် ကိစ္စပဲ။ အေးအေးဆေးဆေး သွားလိုက်ပါ။ မင်းရဲ့ ခေါင်းနဲ့ ငါတို့ အင်ဒိုနီးရှားရဲ့ ငြိမ်းချမ်းရေးကို လဲလှယ်လိုက်တာက ဒီနိုင်ငံအတွက် မင်းရဲ့ အကြီးမားဆုံး ပံ့ပိုးမှုပဲ”
ရိုင်းစိုင်းသော အကြည့်များ အလယ်တွင် ပစ္စတိုတစ်လက်က သမ္မတ ဝါယန်မန်၏ နဖူးကို တေ့လာတော့သည်။ အေးစက်နေသော သေနတ်ပြောင်းဝက သမ္မတ ဝါယန်မန်ကို အသည်းအသန် ရုန်းကန်စေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သည်။
ဒိုင်း…
သေနတ်သံ တစ်ချက်နှင့်အတူ မြေအောက် ကွပ်ကဲမှုစခန်းမှာ ပြန်လည် တိတ်ဆိတ်သွားတော့သည်။
ဤသို့ဖြင့် မဟာအင်ဒိုနီးရှား နိုင်ငံတော်ကို တည်ထောင်ရန်နှင့် အင်ဒိုနီးရှားကို အရှေ့တောင်အာရှ၏ အရှင်သခင် အဖြစ် ဖန်တီးရန် အမြဲတမ်း ဆန္ဒရှိခဲ့သော သံမဏိ လက်သီးရှင် သမ္မတ ဝါယန်မန်သည် အေးစက် စိုစွတ်သော မြေအောက်ခန်း တစ်ခုထဲတွင် သူ၏ ဘဝကို အဆုံးသတ်သွားခဲ့သည်။ သူ၏ သေဆုံးပုံမှာ သူ သက်ရှိထင်ရှား ရှိစဉ်က ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့သော ပုံစံမျိုး ဖြစ်သည်။ သူ အယုံကြည်ရဆုံး နိုင်ငံရေး မဟာမိတ်များ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဝါယန်မန် အယုံကြည်ဆုံး ဖြစ်သော အမေရိကန်ကမူ သူ သေဆုံးချိန်အထိ ဂျကာတာမြို့သို့ စစ်သားတစ်ယောက်မျှ မစေလွှတ်ခဲ့ပေ။
……………………
ဇူလိုင်လ ၂၀ ရက်။
ဂျကာတာမြို့၏ နိုင်ငံရေးမှာ အပြောင်းအလဲ ဖြစ်သွားပြီး သမ္မတ ဝါယန်မန် သေဆုံးသွားပြီ ဆိုသော ကောလာဟလ တစ်ခု ပျံ့နှံ့သွားသည်။ ထို့နောက် ဂျကာတာမြို့တွင်း၌ ခေတ္တမျှ ဖရိုဖရဲ အခြေအနေများ ဖြစ်ပွားခဲ့ပြီး အင်ဒိုနီးရှား သမ္မတသစ် တစ်ဦး ရာထူးတက်လာကာ ကျဲခယ် အဖွဲ့ထံသို့ အကြွင်းမဲ့ လက်နက်ချ အရှုံးပေးကြောင်း ကြေညာလိုက်သည်။
အင်ဒိုနီးရှား၏ နောက်ဆုံး ခံစစ်မျဉ်း ဖြစ်သော ဂျကာတာ မြို့တော်သည် ဤသို့ဖြင့် ကျဲခယ် အဖွဲ့၏ လက်အောက်သို့ ကျရောက်သွားခဲ့လေပြီ။ ထိုသတင်း ပြင်ပလောကသို့ ရောက်ရှိသွားသောအခါ အဘက်ဘက်မှ အာရုံစိုက်မှုများကို ဆွဲဆောင်သွားခဲ့သည်။
ကျဲခယ် အဖွဲ့သည် မေလ ၂၆ ရက်နေ့တွင် အင်ဒိုနီးရှားအပေါ် စစ်ပွဲ စတင်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ အရောက်… တစ်လကျော်မျှ အချိန်တိုလေး အတွင်းမှာပင် အရှေ့တောင်အာရှ၏ အင်အားအကြီးဆုံး နိုင်ငံဖြစ်သော အင်ဒိုနီးရှားကို ဒူးထောက်သွားစေခဲ့ရာ ကျဲခယ် အဖွဲ့၏ ထင်ရှားကျော်ကြားလှသော စစ်ရေးမှတ်တမ်းတွင် နောက်ထပ် အောင်ပွဲ တစ်ခု ထပ်တိုးလာလေတော့သည်။
အနှီ စစ်ပွဲတွင် ကျဲခယ် အဖွဲ့၏ တိုက်ခိုက်ရေး စွမ်းရည် အင်အားကို အားလုံးက မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။
ကောင်းကင်ယံတွင် မိစ္ဆာငှက် တိုက်လေယာဉ်များက လေကြောင်း စိုးမိုးမှုကို ယူထားပြီး ပင်လယ်ပြင်၌ မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီးများက ကင်းလှည့်နေကာ မြေပြင်တွင် ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များနှင့် မျိုးဗီဇ စစ်သည်များ ရှိနေကြသည်။ ကျဲခယ် အဖွဲ့၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များသည် အင်ဒိုနီးရှားကို လုံးဝ အပြတ်အသတ် အသာစီး ရယူနိုင်ခဲ့သည်။
မျိုးဗီဇစစ်သည်များနှင့် ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များကို ဖယ်ရှားလိုက်လျှင်ပင် ကြည်းတပ်၌ ကျဲခယ် အဖွဲ့၏ သံချပ်ကာ ယာဉ်များနှင့် အဆင့်မြင့် လက်နက်များသည် အင်ဒိုနီးရှားထက် များစွာ သာလွန်နေပြီး ပုံမှန် စစ်သားများနှင့် အထူးစစ်သည်များ ပေါင်းစပ်ထားသော တပ်ဖွဲ့ကြောင့် အင်ဒိုနီးရှား စစ်သားများ အတွက် လေကြောင်းမှဖြစ်စေ၊ မြေပြင်မှဖြစ်စေ ထွက်ပြေး လွတ်မြောက်ရန် လမ်းစ မရှိတော့ချေ။
စစ်ပွဲဆိုသည်မှာ နိုင်ငံ၏ အင်အားကို စမ်းသပ်ခြင်း ဖြစ်သည်။ အရှေ့တောင်အာရှ၏ အလယ်ပိုင်းနှင့် တောင်ပိုင်း ကျွန်းဆွယ်ကို ထိန်းချုပ်ထားသော ကျဲခယ် အဖွဲ့သည် အမေရိကန်ပင် မနာလိုဖြစ်ရသော ကြွယ်ဝချမ်းသာမှုများကို ပိုင်ဆိုင်ထားပြီး အဆင့်မြင့် ဇီဝနှင့် စက်ရုပ်နည်းပညာများ ရှိနေသည်။ အင်ဒိုနီးရှားမှာမူ လူဦးရေ များပြားခြင်းမှလွဲ၍ အခြား အရာအားလုံးတွင် အားနည်းနေခဲ့သည်။
စစ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း အင်ဒိုနီးရှားအပေါ် ကျဲခယ် အဖွဲ့၏ အသွင်ပြောင်းလဲမှု လုပ်ငန်းစဉ်များက မပြီးဆုံးသေးပေ။
အင်ဒိုနီးရှားသည် လူဦးရေ သန်း ၂၀၀ ကျော်ရှိသော လူဦးရေ ထူထပ်သည့် နိုင်ငံဖြစ်ပြီး ၎င်းနေရာတွင် အုပ်ချုပ်မှုကို ခိုင်မာစေရန် ကျဲခယ် အဖွဲ့ အနေဖြင့် အားထုတ် ကြိုးပမ်းမှုများစွာ လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်သည်။
စစ်ရေးအရ… အင်ဒိုနီးရှားရှိ ရည်မှန်းချက်ကြီးသော ဒေသခံများ လွတ်လပ်ရေး အတွက် ဆန္ဒမရှိစေရန် တားဆီးဖို့ ကျဲခယ် အဖွဲ့သည် အကြီးမားဆုံးသော တပ်ဖွဲ့ချထားမှုကို ရွေးချယ်ခဲ့သည်။ အင်ဒိုနီးရှား တစ်ဝန်းလုံးတွင် ကျဲခယ် အဖွဲ့ တပ်ဖွဲ့ဝင် အင်အား ၁၈၀,၀၀၀ ခန့်ကို တပ်စွဲထားပြီး ၎င်းတို့တွင် မိစ္ဆာငှက် တိုက်လေယာဉ်များ အတွက် အမြဲတမ်း စစ်လေယာဉ်ကွင်းကြီး သုံးခုနှင့် အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ဖက်စလုံးတွင် မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော စစ်ရေးဆိပ်ကမ်းများ တည်ဆောက်ထားသည်။
အမှတ် ၅ စက်ရုပ် တိုက်ခိုက်ရေး တပ်မဟာ တစ်ခုလုံးကိုလည်း ဂျကာတာ မြို့ပြင်သို့ ပြောင်းရွှေ့ တပ်စွဲစေပြီး အင်ဒိုနီးရှားတို့၏ လည်ပင်းကို ဓားဖြင့် ထောက်ထားလိုက်သည်။ ဂျကာတာ မြို့တွင်း၌ တစ်စုံတစ်ရာ ဖြစ်ပွားပါက သူတို့သည် ပထမဆုံး အချိန်မီ ရောက်ရှိလာပြီး ရန်သူကို အပြတ်အသတ် ချေမှုန်းနိုင်မည် ဖြစ်သည်။
ထို့အပြင် ကျဲခယ် အဖွဲ့၏ ရုပ်သေးနိုင်ငံများ ဖြစ်ကြသော ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် အခြား နိုင်ငံများမှလည်း စုစုပေါင်း လူအင်အား ၂၀၀,၀၀၀ ကို ထုတ်နုတ်ကာ အင်ဒိုနီးရှား တစ်ဝန်းလုံးတွင် တပ်စွဲထားစေပြီး အင်ဒိုနီးရှားအား စစ်အုပ်ချုပ်ရေးအောက်တွင် ဆက်လက် ထားရှိသည်။
ကျဲခယ် အဖွဲ့၏ ရှင်းလင်းရေးမှ အသက်ရှင် ကျန်ရစ်ခဲ့သော ချမ်းသာသည့် စီးပွားရေးသမားများနှင့် ဩဇာတိက္ကမ ကြီးမားသော လူကုံထံ အများအပြားသည် သေဆုံးသွားသူများ ချန်ထားခဲ့သော စက်မှုလုပ်ငန်းများကို သိမ်းယူခဲ့ကြပြီး သူတို့၏ စီးပွားရေး လုပ်ငန်းများမှာ ပိုမို တိုးချဲ့လာခဲ့သည်။ ထိုကဲ့သို့ လုပ်နိုင်ရန် အတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ သူတို့သည် ကျဲခယ် အဖွဲ့အပေါ် သစ္စာစောင့်သိကြောင်း ကျိန်ဆိုရန် ဖြစ်ပြီး အကယ်၍ သူတို့တွင် ကလေးများ ရှိပါက ကျဲခယ် အဖွဲ့၏ အဆင့်မြင့် ပညာရေးနှင့် လေ့ကျင့်မှုများကို ခံယူရန် လာအိုနိုင်ငံသို့ သွားရောက် ကျောင်းတက်ခိုင်းရမည် ဖြစ်ကာ ခွင့်ပြုချက် မရှိဘဲ ထွက်ခွာခွင့် မရှိပေ။
ရှေးခေတ်ကဆိုလျှင် ဤသည်မှာ ဓားစာခံ ဖမ်းထားသည့် ကိစ္စရပ်ပင် ဖြစ်သည်။
လူဦးရေ ထူထပ်သော အင်ဒိုနီးရှားနိုင်ငံတွင် လူများလွန်းသဖြင့် သေချာ စီမံအုပ်ချုပ်ရန် လိုအပ်ကြောင်းကိုလည်း ကျဲခယ် အဖွဲ့က သဘောပေါက်ထားသည်။ ထို့ကြောင့် ကျဲခယ် အဖွဲ့၏ ထောက်ပံ့မှုဖြင့် ရုပ်သေး အစိုးရ နှစ်ဖွဲ့ကို ဘယ်တစ်ဖွဲ့၊ ညာတစ်ဖွဲ့ တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားကျွန်းနှင့် ဆူမားတြားကျွန်း တို့တွင် အသီးသီး အခြေစိုက်စေသည်။
အင်ဒိုနီးရှားသည် ကျွန်းတစ်သောင်းမြေ ဟု လူသိများသော်လည်း ၎င်း၏ အခြား ကျွန်းငယ်လေးများမှာ လူဦးရေ ကျဲပါးပြီး သယံဇာတ ရှားပါးသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရလျှင်တောင်မှ သူတို့အိမ်မှာ သူတို့ ကစားနေသလိုသာ ဖြစ်နေမည်ဖြစ်ပြီး တန်ဖိုး သိပ်ရှိမည် မဟုတ်ပေ။
အင်ဒိုနီးရှားကျွန်းနှင့် ဆူမားတြားကျွန်း ဟူသော အဓိက ကျွန်းကြီး နှစ်ကျွန်းသာလျှင် အင်ဒိုနီးရှား၏ အချက်အချာ ဖြစ်သည်။
ထိုအထဲတွင် အင်ဒိုနီးရှားကျွန်းသည် လူဦးရေ ၁၄၅ သန်း ရှိပြီး ဧရိယာ စတုရန်းကီလိုမီတာ ၁၃၀,၀၀၀ ရှိကာ ဆူမားတြားကျွန်းမှာမူ လူဦးရေ သန်း ၅၀ ရှိသည်။ လူဦးရေ ပိုနည်းသော်လည်း ဆူမားတြားကျွန်းက ပိုမို ကြီးမားပြီး ဧရိယာ စတုရန်းကီလိုမီတာ ၄၀၀,၀၀၀ ရှိသည်။
ကျွန်းကြီး နှစ်ကျွန်းသည် အမြဲတမ်း ပေါ်တင် တစ်မျိုး၊ တိတ်တဆိတ် တစ်ဖုံ အားပြိုင်မှုများ ရှိခဲ့ပြီး မဟာမိတ် ဖွဲ့လိုက်၊ ရန်သူ ဖြစ်လိုက် ရှိနေခဲ့ကြသည်။ ဘာသာရေး ယုံကြည်မှုနှင့် လူမျိုးရေး ကွဲပြားမှုများကြောင့် ကျွန်းကြီး နှစ်ကျွန်းသည် သမိုင်းတစ်လျှောက် စစ်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲခဲ့ကြသည်။
ဥပမာအားဖြင့် ဆူမားတြားကျွန်းရှိ သီရိဝိဇယ နိုင်ငံနှင့် အင်ဒိုနီးရှားကျွန်းရှိ မာတာရမ် မင်းဆက်များသည် နှစ်ပေါင်း နှစ်ရာနီးပါး အချင်းချင်း စစ်တိုက်ခဲ့ကြသည်။
ယခု အင်ဒိုနီးရှား၏ ရေတပ်ကို ကျဲခယ် အဖွဲ့က ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ရာ ကျွန်းစု နိုင်ငံတစ်ခု အနေဖြင့် ဒေသတွင်း ခွဲထွက်ရေးဝါဒသည် ပြန်လည် ခေါင်းထောင်လာ၏။ ယခင်က အင်ဒိုနီးရှား ဗဟိုရေတပ်သည် ခွဲထွက်ရေးတပ်များကို အဓိက တိုက်ခိုက် နှိမ်နင်းခဲ့သည်။
ယခုအခါ အင်ဒိုနီးရှား၌ ရေတပ်အင်အား မရှိတော့သလို ကျဲခယ် အဖွဲ့ကလည်း တစ်ဖက်နှင့် တစ်ဖက် တိတ်တဆိတ် သွေးခွဲနေသဖြင့် ဆူမားတြားကျွန်းရှိ ရုပ်သေး အစိုးရသည် လွတ်လပ်စွာ ရပ်တည်နိုင်မည့် မျှော်လင့်ချက်ကို လျင်မြန်စွာ မြင်တွေ့သွားပြီး စတင် လှုပ်ရှားလာတော့သည်။
ဩဂုတ်လ ရောက်သောအခါ ဆူမားတြားကျွန်းရှိ ရုပ်သေးအစိုးရသည် ဆူမန် အစိုးရကို တည်ထောင်လိုက်ပြီး ဆူမန်နိုင်ငံ အဖြစ် ဖွဲ့စည်းလိုက်ကာ ကျဲခယ် အဖွဲ့ထံမှ ချက်ချင်း အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ဤသို့ဖြင့် အင်ဒိုနီးရှားသည် ကျဲခယ် အဖွဲ့၏ ဖန်တီးမှုကြောင့် နှစ်ပိုင်း ကွဲသွားတော့သည်။
ဆူမန်နိုင်ငံ တည်ထောင်ခြင်းက အင်ဒိုနီးရှား တစ်ဝန်းလုံးတွင် အကြီးအကျယ် ဒေါသထွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အင်ဒိုနီးရှားလူမျိုး အများအပြားက ဆူမန်နိုင်ငံသည် သစ္စာဖောက်များ၊ သူလျှိုများ ဖြစ်ပြီး မိမိတို့ လူမျိုးကို ပြန်လည် သစ္စာဖောက်သည်ဟု စွပ်စွဲကြသည်။
ဆူမန်နိုင်ငံကလည်း အလျှော့မပေးဘဲ အင်ဒိုနီးရှားကို စစ်ပွဲထဲ ဆွဲသွင်းကာ ပြည်သူများကို ဆင်းရဲဒုက္ခ ရောက်စေခဲ့သည်ဟု ပြန်လည် တိုက်ခိုက်ခဲ့ပြီး အင်ဒိုနီးရှားသည် ဆူမန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ရန် အရည်အချင်း မရှိတော့ကြောင်းနှင့် ကျဲခယ် အဖွဲ့သာလျှင် ဆူမန်နိုင်ငံကို ကြီးပွား ချမ်းသာစေရန် ဦးဆောင်နိုင်ကြောင်း ကြေညာခဲ့သည်။
ဤအရာကို ကျဲခယ် အဖွဲ့က အလွန် သဘောကျနေ၏။ အင်ဒိုနီးရှား၌ စည်းလုံးမှု မရှိဘဲ ပြည်တွင်းရေး အားပြိုင်မှုများဖြင့် အချင်းချင်း ဖျက်ဆီးနေသရွေ့ အထက်စီးမှ နေထိုင်သော ကျဲခယ် အဖွဲ့သည် ဒိုင်လူကြီး အဖြစ် ဆောင်ရွက်ကာ သူတို့ကို စိတ်ကြိုက် ခြယ်လှယ်နိုင်မည် ဖြစ်သည်။
ဆူမန်နိုင်ငံက လွတ်လပ်ရေး ကြေညာပြီးနောက် ကျဲခယ် အဖွဲ့၏ ထောက်လှမ်းရေး ဌာနမှ မျိုးဗီဇ စစ်သည်များက ဦးဆောင်ကာ အနောက်ပိုင်း ဗျူရို နှင့် အရှေ့ပိုင်း ဗျူရို ဟူသော လျှို့ဝှက် ရဲတပ်ဖွဲ့ နှစ်ဖွဲ့ကို တည်ထောင်ခဲ့သည်။
အနောက်ပိုင်း ဗျူရိုကို အဓိကအားဖြင့် အင်ဒိုနီးရှားလူမျိုးများဖြင့် ဖွဲ့စည်းထားပြီး အရှေ့ပိုင်း ဗျူရိုကို ဆူမန်နိုင်ငံမှ လူများဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် ကျဲခယ် အဖွဲ့ကိုသာ တာဝန်ခံရပြီး တရားရေးဌာန၏ ခွင့်ပြုချက် မလိုဘဲ အရာရှိများကို စိတ်ကြိုက် ကြီးကြပ် ဖမ်းဆီးနိုင်ကာ သံသယရှိသူများကို ထိန်းသိမ်း ညှဉ်းပန်းနှိပ်စက်ခွင့် ရှိသည်။
သူတို့၏ အဓိက တာဝန်မှာ ကျဲခယ် အဖွဲ့အပေါ် မကျေနပ်သူများ၊ ကျဲခယ် အဖွဲ့ကို အသရေဖျက်သူများ သို့မဟုတ် ဒေသတွင်းရှိ ကျဲခယ် အဖွဲ့၏ အထူးအခွင့်အရေးများကို ဖြုတ်ချရန် ကြံစည်နေသော အတိုက်အခံ အားလုံးကို ဖမ်းဆီးရန် ဖြစ်သည်။
အနောက်ပိုင်း ဗျူရိုကို ဆူမန်နိုင်ငံတွင် တာဝန်ချထားပြီး အရှေ့ပိုင်း ဗျူရိုကို အင်ဒိုနီးရှားတွင် တာဝန်ချထားသည်။ ဆန့်ကျင်ဘက် အမျိုးသားရေး စိတ်ဓာတ်များ ရှိနေသော အနှီ နိုင်ငံနှစ်ခုတွင် ထိုကဲ့သို့ အာဏာကြီးမားသော လျှို့ဝှက် ရဲတပ်ဖွဲ့များသည် လှုပ်ရှားရာတွင် အလွန်အမင်း ရက်စက် ကြမ်းကြုတ်ကြပြီး အာဏာလုပွဲများ၊ နှိပ်ကွပ်မှုများ၊ မမှန်မကန် စွပ်စွဲမှုများနှင့် ဖရိုဖရဲ အုပ်စုဖွဲ့မှုများကို လျင်မြန်စွာ ကိုယ်တိုင် သင်ယူ တတ်မြောက်သွားကြသည်။
***