“ကျဲခယ် အဖွဲ့ရဲ့ ဖြောင့်မတ်တဲ့ စစ်တပ်ကြီးကို ကြိုဆိုပါတယ်”
“ကျေးဇူးပြုပြီး ကလေးတွေအတွက် ငါတို့မြို့ကို စစ်မီးလျှံထဲ မကျရောက်ပါစေနဲ့”
“မနီလာမြို့က အခု ကာကွယ်မထားတဲ့ မြို့တစ်မြို့ပါ။ ငါတို့မြို့ကို မဖျက်ဆီးဘဲ ကရုဏာထားဖို့ ကျဲခယ် အဖွဲ့ကို ရိုသေစွာ တောင်းပန်ပါတယ်”
ဤလူများသည် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်သံများကို ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံး အကြိမ် ကြုံတွေ့ရသော ကျဲခယ် အဖွဲ့ စစ်သားများမှာ အနည်းငယ် ကြောင်အမ်းသွားကြသည်။ ဤအခြေအနေကို အထက်သို့ သတင်းပို့ပြီးနောက် ကျဲခယ် အဖွဲ့သည် မနီလာမြို့အား ဗုံးကြဲတိုက်ခိုက်မှုကို ယာယီ ရပ်ဆိုင်းရန် ရွေးချယ်လိုက်ပြီး ယင်းအစား ၎င်း၏ စစ်သားများကို မြို့ထဲသို့ ဝင်ရောက်ကာ ဖိလစ်ပိုင် မြို့တော်ကို လွှဲပြောင်းရယူစေခဲ့သည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များ ပါဝင်သော သံချပ်ကာ ယာဉ်တန်းများသည် မနီလာမြို့ထဲသို့ ဝင်ရောက်လာကြသည်။ ကျဲခယ် အဖွဲ့ ခြေလျင်တပ်သားများ လမ်းမများပေါ်တွင် လမ်းလျှောက်သွားကြရာ အချို့က ပန်းများနှင့် အစားအစာများကိုပင် လာရောက် ပေးကမ်းကြသဖြင့် အောင်ပွဲခံ စစ်တပ်တစ်တပ်ကို ကြိုဆိုရန် ပြည်သူများက အစားအသောက်များ ယူလာပေးသည့် မြင်ကွင်းနှင့်ပင် တူနေတော့သည်။
ထို့နောက် ကျဲခယ် အဖွဲ့ စစ်သားများသည် ရုပ်သံလွှင့်ရုံ၊ ရဲစခန်းနှင့် အစိုးရ အဆောက်အအုံများ အပါအဝင် မြို့တွင်းရှိ အရေးကြီးသော အဆောက်အအုံများကို ထိန်းချုပ်လိုက်ကြသည်။ နောက်ပိုင်းမှ သိရသည်မှာ စစ်ပွဲ စတင်ကြောင်း သိသည်နှင့် ဖိလစ်ပိုင်၏ အရေးကြီးသော အဆင့်မြင့် အရာရှိ အများစုသည် နိုင်ငံရပ်ခြား ဒေသများသို့ ပျံသန်း ထွက်ပြေးသွားကြပြီ ဖြစ်ပြီး မထွက်ပြေးနိုင်သော ပြည်သူအများသာ ကျန်ရစ်ခဲ့သည် ဟူ၏။
ဖိလစ်ပိုင် ပြည်သူတို့သည် ဖိလစ်ပိုင်၏ အဆင့်မြင့် အရာရှိများကြောင့် နှလုံးကွဲခဲ့ရပြီး အမေရိကန်၏ သစ္စာဖောက်မှုနှင့် စွန့်ပစ်မှုတို့ ပေါင်းစပ်သွားသောအခါ ဖိလစ်ပိုင် နိုင်ငံသားများက စစ်ပွဲကို ဆက်လက် မတိုက်ခိုက်လိုတော့ဘဲ ကျဲခယ် အဖွဲ့ထံသို့ လက်နက်ချရန်သာ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။
အကြောင်းမှာ ဆက်လက် ခုခံနေပါက စစ်သားများကို အဓိပ္ပာယ်မဲ့ အသေခံခိုင်းခြင်းသာ ဖြစ်မည် ဖြစ်သလို သူတို့၏ အိုးအိမ်များသည်လည်း စစ်ပွဲကြောင့် ပြိုကျကာ အပျက်အစီးများ အဖြစ် ပြောင်းလဲသွားမည်ကို သူတို့ အားလုံး သိနေသောကြောင့်ပင်။
မည်သို့ပင် ဆိုစေကာမူ အင်ဒိုနီးရှားရှိ ဂျကာတာမြို့၏ ဥပမာက သူတို့၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။ ကျဲခယ် အဖွဲ့က ဂျကာတာမြို့ကို လဝက်ကြာအောင် တိုက်ခိုက်ခဲ့ပြီး မြို့တွင်း၌ ပျက်စီးဆုံးရှုံးမှုမှာ အလွန် ကြီးမားခဲ့သည်။ ကျဲခယ် အဖွဲ့၏ အကြားအလပ် မရှိသော ဗုံးကြဲမှုများအောက်တွင် ဂျကာတာမြို့မှာ အမှိုက်ပုံ တစ်ခုသာသာ ဖြစ်ခဲ့ရပေသည်။
ထို့ကြောင့် သူတို့သည် နောက်ဆုံးတွင် အတိတ်က ပြင်သစ်နိုင်ငံ ပါရီမြို့ကို အတုယူကာ မနီလာမြို့ကို စစ်ရေးအကာအကွယ် မရှိသော မြို့တစ်မြို့ အဖြစ် ပြောင်းလဲရန် ရွေးချယ်ခဲ့ကြသည်။ ကျဲခယ် အဖွဲ့ စစ်သားများသည် စိတ်ချ ယုံကြည်ရသော စစ်သားကောင်းများ ဖြစ်ရာ သူတို့ကသာ လက်နက် ချလျှင် လူဆယ်သန်းကျော် နေထိုင်သော မနီလာမြို့ကို ဖျက်ဆီးမည် မဟုတ်ဘဲ မြို့ခံများ၏ အသက်နှင့် အိုးအိမ်စည်းစိမ်များကို အာမခံချက် ပေးလိမ့်မည် ဖြစ်ကြောင်းကို ဖိလစ်ပိုင် ခေါင်းဆောင်တို့ သိပြီးသား ဖြစ်လေသည်။ ထို့အပြင် စစ်ပွဲသာ မဖြစ်လျှင် သူတို့လည်း အိုးအိမ်များကို စွန့်ခွာကာ ဒုက္ခသည်များ အဖြစ် နေထိုင်စရာ လိုမည်မဟုတ်ပေ။
ဤသို့ဖြင့် လူဦးရေ ၁၂ သန်း ရှိသော မနီလာမြို့သည် ကျဲခယ် အဖွဲ့၏ လက်ထဲသို့ လွယ်ကူစွာ ကျရောက်သွားခဲ့လေ၏။
ထို့နောက် ကျဲခယ် အဖွဲ့၏ ချီတက်မှုက ရပ်တန့်မသွားပေ။ ဖိလစ်ပိုင် နိုင်ငံသည် ကျွန်းစု နိုင်ငံတစ်ခု ဖြစ်သလို ကျဲခယ် အဖွဲ့က ရေကြောင်း စိုးမိုးမှုကို ထိန်းချုပ်ထားသဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ကျွန်းစုများကို အလွယ်ပင် သိမ်းပိုက် ရယူနိုင်ခဲ့သည်။ မရိန်းတပ်ဖွဲ့က ဆိပ်ကမ်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ပြီး ကြည်းတပ်က ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များနှင့်အတူ အားပါးတရ ရှေ့သို့ ချီတက်ခဲ့ကြသည်။
ဤလုပ်ငန်းစဉ် အတွင်း ကျဲခယ် အဖွဲ့သည် ခုခံမှု အလွန် အနည်းငယ်သာ ကြုံတွေ့ခဲ့ရသည်။
ဖိလစ်ပိုင်၏ စစ်ရေး အင်အားမှာ အတော်လေး နည်းပါးလေသည်။ အင်ဒိုနီးရှား ၊ စင်ကာပူ စသော နိုင်ငံများ၏ စစ်အင်အားကိုပင် မမီချေ။
သမိုင်းကြောင်းအရ ဖိလစ်ပိုင်သည် အမြဲတမ်း အနောက်နိုင်ငံများ၏ ကိုလိုနီ၊ ကုန်ကြမ်း ရင်းမြစ်နှင့် ထုတ်ကုန်များ လာရောက် စွန့်ပစ်ရာ နေရာ တစ်ခုသာ ဖြစ်ခဲ့သည်။ နိုင်ငံ တစ်ခုလုံးတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်း လုံးဝ မရှိသလောက် ဖြစ်ပြီး စစ်လက်နက် စက်မှုလုပ်ငန်း ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ထို့အပြင် ဖိလစ်ပိုင်သည် အမေရိကန်၏ လွှမ်းမိုးမှုကို အမြဲတမ်း ခံခဲ့ရပြီး ၎င်း၏ စစ်တပ်သည်လည်း အမေရိကန်ကို အကြီးအကျယ် နာခံခဲ့သည်။
ယခု အမေရိကန်က ဆုတ်ခွာကာ ဖိလစ်ပိုင်ကို စွန့်ပစ်သွားပြီး ဖိလစ်ပိုင် ပြည်တွင်းရှိ ဩဇာကြီးမားသော ပုဂ္ဂိုလ် အများစုမှာလည်း ထွက်ပြေးသွားကြပြီ ဖြစ်ရာ ကျန်ရစ်သော စစ်သားများတွင် သေသည်အထိ တိုက်ခိုက်လိုစိတ် မရှိတော့ချေ။
ဖိလစ်ပိုင်၏ ပုံမှန်စစ်တပ် အင်အား ၁၁၀,၀၀၀ နှင့် ပြည်သူ့စစ် အင်အား ၁၅၀,၀၀၀ အားလုံးနီးပါးသည် ကျဲခယ် အဖွဲ့နှင့် ထိတွေ့လိုက်သည်နှင့် ပြိုကျသွားကြသည် သို့မဟုတ် ချက်ချင်း လက်နက်ချ အရှုံးပေးကြသည်။
အကြိမ်ပေါင်း များစွာတွင် ကျဲခယ် အဖွဲ့သည် ယနေ့ညတွင် မည်သည့်နေရာကို စစ်ဆင်ရေး ပစ်မှတ်ထားမည် ဖြစ်ကြောင်း ကြိုတင် အကြောင်းကြားစာ ထုတ်ပြန်လိုက်ရုံဖြင့် လုံလောက်နေခဲ့သည်။ ထိုနေရာရှိ ဖိလစ်ပိုင် စစ်သားများသည် ညတွင်းချင်း ကျဲခယ် အဖွဲ့ထံသို့ ခိုလှုံရန် ပြေးလာကြတော့သည်။
နောက်ဆုံးတွင် ဖိလစ်ပိုင် တစ်ခုလုံးကို ကျဲခယ် အဖွဲ့က သိမ်းပိုက်လိုက်ချိန်၌ ကျဲခယ် အဖွဲ့၏ အသေအပျောက် စာရင်းအရ သေဆုံးသူ ၃၄ ဦးနှင့် တိုက်ပွဲဝင် ဒဏ်ရာရသူ ၅၁ ဦး ဟူသော အနည်းဆုံး ကုန်ကျစရိတ်ဖြင့် ဖိလစ်ပိုင်ကို ၉ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြသနေသည်။
ဖိလစ်ပိုင်ကို သိမ်းပိုက်ပြီးနောက် လူဦးရေ သိန်းဂဏန်းခန့်စီ ရှိသော အရှေ့တောင်အာရှ နိုင်ငံငယ် နှစ်ခုဖြစ်သည့် တီမောနှင့် ဘရူနိုင်း တို့ကလည်း ကျဲခယ် အဖွဲ့အား လာရောက် ထိန်းချုပ်ပေးရန် တက်တက်ကြွကြွ ဖိတ်ခေါ်ခဲ့ကြပြီး ကျဲခယ် အဖွဲ့ကို တပ်ဖွဲ့များ စေလွှတ် တပ်စွဲပေးရန် တောင်းပန်ကာ ကျဲခယ် အဖွဲ့၏ အုပ်ချုပ်မှုကို ခံယူရန် ဆန္ဒအလျောက် ရွေးချယ်ခဲ့ကြသည်။
သို့သော် ဤမျှ သေးငယ်သော နိုင်ငံများတွင် တပ်စွဲရသည့် ကုန်ကျစရိတ်သည် ပြန်လည် မရနိုင်ဟု ယူဆကာ ကျဲခယ် အဖွဲ့က အလုပ်ရှုပ်ခံ မနေတော့ဘဲ ရုံးခန်း တစ်ခုသာ ဖွင့်လှစ်လိုက်သည်။
ဤအချိန် အရောက်တွင် အလယ်ပိုင်းနှင့် တောင်ပိုင်း ကျွန်းဆွယ်၊ အင်ဒိုနီးရှားကျွန်း၊ မလေး ကျွန်းစု၊ ဆူမားတြားကျွန်း၊ ကာလီမန်တန်ကျွန်း၊ နယူးဂီနီကျွန်းနှင့် ဆူလာဝေစီကျွန်း အပါအဝင် အရှေ့တောင် အာရှ တစ်ခုလုံးသည် ကျဲခယ် အဖွဲ့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်များ ဖြစ်လာခဲ့လေပြီ။
အရှေ့တောင်အာရှရှိ နိုင်ငံ ၁၁ နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် အရှေ့တီမော အပြင် ကျဲခယ် အဖွဲ့ ကိုယ်တိုင် ထောက်ခံပေးထားသော အာသံ တို့သည် ကျဲခယ် အဖွဲ့၏ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားကြသည်။ ကျဲခယ် အဖွဲ့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း စုစုပေါင်း လူဦးရေ သန်း ၆၀၀ နေထိုင်လျက် ရှိသည်။
အမေရိကန်ရှိ နယူးယောက်တိုင်းမ် သတင်းစာက ကျဲခယ် အဖွဲ့၏ ဩဇာလွှမ်းမိုးမှု မြေပုံကို ပုံနှိပ် ဖော်ပြလိုက်သောအခါ ထိုင်း ပင်လယ်အော်သည် ကျဲခယ် အဖွဲ့၏ ပြည်တွင်း ရေကန်ကြီး ဖြစ်လာခဲ့သည်။ ပစိဖိတ် သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာ ကြား လမ်းဆုံတွင် တည်ရှိသော မလက္ကာ ရေလက်ကြားနှင့် ကရာတူးမြောင်းတို့ကို ကျဲခယ် အဖွဲ့က ထိန်းချုပ်ထားပြီး အရှေ့တောင်အာရှ၏ ပြန့်ကျဲနေသော ကျွန်းများနှင့် ကျယ်ပြောလှသော သမုဒ္ဒရာများ အားလုံးတွင် ကျဲခယ် အဖွဲ့၏ နာမည်ဖြင့် အမှတ်အသား ပြုလုပ်ထားသည်။
ယင်းမြေပုံ ထွက်ပေါ်လာသောအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် အံ့အားသင့်စွာ အသက်ရှူမှားသွားကြသည်။
စတုရန်းကီလိုမီတာ ငါးသန်းနီးပါး ရှိသော နယ်မြေ၊ လူဦးရေ သန်းခြောက်ရာကို အုပ်စိုးပြီး အဆင့်မြင့် မျိုးဗီဇနှင့် စက်ရုပ် နည်းပညာများကို ပိုင်ဆိုင်ထားသော အသစ်စက်စက် အင်အားကြီးမားသော အဖွဲ့အစည်း တစ်ခုက အားလုံး၏ နှာခေါင်းအောက်တွင် ပေါ်ထွက်လာခဲ့လေပြီ။
နယူးယောက်တိုင်းမ် သတင်း အစီရင်ခံစာ၏ အံ့မခန်း ခေါင်းကြီးပိုင်း သတင်းမှာကား ယခုအတိုင်းပင်…။
"ကမ္ဘာပေါ်မှာ ဧရာမ ဘီလူးကြီး တစ်ကောင် ပေါ်လာပြီ။ သူက အိန္ဒိယ သမုဒ္ဒရာကို ခြေတစ်ဖက်၊ ပစိဖိတ် သမုဒ္ဒရာကို ခြေတစ်ဖက် နင်းထားတယ်။ သူ့ရဲ့ ဘယ်ဘက်လက်က မလက္ကာ ရေလက်ကြားကို ဆုပ်ကိုင်ထားပြီး ညာဘက်လက်က ကရာတူးမြောင်းကို ဆုပ်ကိုင်ထားတယ်။ သူ့ရဲ့ မျက်လုံးတွေကလည်း ကမ္ဘာကြီး တစ်ခုလုံးကို မျိုချဖို့ ရည်ရွယ်ပြီး စူးစူးရဲရဲ စိုက်ကြည့်နေတယ်"
…………..
“သွေးပင်လယ် မိစ္ဆာကျင့်စဉ်... အဋ္ဌမအဆင့်၊ ပြီးပြည့်စုံခြင်း”
လာအိုနိုင်ငံ၊ မြေအောက် ကူအင်းဆက် စခန်း။
စုကျဲသည် သွေးပင်လယ်ကြီး အတွင်း ရပ်နေသည်။ သူ၏ ပတ်လည်တွင် လှိုင်းလုံးကြီးများ ထကြွနေသော သွေးပင်လယ်သည် ကမ္ဘာကြီးကို ဖျက်ဆီးပစ်မည့် ရေလွှမ်းမိုးမှုကြီး တစ်ခုကဲ့သို့ ကျယ်ပြန့်ကာ ဆူပွက်နေသည်။
ဝှစ်…
မျက်စိတစ်မှိတ် အတွင်းမှာပင် စုကျဲ၏ ခန္ဓာကိုယ်သည် သွေးပင်လယ်ကြီးထဲသို့ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သွေးပင်လယ်ထဲတွင် ဧရာမ ရေဝဲကြီးများ ပေါ်လာပြီး စုကျဲ၏ မျက်နှာပေါက်များနှင့် အလွန် ဆင်တူသော ဝေဝါးဝါး လူမျက်နှာ တစ်ခု အဖြစ် ပုံပေါ်လာသည်။
စုကျဲသည် သူ၏ သွေးများ အားလုံးကို မြင့်မြတ်သွေး အဖြစ် သန့်စင်ပြီးရုံသာမက သူ၏ မူလဝိညာဉ် တစ်စိတ်တစ်ပိုင်းကိုပါ သွေးပင်လယ် မိစ္ဆာကျင့်စဉ်ထဲသို့ ပေါင်းစည်းထားပြီး ဖြစ်သည်။ ထို့ကြောင့် စုကျဲ၏ မျက်နှာသည် သွေးပင်လယ်ထဲတွင် ပေါ်လာရခြင်း ဖြစ်သည်။
၎င်းသည် သွေးပင်လယ် အတွင်းရှိ သူ့မူလဝိညာဉ်၏ သရုပ်ပြသမှုပင် ဖြစ်သည်။
ထို့အပြင် မူလဝိညာဉ်၏ စွမ်းအားများဖြင့် အားဖြည့်ထားသော သွေးပင်လယ်သည် အရာခပ်သိမ်းကို အရည်ပျော်သွားစေရန် ပိုမို စွမ်းဆောင်နိုင်လာသည်။ ၎င်းထဲသို့ ကျသွားပါက ရုပ်ခန္ဓာကို ထားလိုက်ပါဦး… စိတ်ဝိညာဉ်ပင်လျှင် သွေးပင်လယ်၏ ဝါးမျိုမှုမှ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ဤသည်မှာ သွေးပင်လယ် မိစ္ဆာကျင့်စဉ်၏ အဋ္ဌမအဆင့် ဖြစ်သည်။ သူသည် သွေးပင်လယ် ဖြစ်ပြီး သွေးပင်လယ်သည် သူ ဖြစ်သည်။
ကျဲခယ် အဖွဲ့၏ သွေးလုပ်ငန်းအပေါ် အကန့်အသတ်မရှိ သိမ်းသွင်းမှုများ အောက်တွင် စုကျဲ၏ သွေးပင်လယ် မိစ္ဆာကျင့်စဉ် ကျင့်ကြံမှုသည် ခုန်ပျံ ကျော်လွှားကာ တိုးတက်လာခဲ့သည်။
စုကျဲက သွေးပင်လယ် မိစ္ဆာကျင့်စဉ် ဆဋ္ဌမအဆင့်သို့ နောက်ဆုံး တက်လှမ်းခဲ့သည်မှာ တစ်နှစ်ကျော်မျှသာ ရှိသေးသော်ငြား ကျဲခယ် အဖွဲ့၏ တိုးချဲ့မှုများနှင့်အတူ နယ်မြေများ ပိုမို သိမ်းပိုက်လာနိုင်ပြီး သွေးလှူဒါန်းမှုတွင် ပါဝင်သူ အရေအတွက် အမြောက်အမြား ရှိလာကာ ပြင်ပမှ ဝယ်ယူထားသော သွေးများနှင့်ပါ ပေါင်းစပ်လိုက်သောအခါ သွေးပင်လယ် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံရာ၌ အလွန်အမင်း မြန်ဆန်လာလေသည်။
သွေးပင်လယ် မိစ္ဆာကျင့်စဉ်တွင် စုစုပေါင်း အဆင့် ဆယ့်နှစ်ဆင့် ရှိသည်။ စုကျဲသည် အချိန်တို အတွင်းမှာပင် ၎င်းကို အဋ္ဌမအဆင့်သို့ ကျင့်ကြံနိုင်ခဲ့ပြီး သွေးပင်လယ်၏ စစ်မှန်သော စွမ်းအားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် သူ၏ သွေးပင်လယ် မိစ္ဆာကျင့်စဉ် အဆင့်သည် သွေးမိစ္ဆာဂူ၏ ဂိုဏ်းချုပ်ထက်ပင် ပိုမို မြင့်မားနေလေပြီ။ စုကျဲသည် ကမ္ဘာမြေကို သူ၏ သယံဇာတ ကျောထောက်နောက်ခံ အဖြစ် အသုံးပြုထားသဖြင့် သွေးမိစ္ဆာဂူ၏ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ တွေးကြည့်၍ပင် မရနိုင်သော ကျင့်ကြံမှု အမြန်နှုန်းမျိုး ရှိနေခြင်းလည်း ဖြစ်ပေသည်။
ဝုန်း...
စုကျဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပတ်လည်ရှိ သွေးပင်လယ်ကြီး ကွဲလွင့်သွားပြီး သူ၏ ပုံရိပ် ပေါ်လာကာ မြေပြင်ပေါ်သို့ အသံတိတ် ဆင်းသက်လိုက်သည်။ သူ၏ ဆံပင်ဖျားများတွင် လတ်ဆတ်သော အနီရောင် အရိပ်အယောင်လေး ရှိနေသည်မှလွဲ၍ သူ၏ တစ်ကိုယ်လုံးမှာ တည်ငြိမ် အေးချမ်းနေသည်။
***